ဝေဖန်ရေးရာ မေငြိမ်း

မေငြိမ်း – မြန်မာ့ပညာရေးအကျပ်အတည်း (၁ + ၂ + ၃)

မေငြိမ်း – မြန်မာ့ပညာရေးအကျပ်အတည်း (၁ + ၂ + ၃)
(မိုးမခ) မတ်လ ၁၇၊ ၂၀၁၅

(ကျောင်းသားတွေ နိုင်ငံရေးမပတ်သက်သင့်ဘူးဆိုသူများအတွက်.. ကျမ ရေးခဲ့ဖူးတဲ့ ပညာရေးဆောင်းပါးတချို့ ကို ပြန်တင်ပေးပါရစေ..။  ဒါမှပဲ စစ်အစိုးရဟာ ဘယ်လောက်အထိ ပညာရေးကို နိမ့်ပါးအောင်.. လူတွေကို အညွန့်တုံးအောင် စနစ်တကျ လုပ်ခဲ့သလဲဆိုတာ ပေါ်လာမှာပါ။  ဒါကြောင့်လည်း ပညာရေးကောင်းကို မရခဲ့ရရှာတဲ့ စွမ်းအားရှင်လို လူတွေ..၊ ဘာသာရေးနဲ့ လူတန်းစားကိုတောင် ခွဲမသိနိုင်တဲ့ ပညာတတ်တွေ..၊ တကယ့် ဘာသာရေးက ဘာကိုပြောသလဲဆိုတာတောင် မသေချာတဲ့ ဘာသာရေးသမားဆိုသူတွေ… ရှိနေရတာပါ။)

■ မြန်မာ့ပညာရေး အကျပ်အတည်း (၁)

ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နေပါတယ်လို့ ကမ္ဘာသိကြေညာထားတဲ့ စစ်အစိုးရက လက်တွေ့မှာတော့ နိုင်ငံ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်သွားနိုင်တဲ့ ပညာရေးထဲမှာလည်း သူတို့သဘောကျ အပြောင်းအလဲတွေကို အတိအလင်း ဆက်လုပ် နေပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ အတိအလင်းလို့ သုံးနှုန်းရတာကတော့ အရင်က မသိမသာ ပိတ်ပင် ကန့်သတ်ခဲ့တဲ့ သမိုင်းဝင်သင်ရိုးတွေကို ခုချိန်မှာ ပြောင်ပြောင်တင်းတင်း ဖြုတ်ပယ်ပစ် တာမျိုးတွေ လုပ်လာလို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအခြေခံပညာအထက်တန်းရဲ့သင်ရိုးကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်ကစပြီး နိုင်ငံတကာအဆင့်နဲ့ ညီအောင် GCE O’level အဆင့်ကို ပြောင်းလဲ ပြဋ္ဌာန်းတာတွေ လုပ်မယ်လို့ စစ်အစိုးရက ၂၀၀၇ခုနှစ်ကုန်ပိုင်း မှာကတည်းက ပြောခဲ့ပါတယ်။ ခု တကယ်တမ်းပြောင်းပြီဆိုတဲ့အခါကျတော့ သင်ရိုးသစ်ဆိုတာဟာ အဟောင်း တချို့ကို ဖြုတ်ပယ် လိုက်တာမျိုးသာဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းသားတွေအတွက် တကယ် သိသင့် သိထိုက်တဲ့၊ တကယ်လိုအပ်တဲ့ သင်ရိုးတွေ သေသေ ချာချာ ပြည့်စုံအောင် ထပ်ဆောင်း ထည့်တာမျိုး မဟုတ် ပါဘူး။ အထူးသဖြင့် ကျောင်းသားတွေ အတွက် သိပ်လိုအပ်တဲ့ အရေးကြီးတဲ့ နိုင်ငံတကာအဆင့်မီ နိုင်ငံရေးရာ ဘာသာရပ်တွေ၊ နိုင်ငံ့သမိုင်း သင်ရိုး တွေ၊ မြန်မာစာပေဆိုင်ရာသင်ရိုးတွေ မပါတာ တွေ့ရပါတယ်။ အဲဒါအပြင် ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ မြန်မာ့သမိုင်းတချို့နဲ့ သမိုင်းဝင် မြန်မာစာပေ တချို့ ကိုပါ ဖြုတ်ပစ်လိုက်တာ တွေ့ရပါတယ်။

အဲဒီအပြင် အာဏာရှင်ပီပီ ကျောင်းသားလူငယ်တွေကို နိုင်ငံတကာအဆင့်မီ နိုင်ငံရေးဆိုင်ရာအပါအ၀င် လူငယ်တွေသိအပ်တဲ့ ပညာရပ် တွေကို သင်မပေးဘဲ တားဆီး ပိတ်ပင်တဲ့ စီမံကိန်းကလည်း အပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဦးနေ၀င်း လက်ထက်ကတည်းက ကျောင်းပညာရေးထဲမှာ လူငယ်တွေကို ခေတ်မီ ဗဟုသုတတွေ တိုးပွားစေမယ့် နိုင်ငံတကာ အဆင့်မီ သင်ရိုးတွေ သင်ခန်းစာတွေ ပြဋ္ဌာန်းမပေးခဲ့ပါဘူး။ အထူးသဖြင့် နိုင်ငံရေးရာဘာသာရပ် (Civic Education) နိုင်ငံရေးသိပ္ပံ (Political Science)၊ လူမှုသိပ္ပံ (Social Science)လို ဘာသာရပ်တွေကို ပြဋ္ဌာန်းမထားခဲ့တဲ့အတွက် မြန်မာနိုင်ငံက ကျောင်းသားတွေဟာ နိုင်ငံတကာ က ကျောင်းသားတွေ ကျောင်းခန်း ထဲ ကနေ အလွယ်တကူရနေတဲ့ နိုင်ငံ့အရေးအရာဆိုင်ရာ အသိပညာတွေကို မရနိုင်ကြဘဲ ရှိနေခဲ့တာပါ။

တကယ်တော့ ယနေ့လူငယ်တွေဟာ တချိန်မှာ တိုင်းပြည်အုပ်ချုပ်ရေးကို ကိုင်တွယ်ကြရမယ့်သူတွေဖြစ်တာမို့ နိုင်ငံ့အရေးအရာနဲ့ နိုင်ငံတကာရေးရာ ဒါမှမဟုတ် အနည်းဆုံး ကိုယ့်ဒေသတွင်းဆိုင်ရာ နိုင်ငံတွေရဲ့ အရေးအရာ တွေကို သိခွင့်ရဖို့ လိုပါတယ်။ ဒါမှပဲ လူငယ်အယောက်တိုင်း၊ ပြည်သူလူထုအယောက်တိုင်းက နိုင်ငံအုပ်ချုပ်ရေး အပါအ၀င် နိုင်ငံကောင်းတခုထူထောင်ဖို့အတွက် လိုအပ်တဲ့ စီမံအုပ်ချုပ်ရေးတွေကို သိနားလည်ပြီး တာဝန်ယူ နိုင်မှာ ဖြစ်ပါတယ်။ ဒါကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အကြံပြုခဲ့တဲ့ ပြည်ရေးပြည်ရာ ဘာသာရပ် Civic Education သင်သင့်ကြောင်း ဆွေးနွေးခဲ့ တုန်းက ပြောခဲ့ပြီးသားဖြစ်ပါတယ်။ တကယ်တော့ နိုင်ငံတနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ကိုယ့်နိုင်ငံရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ရိုးတွေ သင်ခန်းစာတွေကို စနစ်တကျ ရွေးချယ်ပြီး ပြဋ္ဌာန်းဖို့သာ လိုတာပါ။ ခုချိန်မှာ မြန်မာနိုင်ငံက လူငယ်တွေ အနေနဲ့ GCE O’level အဆင့် မီဖို့ဆိုတာထက် နိုင်ငံပြန်လည်ထူထောင်ရေးအတွက် လိုအပ်တဲ့ အသိပညာတွေကို ရဖို့ကသာ ပိုအရေးကြီးတဲ့အချိန်လို့ ထင်ပါတယ်။

တကယ်တော့ အခြေခံပညာအထက်တန်းအဆင့်က ကျောင်းသားအရွယ်ဟာ ဝေဖန် ပိုင်းခြား စဉ်းစားနိုင်တဲ့ အရွယ်တွေဖြစ်တာမို့ သူတို့အတွက် ကျောင်းသင်ရိုးတွေဟာ သူတို့ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး သိသင့်သိထိုက် တဲ့ အကြောင်းအရာတွေ ဖြစ်ဖို့ လိုပါတယ်။ ဥပမာပြောပြရရင် မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားနဲ့ ကိုက်ညီတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သင်ခန်းစာ၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ပထ၀ီဝင်အနေအထား၊ သဘာဝသံယံဇာတ ထွက်ရှိမှု အခြေအနေတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး သိသင့်တဲ့ ဗဟုသုတတွေ၊ တကိုယ်ရည် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သင်ခန်းစာတွေ၊ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်း နဲ့ အခြေခံ လူမျိုးရေး ပြဿနာတွေနဲ့အတူ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ တိုင်းရင်းသားတွေအချင်းချင်း စည်းလုံးညီညွတ်ရေးကို ဦးတည်တဲ့ သင်ခန်းစာမျိုးတွေ ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။ ဒါမှပဲ နိုင်ငံပြန်လည် ထူထောင်ရေးမှာ အဆင်သင့် ဖြစ်နေအောင် စာသင်ခန်းကနေ လေ့ကျင့်သင်ကြားပေးရာရောက်မှာ ဖြစ်ပါ တယ်။

နောက်ထပ်အရေးကြီးတာကတော့ ပညာရေးပြန်လည်ထူထောင်မှုထဲမှာ သဘာဝဘေးဒဏ်သင့်ခဲ့တဲ့ ဒေသတွေ အတွက်ဆိုရင်လည်း အဲဒီဒေသက ကျောင်းသားတွေအတွက် လိုအပ်တဲ့ ကလေးစိတ်ပညာ၊ ကျောင်းတွင်း စိတ်ပညာလို ဘာသာရပ်မျိုးတွေ နဲ့ Moral Education အတွက် ဒီမိုကရေစီကျင့်ဝတ်တွေကို အထူးပဲ ထည့်သွင်း သင်ကြားပေး ရမှာ ဖြစ်ပါတယ်။ ဒါမှပဲ အောင်မြင်တဲ့ လူငယ်တွေအဖြစ် ကြီးပြင်းဖို့အတွက် လိုအပ်တဲ့ စိတ်အင်အားတွေကို ပြန်ပြီးရနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ စစ်အစိုးရက လူငယ်တွေအတွက် လိုအပ်တဲ့ နိုင်ငံချစ်စိတ်တွေ၊ စိတ်ဓာတ်အားမာန်တွေ၊ ပေးနိုင်တဲ့ စာကောင်းပေကောင်း တွေကိုတောင် နည်းအမျိုးမျိုးသုံးပြီး ပိတ်ပင် တားဆီး နေတာ တွေ့နေရပါတယ်။ ခု ၂၀၀၈-၂၀၀၉ ပညာသင်နှစ် သင်ရိုးညွှန်းတန်း အပြောင်းအလဲ က သက်သေပါပဲ။

စစ်အစိုးရက မြန်မာနိုင်ငံအခြေခံပညာအထက်တန်းရဲ့သင်ရိုးတွေကို ပြုပြင် ပြောင်းလဲ မယ်လို့ ကြေငြာပြီး တချို့ သင်ခန်းစာတွေကို ဖြုတ်ပယ်ပစ်လိုက်ပါတယ်။ အဲဒီ သင်ခန်းစာတွေဟာ လူငယ်တွေအတွက် လေ့လာ သင်ကြားဖို့ အမှန်တကယ်လိုအပ်တဲ့ သင်ခန်းစာ တွေဖြစ်ပြီးတော့ အင်မတန် တန်ဖိုးရှိတဲ့စာတွေဖြစ်နေပါတယ်။
ဒီနေရာမှာ နောက်ထပ် အရေးပါလာတာက နိုင်ငံတကာ အဆင့်မီအဖြစ် ဘယ်လို ဘာသာရပ်တွေ ထည့်သွင်းလဲ.. ဘယ်လို အကြောင်းအရာတွေ ပြဋ္ဌာန်းထားလဲဆိုတာက အရေးကြီးလာပါပြီ၊

တကယ်တော့ GEC O Level လို့သာ ပြောနေပေမဲ့ မြန်မာနိုင်ငံက ကျောင်းသားတွေ အနေနဲ့ တကယ်တမ်း လိုအပ်တာက အင်္ဂလိပ်စာကျွမ်းကျင်ဖို့နဲ့ မိခင်ဘာသာစကား.. တနည်းအားဖြင့် ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစာဘာသာရပ်ကို သေသေချာချာ ကျွမ်းကျင်ပိုင်နိုင်ဖို့ပါ၊ ကျမ ကိုယ်တွေ့အရတော့ များသောအားဖြင့် မြန်မာနိုင်ငံ က ကျောင်းသားတွေဟာ သိပ္ပံဘာသာရပ်တွေမှာ နိုင်ငံတကာကျောင်းသားတွေနဲ့ ယှဉ်နိုင်ကြ တာတွေ့ရပါတယ်၊ အထူးသဖြင့် GCE O Level မြန်မာစာမှာ ဆိုရင် မေးခွန်းတွေက မြန်မာစာ မြန်မာမှု နဲ့ ပတ်သက်ပြီး ဘယ်လောက်ကျွမ်းကျင်ပိုင်နိုင်လဲဆိုတာကို မေးတဲ့ မေးခွန်းမျိုးတွေ မေးတာပါ၊ မြန်မာစာကို သေချာ သိမှ စာဖတ်နာမှ ဖြေနိုင်မှာပါ၊ အထူးသဖြင့် မြန်မာစာကနေ အင်္ဂလိပ်လို အင်္ဂလိပ်ကနေ မြန်မာလို ဘာသာပြန်ရတာတွေ ပါတာမို့ နှစ်ဘာသာစလုံးမှာ တော်တော် ကျွမ်းကျင် ဖို့လိုပါတယ်၊

မြန်မာကျောင်းသားတွေအနေနဲ့ ခုလို နိုင်ငံတကာ ယဉ်ကျေးမှုရေစီးကြောင်းက အလျင်အမြန် ပြောင်းနေတဲ့ အချိန်အခါမျိုး။ ပြီးတော့ မူးယစ်ဆေးဝါးပြဿနာနဲ့ အကျင့်စာရိတ္တတွေ ယိုင်နဲ့လာတဲ့ အနေအထားမျိုးနဲ့ နိုင်ငံမှာ ဘက်စုံယိုယွင်းနေတဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်နဲ့စာရိတ္တကို မြှင့်တင်ပေးနိုင်တဲ့၊ နိုင်ငံရေး လိုအပ်ချက်တွေကို အသိပေးနိုင်တဲ့၊ ကိုယ့်နိုင်ငံရဲ့ သမိုင်းဝင် ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို သိဖို့ လိုအပ် ပါတယ်၊ ဒါကြောင့်ပဲ ပညာရေးဆိုတာဟာ လူသားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပျိုးထောင်ပေးဖို့ တာဝန် ရှိတယ်လို့ ဂရိဒဿနပညာရှင် အရစ္စတိုတယ်က ပြောခဲ့တာ တွေ့ရပါတယ်၊

ကျောင်းသားလူငယ်တွေအတွက် အဲဒီ လိုအပ်ချက်တွေကို မိခင်ဘာသာစကားအဖြစ် မြန်မာစာဘာသာရပ်ကို ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံမှာတော့ မြန်မာစာဘာသာရပ်ကနေတဆင့် လူငယ်တွေကို ဖြန့်ဖြူး ပေးရမှာ ဖြစ်ပါတယ်၊ တကယ်တော့ နိုင်ငံတကာ စံချိန် စံညွှန်း အရတော့ လူမျိုးစုများများနေတဲ့ နိုင်ငံမှာ လူမျိုးတိုင်းဟာ သူတို့ မိခင်ဘာသာစကားကို သင်ယူခွင့်ရကြပါတယ်၊ အဲလိုဆိုရင်တော့ လူမျိုးစုအလိုက် မိခင်ဘာသာစကားနဲ့အတူ သက်ဆိုင်ရာ စာပေယဉ်ကျေးမှုတွေကတဆင့် လူငယ်တွေရဲ့ ကျင့်ဝတ်နဲ့ စိတ်ဓာတ် လိုအပ်ချက်တွေကို သင်ကြားပေးနိုင်မှာပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ စစ်အစိုးရကတော့ တခြားလူမျိုးစုတွေရဲ့ မိခင်ဘာသာစကားကို ဖျောက်သလိုပဲ ခုဆို မြန်မာစာထဲက လူငယ်တွေ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေကိုပါ အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖြုတ်ပယ်ပစ်နေပြီဖြစ်ပါတယ်၊

တကယ်တော့ ကျောင်းသားတွေအတွက် တကယ် သိသင့်တဲ့စာပေတွေ။ စံပြု လေးစားထိုက်တဲ့ စာပေပညာရှင် ကြီးတွေရဲ့ ဘ၀တွေနဲ့ စာပေလက်ရာတွေကို သိခွင့် ဆည်းပူးခွင့်ရမှပဲ နိုင်ငံချစ်စိတ် စာပေချစ်စိတ် ကနေတဆင့် နိုင်ငံသားကောင်းတွေ ဖြစ်လာမှာပါ၊ ဒါကြောင့် စာကောင်းပေမွန်တွေကို ကျောင်းသားလူငယ်တွေ သိခွင့် မရှိအောင် တားမြစ်ပိတ်ပင်တာဟာ ကျောင်းသားတွေရဲ့ နိုင်ငံသားကောင်းတွေအဖြစ် ကြီးပြင်းရမယ့် အနာဂတ်ကို ပိတ်ပင်တားမြစ်တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။

မေငြိမ်း
၁၄-၀၇-၂၀၀၈

××××××××

■ မြန်မာ့ပညာရေး အကျပ်အတည်း (၁)

(တကယ်တမ်း ကျမတို့ရဲ့ သပိတ်မှောက် ကျောင်းသား လူငယ်လေးတွေ တောင်းဆိုနေတာက တကယ့် အခြေခံ လိုအပ်ချက်လေးတွေပဲ .. ဘာတခုမှ လွန်လွန်ကဲကဲ မပါဘူးဆိုတာကို သိဖို့ တကယ် လိုအပ်တဲ့ ပညာရေးမူဝါဒ ဆိုတာ ဘာလဲလို့ ပြောပြချင်ပါတယ်။ ဗဟုသုတစာမို့ ပျင်းစရာကောင်းနိုင်ပေမဲ့ ဖတ်ကြည့်ကြစေချင်ပါတယ်)။

နိုင်ငံတနိုင်ငံရဲ့ ပညာရေးစနစ်အတွက် စီမံချက်တွေ မူဝါဒတွေကို ချမှတ်တော့မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့ လိုအပ် ချက် တွေ.. ကလေးလူငယ်တွေရဲ့ လိုအပ်ချက်တွေ… ခေတ်နဲ့ လိုက်လျောညီထွေရှိတဲ့ နည်းပညာ လိုအပ် ချက် တွေ.. လူမှုအဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက် တွေနဲ့ သဘာ၀၀န်းကျင်အလိုက် လိုအပ်ချက်တွေ အပေါ်မှာ တည်မှီပြီး စဉ်းစား ရမှာ ဖြစ်ပါတယ်၊ ဒီနေရာမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ မူဝါဒတွေ စီမံချက်တွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာ ချမှတ်ရမယ့် မူဝါဒတွေ စီမံချက်တွေကတော့ တူနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ သုံးစွဲတဲ့ ပညာရေးစနစ်တွေကိုတော့ နည်းနာယူပြီး ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့က ၂၀၀၇ ခုနှစ်မှာ Building Knowledge Economies ဆိုတဲ့ စာတမ်းတစောင် ထုတ်ဝေပါတယ်၊ အဲဒီ စာတမ်းထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ချမှတ်သင့်တဲ့ ပညာရေး မူဝါဒ တွေ ကို ရေးဆွဲ တင်ပြထားတာ တွေ့ရပါတယ်၊ အဲလို ရေးဆွဲရာမှာ မူလတန်းပညာရေး၊ အလယ်တန်းနဲ့ အထက်တန်း ပညာရေး၊ တက္ကသိုလ်ပညာရေးတွေသာမက တသက်တာလုံး သင်ယူ သွားနိုင်တဲ့ စဉ်ဆက် မပြတ် ပညာရေးအထိ ထည့်သွင်းရေးဆွဲထားတာ တွေ့ရပါတယ်၊ အဲဒီ မူဝါဒ တွေ ကို အသေးစိတ် ပြောပြ ချင်ပါတယ်။  ပထမဆုံး မူလတန်းအဆင့်အတွက် ချမှတ်သင့် တယ် လို့ ဖော်ပြထားတဲ့ မူဝါဒ တွေ အကြောင်း နဲ့ စပါမယ်။

အဲဒီစာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေအဖြစ်
– လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက်ရမယ်
– ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရမယ်
– အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေး ရမယ်
– ကျောင်းသူကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ်
ဆိုတဲ့ ရည်မှန်းချက်တွေ ပါပါတယ်။

အဲဒီမူဝါဒတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေနဲ့ ပညာရေးစနစ်တခုကို ရေးဆွဲချမှတ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ မူဝါဒတွေပဲ ဖြစ်ပါတယ်၊ များသောအားဖြင့်က ဖွံ့ဖြိုးဆဲနိုင်ငံတွေ မှာက ပညာရေးစနစ်နဲ့ တိုက်ရိုက် ဆက်စပ် ပတ်သက်နေတဲ့ ပြဿနာတွေကို ရင်ဆိုင်နေကြရတာပါ၊ အဆင့်မီ ပညာတတ်တွေ နည်းပါးတာ။ ပညာရေးမူဝါဒတွေက လက်တွေ့ဘ၀ အတွက် ထိရောက်မှုမရှိတာ။ သင်ရိုးညွှန်းတန်းနဲ့ သင်ကြားမှုနည်းစနစ်တွေက နိုင်ငံရဲ့ လက်ရှိ လိုအပ်ချက်တွေနဲ့ မကိုက်ညီတာ သိပံ္ပနဲ့နည်းပညာ သင်တန်းတွေ ဖွင့်လှစ်ပေးဖို့ အားနည်းနေတာ စတဲ့ ပြဿနာ တွေဖြစ်ပါတယ်၊ ဒါ့ကြောင့်ပဲ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေး ဆိုင်ရာမူဝါဒတွေဟာ နည်းနာ အဖြစ် ယူပြီး အကောင်အထည်ဖော်သင့်တဲ့ မူတွေပဲ ဖြစ်ပါတယ်၊

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ချိန်ထိုးစဉ်းစားမယ်ဆိုရင်လည်း Building Knowledge Economies စာတမ်း က အကြံပြုချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ အတန်းဆင့် တိုင်းမှာ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်၊ ဒီနေရာမှာ အတန်းဆင့်အလိုက် အသေးစိတ် သုံးသပ်ဆွေးနွေးသွားပါ့မယ်၊

Building Knowledge Economies စာတမ်းအရ မူလတန်းပညာရေးနဲ့ ပတ်သက်ပြီး ချမှတ်သင့်တဲ့ မူဝါဒတွေထဲမှာ – လူတိုင်းအတွက် ပညာရေးစီမံချက်တွေမှာ အာရုံစိုက် ရမယ်… ဆိုတာဟာ လက်ရှိ မြန်မာနိုင်ငံမှာ လူတိုင်းအတွက် ပညာရေးစီမံချက် (Education for All) နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိသေးပါဘူး။ ဒါကြောင့်ပဲ ကျောင်းချိန်အတွင်းမှာ ကျောင်းမတက်နိုင်လို့ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကလေးတွေ.. အလုပ်ခွင်ထဲက ကလေးအလုပ်သမားတွေကို အများကြီး တွေ့နေရ တာ ဖြစ်ပါတယ်၊ ဒါကြောင့် Building Knowledge Economies စာတမ်းအရ လူတိုင်းအတွက် ပညာရေး စီမံချက်တွေမှာ အာရုံစိုက်ရမယ်… ဆိုတာဟာ လိုက်နာချမှတ်သင့်တဲ့ မူဝါဒတချက်ပဲ ဖြစ်ပါတယ်၊

အဲသလိုပဲ – ကျောင်းအပ်နှုန်းတိုးမြင့်လာစေဖို့ ဆောင်ရွက်ရန် ဆိုတာကလည်း တသဘောတည်းပဲ ဖြစ်ပါတယ်၊ ကလေးတိုင်းကျောင်းနေနိုင်အောင် အာဏာပိုင် အစိုးရတွေက အားစိုက် ခွန်စိုက်နဲ့ စနစ်တကျ စီစဉ် ဆောင်ရွက် ပေးရမှာဖြစ်ပါတယ်၊ ဒါဟာလည်း မြန်မာနိုင်ငံအနေနဲ့ ချမှတ်ရမယ့် မူဝါဒပဲ ဖြစ်ပါတယ်၊

နောက်တချက်ဖြစ်တဲ့- အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာ အောင် ဖန်တီးပေးရမယ်… ဆိုတာမှာလည်း များသောအားဖြင့် ကမ္ဘာ့နိုင်ငံ အတော်များများမှာ ခုချိန်ထိ သမီး မိန်းကလေးတွေ ပညာတတ်ဖို့ မလိုဘူး.. သားယောက်ျားလေးသာ ပညာတတ်ဖို့လိုတယ်ဆိုတဲ့ ဓလေ့ထုံးစံ အစဉ်အလာ အယူအဆတွေ လွှမ်းမိုးနေတဲ့ အတွက် အမျိုးသမီးတွေ ပညာတတ်နှုန်းက အမျိုးသားတွေ ပညာတတ်နှုန်းထက် လျော့နည်း နေခဲ့ပါတယ်၊ ဒါကြောင့် အမျိုးသမီးတွေ အလုပ်အကိုင် ကောင်းကောင်းရရှိဖို့ အခွင့်အလမ်းလည်း နည်းပါးနေခဲ့ရပါတယ်၊ ဒါကို Building Knowledge Economies စာတမ်းက အလေးအနက် ထောက်ပြ ထားတာပါ၊ အဲဒီ ပြဿနာဟာ မြန်မာနိုင်ငံမှာလည်း ရင်ဆိုင်နေရတဲ့ ပြဿနာ ဖြစ်နေပါတယ်၊ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးဖို့ ဘာကြောင့် အရေးတကြီးလိုအပ်သလဲဆိုတဲ့ အချက်ကို နောက်ပိုင်းမှာ အသေးစိတ် ပြောပါ့မယ်၊

Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးအတွက် နောက်ဆုံး ချမှတ်သင့်တဲ့ မူဝါဒကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ် ဆိုတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံ အတွက် အလိုအပ်ဆုံးဖြစ်ပြီး လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံး မူဝါဒ ပါပဲ၊ မြန်မာနိုင်ငံ မှာ ၂၀၀၀ပြည့်နှစ်ဝန်းကျင်ကစပြီး ကျင့်သုံးတဲ့ အလိုအလျောက် အတန်းတင်စနစ် ပုံက စံလွဲနေတာမို့ ကျောင်းသားအများစုဟာ မူလတန်းကနေ အလယ်တန်း ရောက်တဲ့အထိ အရည်အသွေးမပြည့်မီဘဲ အတန်းတက် ကုန်ကြပြီးတော့ အခြေခံမခိုင်ခဲ့တာကြောင့်မို့လို့ အထက်တန်း ရောက်တဲ့အခါမှာ စာမလိုက်နိုင်ကြတော့ ပါဘူး။ အဲဒီအခါမှာ ကျောင်းသား ကျောင်းသူ တော်တော်များများမှာ စာမေးပွဲတွေ အကြိမ်ကြိမ်ကျတာ…။ ကျောင်းစာ မလိုက်နိုင်လို့ စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ဖြစ်ကြရတာတွေ ရှိလာပါတယ်၊ အဲဒီပြဿနာကို ဖြေရှင်းတဲ့အနေနဲ့ အာဏာပိုင်တွေက စာမေးပွဲမှာ အောင်မှတ် သတ်မှတ်ချက် တွေကို လျှော့ချပေးပြီး ဖြေရှင်းတာမို့ အရည်အသွေးမပြည့်တဲ့ လူငယ်တွေ မွေးထုတ်ပေးသလို ဖြစ်နေခဲ့ပါတယ်၊

ဒါကြောင့် Building Knowledge Economies စာတမ်းက ဖော်ပြထားတဲ့ မူလတန်းပညာရေးမှာ ကျောင်းသူ ကျောင်းသားတွေရဲ့ အရည်အသွေးမြှင့်တင်ရေးကို အာရုံစိုက် ဆောင်ရွက်ရမယ်ဆိုတာဟာ မြန်မာနိုင်ငံမှာ အရေးတကြီး ချမှတ် ဆောင်ရွက် ရမယ့် ပညာရေးမူဝါဒပဲ ဖြစ်ပါတယ်၊

ခုလို ပညာရေးကဏ္ဍမှာ ယိုယွင်းကျဆင်းနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့ဘဏ် ဖွံ့ဖြိုး တိုးတက်မှု လေ့လာရေး အဖွဲ့ရဲ့ Building Knowledge Economies စာတမ်းက အကြံပြု ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာမူဝါဒတွေဟာ လိုက်နာချမှတ်ပြီး လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်သင့်တဲ့ စီမံကိန်းတွေပဲ ဖြစ်ပါတယ်။

■ မြန်မာ့ပညာရေး အကျပ်အတည်း (၃)

•    အမျိုးသမီး နဲ့ ပညာရေး

ကမ္ဘာ့ဘဏ်ဖွံ့ဖြိုးတိုးတက်မှုလေ့လာရေးအဖွဲ့ရဲ့ ၂ဝဝ၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ Building Knowledge Economies ဆိုတဲ့ စာတမ်းဟာ နိုင်ငံတိုင်းမှာ ထားရှိသင့်တဲ့ ပညာရေး ဆိုင်ရာ မူဝါဒတွေပါပဲ။ အဲဒီထဲမှာပါတဲ့ မူလတန်းအဆင့် ကျောင်းပညာရေးမှာ အရေးပါတဲ့အချက်တချက်ဖြစ်တဲ့ အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင် ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီးပေးရမယ်.. ဆိုတဲ့အချက်ဟာ အထူးသဖြင့်တော့ အခုလို ပညာရေးပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ အလေးအနက် ထည့်သွင်း စဉ်းစား ရမယ့် အချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက တချို့နေရာတွေမှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ထုံးတမ်းစဉ်လာ အယူအဆတွေရဲ့ လွှမ်းမိုး မှုကြောင့် ဖြစ်ပါတယ်။ ဥပမာ- သမီးမိန်းကလေးက အိမ်မှုကိစ္စလုပ်တတ်ဖို့ပဲ လိုတယ်… အတန်းပညာတတ်ဖို့ မလိုဘူးဆိုတဲ့အယူအဆက လွှမ်းမိုးနေတဲ့ အတွက်ကြောင့်မို့လို့ မိဘတွေ စားဝတ်နေရေးအခက်အခဲကြောင့် သား နဲ့ သမီးမှာ တယောက် ကိုသာ ပညာသင်ပေးနိုင်မယ် ဆိုရင် သားကိုသာ ပညာသင်ပေးပြီး သမီးကတော့ အိမ်မှာ ဝိုင်းကူရတာမျိုး မိဘနဲ့အတူ ဝင်ငွေ ကူရှာပေးရတာမျိုးတွေ ဒီနေ့ထက်ထိ ရှိနေတုန်းပါ။ အဲဒါကို ထုံးစံတခုလိုပဲ လူ့ အသိုင်းအဝိုင်း တခုလုံးက လွယ်လင့်တကူ လက်ခံနေတုန်းပါ။

နောက်ပိုင်းမှာ တိုးတက်လာတဲ့ ခေတ်အနေအထားအရရော အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့်ရော အမျိုးသမီးတွေ ကျောင်းနေနှုန်း ပညာတတ်နှုန်း မြင့်မားလာပေမဲ့ အဆင်မြင့်တဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေနဲ့ လုပ်ပိုင်ခွင့်အာဏာ ရှိတဲ့ ရာထူးနေရာ တွေမှာတော့ အမျိုးသမီးတွေဟာ အကန့်သတ်ခံနေရဆဲ ဖြစ်ပါတယ်။ ဌာန
ဆိုင်ရာတွေမှာ ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ အကြီးအကဲ ရာထူးနေရာတွေမှာဆိုရင် ရွေးချယ်စရာ အမျိုးသားတွေ အဆင်သင့် မရှိမှဘဲ အဲဒီ ရာထူးအတွက် အမျိုးသမီးတွေကို ခန့်ထားတာ တွေ့ရပါတယ်။ အဲဒီအခါမှာ လူမှုအဖွဲ့အစည်းအတွက်ရော၊ လုပ်ငန်းခွင် အတွက်ရော၊ အရေးကြီးတဲ့ တာဝန်တွေကို ယူနိုင်မယ့် အရည်အသွေးရှိတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်စွမ်း ဥာဏ်စွမ်း အင်အားတွေ အများကြီးကို ဆုံးရှုံးနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

တကယ်ကတော့ ဆုံးဖြတ်ချက်ချရမယ့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့ ရာထူးနေရာမှာ အမျိုးသမီး တွေ ရှိနေမယ် ဆိုရင် အနည်းဆုံးတော့ အမျိုးသမီးလူမှုအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ အရေးကိစ္စတွေကို ဖြေရှင်းတဲ့နေရာမှာ လွယ်ကူ ချောမောပြီး မျှတမှန်ကန်မှုလည်း ပို ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံ ပညာရေးကဏ္ဍထဲမှာ အမျိုးသမီးတွေအပေါ် ထင်ရှားတဲ့ ခွဲခြားဆက်ဆံခံရမှုတွေကိုပြောရရင် အခြေခံပညာ အထက်တန်း အောင်တာချင်းအတူတူ မှာ ဆေးတက္ကသိုလ် လို စက်မှုတက္ကသိုလ် လို သက်မွေး ဝမ်းကျောင်း တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အမှတ်စာရင်းမှာ အမျိုးသမီးတွေကို အမှတ်အများကြီး ပို မြင့်မှ ဝင်ခွင့် ရနိုင်တာမျိုးမှာ တွေ့နိုင်ပါတယ်။ အဲလို ခွဲခြားသတ်မှတ်ထားရခြင်းအတွက် အကြောင်းပြချက်လည်း မတွေ့ရ ပါဘူး။ တချို့ကတော့ ဝေးလံတဲ့ဒေသတွေမှာ တာဝန် ထမ်းဆောင် တဲ့အခါ လုံခြုံရေးလိုအပ်ချက် အတွက် အမျိုးသားတွေကို ပိုစဉ်းစားရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာလည်း ခိုင်လုံအားကောင်းတဲ့ အကြောင်းပြ ချက် မဟုတ်ပါဘူး။

မြင်လွယ် သိလွယ်တဲ့ ပညာရေးနယ်ပယ်ထဲက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး နောက်ထပ် ဥပမာ တခု ပြောပြရရင် တက္ကသိုလ်တွေရဲ့ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးဖြစ်တဲ့ ပါမောက္ခချုပ်ရာထူးကို ခုချိန်ထိ ဆရာမကြီးတွေ တယောက်မှ မရသေးပါဘူး။ ဒါဟာ သတ်မှတ်ချက်နဲ့ မညီလို့ မခန့်အပ်တာမျိုးမဟုတ်ဘဲ အကြောင်းပြချက် မရှိဘဲနဲ့ အလိုအလျောက် သတ်မှတ်ထားပြီး သား ဖြစ်နေတာမျိုးပါ။ ဒါကြောင့်ပဲ ခု ကမ္ဘာ့ဘဏ် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးအဖွဲ့ရဲ့ ပညာရေးမူဝါဒထဲက အမျိုးသမီးငယ်တွေရဲ့ ပညာရေးနဲ့ အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းတွေ တိုးတက်လာအောင် ဖန်တီး ပေးရမယ်.. ဆိုတဲ့အချက်ဟာ မြန်မာနိုင်ငံ မှာ အထူးလိုအပ်တဲ့ ချမှတ်သင့်တဲ့ မူပဲ ဖြစ်တယ်လို့ ဆိုရမှာပါ။ (အမေရိကန်လို နိုင်ငံမှာတောင်မှ အမျိုးသမီး တွေ အပေါ် ခွဲခြားဆက်ဆံတာမျိုးတွေ ကျန်နေသေးတာပါ။ ဒါကြောင့်ပဲ ခု ၂၀၁၅ Oscar ဆုပေးပွဲမှာ ဇာတ်ပို့ဆုရတဲ့ မင်းသမီး Patricia Arquette က အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေးကို သေသေချာချာ ထည့်ပြောသွားပြီး မင်းသမီးကြီး Meryl Streep ကလည်း ပရိသတ်ထဲကနေ အားတက်သရော YES လို့ ထောက်ခံခဲ့ရတာပါ)

အမျိုးသမီးတွေဟာ အပင်ပန်းခံ အနစ်နာခံနိုင်တဲ့ အရည်အသွေးတွေအပြင် ဦးဆောင်နိုင်တဲ့ အရည်အချင်း တွေလည်း အပြည့်ရှိကြပါတယ်။ အမျိုးသမီးတွေဟာ သားသမီးကို အနီးကပ်ဆုံး တာဝန်ယူ စောင့်ရှောက် ကြရသူ တွေလည်း ဖြစ်ပြီးတော့ အိမ်ထောင်တခုလုံးကို တာဝန်ယူ ကွပ်ကဲစီမံနေတာတွေက အထင်ရှားဆုံး သက်သေပါပဲ။ ဒါကြောင့်မို့ အမျိုးသမီးတွေဟာ ထိန်းသိမ်းအုပ်ချုပ်ရေးနဲ့ ကျင့်သားရ ကျွမ်းဝင်သူတွေအဖြစ် ကိုယ့်အလုပ်အပေါ် တာဝန်ယူနိုင်တဲ့ အရည်အသွေး ရှိသူတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အနစ်နာခံ အပင်ပန်းခံ ဦးဆောင်ပြီးတော့ လုပ်ကြရတဲ့ ကျောင်းဆရာအလုပ်နဲ့ သူနာပြု အလုပ်တွေမှာ အမျိုးသမီးတွေကို အများဆုံးတွေ့ရသလိုပဲ တံတားဆောက် လမ်းဖောက် စတဲ့ လုပ်ငန်းခွင် တွေမှာလည်း အမျိုးသမီးအင်ဂျင်နီယာ တွေဟာ အမျိုးသားတွေနဲ့ တန်းတူ တာဝန်ယူနေကြတာ တွေ့နိုင်ပါတယ်။ ဒါကြောင့်မို့လို့ သက်မွေးဝမ်းကျောင်း ပညာရပ်တွေ မှာ အမျိုးသမီးတွေရဲ့ အရည်အချင်းနဲ့ အရေအတွက်ကို ကန့်သတ်ထားတာ ဟာ မရှိသင့်တဲ့ ခွဲခြား ဆက်ဆံမှု ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ရေမြေချင်းထိစပ်နေပြီး ယဉ်ကျေးမှုချင်းလည်း နီးစပ်လှတဲ့ ထိုင်းနိုင်ငံမှာတောင်မှ အမျိုးသမီး တွေရဲ့ ပညာရေး နဲ့ အလုပ်အကိုင်ရရှိရေးတွေ၊ အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေမှာ မြန်မာနိုင်ငံလို ခွဲခြား ကန့်သတ်ထားတာမျိုး သမရှိပါဘူး။ အထူးသဖြင့် ပညာရေးကဏ္ဍမှာဆိုရင် မြန်မာနိုင်ငံမှာ ခွဲခြား သတ်မှတ် ထားသလို ခွဲခြားမှုမျိုး လုံးဝ မရှိပါဘူး။ အခြေခံပညာရေး အောင်မြင်ပြီး တက္ကသိုလ်ပညာသင်ဖို့ ဘာသာရပ် လျှောက်ထားတဲ့နေရာမှာ ဘာသာရပ် အားလုံးရဲ့ အမှတ်ပေါင်း၊ ပျမ်းမျှအမှတ် နဲ့ ကျောင်းတွင်းလှုပ်ရှားမှုတွေမှာ ရခဲ့တဲ့ အမှတ်တွေပေါ် မူတည်ပြီး ဘာသာရပ်အလိုက် ဝင်ခွင့်ကို အမျိုးသမီး အမျိုးသား တန်းတူ ဆုံးဖြတ်ပါ တယ်။

မြန်မာနိုင်ငံမှာလို အမျိုးသမီးတွေရဲ့ ရမှတ်နဲ့အဆင့်ကို အမျိုးသားတွေနဲ့ မတူဘဲ ခွဲခြား သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ အမျိုးသမီးတွေဟာ သူတို့သင်ယူချင်တဲ့ ဘာသာရပ်ကို သူတို့ ဝါသနာ အလိုက် စိတ်ကြိုက် ရွေးချယ် သင်ယူနိုင်ပါတယ်။ ဒါကြောင့်ပဲ ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ ပျော်ရွှင် တက်ကြွပြီး ပညာ လိုလားတဲ့ ကျောင်းပညာရေးထဲမှာ စိတ်ပါဝင်စားတဲ့ ကျောင်းသူတွေကို တွေ့နေရတာ ဖြစ်ပါတယ်။ အဲဒီအခါ တက္ကသိုလ် ပညာရေး ပြီးဆုံးလို့ အလုပ်ခွင်ဝင်တဲ့အခါမှာလည်း အမျိုးသမီး တွေဟာ သက်ဆိုင်ရာ ဘွဲ့အလိုက် သတ်မှတ် အရည်အသွေးပြည့်မီပြီးဖြစ်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိကြတဲ့အတွက် လုပ်ငန်းခွင်တွေ မှာ လည်း အောင်မြင်ကြတာ တွေ့ရပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ တိုးတက် ဖွံ့ဖြိုးရေးအတွက် အားသာချက် တခုလည်း ဖြစ်ပါတယ်။

အခြေခံအကျဆုံးအချက်ကို ပြောမယ်ဆိုရင်တောင် အမျိုးသမီး ဆိုတာဟာ သဘာဝအရ မိခင်လောင်းတွေ ဖြစ်ပါတယ်။ အပေါ်ပိုင်းမှာ ဆွေးနွေးခဲ့သလိုပဲ မိခင်တွေဟာ သားသမီးတွေရဲ့ အနီးဆုံးမှာ နေရတဲ့သူ တွေ ဖြစ်တာမို့ သားသမီးတွေ အတုယူရတဲ့ စံပြပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။ ဒါကြောင့် အနာဂတ်ရဲ့ ခေါင်းဆောင် လောင်း တွေဖြစ်တဲ့ ကလေးတွေ လူငယ်တွေအတွက် အနီးဆုံး စံပြပုဂ္ဂိုလ်ဖြစ်တဲ့ အမျိုးသမီးတွေ အရည်အချင်း ရှိမှ အရည်အသွေးမြင့်မှ ကလေးတွေ လူငယ်တွေဟာလည်း အရည်အချင်းရှိလာ အရည်အသွေးမြင့်လာမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပင်ကိုရှိပြီးသား အရည်အချင်းတွေကို ထုတ်ဖော်အသုံးချနိုင်တဲ့ အခွင့်အလမ်း ရှိမှလည်းပဲ သူတို့ရဲ့ အရည်အသွေးတွေကလည်း တိုးတက် တောက်ပြောင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ နိုင်ငံအသီးသီးမှာ အမျိုးသမီးတွေက တန်းတူ အခွင့်အရေး ရဖို့ တောင်းဆို တိုက်ပွဲဝင် နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေအပေါ် ခွဲခြားသတ်မှတ် ကန့်သတ်ထားတဲ့ ပညာရေးစနစ် နဲ့ အခွင့်အလမ်းတွေ ကို ပြောင်းလဲ သင့်ပြီ ဖြစ်ပါတယ်။ (မှတ်မှတ်ရရ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ဟာ International Women’s Day ပါ)

မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားမှာ အမျိုးသမီးအများစုဟာ နေရာစုံ ကဏ္ဍစုံမှာ ဦးဆောင် ပါဝင် လှုပ်ရှား နေကြတာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကို အလွယ်တကူ နဲ့ အခွင့်အလမ်းယူလို့မရအောင် ကန့်သတ် သတ်မှတ် ထားတာမျိုးတွေကလည်း ရှိနေတုန်းပါပဲ။ ဒါကြောင့် ခုလို နိုင်ငံကို အဘက်ဘက်က တိုးတက်အောင် ပြန်လည် ထူထောင်နေရတဲ့အချိန်အခါမျိုးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ အခွင့်အလမ်း ကောင်းကောင်း ရဖို့ လိုနေပါတယ်။ အခွင့်အလမ်းတွေရှိမှလည်း အမျိုးသမီးတွေရဲ့ ကြိုးစား အားထုတ်လိုမှု ကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒါကို Building Knowledge Economies စာတမ်းက ထည့်သွင်း ထောက်ပြထားတာဖြစ်တဲ့အတွက် နည်းနာယူ သုံးစွဲသင့်တဲ့ မူဝါဒတစ်ခုပဲ ဖြစ်ပါတယ်။

မေငြိမ်း
(May Nyane)
https://www.facebook.com/may.nyane


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မေငြိမ်း – မြန်မာ့ပညာရေးအကျပ်အတည်း (၁ + ၂ + ၃)
  1. We NEED and WANT to know where is the students leader of Min Thwe Thit ?
    We can obviously see their stupid plan to destroy our country

Comments are closed.