ဝေဖန်ရေးရာ

တင်မောင်ထွေး – ဟုတ်ကဲ့ … အစ္စလာမ်က ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားပါတယ်


တင်မောင်ထွေး – ဟုတ်ကဲ့ … အစ္စလာမ်က ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်းကို တားမြစ်ထားပါတယ်
(မိုးမခ) မတ် ၁၇၊ ၂၀၁၅

“အချစ်ဂျီဟဒ်ရှိသလား” ဆိုတဲ့ မိုးမခပင်တိုင်ဆောင်းပါးရှင် ကိုငြိမ်းချမ်းအေးရဲ့ သမမျှတပြီး မြန်မာပြည်သူတွေအတွက် စေတနာပါလှတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်မှတ်လေ့လာခဲ့ရပါတယ်။

မြန်မာပြည်သူပြည်သားတွေများ သတိပြုလေမလား၊ ဖတ်မှ ဖတ်လိမ့်ပါ့မလားလို့ စိုးရိမ်စိတ်ထားပေးရမယ့် အကျိုးပြု ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ အချစ်ဂျီဟဒ် (သို့မဟုတ်) သားဖောက်သာသနာပြုတယ် ဆိုတာက အစ္စလာမ်သာသနာကို ဦးတည်ပြီး စွပ်စွဲကြတာဖြစ်ပေမယ့် ဒီစွပ်စွဲမှုဟာယုတ္တိကျတဲ့ အချက်အလက်ကို အခြေခံထားတာ မဟုတ်ဆိုတာကိုလည်း မှတ်သားရပါတယ်။

ဒါပေမယ့် အဲဒီဆောင်းပါးကို မှတ်ချက်ပြုကြတဲ့အထဲမှာ တစ်ခုကတော့ “အစ္စလာမ်မှာ ဇနီးမယား လေးယောက်ထိ ယူနိုင်ကြောင်း အတိအလင်းခွင့်ပြုထားတာကနေပြီး ‘သားဖောက်သာသနာပြုတယ်’ ဆိုတဲ့ စွပ်စွဲမှု ပေါ်လာတာပဲ ၊ မိန်းမများများယူလေ ဘာသာခြားကို ယူဖို့ chance က တက်လာလေလေပဲ” စသဖြင့် ပြောထားတာကို သတိထားမိပါတယ်။ အဲဒီလို မှတ်ချက်ပေးထားတဲ့ ပုဂ္ဂိုလ်ကပဲ အစ္စလာမ်က ကျေးကျွန်စနစ်ကို အသိအမှတ်ပြုထားတယ်လို့ ရေးထားပြန်ပါတယ်။ ကျွန်မနဲ့ လိင်ဆက်ဆံပြီး မိန်းမ လေးဦးစာရင်းထဲ ထည့်မတွက်ဘဲ နေလို့ရတယ်လို့လည်း ထပ်ကွန့်ထားပြန်ပါတယ်။ အကိုးအကားတော့ ပေးမထားပါဘူး။

အခု နားလည်မှု လွဲမှားနိုင်တဲ့ ကိစ္စနှစ်ခုကို တင်ပြပါ့မယ်။ နံပါတ် ၁ က မိန်းမလေးယောက်ယူဖို့ အတိအလင်းခွင့်ပြုတာကြောင့် ဘာသာခြားကို လက်ထပ်ဖို့ အခွင့်အရေးပိုများလာတယ် ဆိုတာနဲ့ နံပါတ် ၂ကတော့ ဘာသာခြားကို လက်ထပ်ဖို့ ပိတ်ပင်ထားတာကြောင့် ဒါဟာလူ့အခွင့်အရေးစံနဲ့ မညီဘူးဆိုတဲ့ ကိစ္စတွေပါ။

အစ္စလာမ်က မိန်းမလေးယောက်ယူနိုင်တယ်လို့ တကယ်ပဲ တိုက်တွန်းထားတာလား?

စာရှုသူ မိတ်ဆွေ၊ မိတ်ဆွေကြားသိ မြင်တွေ့ဖတ်ရှုနေရတဲ့ စာပေ၊ ရုပ်ရှင်စတဲ့ ဗဟုသုတတိုးပွားရာ အရင်းအမြစ်တွေက “အစ္စလာမ်ကတော့ဖြင့် မိန်းမလေးယောက်ယူဖို့ တိုက်တွန်းထားတာပဲ” လို့  ဆိုချင်ဆိုထားမယ်။ ဒါပေမယ့် အစ္စလာမ်ရဲ့ ရှရီယာကုတ်ဒ် စစ်စစ်ဖြစ်တဲ့ ကိုရန်ကျမ်းကတော့ အဲသလိုမဆိုထားတဲ့အပြင် မိန်းမတစ်ယောက်ထဲယူကြလို့ တိုက်တွန်းထားတာ တွေ့ရပါတယ်လို့ ရိုးသားစွာ ဆိုပါရစေ။

ကိုရန်ကျမ်းက မိန်းမလေးယောက်ထိယူကြလို့ မတိုက်တွန်းပါ၊ တချိန်တည်းမှာ မိန်းမလေးယောက်ထိသာ ယူနိုင်တယ်လို့ ဥပဒေထုတ်ကန့်သတ်ထားတာဖြစ်ပါတယ်။ ကိုရန်ကျမ်း အခန်း ၄ ၊ မုက္ခပါတ်အမှတ်စဉ် ၄ မှာအခုလို လာရှိပါတယ်။

အကယ်၍ အသင်တို့သည် မိဘမဲ့များနှင့်စပ်လျဉ်း၍ တရားမျှတစွာ ကျင့်ဆောင်နိုင်မည်မဟုတ်ဟု စိုးရိမ်လျှင် အမျိုးသမီးများအနက် အသင်တို့ကြိုက်နှစ်သက်သည်တို့မှ နှစ်ယောက်ဖြစ်စေ၊ သုံးယောက်ဖြစ်စေ ၊ လေးယောက်ဖြစ်စေ ထိမ်းမြားကြကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် တရားမျှတမှုကို ကျင့်သုံးနိုင်မည်မဟုတ်ဟု စိုးရိမ်ပါက တစ်ဦးတည်းသည်ပင် (လုံလောက်ပေသည်။) သို့မဟုတ် အသင်တို့၏  လက်ယာလက်များက ပိုင်ဆိုင်သူတို့နှင့် (ထိမ်းမြားကြကုန်)။ ဤသည် အသင်တို့တရားမျှတမှု မရှိခြင်းမှ ရှောင်ကြဉ်နိုင်ရန်အတွက် အနီးစပ်ဆုံး (နည်းလမ်း) ဖြစ်၏။ (ကိုရန် ၄း၎)

ဘာသာရေးအလို့ငှာ နိုင်ငံရေးအမြတ်ထုတ်လိုသူတွေ၊ ‘Islamophobia’ အစ္စလာမ်အကြောက်အမုန်းစိတ် အရင်းခံတွေကတော့ နှစ်ယောက်၊ သုံးယောက်၊ လေးယောက်ဆိုတာမှာတင် ဆက်မဖတ်ကြတော့ဘဲ ‘ဟာ ဒီဘာသာကတော့ဖြင့် လေးယောက်ယူဖို့ တိုက်တွန်းနေပြီ ’ လို့ အပုတ်ချအမြတ်ထုတ်တော့တာပါပဲ။ ကိုရန်က တင်ပြတဲ့ polygamy ခေါ် မယားအများယူနိုင်ဖို့ဆိုတာကို ယေဘုယျလေ့လာရင်

က) မယားအများကြား absolute justice (ပြည့်စုံကုံလုံတဲ့ တရားမျှတမှု) ကို တည်ဆောက်ခိုင်းတယ်။ အဲဒီအတိုင်း လုပ်နိုင်ရင် လေးယောက်ထိယူကြ။ ဘယ်သူတွေကို ဦးစားပေးထိမ်းမြားရမှာလဲ။ ကျေးကျွန်တွေကို ကျွန်အဖြစ်က လွတ်မြောက်စေခြင်းအလို့ငှာ ထိမ်းမြားဖို့၊ မိဘမဲ့တွေ (အာရေဗျ – ယသားမား ၊ မြန်မာအဓိပ္ပါယ် ဖတဆိုးများ) ကို ထိမ်းမြားဖို့ တိုက်တွန်းထားတယ်။ မယုံရင် အဲဒီ အခန်းနံပတ် ၄ ကိုပဲ အစအဆုံးဖတ်ကြည့်ဆင်ခြင်နိုင်ပါတယ်။

ခ) တရားမျှတမှု မတည်ဆောက်နိုင်ရင်တော့ တစ်ယောက်ထဲယူ။

ဂ) ဒီအချက်ကတော့ အရေးအကြီးဆုံးပါ။ “ကိုရန်ကတော့ဖြင့် မိန်းမ တစ်ယောက်ထဲဖြင့်သာ ရောင့်ရဲဖို့ တိုက်တွန်းထားပါတယ်”  ဆိုတဲ့ argument က အောက်ပါမုက္ခပါတ်နဲ့အတူ ထင်ထင်ရှားရှားကြီး ပွင့်အန်လာပါတော့တယ်။

အသင်တို့သည် မည်မျှပင် အလိုဆန္ဒထားရှိကြစေကာမူ ဇနီးမိန်းမများ၏အကြားတွင် ပြည့်ဝသော တရားမျှတမှုဖြင့် ဆက်ဆံခြင်းကို ပြုနိုင်စွမ်းရှိကြမည်မဟုတ်ချေ။ (ကိုရန် ၄း၁၃၀)

ဒီသွန်သင်ချက်က striking point ပါပဲ။ တရားမျှတမှု မတည်ဆောက်နိုင်ရင် တစ်ယောက်ထဲနဲ့ ရောင့်ရဲကြလို့ဆိုပြီး မယားအများအကြား တရားမျှတမှုတည်ဆောက်ဖို့ဆိုတာတော့ ခက်ခဲလွန်းပြီး တတ်စွမ်းနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ ထပ်ဆင့်ဆိုလိုက်တာဟာဖြင့် ဇနီးမယားတစ်ယောက်ထဲယူဖို့ တိုက်တွန်းခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် တချိန်တည်းမှာ ဇနီးလေးယောက်ထိသာယူဖို့ သတ်မှတ်ပေးထားပြီး တကယ်တမ်းမှာတော့ ဇနီးတစ်ယောက်နဲ့ ရောင့်ရဲဖို့ တိုက်တွန်းထားတဲ့ ကျမ်းစာအချက်အလက်မျိုးကို obsolete idea ခေါ် ခေတ်နဲ့ မညီတဲ့ အတွေးအခေါ်လို့ ကင်ပွန်းတပ်မယ်ဆိုရင်တော့ အဲဒီလို ကင်ပွန်းတပ်သူကိုယ်တိုင်ရဲ့ အတွေးအခေါ်ကိုသာ သာပြီးမေးခွန်းထုတ်ဖို့ တိုက်တန်နေပါတော့တယ်။

အစ္စလာမ်က ခွင့်ပြုတဲ့ ဇနီးမယားလေးယောက်ကိစ္စနဲ့ ပတ်သတ်ပြီး ခရစ်ယာန်သီလရှင် တဖြစ်လဲ ဗြိတိသျှစာရေးဆရာမ Karen Armstrong (အစ္စလာမ်နှင့် အခြားဘာသာသာသနာများ အထူးပြုလေ့လာသူ) က သူမရဲ့ “Muhammad: A Prophet for our times” အမည်ရ စာအုပ်မှာ ခုလို မှတ်ချက်ပေးထားပါတယ်။

The Quranic institution of polygamy was a piece of social legislation. It was designed not to gratify the male sexual appetite, but to correct the injustices done to widows, orphans, and  other female dependants, who were especially vulnerable. ……… Polygamy was designed to ensure that unprotected women would be decently married, and to abolish the old loose, irresponsible liaisons; men could have only four wives and must treat them equitably; it was an unjustifiably wicked act to devour their property. The Quran was attempting to give women a legal status that most Western women would not enjoy until the 19th century.

ကိုရန်က ပြဌားန်တဲ့ မယားအများဝါဒက လူအသိုက်အ၀န်းနဲ့ဆိုင်တဲ့ ဥပဒေအစိတ်အပိုင်းတစ်ရပ်ဖြစ်တယ်။ ဒီဥပဒေက ယောင်္ကျားတွေရဲ့ လိင်စိတ်အလိုကို ဖြည့်ဖို့အတွက် ပုံစံချစီမံထားတာမျိုးမဟုတ်ဘဲ ထိခိုက်လွယ်တဲ့ မုဆိုးမတွေ၊ မိဘမဲ့တွေသာမက အခြားသော ခိုးကိုးရာလိုအပ်တဲ့ အမျိုးသမီးတွေအပေါ် တရားမျှတမှု ကင်းမဲ့နေတာတွေကို လမ်းကြောင်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ဖြစ်တယ်။ … (အစ္စလာမ်သာသနာက ပြဌာန်းတဲ့) မယားအများဝါဒက ကူဖော်လောင်ဖက်မရှိတဲ့ အမျိုးသမီးကို ကောင်းမွန်စွာ လက်ထပ်ထိမ်းမြားဖို့ စီမံပေးထားတယ်၊ အတိတ်က စာရိတ္တပိုင်းဆိုင်ရာ ခြစားမှုတွေပပျောက်သွားဖို့နဲ့ တာဝန်သိတဲ့ အိမ်ထောင်မှုဘ၀ အဆက်အဆံတွေအတွက် စီမံပေးထားတယ်၊ ယောင်္ကျားဖြစ်သူက ဇနီးလေးယောက်သာယူနိုင်ပြီး သူတို့ကို တန်းတူဆက်ဆံရမယ်၊ ဇနီးမယားရဲ့ ပိုင်ဆိုင်မှုကို အငမ်းမရ သိမ်းပိုက်ခြင်းက တရားမမျှတဘဲ ယုတ်မာတဲ့ လမ်းစဉ်သာဖြစ်တယ် (လို့ဆိုတယ်။) ကိုရန်က အမျိုးသမီးတွေကို တရားဝင်အခြေအနေအဆင့်အတန်းတစ်ခု ပြဌာန်းပေးဖို့ ကြိုးစားခဲ့ပေမယ့် အနောက်တိုင်းက အမျိုးသမီးတွေက ၁၉ ရာစုအထိ အဲဒီအဆင့်အတန်းမျိုးကို မပိုင်ဆိုင်နိုင်ခဲ့ကြသေးဘူး။ (Karen Armstrong, Muhammad: A Prophet for our times. Harper Collins, 2006. Pages 145-147)

နောက်တစ်ခုက ကျေးကျွန်မတွေကို ဇနီးလေးယောက်စာရင်းထဲမထည့်ဘဲ လိင်ဆက်ဆံခွင့်ပေးထားတယ်ဆိုတဲ့အချက်ပါ။ ဒါဟာ အခြေအမြစ်မရှိတဲ့ ပရမ်းပတာ စွပ်စွဲမှုပါ။ ဟဒီးဆ်ခေါ် မုဟမ္မဒ်ရဲ့ အဆိုအမိန့်အပြုအမူတွေကို မှတ်တမ်းတင်ထားတဲ့ ကျမ်းတွေမှာ အဲလိုမျိုး ကျေးကျွန်တွေနဲ့ လိင်ဆက်ဆံခွင့်ကို အသိအမှတ်ပြုထားတာတွေ တွေ့ရတယ်လို့ ဆိုရင်လည်း အဲဒီတွေ့ရှိချက်က in-depth analysis ဆိုတဲ့ ပညာရပ်ပိုင်းဆိုင်ရာ နက်နက်ရှိုင်းရှိုင်း အထူးပြုလေ့လာထားတဲ့ လေ့လာတွေ့ရှိချက်မဟုတ်မူဘဲ ဟဒီးဆ်တစ်ခု လောက်ကိုဖြင့် ကောက်ကာငင်ကာ ဆွဲယူပြီး ကိုယ့်ရဲ့ argument ကို အဲဒီအပေါ်မှာ တည်ဆောက်ယူထားတာမျိုးပဲ ဖြစ်ပါတယ်။ တနည်းဆိုရရင် out of context ခေါ် လိုချင်ရာ ဖြတ်တောက်ပြီး အိုးမဲသုတ်တဲ့ လုပ်ရပ်လို့ ပြတ်သားစွာ ဝေဖန်ရပါလိမ့်မယ်။

ကိုရန်ကျမ်းစာ ၅း၆ ၊ ၁၇း၃၃ ၊ ၂၅း၆၉ ၊ ၆၀း၁၃ တွေမှာ fornication ဆိုတဲ့ ကာမေသုမိစ္ဆာစာရကံနဲ့ adultery ခေါ် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်းသို့မဟုတ် အိမ်ထောင်ရေးဖောက်ပြန်မှုကိုတွေက တားမြစ်ရှုံ့ချထားပါတယ်။ အစ္စလာမ်က တရားမ၀င် အမြှောင်မယားထားတာ၊ ကာမေသုကံကျူးလွန်တာနဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုတွေအတွက် တရားဝင် ရုပ်ပိုင်းဆိုင်ရာပြစ်ဒဏ်ကို ၂၄း၃ မှာ ပြဌာန်းပေးထားပါတယ်။
ကျေးကျွန်မနဲ့ တရားမ၀င်လိင်အဆက်အဆံထားရှိတာဟာ အစ္စလာမ်မှာ (နှစ်ပါတီ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ) ကာမေသုကံထိုက်တာကြောင့် ကိုရန် (၂၄း၃) အရ ကြိမ်ဒဏ် အချက် ၁၀၀ စီ စီရင်ရမယ့် အပြစ်ဒဏ်ဖြစ်ပါတယ်။ တဖန် ဟဒီးဆ်တွေကို context အလိုက်လေ့လာဆန်းစစ်လိုက်ရင် ကျေးကျွန်မိန်းမတွေနဲ့ပတ်သတ်ပြီး အောက်ပါအတိုင်း အဖြေထွက်လာပါလိမ့်မယ်။

မုဟမ္မဒ်မိန့်ကြားခဲ့တာက “အကယ်၍ မည်သည့်ယောင်္ကျားမဆို ကျေးကျွန်မိန်းမတစ်ဦး ရှိခဲ့မယ်ဆိုရင် အဲဒီကျေးကျွန်မကို ကောင်းမွန်နည်းလမ်းကျတဲ့ အပြုအမူအနေထိုင်ကို သွန်သင်ပေးမယ်၊ ကောင်းဆုံးသော နည်းလမ်း (best possible way) နဲ့ ပညာသင်ကြားစေမယ်၊ ပြီးရင် ကျေးကျွန်အဖြစ်ကနေ လွတ်လပ်စေမယ်၊ အဲဒီနောက်သူမကို လက်ထပ်ထိမ်းမြားခဲ့ပါလျှင် အဲဒီယောင်္ကျားအဖို့ နှစ်သွယ်သော ဆုလာဘ်အကျိုး ရရှိလိမ့်မှာဖြစ်တယ်။” (Sahih Bukhari, အတွဲ ၃  ၊ စာအုပ်အမှတ်စဉ် ၄၆ ၊ ဟဒီးဆ်အမှတ်စဉ် ၇၂၀)

ကျေးကျွန်မကို တရားမ၀င် လိင်ဆက်ဆံခိုင်းဖို့အသာထားဦး၊ အကောင်းဆုံးနည်းတွေနဲ့ ပြုစုပျိုးထောင်ပြီး ကျွန်အဖြစ်ကနေ လွတ်လပ်ခွင့်ပေးပြီးမှ လက်ထပ်ထိမ်းမြားဖို့ တိုက်တွန်းထားတာကို တွေ့ရပါတယ်။ တဖန် ကိုရန် ၄း၂၆ မှာလည်း POWs ခေါ် စစ်ပွဲတွေ ကနေ ဖမ်းဆီးရမိတဲ့သုံ့ပန်း အမျိုးသမီးတွေကို လက်ထပ်ထိမ်းမြားခြင်းဖြင့် လွတ်လပ်ခွင့်ပေးဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

ဒါ့ပြင် ကျေးကျွန် မိန်းမ သို့မဟုတ် ကျေးကျွန် ယောင်္ကျားတွေကို ‘ဟဲ့ ကျွန်(မ)’ လို့ ခေါ်တာမျိုးကိုတောင် မုဟမ္မဒ်က (categorically) တိတိကျကျတားမြစ်ထားပါတယ်။ (Sunan Masnad Ahmad, chap. 9)

အစ္စလာမ်က ဘာသာခြားကို လက်ထပ်ထိမ်းမြားဖို့ ပိတ်ပင်ထားပါတယ်

ဟုတ်ကဲ့၊ အစ္စလာမ်သာသနာက ဘာသာခြားကို လက်ထပ်ထိမ်းမြားဖို့ ပိတ်ပင်တားမြစ်ထားပါတယ်။ အမျိုးသားကိုတော့ဖြင့် people of the book လို့ဆိုမယ့် ဂျူး၊ ခရစ်ယာန်စသည်ကို လက်ထပ်ဖို့ အခွင့်ပေးပေမယ့် အမျိုးသမီးတွေကိုတော့ လုံးဝပိတ်ပင်ထားပါတယ်။ ဒါပေမယ့် ဒီသတ်မှတ်ပြဌာန်းချက်က admonition ခေါ်တဲ့ သတိပေးဆင့်ဆိုချက်သာဖြစ်ပြီး ချိုးဖောက်ရင် အပြစ်ဒဏ်ခံရမယ့် ဥပဒေမဟုတ်ပါဘူး။ ပိတ်ပင်တားမြစ်ချက်ကို ကိုရန် ၂း၂၂၂ မှာ ဖော်ပြထားပြီး အဲဒီကဏ္ဍအပါအ၀င် ကိုရန်ရဲ့ အခြားဘယ်ကဏ္ဍမှာမှ ယင်းကို ချိုးဖောက်ခဲ့ရင်တော့ဖြင့် ထောင်ဒဏ်၊ ကြိမ်ဒဏ် ဒါမှမဟုတ် သေဒဏ်ရယ်လို့ သတ်မှတ်ပေးထားမျိုး လုံးဝမရှိပါ။

Faith ဆိုတဲ့ သက်ဝင်ယုံကြည်မှုက ပုဂ္ဂလိကဆိုင်ရာ ကိုယ်ပိုင်အခွင့်အရေးဖြစ်တယ်လို့ အစ္စလာမ်က ယူဆ (ကိုရန် ၂း၂၅၇ ရှု) တဲ့အလျောက် သက်ဝင်ယုံကြည်မှုဟာ ဘုရားရှင် (God) နဲ့လူသားအကြား ကိစ္စသာဖြစ်ပါတယ်။ သက်ဝင်ယုံကြည်မှု (Faith) က အီတီကာဒတ် (ယုံကြည်ခြင်း) ဆိုတဲ့ ရှရီယာကဏ္ဍအောက်မှာရှိပြီး လွန်ကျူးဖောက်ပြန်ရင် တစ်စုံတစ်ရာအပြစ်မပေးနိုင်ဘူး၊ လက်ထပ်ထိမ်းမြားခြင်းကတော့ မူအာမလတ် (လုပ်ငန်းကိစ္စနှင့် စာချုပ်စာတမ်းများ) ဆိုတဲ့ ရှရီယာခေါင်းစဉ်အောက်မှာ ရှိတယ်။ ဘာသာခြားနဲ့ လက်ထပ်ခြင်းကို State Response ခေါ် နိုင်ငံတော်ဥပဒေအရ အပြစ်ပေးအရေးယူဖို့ရာ ဥကူဘာသ် (အပြစ်ဒဏ်များ) ဆိုတဲ့ ရှရီယာကဏ္ဍအောက်မှာ ဖော်ပြထားတာ လုံးဝမတွေ့ရပါ။

လူ့အခွင့်အရေးသမားတစ်ယောက်အနေနဲ့ ကုလလူ့အခွင့်အရေးကြေညာစာတမ်း အာတီကယ်နံပါတ် ၁၆ ကို ကိုးကားပြီး အစ္စလာမ်ကတော့ဖြင့် လူ့အခွင့်အရေးစံနဲ့ မညီတဲ့ လက်ထပ်ထိမ်းမြားမှုပုံစံကို တောင်းဆိုထားတယ်လို့ ဆိုမယ်။ ဒါဟာ သူ့ (လူ့အခွင့်အရေးသမား) ဘက်က ဆိုပိုင်ခွင့်ဖြစ်သလို မွတ်စလင်တွေဘက်ကလည်း မိမိတို့သဘောဆန္ဒအလျောက်လက်ခံ ထားတဲ့ အစ္စလာမ့်ဥပဒေရှိတာကြောင့် လူ့အခွင့်အရေးကြေညာစာတမ်း အာတီကယ် ၁၈ အရ မိမိယုံကြည်ရာကို မိမိဖာသာ လက်သင့်ခံဆောင်ရွက်ခွင့်ရှိပါတယ်။ အကယ်၍ မွတ်စလင်တစ်ဦးက အစ္စလာမ့် ပြဌာန်းချက်ကို ဆန့်ကျင်ပြီး ဘာသာခြားနဲ့ အိမ်ထောင်ပြုရင်တော့ ဒါဟာ ကာယကံရှင်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သလို အစ္စလာမ်ဥပဒေကလည်း အဲဒီအချိန်ကနေစပြီး သူ့အတွက် တစ်စုံတစ်ရာ အကျုံးမ၀င်တော့ပါ။ ဘာသာခြားနဲ့ လက်ထပ်လိုတဲ့ မွတ်စလင်တွေဟာ စီကူလာတရားရုံးတွေမှာ လွတ်လွတ်လပ်လပ် သွားရောက်လက်ထပ်နိုင်ကြပါတယ်။

အစ္စလာမ်ရဲ့ဘာသာခြားလက်မထပ်ရဆိုတဲ့ သတ်မှတ်ချက်က “သားဖောက်သာသနာပြုတယ်” ဖို့အတွက်လို့ လုံးဝမဆိုသာပါဘူး။ ဆိုခဲ့သလိုပါပဲ God နဲ့ လူသားအကြား နှစ်ကိုယ်ကြား လက်ခံထားရမယ့် သက်ဝင်ယုံကြည်မှု ဘာသာတရားကို လင်ယူသားမွေးကိစ္စမျိုးနဲ့ အတင်းအဓမ္မ သိမ်းသွင်းဖို့ရာ အစ္စလာမ်က သွန်သင်မထားပါဘူး။ ဒီအတိုင်းပါပဲ၊ ဘာသာခြားတစ်ယောက်က မွတ်စလင် အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦးကို လိုချင်လှချည့်ရဲ့ ဆိုပြီး မိမိဘာသာကို စွန့်လာခဲ့မယ်ဆိုရင် မွတ်စလင်တွေက သူ့ကို ဘယ်လို မှ တန်ဖိုးထားလိမ့်မှာ မဟုတ်ပါဘူး။ လောကီအကြောင်း (စည်းစိမ်ဥစ္စာ၊ ရုပ်ရည်ရူပကာ စသည်) တစ်ခုကို အရင်းတည်ပြီး မွတ်စလင်ဖြစ်လာသူကို အစ္စလာမ်က ပြင်းထန်နဲ့ စကားလုံးဖြစ်တဲ့ Hypocrite (အာရေဗျ – မုနာဖိက်၊ မြန်မာအဓိပ္ပါယ် – အယောင်ဆောင်) လို့ ဆိုပါတယ်။

အဲလိုတင်ပြချက်တွေရှိထားတာကိုမှ ထပ်ဆင့်စောဒကတက်ပြီး မဟုတ်ဘူး၊ မင်းတို့အစ္စလာမ်က ဘာသာခြားမယူရလို့ပိတ်ထားပြီး အတင်းဘာသာပြောင်း သားဖောက်သာသနာပြုနေတာလို့ အဓမ္မဆိုလာရင်တော့ ဒီအဆိုဟာ လေဖမ်းဒန်းစီး ပရမ်းပတာနိုင်တဲ့ အဆိုပါပဲ၊ တိကျတဲ့ အချက်အလက်ကို အခြေခံတဲ့ အဆိုမဟုတ်ပါ။

ဝမ်းနည်းစရာကောင်းတာက မြန်မာပြည်မှာ လင်ယူသားမွေးဥပဒေတွေကို လေ (arbitrary) နဲ့ ပြဌာန်းနေပြီး facts based ခေါ်အချက်အလက်ကို အခြေခံတာမျိုးမဟုတ်ပါ။ ကိုငြိမ်းချမ်းအေး ရဲ့အချစ် ဂျီဟဒ်ဆောင်းပါးမှာလည်း အချစ်ဂျီဟဒ်ကတော့ဖြင့် facts based မဟုတ်ဘဲ မိုးပြိုမှာစိုးကြောက်တတ်တဲ့ တစ်တေတူးအတွေးအခေါ်ဆိုတာကို ပေါ်လွင်အောင် ရေးပြထားပါတယ်။

မြန်မာပြည်မှာ အချက်အလက်ကောက်ခံတဲ့ ဓလေ့မထွန်းကားမတွင်ကျယ်သေးပါ။ ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ အချက်အလက် (Facts) ကိုတင်ပြပြီး အစ္စလာမ်ကတော့ဖြင့် လင်ယူသားမွေးနည်းနဲ့သာသနာပြု နေတာမဟုတ်ဘူးဆိုတာ လေ့လာကြည့်ကြရအောင်။

ကမ္ဘာကျော် Pew Research Centre ခေါ် လွတ်လပ်တဲ့ ဘာသာရေးနဲ့ လူမှုရေးအချက်အလက်တွေထုတ်ပြန်ပေးတဲ့ အမေရိကန်အခြေဆိုက်အဖွဲ့အစည်းရဲ့ ၂၀၀၇ ခုနှစ် ၊ မေလထုတ် “Muslim Americans – Middle Class and Mostly Mainstream” ဆိုတဲ့ စာတမ်းမှာ အောက်ပါအတိုင်း ဖော်ပြပါရှိပါတယ်။

Most converts to Islam (58%) cite aspects of the religion as the reason for their conversion. These include references to the truth or appeal of Islam’s teachings, the belief that Islam is superior to Christianity, or that the religion just “made sense” to them. Just 18% of converts mentioned family reasons, such as marrying a Muslim, as the reason for their conversion. (www.pewresearch.org/files/old-assets/pdf/muslim-americans.pdf  – p. 22)

အစ္စလာမ်ဘာသာကို ကူးပြောင်းဝင်ရောက်ခဲ့သူတွေထဲက အများစု (၅၈ ရာခိုင်နှုန်း) က အစ္စလာမ်ရဲ့ အသွင်အပြင်လက္ခဏာကြောင့် ဘာသာပြောင်းခဲ့ကြတာလို့ ဆိုပါတယ်။ အဲဒီထဲမှာ အစ္စလာမ့်သွန်သင်ချက်တွေရဲ့ အမှန်တရား ဒါမဟုတ် စွဲဆောင်မှုတွေ ၊ အစ္စလာမ်ကတော့ဖြင့် ခရစ်ယာန်ထက်ပိုပြီး သာလွန်တယ်ဆိုတဲ့ ယုံကြည်ချက်တွေ ၊ ဒါမှမဟုတ် အစ္စလာမ်က သူတို့အတွက် ပိုပြီး သဘာဝကျလှတယ်ဆိုတာတွေ ပါဝင်ပါတယ်။ ၁၈ ရာခိုင်နှုန်းကသာ မိမိတို့ဘာသာပြောင်းခဲ့ရတာကတော့ဖြင့် မွတ်စလင် (အမျိုးသား သို့မဟုတ် အမျိုးသမီး) ကိုလက်ထပ်ခဲ့ရလို့ပါ စတဲ့ မိသားစုနဲ့ဆိုင်တဲ့ အကြောင်းပြချက်မျိုးကို တင်ပြကြပါတယ်။ (Muslim Americans – Middle Class and Mostly Mainstream, စာ ၂၂)

အခုလို အစ္စလာမ်နဲ့ပတ်သတ်ပြီး အမြင်ကျဉ်းမြောင်းမှု (ယေဘုယျအားဖြင့်) အများဆုံးရှိတတ်တဲ့ အမေရိကန်မှာတောင် အစ္စလာမ်ကို ကူးပြောင်းဝင်ရောက်သူအများစုက လိင်ယူသားမွေးကိစ္စအတွက် ဘာသာပြောင်းခဲ့တာမဟုတ်ပါလို့ဆိုထားလေတော့ မြန်မာပြည်လို (ယေဘုယျ) အစ္စလာမ်ကို ကူးပြောင်းသူ အနည်းစုသာရှိတဲ့ နိုင်ငံမျိုးမှာ ရာခိုင်နှုန်းဘယ်လောက်က လိင်ယူသားမွေးအတွက် ဘာသာပြောင်းခဲ့ရတာပါလို့ ဆိုလိမ့်မလဲဆိုတာ စိတ်ဝင်စားဖွယ်ပါပဲ။

မြန်မာပြည်က အစ္စလာမ်မိုဖိုးဘစ်ခေါ် အစ္စလာမ်အကြောက်အမုန်းဝါဒီအများစုဟာ (social media သုံးစွဲသူများကို ခြုံငုံလေ့လာလိုက်ရင်ဖြင့်)  ကုလနဲ့ အခြားအေဂျင်စီတွေကို အပုတ်ချလေ့ရှိကြသူတွေဖြစ် ပြီး “ကုလား” အရေးနဲ့ပတ်သတ်လာရင် လူ့အခွင့်အရေးမဆိုထားဘိ ‘o’ အခွင့်အရေးလောက်မှ ကရုမစိုက်ကြသူတွေဖြစ်ပါတယ်။ ဒါကြောင့် ဘာသာခြားကို လက်မထပ်ရဆိုတဲ့ အစ္စလာမ်တားမြစ်ချက်သည် လူ့အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ဆိုတာကို အသာထားစမ်းအုန်း၊ လူ့အခွင့်အရေးကြေညာစာတမ်းကို ကိုယ်ကိုတိုင်တောင် အပြည့်အစုံလက်ခံနားလည်ထားပါသလားဆိုတာ မိမိတို့ကိုယ်ကို ပြန်လည်မေးမြန်းသင့်ပါကြောင်း မှတ်ချက်ပြု ဖော်ပြလိုက်ရပါတယ်။

မှတ်ချက်။ ။ ဆောင်းပါးပါ ကိုရန်ကျမ်းအညွှန်းများမှာ “ဘိစ်မိလ်လာဟ်” ခေါ် အလ္လာဟ်၏နာမတော်ဖြင့် အစပြုပါ၏ဆိုသည်ကိုပါ ထည့်သွင်းရေတွက်ထားပါ၍ အခြားကိုရန်ကျမ်းနံပါတ်စဉ်များထက် တစ်ခုပိုနေပါကြောင်း။ ဥပမာ ဆောင်းပါးက ၁း၂ ဟု ဖော်ပြလျှင် ကိုရန်ကျမ်းအချို့မှ လွဲ၍ ကိုရန်ကျမ်းအများစု၌ ၁း၁ ကို ကြည့်ရှုရမည်ဖြစ်ကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts