သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိ မ်း ချ မ်းေ အး – အ ချ စ် ဂျီ ဟ ဒ် ရှိ သ လား

ငြိ မ်း ချ မ်းေ အး  – အ ချ စ် ဂျီ ဟ ဒ် ရှိ သ လား
(မိုးမခ / Friday Times) မတ်လ ၁၄၊ ၂၀၁၅

မျိုးစောင့်ဥပဒေရဲ့ နောက်ဆက်တွဲထဲက တခုဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေဟာ အခုဆိုရင် လွှတ်တော်က အတည်ပြုပြီးခဲ့ပါပြီ။  တစ်လင်တစ်မယားစနစ် ဥပဒေက လွှတ်တော်မှာ နောက်ဆုံး အစီရင်ခံစာတင်တဲ့ အဆင့်ရောက်နေပါပြီ။  တခြားဥပဒေ (၂) ခု ဖြစ်တဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းနဲ့ လက်ထပ်ထိမ်း မြားခြင်းဆိုင်ရာတွေကလည်း ဥပဒေကြမ်းအဆင့်ပြီးလို့ လွှတ်တော်မှာရောက်နေကြပါပြီ။

ဒီထဲမှာ တစ်လင်တစ်မယား ဥပဒေကလွဲလို့ ကျန် (၃) ခုက လူထု လူအများကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြင်းပြင်း ထန်ထန် ကန့်ကွက်ဖို့လိုတဲ့ တိုင်းပြည်အနာဂတ်အတွက် အမှန်တကယ်အရေးကြီးကိစ္စပါ။  ဒါပေမဲ့ လူအများစုက ဘာသာ ရေး/လူမျိုးရေး ဆက်စပ်ဆိုတော့ “ငါနဲ့မဆိုင်ပါဘူးလေ၊ ငါ့တို့ကို မထိပါဘူးလေ” သဘောနဲ့ ဘာသိဘာသာပဲ နေချင်ကြတယ် လို့ ယူဆမိတယ်။  စာနယ်ဇင်းမှာလည်း သတင်းပုံစံပဲ အများစု တွေ့ရတယ်။  ဆွေးနွေးတဲ့ သဘော အများအပြား မတွေ့ရ သလိုဖြစ်နေတာ သတိထားမိတယ်။  လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူနည်းစု ဘာသာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်သံကလည်း အင်အားမကြီးခဲ့ဘူး။  ဒီလိုကန့်ကွက်မှုတွေ တိုးလျခဲ့လို့ကို အခုလွှတ်တော်မှာ ဥပဒေတွေပြဋ္ဌာန်းနိုင်တဲ့အဆင့် ရောက်ခဲ့တာ ပါပဲ။

တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ရာ ဒဏ်ချက်များ ဖြစ်တဲ့ ပြည်တွင်းစစ်၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ နိုင်ငံရေးအကျပ်အတည်း၊ ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ မြေသိမ်းယာသိမ်း အစရှိတဲ့ အမှုအစုစုက မျက် မှောက်မှာ ထိပ်တန်းရောက်နေတာကြောင့်လည်း ပါတယ်ဆိုတာ နားလည်ပါတယ်။

အမှန်တော့ ဥပဒေရေးရာက အင်မတန်အလေးထားဖို့လိုပါတယ်။  စစ်အစိုးရအဆက်ဆက် ဖိနှိပ်ရက်စက်မှုမျိုးစုံ ပြုလုပ်ခဲ့တာ မှာ အခုနောက်ဆုံး လက်ပံတန်းမှာ ကျောင်းသားကို အကြမ်းဖက်ခဲ့မှုဖြစ်စဉ်အထိ အားလုံးက တည်ဆဲဥပဒေတွေရဲ့ အရိပ် အာဝသအောက်ကနေ လုပ်ခဲ့ကြတာပါ။  ဥပဒေအရတို့၊ တရားဝင်တို့၊ အမိန့်အရတို့ရဲ့ အကျိုးဆက်က သိပ်ကြီးပါတယ်။  နာဇီခေတ်မှာ ဂျာမဏီတို့ ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်ခဲ့မှုအားလုံးဟာ အဲဒီခေတ် ဥပဒေတွေနဲ့ အားလုံးတရားဝင်ပါ တယ်။

ဒီလိုသဘောကြောင့် ဥပဒေပြုမှုတွေဟာ အရေးကြီးပါတယ်။  အဲဒီမှာမှ အခုလို ဘာသာရေး၊ လူမျိုးရေး ခွဲခြားလိုမှု အခြေခံက လာတဲ့ ဥပဒေတွေက ပိုအလေးထား စဉ်းစားဆွေးနွေး၊ လုပ်သင့်တာ လုပ်၊ ကန့်ကွက်စရာရှိရင် ကန့်ကွက်ရာမှာပါ။

ဒါကြောင့် ကျနော်ဟာ ဒီမျိုးစောင့်ကိစ္စအတွက် စတင်ရာ (၂၀၁၃) အင်းစိန်၊ ရွာမ သံဃာဆွေးနွေးပွဲတွေကနေစပြီး နောက် ပိုင်းတလျှောက်လုံး ကြိုးကြားကြိုးကြား ပြန်လည်ဝေဖန် တနိုင် အသံထွက်ခဲ့ပါတယ်။  အခုလည်း ဥပဒေတွေ အတည်ပြုတဲ့ အဆင့်ထိတောင် ရောက်လာပြီမို့ ပြည်တွင်းဂျာနယ်မှာ (၂) ပတ်ဆက်  ဒီကိစ္စကိုဆွေးနွေးခဲ့ပါတယ်။

တကယ်တော့ အခု ကျောင်းသားသပိတ်၊ လောက်ကိုင်စစ်သတင်းတွေအရေးကြီးချိန်မို့ ကျနော့် ဒီမျိုးစောင့်အတွက် တန်ပြန် တဲ့စာတွေက လူစိတ်စားမှုရှိမှာ မဟုတ်ပါဘူး။  ဒါပေမဲ့ ကျနော့်မူဝါဒက လူစည်ဖို့မဟုတ်၊ နာမည်ကြီးဖို့ မဟုတ်ဘဲ ပြော သင့်ပြောထိုက်ကိုပြောမှ တနိုင်ကျင့်ဝတ်တာဝန်ကျေမယ်၊ ကိုယ့်ဘာသာ လိပ်ပြာသန့်နိုင်မယ်ခံယူထားလို့ လူအများ ကြိုက် ကြိုက် မကြိုက်ကြိုက် ရေးရခြင်းပါပဲ။

အခု ဆောင်းပါးကတော့ အရင်ဆွေးနွေးခဲ့ဖူးပါတယ်။  ဒီတပတ်ထုတ်တဲ့ နောက်တပုဒ်ကတော့ အသစ်ဆွေးနွေးချက်ပါ၊ အတည်ဖြစ်သွားပြီ ဖြစ်တဲ့ လူဦးရေတိုးပွားနှုန်းထိန်းညှိခြင်းဆိုင်ရာကို ဦးတိုက်ပြီး မျက်မှောက်ရေးရာ နိုင်ငံရေးနောက်ခံနဲ့ ဆွေးနွေးထားတာပါ။

အခု အရင်အပတ်ကထုတ်တဲ့ ပထမဆောင်းပါးမှာတော့ အရင်ဆွေးနွေးဖူးခဲ့တဲ့ ‘Love Jihad’ ကို ပြန်လည်တင်ပြထားပြီး မျိုးစောင့် စ်မှတ်ထားလိုတဲ့ ဗမာမွတ်ဆလင် အသိုင်းအဝန်းအတွက် သတင်းစကား အကြံပြုထားခြင်းပါ။  ဗမာမွတ်ဆလင် တွေအနေနဲ့ ဘာသာရေးကို အသုံးချနေတဲ့အစိုးရကို အားမကိုးဘဲ နိုင်ငံတကာက ဘာသာရေးအဖွဲ့အစည်းမဟုတ်တဲ့ ဘက် မလိုက် လူမှုရေးအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းအကူအညီယူပြီး တိုင်းပြည်မှာ လူအများကြား အမုန်းတရားကျယ်ပြန့်အောင် စနစ်တကျလုပ်နေတဲ့ စွပ်စွဲချက်တွေကို စနစ်တကျ သုတေသနဆန်ဆန် အချက်အလက်နဲ့ ပြန်လည်ချေဖျက်ဖို့လိုကြောင်း အဓိက အကြံပြုထောက်ပြလိုခြင်းပါပဲ။  ဆွေးနွေးမှုကို အောက်မှာရှုပါ ခင်ဗျား။ ဆန္ဒရှိပါကလည်း ပြန်လည်ဝေဖန်ထောက်ပြ ဆွေးနွေးပါ။

● ‘အချစ်ဂျီဟဒ်’ အစ
‘Love Jihad’ ဆိုတဲ့ အသုံး လွန်ခဲ့တဲ့နှစ်များကစပြီး နိုင်ငံတကာမှာ ထင်ထင်ရှားရှား ဖြစ်လာတယ်။  ကျနော်တို့ဆီမှာလည်း ဒီသဘောကို နာမည်တပ်လိုက်တာ ဒုတ်ထိုးအိုးပေါက် ‘သားဖောက်သာသနာပြုခြင်း’ ပါတဲ့။  မြန်မာ စကားလုံးရဲ့ ဇာစ်မြစ် သမိုင်း ‘Etymology’ ကို စစ်ရင် နိုင်ငံတကာထက်တောင် စောဦးမလား မသိပါ။  နာမည်ကြီး စာရေးဆရာကြီးတချို့၊ ဘုန်း တော်ကြီး တချို့အစ္စလာမ်အကြောက် အမုန်း ‘Islamophobia’ စိတ်အခံနဲ့ ဟိုးအရင် ဆယ်စုနှစ်လောက်ကတည်းက ဒီ သဘောတွေ မြွက်ဟတတ်တာ သတိထားမိခဲ့ပါတယ်။

ဒီမှန်းဆသီအိုရီ စွပ်စွဲချက်ကမှန်နေရင် တော်သေးတယ်။ မမှန်ရင် အပြောခံရတဲ့ ဘာသာ/လူမျိုးကွဲ တဖက်အုပ်စုက အခံရ ခက်တာပေါ့။  ပြီးတော့ စကားလုံးအသုံး ပြင်းထန်မှုကြောင့် လူအများကြား ဟုတ်နိုးနိုးနဲ့ ပိုယုံထင်ကြောင်ထင် ဒွိဟဖြစ်လာ၊ ပြဿနာပိုကြီးလာ၊ ရှင်းဖို့ခက်လာပြီး တဖက်နဲ့တဖက် မယုံသင်္ကာပိုဖြစ်၊ နောက်ဆုံး ပြင်းထန်တဲ့ပဋိပက္ခတွေအထိ ဖြစ်လာ ခဲ့တယ်။  ဒီလိုနဲ့ တိုင်းပြည်မှာ ရာစုနဲ့ချီ တမြေတည်းနေ၊ တရေတည်းသောက်ခဲ့ကြတဲ့ မတူကွဲပြားတဲ့ နောက်ခံရှိ နိုင်ငံသား အချင်းချင်း ရေရှည်မှာ ဖျောက်ဖို့ခက်တဲ့ စိတ်ဝမ်းကွဲ ဒဏ်ရာအမာရွတ်တွေ ထင်ကျန်လာတော့တာပါပဲ။

● ‘မျိုးစောင့်ဥပဒေ’ အကြောင်းရင်းခံ
သံဃာတော်တချို့ ဦးဆောင်တောင်းဆိုမှုက အစပြုခဲ့ပြီး အခုလွှတ်တော်မှာတောင် တချို့အတည်ပြုလိုက်ပြီ ဖြစ်တဲ့ ‘မျိုးစောင့်ဥပဒေများ’ ထုတ်ပြန်လိုမှုရဲ့ အရင်းစစ်က ဒီ ‘အချစ်ဂျီဟဒ်’ မှန်းဆသီအိုရီ (Conspiracy Theory) ကြောင့်လို့ ဆိုနိုင်ပါတယ်။  ဒီဖြစ်စဉ်မှာ သတိပြုဖွယ်ရာက ဒီလိုသဘောနီးစပ် စကားမျိုးကို အပြောခံ အုပ်စုဘက်ကပါ ‘အပြောင်အပြက်’ ပြောလေ့ရှိတာကိုပါ။  ကျနော်ကိုယ်တိုင် မကြခဏဆိုသလို ကြားဖူးခဲ့တယ်။  ဘာသာကွဲနဲ့ လူငယ်ဘာသာဘာဝ ချစ်ကြိုက် မိရာက လက်ထပ်ဖို့အထိဖြစ်လာရင် ဘာသာတူ သူငယ်ချင်းများကြား နောက်ပြောင်ရင်း ‘ကောင်းတာပေါ့၊ သာသနာပြုပြီး သားလည်း ဖြစ်တာပေါ့..’ လို့ ‘ပြက်ချော်ချော်’ ပြောလေ့ရှိတာ သတိထာမိခဲ့တယ်။  ‘အပြက်အပြက်နဲ့ နှာခေါင်းသွေးထွက်’၊ ‘အမှိုက်ကစ ပြဿဒ်မီးလောင်’ ပြီး အခုတော့ ဘာသာကွဲတွေကြားမှာ တကယ် အမြင်မှား၊ ထိထိရောက်ရောက် စွပ်စွဲ၊ အရေးယူချင်စရာဖြစ်လာခဲ့ခြင်းဟာ သက်ဆိုင်ရာဘာသာဝင်များ သတိပြုဆင်ခြင်ဖွယ်ပါ။

● လက်ထပ်ခြင်းဆိုင်ရာ မတူညီတဲ့ ထုံးတမ်းများ
ဒီ ‘အချစ် ဂျီဟဒ်’ မှန်းဆချက်ထုတ်မှုက အစွပ်စွဲခံအုပ်စုရဲ့ ဘာသာတရား အစ္စလာမ်ထုံးက လက်ထပ်ခြင်းဆိုင်ရာ ဓလေ့ ကြောင့်လို့ ဆိုနိုင်ပါတယ်။ အစ္စလာမ်သာသနာဟာ ပေါ်ထွန်းခဲ့တဲ့ ခေတ်နောက်ခံ၊ ပထဝီဝင် ဒေသအခြေအနေကြောင့် အ ခြား ဘာသာကြီးတွေနဲ့ယှဉ်ရင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ပိုပြီးတိတိကျကျ ဆို သလို ပြဋ္ဌာန်း သတ်မှတ်ထားတာ လေ့လာမိသလောက် သတိပြုမိပါတယ်။

ဥပမာ – စီးပွားရှာရမှာ ဘာသာ ပေါ်ဦးစ ဒေသတွင်း ခေတ်အနေအထား ကြီးစိုးနေတဲ့ အတိုးကြီးစားမှု ကို ပပျောက်စေချင်တော့ အတိုးယူ စီးပွားရှာမှုကို ပြင်းပြင်းထန်ထန် တားမြစ်တာမျိုး၊ ကျေးကျွန်တွေကို လွတ်ငြိမ်းချမ်းသာပေးတာမျိုး၊ အလုပ်သမား လုပ်ခ ကို ဘယ်လိုအချိန်၊ ဘယ်လိုပုံစံနဲ့ မျှမျှတတ ဘယ်လိုပေးရမယ် ဆိုတာမျိုးနဲ့ စီးပွားရှာရာမှရရှိတဲ့ အမြတ်ကို ဘယ်လို သုံးစွဲ၊ စုစောင်း၊ လှူဒါန်းမှုမျိုးပြုရမယ်ဆိုတာမျိုးတွေကို တိတိကျကျ လမ်းညွှန်တာမျိုးကို ဆိုလိုပါတယ်။ ဒါကြောင့် ကိုးကွယ် ယုံကြည်မှုနဲ့မဆိုင်တဲ့ လွတ်လပ်တဲ့ လေ့လာသူ နိုင်ငံတကာပညာရှင်တွေက အစ္စလာမ်အယူဝါဒကို စတင်ဖော်ထုတ်တဲ့ ခေါင်းဆောင် တမန်တော် မုဟမ္မဒ်ကိုဆိုရင် သြဇာကြီးမားလှတဲ့ လူမှုရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်အနေနဲ့ပါ သတ်မှတ်လေ့ရှိကြတာကို တွေ့ရပါတယ်။

ဆိုချင်တာက မွတ်ဆလင်တွေအတွက် လက်ထပ်ခြင်းနဲ့ပတ်သက်လို့ တိတိကျကျ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေရှိ ပါတယ်။  ဘာသာကွဲသူများအကြား အိမ်ထောင်ပြုမှု အတွက်လည်း အတိအကျ ပြဋ္ဌာန်းထားပါတယ်။  တခြားဘာသာကြီး တချို့မှာဆိုရင် ဒီလို သတ်မှတ်ချက်မျိုး အတိအကျရယ် မရှိဘူးလို့ ဆိုနိုင်ပါတယ်။

ဥပမာ – ကမ္ဘာ့ရှေးအကျဆုံး ဘာသာကြီးတခုဖြစ်တဲ့ ဟိန္ဒူဘာသာယုံကြည်မှုအရဆိုရင် ဘုရားကိုရှာတဲ့နေရာမှာ၊ ပရမတ္တ သစ္စာကို ရှာရမှာ မရေမတွက်နိုင်တဲ့ ကွဲပြားတဲ့လမ်းတွေရှိမယ်။  ဒါပေမဲ့ ခရီးအဆုံးမှာ (နိဗ္ဗာန်မှာ) အားလုံးဟာ အတူတူပဲလို့ ယူဆတဲ့ အတွက် ဟိန္ဒူတယောက်နဲ့ ဟိန္ဒူမဟုတ်သူတယောက်အကြားမှာ အဓိပ္ပါယ်သတ်မှတ်ချက် ကွဲပြားမှုမရှိပါဘူး။  ဒါကြောင့် ကိုးကွယ်ယုံကြည်မှုဆိုတာ ပုဂ္ဂလိကအခွင့်အရေးနဲ့ ရွေးချယ်မှုသက်သက်ဖြစ်တယ်၊ ကြိုက်တဲ့လမ်းရွေး၊ ကြိုက်တာ ကိုးကွယ်ဆိုတဲ့ အယူအဆအရ ဘာသာကွဲနဲ့လက်ထပ်မှုကို သတ်သတ်မှတ်မှတ် လမ်းညွှန်မှုပြုမထားဘူး။  ဟိန္ဒူအသိုင်း အဝန်းမှာ လူမှုရေးထုံးအရတော့ ရှေးရိုးစွဲများအကြား မတူကွဲပြားအိမ်ထောင်ပြုမှုအပေါ် ပြင်းထန်တဲ့ တားမြစ်ချက်သဘော ထားတွေ ရှိပါတယ်။  ဘာသာရေးအရ သီးသန့်လမ်းညွှန်မထားခြင်းကိုသာ ဆိုလိုတာပါ။

ခရစ်ယာန်ဘာသာမှာဆိုရင်လည်း သမ္မာကျမ်းစာကို ဘုရားကျောင်းတော် (ဂိုဏ်း) တခုနဲ့တခု အနက်ကောက်ရာမှာ မတူညီ တဲ့အတွက် ဘာသာကွဲ လက်ထပ်မှုခွင့်ပြုတာရှိသလို၊ ပြင်းထန်တဲ့အဖွဲ့တွေမှာလည်း တားမြစ်ထားတာ ရှိပါတယ်။  ဓမ္မသစ် ကျမ်းစာမှာ ယုံကြည်မှုမရှိသူ လင် (သို့မဟုတ်) မယားဟာ ယုံကြည်မှုရှိသူ မိမိအိမ်ထောင်ဖက်မှတဆင့် မြင့်မြတ်တဲ့ ကောင်း ကင်ဘုံကို ရောက်နိုင်တယ်ဆိုတဲ့သဘောမျိုးပါတဲ့အတွက် ယေဘုယျသဘော ဘာသာကွဲနဲ့လက်ထပ်ခြင်းကို ခွင့်ပြုထား တယ်လို့ ဆိုနိုင်ပါတယ်။  ဒါပေမဲ့ လက်ထပ်မှုပုံစုံ ဘယ်လို၊ ဘယ်ပုံဆိုပြီး အတိအကျ လမ်းညွှန်ထားမှုမျိုးတော့ မရှိပါဘူး။

(စကားချပ် – ကိုးကွယ်ယုံကြည်မှုတွေမှာ ဘာသာတူချင်းတောင်မှ ဂိုဏ်းအမျိုးမျိုးကွဲ၊ ကောက်ယူပုံ၊ နေထိုင်၊ ကျင့်ကြံပုံ အမျိုးမျိုး ရှိပါတယ်။  အခုရေးသားချက်တွေဟာ ယေဘုယျသဘောသာ ဖြစ်ပါတယ်။)

ဗုဒ္ဓဘာသာမှာ ဆိုရင်လည်း ကိလေသာနဲ့ ဆက်စပ်တဲ့ အိမ်ထောင်သားမွေးပြုမှုဟာ ဘာသာတရားနဲ့ မပတ်သက်တာကြောင့် လက်ထပ်မှုအပြုဟာ ဘာသာရေးနဲ့ လုံးလုံးမသက်ဆိုင်တဲ့ကိစ္စ ‘Pure Secular Affair’ အဖြစ် သတ်မှတ်ပါတယ်။  ငါးပါးသီလ လို ကျင့်ဝတ်ဆိုင်ရာ လမ်းညွှန်ချက်တွေမှာ လိင်ပိုင်းဆိုင်ရာ မလျော်မကန် မပြုအပ်ဖို့ တားမြစ်ထားတဲ့ အချက်တော့ ရှိပါ တယ်။  ဒါပေမဲ့ အိမ်ထောင်မှုပြုခြင်းအတွက် သီးသန့်လမ်းညွှန်မှုမျိုးတော့ အတိအကျ မရှိပါဘူး။  ယေဘုယျဆိုရရင် ဗုဒ္ဓဟာ ဆင်းရဲခြင်း ချုပ်ငြိမ်းရာ နိဗ္ဗာန်ရောက်ကြောင်း ညွှန်ကြားရာမှာ မွေးဖွား၊ ကြီးပြင်း၊ အို၊ နာ၊ သေ အားလုံးဟာ ဆင်းရဲခြင်း ချည်းပဲဆိုတဲ့ ဒုက္ခသစ္စာ အမှန်တရားကို သိမြင် ရှုတတ်အောင် လမ်းပြခဲ့တဲ့အတွက် အိမ်ထောင်သားမွေးပြုခြင်းရဲ့ ဒုက္ခ ဆင်းရဲခြင်းကို ဟောကြားခဲ့တာတွေ ရှိပါတယ်။ အတိုဆိုရရင် ဗုဒ္ဓဘာသာဝင်တွေအဖို့ လက်ထပ်ထိမ်းမြားခြင်းဟာ လောကီ လူမှုကိစ္စသက်သက်၊ ဘာသာတရားနဲ့ လုံးလုံး မဆက်စပ်ဘူးလို့ ဆိုနိုင်ပါတယ်။

အစ္စလာမ်အယူမှာတော့ အိမ်ထောင်ပြုမှုအတွက် လမ်းညွှန်ချက်တွေ သီးသန့်ရှိပါတယ်။ မွတ်ဆလင် အမျိုးသမီးတွေကို ဘာသာကွဲနဲ့ လုံးလုံး လက်ထပ်ခွင့်မပေးပါဘူး။  အမျိုးသားတွေကိုတော့ ကျမ်းစာပါ အခြားဘာသာနှစ်ခုဖြစ်တဲ့ ဂျူးနဲ့ ခရစ် ယာန်ဘာသာဝင်အမျိုးသမီးတွေနဲ့ လက်ထပ်ခွင့်ပေးပါတယ်။  သားသမီးကိုလည်း မွတ်ဆလင်အဖြစ်သာ ကြီးပြင်းစေရမယ်လို့ သတ်မှတ်ထားပါတယ်။  ဒီလို အတိအကျ ပြဋ္ဌာန်းထားခြင်းကလည်း  ဘာသာအယူ စတင်ထူထောင်ချိန်က အစ္စလာမ်ဝါဒဟာ ပေါ်ထွန်းရာဒေသတွင်းမှာ အပြင်းအထန် နှိပ်ကွပ်မှုတွေဒဏ်ခံခဲ့ရခြင်းကြောင့် ကာကွယ်တဲ့သဘော ဆောက်ရွက်ခဲ့ဟန်ရှိ တယ်လို့ သမိုင်းနဲ့ယှဉ် သုံးသပ်နိုင်ပါတယ်။

ဒီသဘောကြောင့် ဒါဟာ မွတ်ဆလင်ဘာသာဝင်အရေအတွက်တိုးပွားအောင် စနစ်တကျ ကြံဆောင်ထားခြင်းသာ ဖြစ်တယ် ဆိုပြီး မှန်းဆသုံးသပ်ကြတဲ့ ‘အချစ်ဂျီဟဒ်’ သီအိုရီ ပေါ်လာခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။  မွတ်ဆလင် အမျိုးသားတွေဟာ မွတ်ဆလင်မဟုတ်တဲ့ အခြားဘာသာဝင် အမျိုးသမီးတွေ၊ အထူးသဖြင့် လူမှု၊ စီးပွား တခုခုချို့ယွင်းမှုကြောင့် သိမ်းသွင်း ဖို့ပိုလွယ် ‘Vulnerable’ ဖြစ်တဲ့ အမျိုးသမီးတွေကို ချစ်ခင်စုံမက်မှု အကြောင်းပြ လက်ထပ်ပြီး ဘာသာထဲကို သွတ်သွင်းကြရင်း သာသနာပြန့်ပွားအောင် လုပ်နေခြင်းဖြစ်တယ်ဆိုတဲ့ အယူအဆ စွပ်စွဲမှုတရပ် ဘာသာမတူသူတွေကြားမှာ ဖြစ်လာပါတော့ တယ်။

● အိန္ဒိယ ဖြစ်စဉ်
လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အိန္ဒိယမှာ အစ္စလာမ်အခြေခံဝါဒီ အုပ်စုတစုက ဦးစီးပြီး ‘အချစ်ဂျီဟဒ်’ ဆင်နွှဲကာ သူတို့ ဘာသာဝင် အမျိုးသမီးငယ်တွေကို အစ္စလာမ်ဘာသာထဲကို သိမ်းသွင်းနေတယ်ဆိုပြီး ဟိန္ဒူနဲ့ခရစ်ယာန် ဘုန်းကြီးတွေက စွပ်စွဲခဲ့ဖူးပါတယ်။  ဒီလို စနစ်တကျနဲ့လှုပ်ရှားမှု ‘Campaign’ ပုံသဏ္ဌာန် ဆောင်ရွက်နေတဲ့ အစ္စလာမ်အုပ်စုကို နိုင်ငံခြားက အစ္စလာမ်အဖွဲ့တွေကလည်း ငွေကြေးထောက်ပံ့ကူညီပြီး အားပေးနေတယ်ဆိုပြီး တပါတည်း ဆိုလာခဲ့ကြပါတယ်။  ဒါ ကြောင့် အစိုးရနဲ့ တရားရေးအဖွဲ့တွေက ဒီကိစ္စကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ဖူးကြပါတယ်။  ပုဂ္ဂလိက တဦးချင်း ဆန္ဒနဲ့ မိမိ ဇနီး၊ မယား ဘာသာခြားကို အဓမ္မ ဘာသာပြောင်းခိုင်းမှုတချို့ တွေ့ရှိခဲ့ပေမဲ့ အဖွဲ့အစည်း ပုံစံ၊ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်မှုပုံစံမျိုးနဲ့ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် လုပ်တာမျိုး မတွေ့ရဘူးလို့ စစ်ဆေး ဖော်ထုတ်တွေ့ရှိချက်ကို သတင်း ထုတ်ပြန်ခဲ့ပါတယ်။  ဒါပေမဲ့ ပြင်းထန်တဲ့ အမျိုးသားရေး စာနယ်ဇင်း တချို့က ဒီကိစ္စကို အလေးပေးရေးသား ဆွေးနွေးနေ ဆဲပါ။  အထူးသဖြင့် ဘာသာရေး အစွန်းရောက်တွေက မုန်းတီးမှုတွေ လူအများကြား ပြန့်နှံ့စေဖို့ အွန်လိုင်းမှာ အင်တိုက်အား တိုက် ဝါဒဖြန့်နေကြဆဲပါပဲ။

  ယူကေ ဖြစ်စဉ်
ဗြိတိန်နိုင်ငံမှာလည်း အလားတူ စွပ်စွဲမှုမျိုး နိုင်ငံသား အိန္ဒိယအနွယ် ဆစ်ခ်လူမျိုးစု အသိုင်းအဝန်းမှာ ဖြစ်ခဲ့ဖူးပါတယ်။  ဆစ်ခ် အမျိုးသမီးငယ် ပညာတတ်လေးတွေဟာ မွတ်ဆလင်တွေရဲ့ ပစ်မှတ်ထား ‘အချစ်ထောင်ခြောက်’ နဲ့ သိမ်းသွင်းခြင်းခံနေ ရတယ်။  နောက်ပိုင်းမှာ အဓမ္မ ဘာသာပြောင်းခံရမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ် ဆိုပြီး ဆစ်ခ်တွေကြား စိုးရိမ်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။  ဒါကြောင့် (၂၀၀၈) ခုနှစ်တုန်းက လိဒ်စ်တက္ကသိုလ် ‘လူမျိုးစု နှင့် လူမျိုးရေးခွဲခြားမှု လေ့လာရေး’ ဌာန ကဦးစီးပြီး လွတ်လပ်တဲ့ ပညာရပ်ဆိုင်ရာ လေ့လာဆန်းစစ်မှု လုပ် စစ်ဆေး တွေ့ရှိချက်ကို အစီအရင် ခံစာ ထုတ်ခဲ့ရဖူးပါတယ်။  လေ့လာချက်အရ စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘဲ ချဲ့ကားပြောဆိုမှုတွေသာဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့တယ်။  မွတ်ဆလင် တွေကို မကောင်းဆိုးဝါးတွေအဖြစ် ယူဆနေတဲ့ အစ္စလာမ် အကြောက်၊ အမုန်း ရောဂါရဲ့ လက္ခဏာ တရပ်သာ ဖြစ်တယ်ဆိုပြီး အဆုံးသတ် ကောက်ချက်စွဲ ထုတ်ပြန်ခဲ့ရဖူးပါတယ်။

● ဗမာပြည် ဖြစ်စဉ်
ဆိုလိုချင်တာက ‘အချစ်ဂျီဟဒ်’ ပြဿနာဟာ နိုင်ငံတကာမှာလည်း စိုးရိမ်စွပ်စွဲမှုတွေ ရှိခဲ့တယ်။ မှန်ကန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလည်း ပြုခဲ့တယ်ဆိုတာကို မြင်စေလိုခြင်းပါ။ အခု ကျနော်တို့ဆီမှာလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကအစ နိုင်ငံရေးပယောဂကြောင့်လည်းပါတဲ့ ဘာသာရေး အမုန်းပွားမှု၊ အကြမ်းဖက်မှုတွေနဲ့အတူ ဒီ ‘အချစ်ဂျီဟဒ်’ သဘောကို အသားပေး လူအများကြား ပြောဆို၊ ဆွေးနွေးလာကြသလို၊ ဘာသာရေးအစွဲကြီးသူ တချို့ကလည်း အွန်လိုင်း/ပြင်ပ ပြင်းပြင်းထန်ထန် ဝါဒဖြန့်ချိ လာကြပါတယ်။  ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်စေလိုသူတွေ၊ ခေတ်နောက်ပြန်ဆွဲသမားတွေ၊ အစွန်းရောက် ကျဉ်းမြောင်းသူတွေကလည်း နေရာတိုင်းမှာ ဘာသာမတူသူချင်းအကြား ပိုမိုအထင်အမြင် လွဲမှားစရာ အဖြစ်အပျက်တွေကို ချဲ့ကား ဖော်ထုတ်ခြင်း၊ မမှန်အချက်အလက်များကို ပုံဖျက် ဖြန့်ဖြူးနေခြင်းဖြင့် လူအုပ်စု နှစ်စု အကြား အမုန်းတရားနဲ့ သံသယဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပြန့်နှံ့လာနေပါတယ်။ မန္တလေးက နာမည်ကျော် အမျိုးသားရေး ကိုယ်တော်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာဆို နေ့စဉ် ဒီကိစ္စဆက်စပ်ချည်းပဲ  အတင်းချရာ၊ ဝါဒဖြန့်ရာ နေရာဖြစ်လို့နေပါတယ်။  အခုနောက်ဆုံး အစိုးရနဲ့ လွှတ်တော်ကလည်း မလိုလားအပ်တဲ့ အငြင်းပွားဖွယ် ဥပဒေတွေပြုဖို့အထိ ဖြစ်လာခဲ့ရပါပြီ။

● ဘာစလုပ်သင့်သလဲ
ဖြစ်သင့်တာက နိုင်ငံတကာမှာလို အစိုးရ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက ဦးစီးပြီး လွတ်လပ်မျှတပြီး မြင်သာထင်သာရှိတဲ့ ပညာရပ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုမျိုး အရင် ပြုလုပ်ရပါမယ်။  ပြီးတော့ ထုတ်ဖော်တွေ့ရှိချက် ကို အများပြည်သူနဲ့ နိုင်ငံတကာ၊ အထူးသဖြင့် ကမ္ဘာ့မွတ်ဆလင် အသိုင်းအဝန်းကို မှန်မှန်ကန်ကန် အကျိုး/အကြောင်း အညီ ချပြနိုင်ရပါမယ်။  ‘အချစ်ဂျီဟဒ်’ သီအိုရီဟာ လူအများ ထင်ယောင်မှားမှုလား၊ အစ္စလာမ် အမုန်းရောဂါ ရဲ့ ပြဿနာ နောက် ဆက်တွဲလား၊ ဒါမှမဟုတ် တကယ်ပဲ လက်တွေ့လူ့အဖွဲ့အစည်းက အမျိုးသမီးငယ်တွေ ခံစားနေရသလား ဆိုတာ ဘက်မ လိုက်တဲ့ စုံစမ်းစစ်ဆေးမှု အရင်လုပ်ရပါမယ်။  လူမျိုး/ဘာသာအစွန်းရောက်တွေ အွန်လိုင်းနဲ့အပြင်မှာ လက်လွတ် စပယ်၊ လေဖမ်းဝါးလုံးတန်းချည် ပြောဆို၊ ရေးသား နေမှုမျိုး၊ အမှန်တဝက် အမှားတဝက် ရောစွက် ပုံဖျက်ထားတဲ့ အချက်အလက်မျိုး၊ အမုန်းစကားပွား ဝါဒဖြန့် မှိုင်းတိုက်နေမှုမျိုးတွေကို အခြေခံပြီး ဥပဒေတွေပြုချင်လို့ မဖြစ်ပါ။  ဘက်မလိုက်၊ အစွဲကင်းတဲ့ ပကတိ အခြေအမှန်ကို အရင်သိအောင် သုတေသန ပြုရပါမယ်။

တကယ်တော့ ကျနော်တို့ ပြည်တွင်းမှာလည်း ‘Love Jihad’ စွပ်စွဲမှုဟာ နိုင်ငံတကာမှာလိုပဲ ယုတ္တိကျတဲ့ အချက်အလက်ကို နောက်ခံထားခြင်း မဟုတ်ပါ။  အမုန်းတရားဖြန့်ဖြူးခြင်းသက်သက်ပါပဲ။  ဒါကို ချေဖျက်နိုင်အောင်၊ နောက်ဆက်တွဲ ဖြစ်ပေါ် နေတဲ့ မလိုလားအပ်တဲ့ ဥပဒေတွေ၊ အမုန်း၊ အာဃာတ၊ အငြိုး၊ ရန်ပွဲတွေ တိုင်းပြည်မှာ ဆက်လက် ရှင်သန် မီးမတောက်အောင် ဗမာမွတ်ဆလင် (ဗမာပြည်က နိုင်ငံသား အစ္စလာမ် ဘာသာဝင်) အသိုင်းအဝန်းကိုယ်တိုင်က ဦးဆောင် ဆော်သြပြီး သိပ္ပံနည်းကျ ပညာရပ်ဆန်ဆန် လေ့လာမှုတွေ အဖွဲ့ပေါင်းစုံပါ ဘက်မလိုက်အဖွဲ့တွေနဲ့ အတူ ပြုလုပ်ဖို့ လိုနေပါတယ်။

‘သားဖောက်သာသနာပြုနေတယ်’ ရိုးစွပ်လိုမှု ပပျောက်သွားရင် အမုန်းတရားပွားလိုသူများရဲ့ လှည့်ကွက် စနက်တွေ အလုပ်ဖြစ်အောင်မြင် တွင်ကျယ်တော့မှာ မဟုတ်ပါ။  ဒါမှ ဘာသာ/လူမျိုးစုံ ချစ်ကြည် ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာပါ။  အချစ်ဂျီဟဒ်နဲ့ အစ္စလာမ်အမုန်းရောဂါ ဆက်စပ်အကြောင်းအရာတွေ နောက်အပတ်တွေမှာ ဆက်လက်ဆွေးနွေး တင်ပြပါမယ်။

ငြိမ်းချမ်းတဲ့ လူ့ဘောင်သစ်ကို မျှော်ရည်လျက်…။

ငြိမ်းချမ်းအေး
မတ် ၀၃၊ ၂၀၁၅ (အသစ်ပြင်ဆင်တည်းဖြတ် ရေးခဲ့သည့် ရက်စွဲ)

(မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရန် အမျိုးသားရေး သံဃာတော်များ အင်းစိန်၊ ရွာမ ပရိယတ္တိစာသင်တိုက်တွင် ဆွေးနွေးတိုက်တွန်း ကနဦး ကြေညာချက်ထုတ်ပြန်ခဲ့သည့်ကာလ (၂၀၁၃) ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် မိုးမခ၌ တုံ့ပြန် ပြန်လည်ဆွေးနွေး ရေးသားခဲ့သည့် “Love Jihad Conspiracy: ‘အချစ်ဂျီဟဒ်’ ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ” ဆောင်းပါးဟောင်းကို ကျောရိုး အခြေခံ၍ အသစ် ပြန်လည်ရေးခဲ့ခြင်း ဖြစ်သည်။  မန္တလေး Friday Times News Journal အတွဲ (၁)၊ အမှတ် (၄)၊ (၂၀၁၅) ခုနှစ် မတ်လ (၀၆) ရက် သောကြာနေ့ထုတ်တွင် ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကိုဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)

မူလ မိုးမခ ဆောင်းပါး: “Love Jihad Conspiracy: ‘အချစ်ဂျီဟဒ်’ ရဲ့ နောက်ဆက်တွဲ စာမျက်နှာများ”
@ http://gita.cc/archives/1585
http://www.moemaka.blogspot.com.au/2013/06/nyein-chan-aye-love-jihad-and-next.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts