နေ၀န်းနီ (မန္တလေး) – “ကျွန်တော်နှင့် လက်ပတ်ဖြူလှုပ်ရှားမှု”
(မိုးမခ) မတ် ၂၇၊ ၂၀၁၅
မတ်လ ၁၀ ရက်နေ့ လက်ပံတန်းမှာ ကျောင်းသားတွေကို စွမ်းအားရှင်တွေဖြိုခွင်းတာနဲ့ ပတ်သက်ပြီးရှုတ်ချပွဲတစ်ခုလုပ်ဖို့ ကျွန်တော့်ဆီကိုမက်ဆေ့ခ်ျတစ်စောင်ဝင်လာ။ ဒါနဲ့ ကျွန်တော် ရန်ကုန်က မောင်ဆောင်းခ ဆီဖုန်းဆက်ပြီး လှုပ်ရှားမှု လုပ်ရန်လက်ခံခဲ့တယ်။ မန္တလေးမှာ ကျွန်တော်ရယ် နော်နော်ရယ် ဦးစီးပြီး လုပ်ကိုင်ကြတယ်။ ရန်ကုန်မှာတော့ အဲဒီလှုပ်ရှားမှုကို မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော်ကျဆုံးတဲ့နေ့မှာ ပြုလုပ်မည်ဖြစ်ကြောင်းကို မောင်ဆောင်းခက MEDIA ကို တရားဝင်ပြောခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်ရယ် နော်နော်ရယ် က မန္တလေးမြို့လှုပ်ရှားမှုအတွက် စည်းရုံးရေးဆင်းရတာပေါ့။ ပထမ Mandalay Youth Netwok က မဆုလတ်ဇော်နဲ့ ချိတ်မိပြီး သူတို့အဖွဲ့လည်း ပါဝင်ချင်တယ် … တဲ့။ ဒါနဲ့ သူ့ရုံးဖြစ်တဲ့ LRC မှာ အစည်းအဝေးလုပ်တယ်။ အဲဒီအစည်းဝေးမှာ ကျွန်တော့်တို့က စည်းကမ်းချက်တွေ ထုတ်ခဲ့တယ်။
အဲ့ဒါတွေ
၁ – ယခု လှုပ်ရှားမှုသည် အကြမ်းဖက်ခြင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှုဖြစ်ပါ၍ မိမိတို့ကိုယ်တိုင် ဆူပူသောင်းကျန်း အကြမ်းဖက်သည့် အသွင်မဖြစ်ပေါ်စေရန် ထိန်းသိမ်းပေးပါရန်
၂ – ကျောင်းသားတွေအပေါ် အစိုးရရဲ့အကြမ်းဖက်မှုတွေအကြောင်းရှင်းပြမယ်။ လက်ပတ်များကိုအမှန်တကယ်လိုလား၍ အမှန်တ
ကယ်ပတ်မည်ဟု ဆုံးဖြတ်ထားသူများကိုသာ ဖြန့်ဝေပေးကြပါရန်
၃ – လက်ပတ်ကို ပတ်ရန်ငြင်းဆန်ကြသူများကို ထပ်မံဖိအားပေးခြင်း၊ တိုက်တွန်းခြင်းများ မပြုလုပ်ကြပါရန်
၎ – လက်ပတ်ဝေနေစဉ် ရိုင်းပြရမ်းကားစွာ ပြောဆိုလာသူများ၊ ထိကပါးရိကပါး ပြောဆိုလာသူများ (ယုတ်စွအဆုံး) ရန်စလာသူများရှိပါက
ပြန်လည်တုံ့ပြန်ခြင်းမပြုဘဲ ကောင်းမွန်စွာဆက်ဆံပေးကြပါရန်
၅ – ထိပ်တိုက်ရင်ဆိုင်ရမည့် အခြေအနေမျိုးကို ရှောင်ကြဉ်ပေးကြပါရန်
၆ – မလွှဲမရှောင်သာ စစ်ဆေးမေးမြန်းခံရခြင်းမျိုးကြုံပါက အဖွဲ့တစ်ဖွဲ့ချင်းအလိုက် တစ်ဦးကသာ ပြန်လည်ရှင်းလင်းပါ။ ထိုအခြေအနေမျိုးနှင့် ကြုံလာပါက တည်ကြည်ပါ။ ရိုးသားပါ။ သို့သော် မကြောက်ပါနှင့်။ ရဲဝံ့အေးဆေးစွာဖြင့် ယဉ်ယဉ်ကျေးကျေး ပြန်လည်ဖြေကြားပေးပြီး ပင်မအဖွဲ့သို့
အမြန်ဆုံး ဆက်သွယ်ပေးပါရန်
၇ – ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ သတ်မှတ်ထားသည့် အဖွဲ့ဝင်ဦးရေထက် အဆမတန်များပြားသော အင်အားဖြင့် သွားရောက်ခြင်းများကို
မပြုလုပ်ကြပါရန်
၈ – တစ်နေရာကို ဦးတည်ချက်ထား၍ ဝေငှပြီးလျှင် ထိုနေရာမှ အလျင်အမြန် ပြန်လည်ထွက်ခွာပါ။ တစ်နေရာထဲတွင် ကြာရှည်ဝေငှနေခြင်းမျိုးကို
မပြုလုပ်ကြပါရန်။
ထိုရှစ်ချက်ကို အားလုံးက လက်ခံကြသဖြင့်အတည်ပြုခဲ့သည်။
မတ်လ ၁၉ ရက်နေ့ မနက် ၉ နာရီမှာ တစ်နိုင်ငံလုံးအတိုင်းအတာနေနဲ့ လက်ပတ်ဖြူလုပ်ရှားမှုကိုစကြမယ်။ ၁၉ ရက်နေ့ မနက်စောစောမှာ လက်ပတ်ဖြူနှစ်ထောင်ကို မောင်ဆောင်းခက ကျွန်တော့်ဆီကို ပို့လိုက်တယ်။ အဲဒီနေ့မှာတော့ ကျွန်တော်တို့စုရပ်ဖြစ်တဲ့ ၇၅လမ်း ၃၅ × ၃၆ လမ်းကြား 88 Cafe မှာလူစုပြီး ၉ နာရီမှာ စလှုပ်ရှားကြတယ်။ မနက်ပိုင်းမှာတော့ YMCA ရယ် ၊ ကံကုန်း မစိုးရိမ်ရယ် ၊ ဗြမ္မာစိုရ် အဲဒီသုံးနေရာကို လူခွဲသွားတယ်။ ကျန်တဲ့နှစ်နေရာမှာ အဆင်ပြေပြီး ဗြမ္မာစိုရ်မှာကြ မီဒီယာတွေ တအားအုံလာမှုကြောင့် ပတ်ဝန်းကျင် ငဲ့ပြီး သူတို့တွေကို လူစုခွဲခိုင်းခဲ့တယ်။ နေ့လည် ၂ နာရီမှာ 88cafe စုဖို့ပြောပြီး လူစုပြန်ခွဲခဲ့တယ်။
နေ့လည် ၂ နာရီထိုးတော့ နေရာတွေကို ခွဲချထားပေးတယ်။ တစ်နေရာ လေးယောက်တစ်ဖွဲ့ အဖွဲ့တစ်ဖွဲ့မှာခေါင်းဆောင်တစ်ယောက်စီ ထားပေးထားတယ်။ ဦးပိန်တံတား ၊ မန္တလေးတောင် ၊ ဘုရားကြီး ၊ ဘူတာကြီး ၊ ဒိုင်းမွန်းပလာဇာ ၊ မနော်ရမံဥယျာဉ် ၊ ဂေါဝိန်ဆိပ် အဲဒီနေရာတွေကို သွားမယ်ဆိုတဲ့အကြောင်း မီဒီယာကို တရားဝင်ပြောခဲ့တယ်။ပြောတယ်ဆိုတာကလည်း မနက်ကလို မီဒီယာ အုံနေမှာစိုးလို့ ခွဲလိုက်တဲ့သဘောပါ။
ဖြစ်ချင်တော့ ကျွန်တော်ခေါင်းဆောင်တဲ့အဖွဲ့က ဘူတာကြီးရယ် ဒိုင်းမွန်းပလာဇာရယ် သွားကြတယ်။ ကျွန်တော့်ဘက်မှာ Eleven media ရယ် RFA ရုပ်သံရယ် ၊ ကျွန်တော်မသိတဲ့ မီဒီယာတချို့ရယ် ပါလာတယ်။ ဒိုင်းမွန်းကို အရင်ဝင်ပြီး စလှုပ်ရှားတယ်။ စလှုပ်ရှားချင်းမှာပဲ ဖုန်းကင်မရာတွေနဲ့ မျက်နှာတွေလိုက်ပြီး တည်ရိုက်နေတဲ့ လူစုကို တွေ့လိုက်ရတယ်။ ဘယ်ကလည်းလို့ မလိမ့်တစ်ပတ်စုံစမ်းကြည့်တော့ စရဖ နဲ့ SB (ဆိတ်လစိ) တွေ ဖြစ်နေမှန်းသိတော့ ကျန်အဖွဲ့တွေ လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရအောင် သူတို့တွေကို ထိန်းထားမယ်ဆိုတဲ့အကြောင်းဖုန်းဆက်ပြီးအကြောင်းကြားခဲ့တယ်။ စရဖ နဲ့ SB တွေကလည်း အဓိက ကျွန်တော်ပါတဲ့အဖွဲ့ကိုပဲ ရွေးလိုက်လာတယ်ဆိုတာကို သိလိုက်တယ်။
ဒါနဲ့ RFA ကလည်း ရုပ်သံအင်တာဗျူးဖို့ ဆိုပြီး ဒိုင်းမွန်းရှေ့မှာ အင်တာဗျူးစတယ်။ အင်တာဗျူးပြီးတော့ ဘူတာကြီးဘက်ကိုဆက်သွားတယ်။ ဘူတာကြီးဘက်ကြီးဘက်မှာ လှုပ်ရှားမှုစတယ်။ လှုပ်ရှားမှုပြီးတော့ ပြန်မယ်လုပ်တော့ ကျွန်တော်စီးတဲ့ဆိုင်ကယ်နံပါတ်တွေ ဓာတ်ပုံရိုက်တယ်။ လူတွေကို ရိုက်တယ်။ ပြီးတော့ ကျွန်တော်တို့က စုရပ်ပြန်သွားတယ်။ စုရပ်ထိ လိုက်လာတယ်။ အားလုံးကို အဆင်ပြေလားမေးကြည့်တော့ အားလုံးကလည်း အဆင်ပြေကြတယ်။ ဒီလိုနဲ့ လူစုပြန်ခွဲခဲ့ကြတယ်။
“လမ်းတွေလျှောက် နံပါတ်ဒုတ်နဲ့အရိုက်ခံပြီး ထောင်ထဲရောက် စာမေးပွဲမဖြေဖြစ်၊ စွန့်လွှတ်အနစ်နာခံ ကျောင်းသားသူရဲကောင်းများအတွက် ကျွန်တော်တို့လုပ်ပေးနိုင်တာ အဖြူရောင်လက်ပတ်လှုပ်ရှားမှုလေး တစ်ခုသာဖြစ်ပေသည်။ သို့ပေမယ့် လက်ပတ်ဖြူ နိုင်တယ်။
လေးစားလျှက်
နေဝန်းနီ(မန္တလေး)
လက်ပတ်ဖြူနိုင်တယ်