ဓာတ်ပုံသတင်း နိုင်ငံတကာရေးရာ

ကရင်တိုင်းရင်းသား၊ နိုင်ငံရေးသမား (ဦး) ဘဲခေါင်းမောင်မောင် ဈာပနအခမ်းအနား ကျင်းပ

 

 

ကရင်တိုင်းရင်းသား၊ နိုင်ငံရေးသမား (ဦး) ဘဲခေါင်းမောင်မောင် ဈာပနအခမ်းအနား ကျင်းပ
(အမာရီလိုအထောက်တော်) (မိုးမခ) မတ် ၁၇၊ ၂၀၁၅

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် အခြေချနေထိုင်ခဲ့သော အသက် ၈၁ နှစ်အရွယ် ကျွန်းပြန် ၀ါရင့်နိုင်ငံရေးသမား၊ တော်လှန်ရေးသမား ကရင်အမျိုးသား ဘဲခေါင်းမောင်မောင်သည် မတ်လ ၁၂ ရက် ကြာသပတေးနေ့ နံနက်က လူကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၄င်း၏ နောက်ဆုံးခရီးစဉ်ကို ယနေ့ မတ်လ ၁၄ ရက် စနေနေ့ နံနက်တွင် Cox Funeral Home, 4180 Canyon Drive, Amarillo ခန်းမ၌ ဈာပန အခမ်းအနား ပြုလုပ်ကာ မီးသင်္ဂြိုလ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

အဆိုပါ ဈာပန အခမ်းအနားကို အမာရီလိုမြို့ ရှိ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းနှင့် တိုင်းရင်းသားပေါင်းစုံ နာရေးကူညီမှုအသင်းတို့ က ဦးဆောင်ဦးရွက် ပြုလုပ်ပေးခဲ့ကြပြီး အမာရီလိုမြို့  မြန်မာတိုင်းရင်းသားများက နာရေးအလှူငွေများ အသီးသီး ထည့်ဝင်ကူညီပေးခဲ့ကြကာ ဘဲခေါင်းမောင်မောင်၏ နောက်ဆုံးခရီးစဉ်ကို ပရိတ်သတ် ၃၀၀ နီးပါးခန့် တက်ရောက် နှုတ်ဆက်ခဲ့ကြသည်။

ဈာပန အခမ်းအနားကို ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင်စတင်ခဲ့ကာ အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒ၀ံသမှ သရဏဂုံတင်၊ ငါးပါးသီလ ဆောက်တည်ပေးခဲ့ပြီး မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်းနှင့် တိုင်းရင်းသားပေါင်းစုံ နာရေးကူညီမှုအသင်းတို့ မှ ပေးပို့ ခဲ့ကြသော ၀မ်းနည်းကြောင်း သ၀ဏ်လွှာများကို ဖတ်ကြားခဲ့ကြသည်။

တိုင်းရင်းသားပေါင်းစုံ နာရေးကူညီမှုအသင်း၏ ၀မ်းနည်းကြောင်းသ၀ဏ်လွှာကို အသင်း၏ ဥက္ကဌ ကိုလူလေး မှ ဖတ်ကြားရာ အဘ ဘဲခေါင်းမောင်မောင် ကွယ်လွန်သွားခြင်းမှာ အမာရီလိုမြို့ မြန်မာကွန်မြူနတီ၏ ဆုံးရှုံးမှုတခုဖြစ်ကြောင်း၊ နိုင်ငံရေး၊ တော်လှန်ရေးနှင့် ပရဟိတလုပ်ငန်းများတွင် တတတ်တအား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့်အတွက် ၄င်း၏ နောက်ဆုံးခရီးစဉ်ကို ယခုလို ဈာပန အခမ်းအနားပြုလုပ်ကာ ချစ်သူခင်သူ အများက လိုက်ပါပို့ ဆောင် နှုတ်ဆက်ပေးခဲ့ကြသည့်အတွက် တခြားတဖက်ကလည်း ၀မ်းသာမိပါကြောင်း ပြောကြားခဲ့သည်။

ဘဲခေါင်းမောင်မောင်၏ ရဲဘော်ရဲဘက်လည်းဖြစ် တပည့်မိတ်ဆွေများလည်းဖြစ်ကြသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၏ ရဲဘော်ဟောင်း ကိုဝင်းအောင်က ဘဲခေါင်းမောင်မောင် မှာ တောတွင်းတော်လှန်ရေးကာလကတည်းက ဘာသာ လူမျိုးမခွဲခြားတတ်ဘဲ ကြီးသည်ငယ်သည်မရွေး အားလုံးကို လေးလေးစားစား ဖော်ဖော်ရွေရွေ ပြောဆိုဆံဆက် ကူညီပေးတတ်သည့်အတွက် ကျေးဇူးတင် လေးစားဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ် တဦးဖြစ်သလို၊ မကွန်လွန်မှီအချိန်ထိလည်း လူမှုရေးလုပ်ငန်းများတွင် ကာယအား ဉာာဏအားများ တတ်စွမ်းသမျှ ပေးဆပ်ခဲ့သည်အတွက်လည်း ဘဲခေါင်းမောင်မောင် မှာ ထာဝရ ရှင်သန်နေမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ လက်ရှိ အတွင်းရေးမှုး ကိုညီညီလွင် က ဘဲခေါင်းမောင်မောင်နဲ့ ပတ်သက်၍ အမှတ်တရ ဂုဏ်ပြုစကားများပြောကြားပြီး ဈာပန အခမ်းအနား ချောချောမွေ့ မွေ့ အဆင်ပြေအောင် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီပေးခဲ့ကြသည့် လူမှုရေးအဖွဲ့  အစည်းများနှင့် လူပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“နိဗ္ဗာန်မရောက်မချင်း စစ်မှန်တဲ့ ဒီမိုကရေစီဘဲ လိုချင်တယ်” လို့ ဘဲခေါင်းမောင်မောင် မကွယ်လွန်မှီက မကြာခဏပြောကြားခဲ့သည့်စကားမှာ ဒေသ လူထုများကြား မှတ်လောက်သားလောက်သည့် စကားအဖြစ် တွင်ကျန်ရစ်ခဲ့သည်။

ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဈပန အခမ်းအနား ရုပ်သိမ်းပြီး မီးသင်္ဂြိုလ်မည့် သုတ်သန်ရှိရာ Crematory 6811 Mack Road Unit 21C Amarillo သို့ မော်တော်ယာဉ်များဖြင့် ထွက်ခွာလိုက်ပါပို့ ဆောင်ပေးခဲ့ကြပြီး မွန်းလွဲချိန်တွင် ဘဲခေါင်းမောင်မောင်၏ ရုပ်အလောင်းကို မီးသင်္ဂြိုလ် ခဲ့ကြကြောင်း သိရသည်။

ဘဲခေါင်းမောင်မောင်၏ ဈပန အခမ်းအနားသို့ လိုက်ပါပို့ ဆောင်ပေးခဲ့ကြသော ဧည့်ပရိတ်သတ် အပေါင်းတို့ ကို ဘဲခေါင်းမောင်မောင်၏ ဆွမ်းဒါန အလှူအဖြစ် ဇေယျသုခ ဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းထမင်းဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်းလည်း သိရှိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts