အခန်းဆက်များ မောင်မိုးသူ

ေ မာ င် မိုး သူ မြ န် မာ ပြ န် သ ည် – ရှ က် ပြီး ေ သ တဲ့ သ ေ ဘၤ ာ (အ ပုိ င္ း – ၁)

 ေ မာ င် မိုး သူ မြ န် မာ ပြ န် သ ည် – ရှ က် ပြီး ေ သ တဲ့ သ ေ ဘၤ ာ ( အ ပုိ င်း – ၁ )

NICHOLAS MONSARRAT – THE SHIP THAT DIED OF SHAME

(မိုးမခ) မတ်လ ၁၄၊ ၂၀၁၅

=========
မိုးမခမဂ္ဂဇင်း
အတွဲ ၂၊ အမှတ် ၂ (ဖေဖော်ဝါရီ) ၂၀၁၅ မှ စတင်ဖော်ပြနေသည့် မိုးမခ
ဘာသာပြန်ဝတ္ထုတိုကဏ္ဍတွင် အခန်း ဆက်ဖော်ပြနေခြင်း ဖြစ်ပါသည်။ မိုးမခ
အင်တာနက်စာမျက်နှာ ပရိတ်သတ်များအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

=======

ဒါက ဒီလိုရှိတယ်ဗျ …။

အခုကျုပ်ပြောမယ့်ဇာတ်လမ်းထဲမှာ ကျုပ်မသိတဲ့အချက်တွေ မရှင်းလင်းတဲ့အချက်တွေ အများကြီးဗျ။ တကယ်တော့ ကျုပ်က သင်္ဘောတွေနဲ့ပတ်သက်ရင် အများကို အများကြီးသိတဲ့ကောင်ပါဗျ။ များ များနေသလားတောင်မသိဘူး။ အယ် ကျုပ်သေသေချာချာသိတာတစ်ခုတော့ရှိတယ်။ အဲဒီသင်္ဘောဆိုတာ အသက်မရှိဘူး။ သင်္ဘောတွေဆိုတာ သစ်သားတွေ သံထည်ပစ္စည်းတွေနဲ့ လုပ်ထားတာဗျ။ တခြားဘာမှမပါဘူး။ သူတို့မှာ အသက်ဝိဉာဉ်မရှိဘူး။ သူတို့စိတ်နဲ့သူတို့ကို ဆုံးဖြတ် နိုင်တဲ့ အရည်သွေးမရှိဘူးဗျ။ သူတို့ စကားလည်း ပြန်မပြောတတ်ပါဘူးဗျာ။ တကယ်တမ်း အမှန်စင်စစ်က ရေကြောင်းဝတ္ထု စာရေးဆရာတွေရေးကြသလို သင်္ဘောတွေဆိုတာ မိန်းမတွေနဲ့တူသလေး ဘာလေးဆိုပြီး ရေးကြ ပြောကြတာတွေ မဟုတ် ဘူးဗျ။ ထားပါ ထားပါ ဒီဇာတ်လမ်းကို အစကစပြီး ပြောပါ့မယ်။

ဇာတ်လမ်းအစကတော့ ကျူပ်ဘဝအစလိုပဲ ကမ္ဘာစစ်ပဲပေါ့ဗျာ။

ကျူပ်နာမည်က ဘီလ် ရန်းတောလ်ဗျ။ တကယ်လို့ ခင်ဗျားသာစိတ်ဝင်စားမယ်၊ စိတ်ရှည်မယ်ဆိုရင် ပြီးခဲ့တဲ့ စစ်ပွဲရဲ့ရေ ကြောင်း သတင်းမှတ်တမ်းတွေကြည့်မယ်ဆိုရင် ကျုပ်ကို ကမ်းရိုးတန်း ရေကြောင်းတိုက်ပွဲတွေမှာ ရေလက်ကြားတိုက်ပွဲ တွေမှာ ကမ်းရိုးတိုက်သင်္ဘောတစင်းနဲ့ စစ်အတွင်းတလျှောက်လုံး ပျော်ပျော်ကြီးတိုက်ခဲ့တဲ့ကောင်ဆိုတာ တွေ့မှာပါ။ ကျုပ်တို့ကို ဆော်ပလော်တီးတဲ့ကောင်တွေလို့ နာမည်ပေးထားတယ်လေ။ သူတို့ ဘာကြောင့် အဲဒီလိုခေါ်တယ်ဆိုတာ ခင်ဗျာလည်းသိပြီးသား ကြားဖူးပြီးသားနေမှာပါ။ ကျူပ်တို့ကို ရေတပ်ထဲ အငှားလိုက်သဘောမျိုး ဆွဲသွင်းတယ်ဗျာ။ ပြီးတော့ ကျုပ်တို့အလုပ်က အင်္ဂလိပ်ရေလက်ကြားတလျှောက် ပြင်သစ်ကမ်းရိုးတန်း၊ နယ်သာလန်ကမ်းရိုးတန်း၊ နောက်ဆုံး ဂျာမန် ကမ်းရိုးတန်းအထိ ခေါက်တုန့် ခေါက်ပြန် သွားလိုက်ပြန်လိုက် တွေ့သမျှ မြင်သမျှ အကုန်ပစ်။ အဲဒါ ကျုပ်တို့အလုပ်ပဲဗျ။ ည အမှောင်အားကိုးပြီး ထွက်ရတိုက်ရတာတွေလည်း ရှိတယ်။ လင်းအရုဏ်ဦးမှာ ထွက်ရတိုက်ရတာတွေလည်း ရှိတယ်။ နားချိန်ဆိုလို့ မိနစ်ပိုင်းလောက်ပဲရတာပါ။ တချိန်လုံးတိုက်ပြီးရင်း တိုက်နေရတာပါပဲ။

ကျုပ်တို့ရဲ့ပစ်မှတ်ကတော့ ကျုပ်တို့ကံကြမ္မာပေးတဲ့အတိုင်း ဘာနဲ့တွေ့တွေ့ တိုက်ရတာပဲပေါ့ဗျာ။ တခါတရံမှာ ဂျာမန် အ စောင့် သင်္ဘောတွေနဲ့ တိုက်ရတယ်ဗျ။ တခါတရံ မိုင်းချတဲ့သင်္ဘောတွေ တိုက်ရယ်ဗျ။ တခါတလေ ငါးဖမ်းလှေအယောင် ဆောင်ထားတဲ့ သင်္ဘောတွေကိုလည်း တိုက်ရတယ်ဗျ။ (တကယ့် ဂျာမန်ငါးဖမ်းလှေဆိုရင် ဒီဘက်ထိရောက်အောင် မလာ ပါဘူးဗျာ)။ တခါများ မီးပြတိုက်တောင်တိုက်ရသေးတယ်။ တခါများ လှိုင်ခေါင်းထဲကထွက်လာတဲ့ ဂျာမန် စစ်ရထား တွေကို တိုက်ရတယ်။ အို… မည်းမည်းမြင်သမျှ အကုန်တိုက်ပဲ။ စစ်အတွင်းမှာ ရန်သူဟူသမျှ ဒုက္ခပေးနိုင်သမျှပေး၊ ဒါ ကျုပ်တို့ရဲ့ အကြီးမားဆုံးလုပ်ရပ် တာဝန်ပဲဗျ။

တခါတလေလည်း ကျူပ်တို့တာဝန်က အရှေ့ကမ်းရိုးတန်းကိုသွားတဲ့ စစ်သင်္ဘောတန်း ကွန်ဘွိုင်တွေကို လိုက်ပြီးတော့ စောင့်ရှောက်ရတာလည်း ရှိတယ်။ ကျုပ်တို့တာဝန်က အဲဒီစစ်သင်္ဘောတွေ ဘေးမသီ ရန်မခ ဖြစ်ရလေအောင် မိုင်းမထိ ရလေအောင် ရှင်းလင်းရတဲ့အလုပ်လည်း လုပ်ရတယ်ဗျ။ ကျုပ်တို့စစ်သင်္ဘောပေါက်စ (မော်တော်ဂန်းဘုတ်) တွေဟာ ရေလက်ကြား တိုက်ပွဲအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ တိုက်ကြရခိုက်ရတဲ့သူ တွေပဲပေါ့ဗျာ။ အဲဒီထည်းမှာ ကျုပ်ရဲ့မော်တော် ဂန်းဘုတ်(စစ်သင်္ဘောပေါက်စ) ပါသပေါ့ဗျာ။ သင်္ဘေက NGB 1078 တဲ့။ ဒီဇာတ်လမ်းက အဲဒီသင်္ဘောအကြောင်းပေါ့ဗျ။

NGB 1087 တကယ့်ကို ချိုမြိန်တဲ့ ပျားရည်ပေါ့ဗျာ။ ကျုပ်တို့ ဂန်းဘုတ်တွေအားလုံးဟာ ပစ်ပြီး ပြန်ပြေးနေရာမှာသုံးတဲ့ သင်္ဘောမျိုးပေါ့ဗျာ။ ကျုပ်သင်္ဘောကတော့ ပစ်လည်းပစ်နိုင် ပြေးလည်းပြေးနိုင် နှစ်မျိုးစလုံး လုပ်နိုင်တဲ့နေရာမှာ ချန်ပီယံဗျ။ သင်္ဘောက ပေတစ်ရာလောက်ရှည်တယ်။ မြင်းကောင်ရေ ငါးထောင်အားရှိတဲ့ ပစ်ကပ်အင်ဂျင်လေးလုံးတပ်ထားတာ ဒီ တော့ ရေမိုင် ၃၅ လောက်တော့ အေးဆေးပေါ့ဗျာ။ ကျုပ်သင်္ဘောမှာ ရေမြှုပ်ဗုံးလည်း ပါသဗျ။ မတော်တဆ ရေငုတ်သင်္ဘော တွေ ဘာတွေနဲ့တွေ့ရင် သုံးဖို့ပေါ။ (တခါမှတော့ မသုံးဖူးဘူးဗျ)။ လက်နက်တွေကတော့ အော်လီဂွန် ၆ လက် စက်သေနတ်က ၈လက်၊ ၆ ပေါင်ဒါ အမြှောက်ကြီး ၂ လက်၊ ဒီအမြှောက်ဆံက ဘယ်လောက်ထူတဲ့ သင်္ဘောနံရံပဲဖြစ်စေ၊ ၁ ပေလောက်ရှိတဲ့ အပေါက်ကြီးဖြစ်အောင် ပြင်းအားကောင်းတယ်ဗျ။ စစ်အတွင်း ကာလတလျှောက်လုံးမှာ လက်နက်တွေ ရသမျှတပ် တိုက် ပွဲတွေအမျိုးမျိုးကို ပျော်ပျော်ကြီး နွှဲခဲ့ကြတာပေါ့ဗျာ။

NGB1087 …. ဒီသင်္ဘောကို ကျုပ်က တကယ့်ကလေးကစားတဲ့ ရွက်သင်္ဘောကလေးကနေ ဂန်းဘုတ်ဖြစ်အောင် ဖန်တီး လုပ်ခဲ့တာဗျ။ ကမ်းရိုးတန်းတိုက်ပွဲ တလျှောက် ကျုပ်တို့က နာမည်ရပေါ့။ မှတ်တမ်းထည်းမှာလည်း ကျုပ်တို့က ထိပ်ဆုံးက ပေါ့။ ကျုပ်သင်္ဘောရဲ့ ၆ ပေါင်ဒါ အမြှောက်အကာမှာ ကျုပ်တို့ပစ်ချ နှစ်မြှုပ်နိုင်တဲ့ စာရင်းဇယားကို ရေးထားသဗျ။ မိုင်းချ 126၊ ဂတ်ဆိုမီတာ ၂၊ အီးဘုတ် ၇၊ မီးသင်္ဘော ၁၊ လေယာဉ် ၈၊ ငါးဖမ်းသင်္ဘော ၃၊ ဒီနှစ်မြှုပ် ပစ်စာရင်းဟာ ညပေါင်းများစွာ ထွက်ကျ တိုက်ကျ စောင့်ကျ လုပ်ခဲ့ရတဲ့ အောင်ပွဲစာရင်းပေါ့။ အဲဒီစာရင်းအတွက်လည်း ကျုပ်တို့ ဂုဏ်ယူမဆုံးဘူးပေါ့ဗျာ။ကျုပ်တို့အားလုံးလည်း ဂုဏ်ထူးဆုတံဆိပ်တွေ ချီးမြှင့်ခံရပါတယ်။ ဟော့စကင်က (ကျုပ်ရဲ့လက်ထောက်ဗိုလ်ပေါ့ဗျာ။ သူ့ အကြောင်း ခဏနေ ကျုပ်ပြောပါ့မယ်) သူက တခါတုန်းက ကျုပ်တို့ရဲ့ အောင်ဆုလဒ်စာရင်းကို တိုးမှတ်ကြဖို့ အကြံပေးဖူး တယ်ဗျ။

လေယာဉ် DSO 1၊ DSC 1 ၊ DSM 3၊ အဲဒီလို အောင်ပွဲစာရင်းတိုးမှတ်ဖို့ ဟော့စတင်အကြံပြုခဲ့တာကို အဲဒီတုန်းကတော့ ကျုပ်သဘောမတူခဲ့ဘူး။ အခုလည်း အတူတူပါပဲ။ မှန်ပါတယ် မှန်ပါတယ်။ အဲဒီလေယာဉ်တို့၊ အဲဒီ အီးဘုတ်တို့ ကျုပ်တို့ မှန်အောင်ပစ်ခဲ့တာတော့ အမှန်ပေါ့။ ဒါပေမယ့် သေချာပေါက် ပျက်စီးကျဆုံးသွားတယ်တော့ မပြောနိုင်ဘူးဗျ။ ဒါကြောင့် အောင်ဆုလာဒ်စာရင်းထဲမှာထည့်ဖို့ ကျုပ်က သဘောမတူခဲ့တာပေါ့။ ကျုပ်တို့သင်္ဘောမှာကတော့ ၂၂ ယောက်က သေနတ် ပစ်ရ အမြှောက်ပစ်ရတဲ့သူတွေပေါ့ဗျာ။ ကျုပ်ကတော့ NGB 1087 ရဲ့ ကပ္ပတိန်ပေါ့ဗျာ။ စစ်ပွဲကာလ ကျုပ်ရဲ့လက်ထောက် ဗိုလ်ကတော့ ဂျော့ဟော့စကင်ပေါ့။ ကျုပ်နဲ့ ဟော့စတင် ဘယ်လောက်ရင်းနှီးကျလည်းဆို ပြောရတော့အခက်သားဗျ။ စစ်ပွဲ ကာလအတွင်း သူ့ အသက်ကို ကိုယ်ကယ် ကိုယ့်အသက်ကို သူကယ် ဒါတွေက အကြိမ်ကြိမ်ပေါ့။ ဒီကြားထဲကတောင် သူ့ အကြောင်း ထဲထဲဝင်ဝင် ကျုပ်မသိဘူးဗျ။ ကျုပ် ဟော့စကင်ကို သဘောကျပါတယ်။ တိုက်ပွဲအမျိုးမျိုးကြားထဲမှာ သူ့ရဲ့ထူး ခြားကောင်းမွန် တဲ့အရည်အသွေးတွေနဲ့ပတ်သက်လို့ပေါ့ဗျာ။ သူက သတ္တိရှိတယ်၊ ဉာဏ်နီ ဉာဏ်နက်များတယ်၊ ရက်စက်တဲ့ စိတ်ရှိတယ်။ ဆော်ပလော်တီးတဲ့ကောင်တွေရဲ့ လိုအပ်တဲ့အရည်သွေးတွေရှိတာမို့ ကျန်တဲ့အသေးအဖွဲကို ကျုပ်က မျက်လုံး မှိတ်နေတာပေါ့။ ဟော့စကင်ဟာ သင်္ဘောကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်ပါတယ်။ သေနတ်တွေအားလုံးကလည်း အမြဲ သန့်ရှင်းနေတယ်။ အင်ဂျင်စက်တွေဟာလည်း  အမြဲချောမွေ့လည်ပတ်နေပါတယ်။ သင်္ဘောတစင်းလုံးကို  ကျုပ် လက် ထောက်အဖြစ် ကျကျနန စီမံခန့်ခွဲနိုင်တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဆီမှာ ကျုပ်မသိတဲ့ အရည်အသွေး အချက်အလက်တခု ရှိနေသလိုပဲ။ တကယ်တော့ အဲဒါကိုမသိရလို့လည်း ဘာမှမဖြစ်ပါဘူး။ ကျုပ်ကလည်း မသိချင်ပါဘူး။

အဲ.. အသိခက်တဲ့အကြောင်းထဲမှာ ဟော့စကင်ရဲ့မျက်လုံးတွေပဲထင်တယ်ဗျ။ ဟော့စကင်ဟာ အကောင်သေးသေး သပ် သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်သူ ဖြစ်ပါတယ်။ စစ်မဖြစ်ခင်က သူဟာ နယ်လှည့်ဈေးရောင်းသမားတဲ့။ ကျူတို့နှစ်ယောက် ဟာ စစ်အတွင်းကာလ ၃ နှစ်လုံးလုံး အတူတိုက်ပွဲဝင်ခဲ့ ကြပါတယ်။ တိုက်ပွဲတော်တော်များများမှာလည်း ကျုပ်ကို စိတ်မပျက် စေခဲ့ပါဘူး။ သူအောင်အောင်မြင်မြင်နဲ့ တိုက်ပွဲဝင်ခဲ့တာပါပဲ။ စစ်ပြီးတော့ သူဟာ DSC ဘွဲ့ရခဲ့ပါတယ်။ ဒီဘွဲ့ကိုလည်း သူက အမြှောက်ရဲ့အကာမှာ အောင်ပွဲစာရင်းပိုပြချင်တဲ့သဘောမျိုးနဲ့ ခပ်ဆင်ဆင်ပဲဗျ။ သူ့ကြည့်ရတာ စစ်တိုက်ရတာ စစ်ပွဲဆိုတာ ကြော်ငြာတခုလုပ်နေရသလိုများ ထင်နေသလားမသိပါဘူး။ ရန်သူအီးဘုတ်တစင်းကို တိုက်ခိုက်နှစ်မြှုပ်ရတာ၊ လေယာဉ် တစင်း ပစ်ချလိုက်ရတာ၊ ဂျာမန်တွေကို ပစ်ခတ်သတ်ဖြတ်ရတာ ကြော်ငြာတခု လုပ်နေရတယ်လို့ ထင်နေသလားမသိပါဘူး။ သူ့အတွက်တော့ NGB 1087 က အောင်မြင်တဲ့ကြော်ငြာတစ်ခုပါပဲ။ ဒါကြောင့်လည်း သူဟာ DSC ဘွဲ့ရခဲ့တာပေါ့။

ဘာပဲပြောပြော NGB1087 ဟာ သူ့ကို အများကြီး ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ တကယ်တော့ NGB 1087 ဟာ အင်မတန် အံ့သြစရာ ကောင်းတဲ့သင်္ဘောပါ။ စစ်ပွဲကာလအတွင်းမှာလည်း အောင်မြင်မှုမှတ်တမ်းတွေ အများကြီးရခဲ့တဲ့သင်္ဘောပါ။ ဒါ ကြောင့်မို့ တိုက်ပွဲတော်တော်များများရဲ့ သတင်းဖော်ပြတဲ့နေရာမှာ စာလုံးမဲကြီးတွေနဲ့ ဖော်ပြခဲ့ကြတာပေါ့။ အဲ့ဒီ အောင်မြင် မှုတွေအားလုံးဟာ ကျုပ်တို့ရဲ့လုပ်ရပ်ဖြစ်တဲ့ သင်္ဘောဘယ်နှစ်စင်း နှစ်မြှုပ်လိုက်တယ်၊ လေယာဉ် ဘယ်နှစ်စင်း ပစ်ချနိုင် တယ်၊ ဂျာမန်တွေကို ဘယ်လောက်တိုက်ခိုက် နှိမ်နှင်းနိုင်တယ်ဆိုတာတွေဟာ အောင်မြင်မှုပန်းတိုင်အတွက် ပိုပို နီးလာစေ တဲ့အချက်ပဲဖြစ်ပါတယ်။ ကျုပ်ကသာ အဲ့ဒီလိုတွေး၊ အဲ့ဒီလို မြင်နေတာဗျ။ ဟော့စကင်ကတော့ အဲ့ဒီလိုမြင်ပုံမရဘူးဗျ။

တစ်ညလုံး တိုက်ပွဲဆင်နွှဲခဲ့ပြီးတဲ့နောက် ကျုပ်တို့သင်္ဘောဟာ ဆိပ်ကမ်းကိုရောက်လာတိုင်း သင်္ဘောတစင်းလုံးဟာလည်း စက်သေနတ်ဒဏ်ရာ ဗလဗွနဲ့ပေါ့။ ကျုပ်တို့ကတော့ ညကတိုက်ပွဲအတွင်းမှာ ဘယ်သင်္ဘောကို ဘယ်လိုတိုက်လိုက်တယ် ဆိုတာကို အားပါးတရပြောနေတဲ့အချိန်မှာ ဟော့စကင်ရဲ့မျက်လုံးထဲမှာတော့ အဲဒီသတင်းတွေကို သတင်းသမားတွေကို ပြောပြ၊ သတင်းစာ မျက်နှာဖုံးတွေမှာပါ၊ ကျုပ်တို့လည်း ဆုတံဆိပ်တွေ အများကြီးထပ်ရ ဟော့စကင်က အမြဲအဲ့လိုတွေးနေပုံ ရတယ်။ ဘယ်ဂျာမန်သင်္ဘောကို ဘယ်လိုနှစ်မြှုပ်လိုက်တယ်ဆိုတာတွေကို အထက်အရာရှိတွေအားလုံးလည်းသိအောင် စာဖတ်ပရိသတ်ကိုလည်းသိအောင် လုပ်တတ်တဲ့လူစားမျိုးပေါ့။

စစ်ပွဲမှာဆိုတော့ ဟော့စကင်ရဲ့ပြောစကားတွေ၊ အစီရင်ခံစာတွေကို ထောက်ခံတဲ့အချက်အလက်တွေလည်း အများကြီးရှိနေ တယ်။ ကျုပ်တို့သင်္ဘောက တကယ့်ကိုကောင်းတဲ့သင်္ဘော၊ စွမ်းရည်ပြည့်တဲ့သင်္ဘောဗျ။ ရေကြောင်းတိုက်ပွဲအောင်မြင်မှု စာရင်းဇယားတွေက အများကြီး အများကြီး။ အဖြစ်အပျက်တိုက်ပွဲတော်တော်များများမှာ ကျုပ်တို့သင်္ဘောရဲ့တိုက်ပွဲကမျက်နှာဖုံးသတင်းအဖြစ်ပါခဲ့တာတွေချည်းပဲပေါ့။ ရန်သူဂျာမန်သင်္ဘောတွေ ဘယ်လောက်များများ နှစ်မြှုပ်နိုင်ခဲ့တယ်။ စစ်ကြီးပြီး ခါနီးဆဲဆဲမှာ ရန်သူဂျာမန်စစ်သားတွေကို ဘယ်လောက်များများ ချေမုန်းနိုင်ခဲ့တယ်ဆိုတာ ဘယ်ရေရေရာရာပြော နိုင့်ပါ့မ လဲ။ ဟော့စကင်ကတော့ ကျုပ်တွေးသလို ယူဆသလို တူပုံမရဘူးဗျ။ ကျုပ်တို့သင်္ဘော လင်းအားကြီးတော့ တိုက်ပွဲကပြန် အလာ စက်သေနတ်ဒဏ်ရာတွေ ဖာရ ထေးရ။ လူတွေကလည်း ဘယ်လောက်ပဲချုံးချုံးကျ ပင်ပန်းနေပါစေ ဟော့စကင်က တော့ တိုက်ပွဲမှာ ဘယ်လိုရွပ်ရွပ်ချွံချွံ တိုက်လိုက်တယ်၊ ရန်သူဂျာမန်တွေကို ဘယ်လိုသုတ်သင်နိုင်ခဲ့တယ်ဆိုတဲ့ သတင်း စကားတွေကို ခပ်ကြွားကြွား ထုတ်ပြန်နေကြတယ်ဗျ။

ဟော့စကင်ရယ်သလိုမောသလို ပြောနေကြစကားလုံးကတော့ ကျုပ်တို့သင်္ဘောဟာ နံပါတ်ဝမ်း တစ် အောင်နိုင်သူသင်္ဘော တဲ့ဗျ။ (သူက အဲဒီလိုပြောတာက ရယ်စရာပြောတာလား အတည်ပြောတာလား ကျုပ်လဲ မပြောတတ်ဖူး)

တကယ်တော့ ဟာသပြတ်လုံး ဟုတ်ပုံမရဘူးဗျ။ သူ့စကားလုံး ကြွားလုံးတွေထဲမှာ အပိုတွေ ပါပါနေတယ်လို့ ကျုပ်အမြဲတမ်း သံသယဝင်မိတာတော့ရှိတယ်။ တကယ်ပဲ ဟော့စကင်ကြွားသလို ဂျာမန်သင်္ဘောကို မြှုပ်နိုင်ခဲ့သလား၊ လေယာဉ်ကို ပစ်ချ နိုင်ခဲ့သလားဆိုတာ သိပ်မသေချာဘူးဗျ။ ကျုပ်တို့က ဂျာမန်သင်္ဘောကို ထိမှန်အောင်ပစ်နိုင်ခဲ့တယ်ဆိုတာတော့ အမှန်ပါဘဲ။ နစ်မြှုပ်သွားမသွား မသေချာဘူး။ အဲဒီလိုဘဲ ဂျာမန်တိုက်လေယာဉ်ကို ထိမှန်အောင်ပစ်ချနိုင်တယ်ဆိုတာလဲ အမှန်ပါဘဲ။ ဒါပေမယ့် ပျက်ကျသွားမသွားတော့ မသေချာဘူး။

ဟော့စကင်ကတော့ အမြဲခိုင်ခိုင်မာမာပဲ ပြောလေ့ရှိတယ်။ ကျုပ်က မသေချာတာကို သေချာတဲ့အကြောင်း မပြောချင်ဘူး။ ဟော့စကင်ကတော့ အဲဒီလိုနှစ်မြှုပ်နိုင်ခဲ့တဲ့ ပစ်ချနိုင်ခဲ့တဲ့ဟာကို စာရင်ထဲထည့်ဖို့အမြဲပြောလေ့ရှိတာကို ကျုပ်ခေါင်းခါခဲ့ရပါ တယ်။ ဟော့စကင်ကတော့ ထိလဲထိ မှန်လဲမှန်သွားတာအမြင်သားပဲဟာ။ ကျုပ်တို့ နှစ်မြှုပ်နိုင်ခဲ့တဲ့ သင်္ဘောစာရင်းထဲထည့် လိုက်ရင် ဘာဖြစ်နိုင်တာလဲလို့။

တခါလဲ လေယာဉ်ပျံကို ပစ်ချလိုက်တဲ့ပြဿနာ ကျုပ်တို့ကလေယာဉ်ပျံကို တွေ့တာမဟုတ်ဖူး။ ကျုပ်တို့က သင်္ဘောကြီးတစင်း ကိုစောင့်ရှောက်ပြီး ရေလက်ကြားကိုဖြတ်နေတုန်း ဂျာမန်လေယာဉ်က ကျုပ်တို့ကိုတွေ့သွားတာ။ ကျုပ်တို့သင်္ဘောနှစ်စင်းလုံး ကို စက်သေနတ်နဲ့လည်းပစ် ဗုံးကြဲဖို့ထိုးဆင်းလာတဲ့အချိန်ပေါ့။ ကျုပ်တို့ကလည်း ဘယ်နေမလဲ။ စက်အမြှောက်နဲ့ချက်ချင်းပြန် ပစ်တာပေါ့။ သူ့စက်သေနတ်ကြီးတွေကလည်း ကျုပ်တို့သင်္ဘောအနှံ့ ထိမှန်ပါတယ်။ ကျုပ်တို့ပစ်ချက်ကလည်း လေယာဉ် ကိုထိမှန်သွားတယ်ဗျ။ ငနဲသား ဗုံးတောင်မကြဲနိုင်တော့ဘဲ အမြီးပိုင်းမှာမီးခိုးတန်းလန်းနဲ့ ပြန်ဆုတ်ပြေးလေရဲ့။ သူ့ဘက်ကမ်း ခြေကို ရောက်ကောင်းရောက်နိုင်မယ်ထင်ပါရဲ့။ ဒါပေမယ့် ဟော့စတင်ကတော့ ရန်သူလေယာဉ်တစ်စင်းကို ပစ်ချနိုင်လိုက် တယ်လို့ မှတ်တမ်းရေးမယ်လုပ်တော့တာပေါ့။ကျုပ်က ပြောပါတယ်။ ဟေ့ကောင် ဟေ့ကောင် ရန်သူလေယာဉ်ကိုပစ်ချနိုင်လိုက်တယ်လို့ ရေးလို့ မတော်ဘူးထင်တယ်ကွ။ မီးခိုးတန်းလန်းနဲ့ပြန်သွားတာကို မြင်လိုက်တာပဲရှိတာ။

ဟော့စကင်က အမြဲထုတ်နေကြ ပြက်လုံးတခု ရှိတယ်။ (ပြက်လုံးလို့ ဆိုချင်လဲဆိုပေါ့လေ) ဟော့စတင်က စစ်အတွင်းမှာတော့ နံပါတ်၁ တိုက်သင်္ဘောဖြစ်ဖို့လိုတယ်ဗျ၊ ကျုပ်တို့ဗြိတိန်ရေတပ်မတော်မှာတောင် ကျုပ်တို့တိုက်သင်္ဘောက နံပါတ် ၁ ပဲဗျ။ တကယ်တော့ သူ့စကား ပြက်လုံးတော့ ဟုတ်ပုံမပေါ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲမှာ မောင်းနှင်အားဖြစ်နေတာကို၊ အခုချိန်ကျမှပြန်တွေးကြည့်တော့ ဘာမှမဟုတ်သလိုပါပဲ။ အဲဒီလေယာဉ်ပျံကို ကျုပ်တို့ တကယ်ပဲဖြစ်ချနိုင်ခဲ့သလား၊ ပစ် ချနိုင် ခဲ့တယ်လို့ ကြေညာခဲ့ရင်ရော ဘာမှဖြစ်မှာမဟုတ်ပါဘူး။ တနေ့မနက်အစောကြီး အလင်းရောင်ပြပြလေးရှိတဲ့အချိန်မှာ ကျုပ်တို့သင်္ဘောက ရေလက်ကြားရဲ့ တဖက်ကမ်းဘက်နီးနီးရောက်နေပြီ။ ဒမ်းကပ်ပင်လယ်ပြင်ရေကြောင်းတိုက်ပွဲနေရာ များပေါ်တွင်၊ တကယ်တမ်းအဖြစ်မှန်က ကျုပ်တို့က ရန်သူကိုရှာတွေ့တာ မဟုတ်ဖူး။ ရန်သူက ကျုပ်တို့ကို ရှာတွေ့တာ။ ရန်သူဗုံးကြဲလေယာဉ် JU ၈၈ နဲ့ ကျုပ်တို့နဲ့ ထိပ်တိုက်တွေ့ကြတာပေါ့၊ ဒီလေယာဉ်ကြီးက ကျုပ်တို့ဗြိတိန်ကို ဗုံကြဲဖို့ထွက် လာဘို့ပဲဗျ။ ဘွားခနဲ ကျုပ်တို့နဲ့ဆုံလိုက်တော့ သူကလည်း ကျုပ်တို့သင်္ဘောကို ဗုံးနဲ့ကြဲတော့တာပေါ့။ ကျုပ်တို့ကလည်း ကျုပ်တို့ရဲ့ အော်ရီကွန်နဲ့ပြန်ဆော်တယ်။ သူ့ရဲ့ဗုံးတွေက ကျုပ်တို့ကိုမထိပေမယ့် ကျုပ်တို့ရဲ့ အော်ရီကွန်ကိုထိတာ သေချာတယ်။ ငနဲသား အမြီးပိုင်းမှာ မီးခိုးတန်းလန်းနဲ့ သူ့ကမ်းခြေဘက် သူပြန်ပြေးရရှာတယ်။ ကျုပ်စိတ်ထဲမှာ ဒီလေယာဉ် ကြီးကို ပစ်ချနိုင်ခဲ့တယ်လို့ မတွေးမိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလေယာဉ်ကြီးက အရှိန်ကောင်းကောင်းနဲ့ သူ့ကမ်းခြေ ဘက် သူပြန်သွားနိုင်တာပဲဟာ။ ဘယ်နည်းနဲ့ဖြစ်ဖြစ် တဘက်ကမ်းခြေကိုတော့ ချောချောမောမောရောက်သွားနိုင်တယ် လေ။ ဒါပေမယ့် ဟော်စကင်ကတော့ မရဘူးလေ။ ကျုပ်တို့သင်္ဘော ဒိုဘာကမ်းခြေကိုပြန်အဆိုက် မှတ်တမ်းစာရင်းထဲမှာ (ရန်သူလေယာဉ်တစင်းကို ပစ်ချနိုင်လိုက်တယ်) ဆိုတဲ့မှတ်ချက်ကို မျက်တောင်တချက်မခတ်ပဲ ရေးတော့တာပဲ။ ကျုပ်က ပြောပါတယ်။ အေး သေချာပေါက်ကြီးတော့ မပြောနဲ့နော်။ တဘက်ကမ်းခြေကို သူပြန်သွားနိုင်တာပဲ။ ဟော့စကင်က …

မှန်လည်းသွားတယ်ဗျာ။ မီးခိုးတန်းလန်းနဲ့ ပြန်သွားတာမြင်ရတာပဲ။ ဟိုဘက်ရောက်ရင်တောင်မှ ပျက်ကျကြမှာပဲ။

ကျုပ်ကခေါင်းခါပြတယ်။ အဲဒီလေယာဉ်ဟာ မှန်သွားတာသေချာတယ်။ အမြင့်အရှိန်နိမ့်ကျပြီး တဘက်ကမ်းဖက် ပြန်သွား တာနဲ့ပဲ ရန်သူလေယာဉ်တစ်စင်း ပစ်ချနိုင်တယ်လို့ အသေအချာမပြောနိုင်ဘူးပေါ့။

ဟော့စကင်က ပြုံးဖြဲဖြဲနှင့်  …
“သေချာသလောက်ပဲဟာ။ အဲဒီပစ်ချနိုင်တဲ့မှတ်တမ်းထည့်ရင်ရော ဘာဖြစ်သွားတာမှတ်လို့”

ကျုပ်က လေသံပြတ်ပြတ်နှင့်  …
“ကျုပ်တို့ရဲ့ပြည်သူတွေက ကျုပ်တို့ရဲ့အစီရင်ခံစာတွေအပေါ်မှာ မှီခိုတွက်ချက်နေကြရတာ။ ခိုင်ခိုင်မာမာ မသေချာတဲ့ဆိုရင် ကျုပ်ကမတင်ပြချင်ဘူး။ ဒါကြောင့် အဲဒီလေယာဉ် ထိမှန်ဒဏ်ရာရသွားတာ ထည့်ရမယ်။ ပစ်ချနိုင်ခဲ့တယ်လို့ မထည့်သင့်ဘူး”

ဟော့စကင်က ပုခုံးတွန့်ပြီး ကျုပ်ကိုမကြည့်ဘဲ တဖက်ကိုလှည့်သွားတယ်။
“ဘာပဲပြောပြော အခွင့်ကောင်းတခုတော့ လွတ်သွားတာပေါ့”

သူ့မှတ်ချက်ကို ကျုပ်သဘောမတူဘူး။ ဒါကြောင့် ဘာအခွင့်ကောင်းလဲကွ။ ဟော့စကင်က …
“ကျနော်ဆိုလိုတာက ကျနော်တို့ အဲဒီလေယာဉ်ကို မှန်အောင်ပစ်နိုင်တယ်။ မီးခိုးတန်းလန်းနဲ့ ပြန်သွားတာမြင်လိုက်ရတယ်”

ဟော့စကင်စကားကိုနားထောင်ရင်း ဟော့စကင့်မျက်စိထဲမှာဖြစ်ပေါ်နေတဲ့ မြင်ကွင်းပုံစံတွေ ကျုပ်တို့တွေးလို့ရတယ်၊ ဟော့ စကင်အတွေးထဲမှာ ဘရန်ဒယ်နှင့် ဟော့စကင်တို့ JU 88 လေယာဉ်ကြီးကို ပစ်ချလိုက်နိုင်ခဲ့ပြီးဆိုတဲ့ မျက်နှာဖုံး သတင်း အဖြစ်နဲ့ ဖော်ပြတာတွေတွေ့ရမယ်။ ရေတပ်ဗိုလ်ချုပ်ကြီးတွေကလည်း သူ့ကို ချီးကျူးနှုတ်ဆက် ဂုဏ်ပြုနေပုံတွေကိုလည်း မြင်ယောင်နေတယ်ဗျ။ ကျုပ်ကတော့ ကျုပ်တို့ ကုန်းဘက်ပေါ်တိုက်ပွဲမှတ်တမ်းမှာ အမှန်တိုင်းပဲ ရေးသားမှတ်တမ်းတင် လိုက်ပါတယ်။
အဲဒီလိုမှတ်တမ်းတင်လိုက်ပြီးတဲ့နောက် သင်္ဘောကုန်းဘတ်ပေါ်မှာ ကျုပ်လမ်းလျှောက်နေလိုက်တယ်။ အဲဒီလို အမှန်တရား ပဲ တင်ပြလိုက်ရတဲ့အတွက် ကျုပ်ဝမ်းသာတယ်။ ကျုပ်သင်္ဘောကို လှိုင်းလုံးတွေက ပုတ်ခတ်နေတယ်။ ကျုပ်မျက်နှာကိုတော့ လတ်ဆတ်တဲ့လေများက တိုက်ခတ်နေတယ်။

ဒီလိုဒီလိုနဲ့ပဲ ဟော်စကင် တင်ပြလေ့ရှိတဲ့ မုသားတဝက် မှတ်တမ်းတွေက ကျုပ်ရဲ့သင်္ဘော MGB 1087  ရဲ့ ခက်ခဲကြမ်းတမ်း မှန်ကန်တဲ့လုပ်ဆောင်ချက်တွေကို အညစ်အထေး အစွန်းအထင်းမရစေခဲ့ပါဘူး။ ဒါတွေကိုပြောနေရတာက စစ်အတွင်း ကာလ ကျုပ်တို့ရဲ့သင်္ဘော သမိုင်းကြောင်း သိစေချင်လို့ပါ။ မဟာမိတ်တို့ရဲ့ ကမ်းခြေထိုးစစ်ကြီးမစခင် လပိုင်းလေက်အလိုမှာ ကျုပ်တို့သင်္ဘောရဲ့အလုပ်ကတော့ အင်္ဂလန်ကမ်းခြေနဲ့ နော်မန်ဒီကမ်းခြေကို ၂၄ နာရီပတ်လုံး မနားမနေ ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးရတာပေါ့။ ကမ္ဘာ့စစ်သမိုင်းမှာ အကြီးအကျယ်ဆုံး အကျအဆုံးအများဆုံး အခက်ခဲဆုံး တိုက်ပွဲကြီးလို့ အသိအမှတ် ပြုခံကြရတယ်။

ကျုပ်တို့သင်္ဘောနဲ့ကျုပ်က ကိုယ့်အသက်ကို လုံးဝတန်ဖိုးမထားတော့ဘဲ စွန့်စားတိုက်ခိုက်မှုများ ဖြတ်သန်းမှုများ လုပ်ဖြစ်ခဲ့ပါ တယ်။ အဲဒီလို မဖြစ်ခင်လေးမှာဘဲ ကျုပ်ဇနီးသည်ဟာ ဂျာမန်တို့ရဲ ဗုံးဒဏ်ထိပြီး ကွယ်လွန်ခဲ့ရှာတယ်။ ဇနီးသည် ကွယ်လွန် သွားခဲ့ခြင်းဟာ ကျုပ်ကို အားမလျော့စေတဲ့အပြင် ခွန်အားအဖြစ် ပြောင်းလဲတိုက်ပွဲဝင်စေခဲ့ပါတယ်။

ပြဿနာဖြစ်တဲ့တညမှာ အဲဒီညက ကျုပ်တို့ကတာဝန်နဲ့အစောင့်လိုက်ရတဲ့သင်္ဘောမဟုတ်ပဲ လွတ်လွတ်လပ်လပ်သွားရတဲ့ ညပေါ့၊ ကျုပ်တို့သင်္ဘောက မာဘာလီကမ်းခြေရဲ့မြောက်ဘက် ၆ မိုင်အကွာလောက်မှာ ရုတ်တရက်ပဲ အင်ဂျင်စက်က ရပ်သွားပြီး ကျုပ်တို့သင်္ဘောက ရေထဲမျှောနေတယ်။ ညက မှောင်မိုက်တဲ့ညပဲ။ လရောင်တစွန်းတစကလဲ မိုးကုတ်စက်ဝိုင်းအစွန်းလောက်မှာပဲရှိတယ်။ ကျုပ်တို့သင်္ဘောက စက်ရပ်နေတာဖြစ်နေတော့ ရေသံလှိုင်းသံပဲကြားနေရတယ်။ ပတ်ဝန်းကျင် သုံးလေးမိုင်အတွင်းမှာလဲ ဘယ်သင်္ဘောရဲ့အရိပ်အယောင်မှ မတွေ့ရဘူး။ ကျုပ်တို့လဲ ရေပေါ်မှာ ပက်လက်မျှောနေရတဲ့ အဖြစ် မျိုး။

ည၁နာရီလောက်အရောက်မှာ လကလည်း ငုတ်လျှိုးကွယ်ပျောက်မည့်ဆဲဆဲဖြစ်နေတယ်။ အဲဒီအချိန်မှာလည်း ကျုပ်တို့ရဲ့ တောင်ဘက်အရပ်ဆီက အင်ဂျင်သံတခုကြားရတယ်။ တောင်ဘက်အရပ်ဆိုတော့ ပြင်သစ်ကမ်းခြေဘက်ကပေါ့။ တိုးတိုး တိတ်တိတ် ညင်ညင်သာသာပဲ။ နောက်တော့ တဖြည်းဖြည်းအသံကကျယ်လာတယ်။ ကျုပ်တို့ဆီလာနေတာ သေချာတယ်။ ဒီဇယ်အင်ဂျင်စက်သံတွေဆိုတာ သေချာတယ်။

ကျုပ်တို့ရဲ့ ရေဒီယိုဆက်သွယ်ရေး သင်္ဘောသားက နားကြပ်ကို သူ့နားမှာတပ်လိုက်တယ်။ နားစွင့်နေရာက မျက်မှောင်ကုပ် လိုက်ပြီး “မညီညာတဲ့ အသံနှစ်သံခင်ဗျ။ ကျုပ်တို့ရှိရာကို ၁- ၉- ၀ ဒီဂရီကနေလာနေတာ”

ကျုပ်တို့လဲ မှန်ပြောင်းကိုယ်စီနဲ့ ရေဒီယိုသမားပြောတဲ့အရပ် ၁-၉-၀ ဒီဂရီကို လှမ်းကြည့်ရတာပေါ့။ အဲဒီဘက်က လရောင်ရှိတဲ့ ဘက်ဗျ။ အဲဒါ ကျုပ်တို့အတွက် အားသာချက် အခွင့်အရေးတခုပေါ့လေ။ ကျုပ်တို့ဒီနေရာက အမှောင်ဘက်ခြမ်းထဲမှာရှိတယ်။ ခဏအကြာတော့ အသံကြားရတဲ့အပြင် ကျုပ်တို့ဘက်ကိုလာနေတဲ့ သင်္ဘောနှစ်စင်းကိုတွေ့ရတယ်။ သင်္ဘောတွေက ခပ် သေးသေးဗျ၊ ကျုပ်တို့ရဲ့အီးဘုတ်နဲ့ ခပ်ဆင်ဆင်ပဲ။

ကျုပ်ကအမြန်ဆုံးစဉ်းစားရပြီပေါ့၊ ကျုပ်တို့ရဲ့မိုင်းချသင်္ဘောတွေလဲ မဖြစ်နိုင်ဘူး။ လမ်းကြောင်းကဝေးလွန်းတယ်။ ကျုပ်တို့ရဲ့ ဗြိတိသျှသင်္ဘောတွေတော့မဖြစ်နိုင်ဘူး။ ဒါဆိုရင် ရန်သူသင်္ဘောတွေပဲဖြစ်ရမယ်၊ (ကျုပ်ဇနီး လူစီလီကွယ်လွန်ပြီးသည့်နောက် ကျုပ်အမြဲအဲဒီလိုပဲ တွေးမိနေသလားမသိပါဘူး) ကုန်းဘတ်ပေါ် ကျုပ်နံဘေးကိုရောက်လာတဲ့ ဟော့စကင်က ရုတ်တရက် “ဒီကောင်တွေ မိုင်းလာချတဲ့အကောင်တွေပဲ ဖြစ်ရမယ်”

ဟုတ်ပေသားပဲဟု ကျုပ်က တွေးလိုက်မိတယ်။ ဟော့စကင်သည် ဒီလိုတွက်တဲ့ချက်တတ်တဲ့နေရာမှာ ကျုပ်ထက် အမြဲတမ်း ပိုသာနေကြ တော်နေကြပဲ။ ဒီသင်္ဘောတွေဟာ ဒတ်ခ်ျကမ်းခြေ၊ ပြင်သစ်ကမ်းခြေကနေပြီးတော့ ညအမှောင်ထဲမှာ ခိုး ထွက်လာမယ်။ ကျုပ်တို့သင်္ဘောတွေ လာတဲ့လမ်းကြောင်းတွေမှာ ရေမြှုပ်ဗုံးတွေချမယ်။

ကျုပ်က ရုတ်တရက်ပဲ လေသံတိုးတိုးနှင့် …
“ဆက်သွယ်ရေးသမား အသင့်လုပ်ထား အားလုံးအဆင်သင့်ပြင်ထားကြ”

ဒီသင်္ဘောတွေအလုပ်က ကျုပ်တို့သင်္ဘောတွေအလာလမ်းမှာ ရေမြှုပ်မိုင်းဗုံးတွေချမယ်။ ပြီးရင် လစ်ပြေးမယ်၊ အဲဒါသူတို့ အလုပ် သူတို့ကို ဖယ်ရှားဖို့ ရှင်းလင်းဖို့ဆိုတာက မိုင်းရှင်းတဲ့သင်္ဘောအလုပ်ပဲ သူတို့တာဝန်ပဲ။ ကျုပ်တို့အပူတော့ မဟုတ်ပါ ဘူး။ ဒါပေမယ့်ပြဿနာက ကျုပ်တို့က ဒီမှာရှိနေပြီး ဒီကောင်တွေ ရန်သူသင်္ဘောတွေက ကျုပ်တို့လက်လှမ်းတမီမှာ ရောက် နေတာပဲဖြစ်တယ်။

ရှုခင်းကပြတ်သားလာပြီးဆိုတော့ သင်္ဘောနှစ်စင်းကို သဲသဲကွဲကွဲမြင်ရပြီး သင်္ဘောနှစ်စင်းလုံးက တစ်စင်းနဲ့တစ်စင်း ကိုက် ငါးဆယ်လောက်အကွာမှာ ရှိတယ်။ တကယ်လို့များ သူတို့ဟာ ကျုပ်တို့လိုပဲ အီးဘုတ်တွေဆိုရင် ကျုပ်တို့လိုပဲ လက်နက် အပြည့်စုံတပ်ဆင် ထားပြီးသားဖြစ်မှာဘဲ။ အဲလိုဆိုရင်တော့ ကျုပ်တို့က နှစ်စင်း တစ်စင်းဖြစ်နေပြီဗျ။ ဒါပေမယ့် လရောင်က သူတို့ဘက်မှာရှိပြီး ကျုပ်တို့က အမှောင်ဘက်မှာရှိတယ်။ အရေးကြီးဆုံး အဓိကအချက်က ကျုပ်တို့သင်္ဘောက MGB 1087 လေ။

ကျုပ်က “ဒို့ နံပါတ်တစ်သင်္ဘောကို အရင်ဝင်တိုက်မယ်။ ပြီးတော့မှပြန်လှည့်ပြီး ဒုတိယသင်္ဘောကို ဝင်တိုက်မယ်”

ဟော်စကင်ကဝင်ပြီး …
“ကပတိန် ကျုပ်တို့က နှစ်စင်းကြားထဲကို အမြန်ဆုံးဖြတ်ပြီး နှစ်စင်းစလုံးကို တပြိုင်ထဲတိုက်မယ်ဗျာ။ အဲဒီလိုတိုက်ရင်း အမြန် ဆုံးဖြတ်သွားတဲ့အချိန်မှာ ငနဲတွေကလည်း ပြန်ပစ်ရင်း သူတို့အချင်းချင်း ထိကုန်ကြမှာပေါ့”

ဒါဟော်စကင်ပဲဗျ။ သူက ဉာဏ်နီ ဉာဏ်နက်များတယ်။ အခြေအနေအားလုံးကို ချက်ချင်းတွက်ဆနိုင်တယ်။ စွန့်စားရဲတဲ့ သတ္တိလည်းရှိတယ်။ ဒါအခွင့်အကောင်းတခုပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူသင်္ဘောနှစ်စင်းဟာ နိုးနိုးကြားကြားရှိနေချိန် ကျုပ်တို့က ကြားညှပ်ပြီးခံရနိုင်ဖွယ်အကြောင်းရှိတယ်။ ဒါပေမယ့် သူတို့နှစ်စင်းက သူတို့အချင်းချင်းထိမှာစိုးလို့ ပြန်ပစ်တာ ဆိုင်းထားမယ်ဆိုရင် အခြေအနေကရှုပ်ထွေးပြီး ကျုပ်တို့အတွက် အခွင့်အရေးပဲ။

စိတ်ကူးတခု ရုတ်တရက်ပေါ်လာပြီး ကျုပ်က …
“ဒို့ သူတို့နှစ်စင်းကြားဖြတ်မယ်။ ရောက်တာနဲ့ ရေမြှုပ်ဗုံးနှစ်လုံး တစ်ဖက်တစ်ချက်စီမှာ ခွဲလိုက်မယ်၊ ရေမြှုပ်ဗုံးကွဲတဲ့ အရှိန်ကြောင့် ဖျက်ကနဲတော့ တန့်သွားမှာပေါ့။ အဲဒီအချိန်မှာ ကျုပ်တို့က တစ်စင်းကိုပစ်ပြီး အမြန်ထွက်မယ်၊ ရေမြှုပ်ဗုံးပေါက် ကွဲပြီးတာနဲ့ ကျုပ်တို့ကပစ်မယ်။ ငနဲတွေကလည်း ပေါက်ကွဲတဲ့အရှိန်ကြောင့် သူတို့အချင်းချင်းလည်း ကောင်းကောင်း မမြင်ရတော့ပဲ အချင်းချင်းပြန်ပြီး ပစ်မိရက်သားဖြစ်မိသွားမှာပေါ့”

ဟော်စကင်က … “ကောင်းလိုက်တဲ့စိတ်ကူးဗျာ”

ကျုပ်က အင်ဂျင်စက်နှိုးလိုက်တယ်။ ကျုပ်တို့ 1087 ဟာ ချက်ချင်းစက်ရှိန်မြင့်ပြီး တဟုန်ထိုးထွက်တယ်။ ကျုပ်တို့သင်္ဘောက အမြင့်ဆုံး ၃၅ ရေမိုင်နှုန်းနဲ့ နှစ်စင်းကြားကဖြတ်တယ်။ ကျုပ်ရော ဟော်စကင်ရော တဖက်တချက်စီကို ပစ်ကြတယ်။

ကျုပ်တို့သင်္ဘော သူတို့အကြားထဲအရောက်မှာ ကျုပ်က ရေမြှုပ်မိုင်းဗုံးနှစ်လုံး ချခွဲလိုက်တယ်။ မီးခိုးလုံးတွေက တိုက်ပွဲမြင် ကွင်းတခုလုံးကို ဖုံးသွားတယ်။ ကျုပ်တို့ကလည်း နှစ်စင်းစလုံးကိုပစ်တယ်။ နှစ်စင်းလုံးကလည်းပြန်ပစ်ရင်း အရှိန်ပြင်းပြင်းနဲ့ဖြတ်မောင်းသွားတဲ့ ကျုပ်တို့ကိုမထိပဲ သူတို့အချင်းချင်း ထိကုန်ကြတာပေါ့။

တိုက်ပွဲရလဒ်အဖြေကတော့ ရန်သူသင်္ဘောနှစ်စင်းလုံးကို ကျုပ်တို့က ဖျက်ဆီးလိုက်နိုင်တယ်။ ရန်သူတွေအားလုံးလည်း ကျဆုံးကုန်ပြီးလို့ ယူဆရတယ်။  ကျုပ်တို့ဘက်ကတော့ သင်္ဘောသားတစ်ယောက် ရေမြှုပ်မိုင်းဗုံး စနက်တံဖြုတ်ရင်း လက် ချောင်းတချောင်း ထိခိုက်သွားတာကလွှဲရင် ဘာမှအထိခိုက်မရှိဘူး။ ကျုပ်တို့တိုက်ပွဲဘဝမှာ ဒီလောက်ကောင်းတဲ့တိုက်ပွဲ ဒီ လောက်အောင်မြင်တဲ့တိုက်ပွဲမရှိဘူးဗျ။

ဒါ … ကျုပ်တို့သင်္ဘော MGB1087 ပဲဗျ။

ဆက်လက်ပြီး ဖော်ပြပေးပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts