သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – ဦးဝင်းတင်ရဲ့ ကဏန်းကိုယ်ထည်စိတ်ဓာတ်ကို အတုယူပါ

 ငြိမ်းချမ်းအေး – ဦးဝင်းတင်ရဲ့ ကဏန်းကိုယ်ထည်စိတ်ဓာတ်ကို အတုယူပါ
(မိုးမခ / သည်လေဒီးစ်နယူးစ်) – မတ်လ ၁၃၊ ၂၀၁၅

● လူထုအံကြွမှု မွေးဖွာရာ
၁၉၈၈ မတ်လ (၁၂) ရက် စနေနေ့ညချမ်းအချိန် ရန်ကုန်၊ အနောက်ကြို့ကုန်းအရပ် စန္ဒာဝင်းလက်ဘက်ရည်ဆိုင်မှာ စက်မှုတက္ကသိုလ်ကျောင်းသားတစုနဲ့ အရပ်သားတစု ခိုက်ရန်ဖြစ်ခဲ့ကြတယ်။  အရပ်သားဘက်မှာ ရပ်ကွက်ကောင်စီ လူကြီး သားပါနေခဲ့ခြင်းနဲ့အတူ ဒီဖြစ်စဉ်ကို အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံက မတရားဘက်လိုက်မှုတွေ ဖြစ်ခဲ့တယ်။  ဒီအနေအထား မှာ မဆလစစ်အစိုးရရဲ့ (၁၉၈၇) စက်တင်ဘာ ငွေစက္ကူ ဖျက်သိမ်းမှုအရေးအခင်းကတည်းက ကျောင်းသားထုရဲ့ အထွေ အထွေမကျေနပ်မှု လိပ်ခဲတည်းလည်းအခြေအနေဟာ အထွတ်အထိပ်ရောက်သွားခဲ့ပြီး မတ်လ (၁၃) မှာ ဆန္ဒပြပွဲ ဆက်ဖြစ်၊ စစ်အစိုးရကလည်း ထုံးစံအတိုင်း အကြမ်းဖက်နဲ့ ကိုဖုန်းမော် ကျဆုံး၊ သွေးစွန်းတဲ့တနင်္ဂနွေ ဖြစ်ခဲ့ရတယ်။  ဒီလိုနဲ့ တပါတီ စစ်အာဏာရှင် ဆန့်ကျင်ရေး ရှစ်လေးလုံးအရေးတော်ပုံကြီးဟာ အစပြုခဲ့တယ်။

အရေးတော်ပုံကြီးရဲ့ လက်ငင်းအကြောင်းစဖြစ်ခဲ့ရာ မတ်လ (၁၂) ရက်ဟာ သမိုင်းတိုက်ဆိုင်မှုလို့ ဆိုရမလားပဲ အရေးတော်ပုံ သံမဏိ တပ်သားကြီး တယောက်ဖြစ်လာမယ့် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် (၁၉၃၀-၂၀၁၄) ရဲ့ မွေးနေ့လည်း ဖြစ်နေတယ်။  နိုင်ငံ့တာဝန်ကို ခေတ်အဆက်ဆက် သတင်းစာသမား၊ စာရေးဆရာ အဖြစ် ခေတ်ဝန်ကိုထမ်း၊ ခေတ်လှမ်းကို လျှောက်လာခဲ့တဲ့ ဦးဝင်းတင်ဟာ ဒီရှစ်လေးလုံးအရေးတော်ပုံကြီးမှာပဲ နိုင်ငံရေးသမား အဖြစ်ကိုရောက်ခဲ့၊ ကမ္ဘာကျော် (၁၉) နှစ်ကြာ ယုံကြည်ချက်အကျဉ်းသမား ဖြစ်ခဲ့ရတယ်။  ဒီလိုနေ့ရက်တိုက်ဆိုင်မှု တင်မကပါ။  ဦးဝင်းတင်ဟာ အရေးတော်ပုံကြီး အစပျိုးရာ အဲဒီကာလဦးမှာ စစ်အာဏာရှင်စနစ်ဆိုး တော်လှန်ရေးတပ်လှန့်သံစာတပုဒ်ကိုလည်း ပြည်သူ့ဘက်က အမြဲရပ် တတ်တဲ့ သူ့ရဲ့ကလောင်စွမ်းနဲ့ နှိုးဆော်ခဲ့ပါသေးတယ်။  ဒါကတော့ သူ့ရဲ့ နာမည်ကျော် ‘ကဏန်းမျက်စိ’ ပါပဲ။

● ‘ကဏန်းမျက်စိ’ အစ
(၁၉၈၇) နာတာလူးပွဲတော် အချိန်အခါမှာ ဦးဝင်းတင်က မိတ်ဆွေ စာနယ်ဇင်းသမားတွေနဲ့အတူ အားကစားကလောင်ရှင် မောင်ရဲဝင်းရဲ့ မှော်ဘီကခြံကို ပျော်ပွဲစားဖို့ သွားခဲ့တယ် ဆိုပါတယ်။  လမ်းမှာ သတင်းထောက် ဦးလှထွန်း အရှင် သယ်လာတဲ့ ကဏန်းကောင် တွေ အကြောင်းကို မေးမြန်း ဖြစ်ရင်း ကဏန်းတွေရဲ့ သဘာဝ ကို သူ သိလိုက်ရပါတယ်တဲ့။  စစ်သံချပ်ကာ ကားလို မာကျော ခိုင်မာ ထုထည် ရှိတဲ့ ကဏန်းကောင် ရဲ့ မျက်ခွံမပါ မျက်စိဟာ အထိအခိုက် မခံနိုင်ဘဲ ခြင်ကိုက်ရင်တောင် သေနိုင်တာကြောင့် တရုတ်တန်းက ကဏန်းမွေးရောင်းသူများဟာ ကဏန်းအရှင်တွေကို ခြင်ထောင်နဲ့ထည့်ထား မွေးရ ကြောင်း ဦးလှထွန်းကပြောပြတော့ ဦးဝင်းတင်က ခရီးအပြန်မှာ ‘ကဏန်းမျက်စိ’ ဆောင်းပါးရေးဖြစ်ခဲ့တယ်လို့ သူ ထောင်ကလွတ်လာပြီးချိန် လွတ်လပ်တဲ့အာရှအသံမှာ တင်ဆက်ခဲ့တဲ့ ကိုယ်တိုင်ပြော ဘဝဇာတ်ကြောင်းမှာ ထည့်ဆိုခဲ့ဖူးပါ တယ်။

ဆရာ့ဆောင်းပါးက ဓားကျိုးလို့ လှံခွေဆိုသလို ကာယသိဒ္ဓိပြီးတဲ့ ရှေးခေါမ သူရဲကောင်းကြီး အာခိလိစ်မှာ အားနည်းတဲ့ ခြေဖနောင့် ရှိတယ်၊ မာကျောတဲ့ ကိုယ်ထည်ရှိတဲ့ ကဏန်းကောင် မှာ အကဲဆတ်၊ အထိအပါး နည်းနည်းမှ မခံနိုင်တဲ့ မျက်စိ ရှိတယ်၊ ဘယ်လောက် ခိုင်မာတဲ့ စနစ် အဖွဲ့အစည်း၊ အဆောက်အဦမဆို အားနည်းချက်ကို ရှာ တိုက်နိုင်ရင် ဗုန်းဗုန်လဲကျမှာ မလွဲဧကန် ဓမ္မတာပဲဖြစ်တယ်ဆိုတဲ့ သဘော ရေးခဲ့တယ်။  ဦးဝင်းတင်က စစ်အာဏာရှင်စနစ်ဆိုးရဲ့ အားနည်းချက် လူထု အုံကြွမှုကို မခံနိုင်ခြင်းကို အသုံးချ မဆလစစ်အစိုးရကို တချက်တည်း ပိုင်ပိုင်နိုင်နိုင် ထိုးနှက်တိုက်ရင် စစ်အာဏာရှင် စနစ် ဆိုး မျိုးပြုတ်မှာပဲဆိုတဲ့သဘော ကဏန်းမျက်စိ ဥပမာပြု ပုံဖျက်၊ လူထုတော်လှန်ရေးနှိုးဆော်တပ်လှန့် ဆိုခဲ့သလို ဆောင်း ပါးရေးခဲ့ပြီး ရဲဘော်ကြီး ဆရာမောင်ဝံသ (၁၉၄၅-၂၀၁၃) ကို ပေးလိုက်တယ်။

မောင်ဝံသက သူ့ရဲ့ အတွေးအမြင်မှာထည့်ဖို့ စာပေစိစစ်ရေးကို တင်တယ်၊ စစ်အစိုးရ စာပေကင်ပေတိုင်ရုံးကလည်း ဆောင်း ပါးရဲ့ လျှို့ဝှက်အဓိပ္ပါယ် အနှစ်သဘောကို နားမလည်တော့ ခွင့်ပြုလိုက်တယ်။  ဒီလိုနဲ့ (၁၉၈၈) နှစ်ဦး အတွေးအမြင်မှာ ဦး ဝင်းတင် ရဲ့ ‘ကဏန်းမျက်စိ’ ဆောင်းပါး ပါလာခဲ့တယ်။  ဆောင်းပါးက အစမှာ သာမန်လူတွေ သတိမပြုမိပေမဲ့ ကျောင်းသား စာစောင်တွေ၊ အရုဏ်ဦးလို မြေအောက်လှုပ်ရှားမှု စာစောင်တွေမှာ ထပ်ဆင့်ဖော်ပြကြရင်းနဲ့ နောက်ဆုံး တိုင်းပြည်အနှံ့ ရောက်၊ နယ်တွေက နံရံကပ်စာစောင်တွေမှာအထိ သက်ရောက်သွားပြီး လူထုအကြားကို တဖြည်းဖြည်းနဲ့ ပျံ့သွားခဲ့ပါတယ်။  ဒီလိုနဲ့ ‘ကဏန်းမျက်စိ’ ဟာ ၈၈ လုထု အရေးတော်ပုံကြီးရဲ့ ပြယုဂ်၊ လှုံ့ဆော်ရေးစာတပုဒ်ဖြစ်ခဲ့တဲ့ သမိုင်းရှိပါတယ်။

● ကမ္ဘာမှာ မှန်ခဲ့တယ်
တကယ်တော့ ဦးဝင်းတင်ရဲ့ ဒီလို မြင်းမိုရ်တောင်ကြီးကို ဇီး(ဆီး)စေ့ သေးသေးလေးတွေနဲ့ မပေါက်ချင်ပါနဲ့ အရှုံးပေးဝါဒ ခံယူချက်နဲ့ ပြောင်းပြန် အားလုံး ညီညီညွတ်ညွတ် စုစည်းပြီး ချက်ကောင်းကို ဝိုင်းပေါက်ရင် ပြိုလဲနိုင်ကြောင်း နှိုးဆော်သံ ‘ကဏန်းမျက်စိ’ ဟာ ၁၉၈၈ ဝန်းကျင် ဗမာ့နိုင်ငံရေးဖြစ်စဉ်အတွက် ရှေ့ဆောင်ဖြစ်ခဲ့ရုံသာမက စစ်အေးခေတ် အဆုံးသတ်ချိန် အဲ့ဒီခေတ် ကမ္ဘာ့အနေအထားအတွက်ပါ အနာဂတ္တိ စာတပုဒ်လို့လည်း ဆိုချင် ဆိုနိုင်ပါတယ်။

အဲ့ဒီအချိန်က ကွန်မြူနစ်ဝါဒကို တလွဲအသုံးချပြီး တပါတီအာဏာရှင် လက်နက်နိုင်ငံတော်ကြီး တည်ဆောက်ကာ ပြည်သူလူ ထုကို ဆင်းရဲတွင်းနက်စေခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီးနဲ့ လက်ဝဲအာဏာရှင်နိုင်ငံတွေရဲ့ နေဝင်ဆည်းဆာအချိန် ဖြစ်ပါ တယ်။  ဘိလပ်က ငါးသုံးလုံး အမှတ်တံဆိပ် ဆေးလိပ် လောက်တောင် သက်တမ်း မရှည် ကျဆုံးခဲ့ရတယ်လို့ (၁၉၉၀) ခုနှစ် များမှာ ပြောစမှတ်ပြုဖွယ်ဖြစ်ခဲ့ရတဲ့ ဆိုဗီယက် တပါတီ အာဏာရှင်စနစ်ဟာ အခြေခံ ကောင်းမွန်ပြည့်ဝတဲ့ လက်ဝဲနိုင်ငံရေး အတွေးအခေါ်တွေကို ပုံဖျက်ကာ အာဏာကို အရင်းတည်၊ လူ့အဖွဲ့အစည်းမှာ အကြောက်တရားကို လွှမ်းမိုးစေပြီး သံမဏိ ကွန်ချာ တည်ဆောက်ထားဟန်ရှိတာမို့ ကမ္ဘာတည်သရွေ့ မပြိုလဲနိုင်တော့လို့ အဲဒီအချိန်တုန်းကတော့ လူအများ ယူဆခဲ့ကြ ဖူးတယ်။  ဒါပေမဲ့ အာဏရှင်တစု တည်ဆောက်ထားတဲ့ သံမဏိ ကန့်လန့်ကာတွေဟာ ပြည်သူ့အား (People Power) နဲ့တွေ့တဲ့အချိန်မှာ ထိခိုက် ကွဲရှ ပျက်စီးလွယ်တဲ့ ဖန်ပေါင်းချောင်တွေသာ ဖြစ်ကုန်တော့တယ်။  ဦးဝင်းတင်ရဲ့ ‘ကဏန်းမျက်စိ’ သဘောဟာ မှန်ကန်ကြောင်းကို သမိုင်းသက်သေဖြစ်စဉ်တွေ ဆောင်းပါးထွက်ပြီး နောင်နှစ်အနည်းငယ်အကြာမှာပဲ ကမ္ဘာ မှာ ဖြစ်လာခဲ့တယ်။

● ဗမာက ကျန်ခဲ့တယ်
ဦးဝင်းတင် မူရင်း ရွယ်ရည်ရေးသားလှုံ့ဆော်ခဲ့တဲ့ ဗမာ့အရေးမှာတော့ ‘ကဏန်းမျက်စိ’ ဟာ အသက်ပြင်းခဲ့ပါတယ်။  လူထု အားကို အသုံးချပြီး မဆလ စစ်အစိုးရ ကို ဖြုတ်ချနိုင်ခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ဟာ နာမည်တမျိုးနဲ့ ဝမ်းနည်း၊ နာကြည်း၊ ခံပြင်းဖွယ် အသက်ဆက်ခဲ့ရတယ်။  ဒီလို သက်ဆိုးရှည်ခဲ့မှုကြောင့် လူထုအရေးတော်ပုံတပ်သားကြီး ဦးဝင်းတင် တယောက် လည်း အာဏာရှင်စနစ်ဆိုး မျိုးဖြုတ်ရေးအတွက် ကလောင်လက်နက်တင်မက၊ နိုင်ငံရေးလက်နက်ပါ ဆွဲကိုင်ကာ ဆက် လက် တိုက်ပွဲဝင်ခဲ့ရတော့တယ်။  ဒီလိုနဲ့ နာမည်ပြောင်း နဝတ၊ နအဖ စစ်အစိုးရ အဆက်ဆက်ရဲ့ နှစ်ရှည် ထောင်သွင်း အကျဉ်းချခြင်းကို ခံခဲ့ရတယ်။

● ‘ကဏန်းကိုယ်ထည်’ စိတ်ဓာတ်နှင့် ဦးဝင်းတင်
လက်ရှိ စစ်အုပ်စုအသွင်ပြောင်း စစ်တပိုင်းအစိုးရခေတ်ဦးမှာ ဦးဝင်းတင်တယောက် ထောင်အပြင်ရောက်ကာ အထိုက်အ လျောက် လွတ်လပ်မှုရခဲ့၊ ကလောင်ကိုပြန်ဆွဲပြီး မသေခင်အချိန်ထိ ပြည်သူ့ဘက်ကနေ အသံကျယ်ကျယ် ထွက်ခဲ့နိုင်ပါတယ်။  ဒါပေမဲ့ လွပ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း လူမှု၊ စီးပွား၊ နိုင်ငံရေး ကင်းမဲ့နေတဲ့ ကျနော်တို့ တိုင်းပြည်ကတော့ စစ်အုပ်စုနဲ့ အပေါင်းအပါလူတစုရဲ့ မတရားမှုဒဏ်၊ ဖိနှိပ်မှုဒဏ်ကို ဆက်လက်ခံနေရဆဲ၊ အကျဉ်းထောင် အကြီးစားကြီး ဖြစ်နေဆဲ ဖြစ်ပါတယ်။

ဒီသဘောကြောင့် လူတစုနဲ့မဟုတ်ဘဲ တကယ့် လူထုနဲ့သာ တသက်လုံး တသားတည်း နေခဲ့၊ ရပ်ခဲ့သူ၊ ကျတ်ပြေးအရပ်က သူယောင် ဒီမိုကရေစီမျက်လှည့်ပွဲကို မျက်စိမလည်၊ နားယောင်မလွယ်သူ ဦးဝင်းတင်ဟာ အကျဉ်းကျနေဆဲ ဗမာပြည်ကြီး အမှတ်သင်္ကေတ ထောင်ဝတ်စုံကို သေသည့်တိုင်အောင် မချွတ်ခဲ့သလို ဦးခေါင်းတွေ မညွတ်၊ ဒူးခေါင်းတွေ တကယ်မပျော့၊ အသံတွေ မာသွားခဲ့တယ်။  လာမယ့် ဧပြီ (၂၁) ရက်နေ့မှာ နှစ်လည်တော့မယ့် ဆရာဦးဝင်းတင်ရဲ့အကြောင်းကို အခု သူ့မွေးနေ့အချိန်အခါမှာ ပြန်တွေးရင် သူ့ဆောင်းပါး ‘ကဏန်းမျက်စိ’ နဲ့ ဆက်စပ် ‘ကဏန်းကိုယ်ထည်’ ကို မျက်စိထဲ မြင်မိပါတယ်။  “ကဏန်းကိုယ်ထည်” ရဲ့ ပုံပန်းသဏ္ဌာန်က ဆရာဦးဝင်းတင်ရဲ့ ဘဝ နေထိုင်မှုဟန်ပန်နဲ့ စိတ်ဓာတ်ကို အ ကောင်းဆုံး ပုံဖော်နိုင်မယ် ထင်ပါတယ်။

အင်းစိန်ထောင်မှာ၊ ခွေးတိုက်မှာ တဦးတည်း တိုက်ပိတ်ခံရစဉ်၊ စစ်ကြောရေးစခန်းတွေမှာ လူ့ငရဲခန်းဖြစ်သန်းနေရစဉ်၊ သွားတွေမရှိတော့တဲ့ အချိန်တွေ၊ ရောဂါဘယထူပြော နှိပ်စက်နေစဉ် အစရှိတဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ နေ့ရက်တွေကို အ သက် (၆၀) ကျော်၊ (၇၀) ကျော် အဘိုးကြီးတယောက်အနေနဲ့ ကြံ့ကြံ့ခံ ဖြတ်သန်းနိုင်ခဲ့တာဟာ ဦးဝင်းတင်ရဲ့ ခိုင်မာသန်စွမ်း မာကျောလှ တဲ့ “ကဏန်းကိုယ်ထည်” စိတ်ဓာတ်ကြောင့်ပဲ ဖြစ်ပါတယ်။  ဒါ့အပြင် ရပ်တည်ချက် မပြောင်းလဲခဲ့ရာမှာလည်း သူဟာ “ကဏန်းကိုယ်ထည်” ပါပဲ။  အခြေခံပြည်သူလူထု အများစု ကျောမွဲတွေဘက်က ရပ်တည် ပြောဆို၊ ရေးသားဖို့ရာဆိုရင် သူ အမြဲလေးစားခေါင်းဆောင်တင်တဲ့ ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးတောင်မချန် ပြောဆိုစရာရှိရင် မာမာထန်ထန် ပြောပစ်ခဲ့တာ လက်ပံတောင်းဖြစ်စဉ်က သက်သေပါ။ တကယ်တော့ ဦးဝင်းတင် မဆုံးခင်တလျှောက်လုံး လေသံမာမာ၊ အသံကျယ်ကျယ်ဟစ်သွားခဲ့ခြင်းက နိုင်ငံအနှံ့က အသံမထွက်နိုင်တဲ့ နင်းပြားလူထုအတွက် မာခဲ့ရခြင်းပါ၊ အမှန်တရား အတွက် ကျယ်ခဲ့ရခြင်းပါ၊  လွတ်မြောက်မှုအတွက် ဟစ်ခဲ့ရခြင်းပါ၊ ပြည်သူ့ ဒီမိုကရေစီစစ်စစ်အတွက် အော်သွားခဲ့ခြင်းပါ။

● ‘ကဏန်းကိုယ်ထည်’ စိတ်ဓာတ်ရှင်တွင် ပိုလိုနေပြီ
ဦးဝင်းတင်ရဲ့ ရပ်တည်ချက်မျိုး မရှိမဖြစ် လိုအပ်ကြောင်းက မျက်မှောက်သမိုင်းက မျက်မြင်ပါပဲ။  လေသံဖော့၊ ချောတိုင်တက် နိုင်ငံရေးအလုပ်မဖြစ်ကြောင်းကလည်း အစိုးရသစ်သက်တမ်းကုန်ခါနီးလေ ထင်ရှားလာလေဖြစ်တဲ့ စစ်အုပ်စု၊ ခရိုနီနဲ့ လက်ဝေခံလူတစုကောင်းစားရေး ပေါက္ခရ ဝဿ ဒီမိုကရေစီလမ်းကြောင်းက သက်သက်ပြုနေပါတယ်။  အခု ဒီမိုကရေစီ ပညာရေးအတွက် ကျောင်းသားလေးတွေ စတေးခံ ဖြစ်ရတာက နောက်ဆုံးသာဓကပါ။  ဒီလို ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်မှုကိုတောင် လက်သင့်မခံနိုင်တဲ့ စစ်ဗိုလ်ချုပ်များရဲ့ ခွေးတူဝက်တူ ဒီမိုကရေစီအကြောင်း နံပါတ်တုတ်သက် သေရှိပါတယ်။  ဒီလို အကြမ်းဖက်မှု၊ မတရားမှုကိုတောင် ဟန်ဟန်ပန်ပန် မကန့်ကွက်နိုင်၊ တိုင်းပြည့်အနာဂတ်ရင်သွေးလေးတွေ ကို အကာအကွယ်မပေးနိုင်တဲ့ မတိုက်မခံ လွှတ်တော်နိုင်ငံရေးကလည်း ဦးဝင်းတင်လို အသံထွက်သူတွေ ပိုလိုကြောင်း ပြနေပါတယ်။

● ‘သွေးစွန်းတဲ့တနင်္ဂနွေ’ မှသည် ‘သွေးစွန်းတဲ့အင်္ဂါ’ အထိ

လွန်ခဲ့တဲ့ (၂၇) နှစ်တုန်းက အရေးတော်ပုံတပ်သားကြီး ဦးဝင်းတင် မွေးနေ့အချိန် တိုက်တိုက်ဆိုင်ဆိုင် ‘သွေးစွန်းတဲ့တနင်္ဂနွေ’ ဖြစ်ခဲ့၊ နောက်ဆက်တွဲ လူထုအုံကြွမှုကြီးဖြစ်ပြီး မဆလစစ်အစိုးရ ပြုတ်ကျခဲ့ပါတယ်။  အခုလည်း ဦးဝင်းတင်မွေးနေ့ မတိုင်ခင် (၂) ရက်အလို မတ်လ (၁၀) ရက်နေ့မှာ လက်ပံတန်းမှာ ကျောင်းသားများ အကြမ်းဖက်ခံခဲ့ရပြီး ‘သွေးစွန်းတဲ့အင်္ဂါ’ ဖြစ်ခဲ့ပါ တယ်။  ဒါပေမဲ့ ခေတ်နောက်ခံ အနေအထားကတော့ ပြောင်းလဲခဲ့ပါပြီ။

အခု ဖားတပိုင်းငါးတပိုင်း စစ်အစိုးရမှာ အနောက်အုပ်စုရဲ့ စီးပွားလိုဘနဲ့ ဒေသတွင်း တရုတ်နဲ့ အာဏာချိန်ခွင့်လျှာညှိ ယှဉ် လိုတဲ့ ပထဝီနိုင်ငံရေးကလာတဲ့ ထောက်ခံမှုရှိနေပါတယ်။  တရုတ်၊ ဂျပန်၊ အာဆီယံရဲ့ စီးပွားလောဘ ဝိုင်းဝန်းမှုရှိပါတယ်။   စစ်လွှတ်တော်နိုင်ငံရေးမှာ အသာစီးရနေပါတယ်။  ဖွဲ့စည်းပုံနဲ့ ချုပ်ထားတဲ့ မသေမရှင် အတိုက်အခံရဲ့ ပံ့ပိုး ပူးပေါင်းမှုရှိပါတယ်။  ဒီလို ခိုင်မာနေဟန်ရှိပေမဲ့ အာဏာရှင်တိုင်းရဲ့ အားနည်းချက် ကဏန်းမျက်စိ ဖြစ်တဲ့ လူထုအင်အားအုံကြွမှုကိုတော့ အစိုးရ ကြောက်ပါတယ်။  ဒါကြောင့်လည်း အမျိုးမျိုးညှိနှိုင်း အဆင်ပြေဖို့ကြိုးစားခဲ့တဲ့ ကျောင်းသားတွေကိုတောင် နောက်ဆုံးမှာ ကျောင်းမှန်ကန်မှန်းသိအောင်ဆိုပြီး အငြိုးတကြီးနဲ့ အကြမ်းဖက်ရက်စက် ဘီလူးအစွယ် ထုတ်ပြခဲ့ပါတယ်။

● ‘ဦးဝင်းတင်လေး’ တွေကို ဝန်းရံကြ
အခုအချိန်မှာ ပြောင်းလဲလာပြီဖြစ်တဲ့ အတိုက်အခံရဲ့ ရွေးကောက်ပွဲမျှော် မူဝါဒကြောင့် အထွေထွေသပိတ်မျိုးအထိ ချက်ချင်း ဖြစ်ဖို့ လမ်းနည်းပါတယ်။  ဒါပေမဲ့ ဦးဝင်းတင်ရဲ့ မတရားမှုကို အန်တုဖို့ ဘယ်တော့မှ မပျက်ကွက်တဲ့ ကဏန်းကိုယ်ထည် စိတ်ဓာတ်ကို အတုယူသူ လူငယ်များနဲ့ ဝိုင်းဝန်းသူ ပြည်သူများကတော့ အကြမ်းဖက်မှု ဆန့်ကျင်ရေး တန်ပြန်လှုပ်ရှားမှုတွေ မပြတ်ပြုလုပ်ကြမှာပါပဲ။  ဒီအချိန်ဟာ ကယ်တင်ရှင်မရှိ၊ နတ်ဘုရား မကိုးကွယ်၊ သူရဲကောင်း အားမကိုး၊ မင်းလောင်းမမျှော်၊ ခေါင်းဆောင်ဆိုတာ မရှိ၊ လူတိုင်း ကိုယ့်ကိုယ်ကို ခေါင်းဆောင်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ကိုယ်ထူမှ ကိုယ်ထရမယ့် အချိန် ဆိုတာ ဦးဝင်းတင်စိတ်ဓာတ်ကို ဆက်ခံသူ မျိုးဆက်သစ်က ကောင်းကောင်းသိနေပါပြီ။  အခုအခြေအနေမှာကို စစ်အုပ်စုရဲ့ ကမ္ဘာလှည့်လိမ်နေတဲ့ မင်းသားမျက်နှာဖုံးကို လူငယ်တွေ ဆွဲချွတ် ချွေးနဲ့သွေးနဲ့ရင်းပြီး အောင်ပွဲအဆင့်တခု ခံနိုင်ခဲ့ပါပြီ။  တပေါင်းလမှာ ဒေါင်းပျိုတွေ မပြတ်တွန်သံညံခဲ့၊ ဆက်လက်လည်း ညံနေဦးမှာပါပဲ။

မြေသိမ်း၊ ယာသိမ်း၊ ကျောင်းဖြို၊ ဘုရားဖျက်၊ သိမ်ဖျက်၊ ကျည်ဆန်ပေး၊ တုတ်ကျွေးကနေ ဖိနှိပ်တဲ့ဥပဒေပြဋ္ဌာန်းမှု၊ မှိုင်းတိုက် တဲ့ ပညာရေးစနစ် ဖန်တီးမှုအထိ ဖိနှိပ်ရက်စက်မှုမျိုးစုံနဲ့ တည်ဆောက်ထားတဲ့ လူနဲ့လူချင်း အားကြီးသူက နိုင်ရာစားရာ ကြီးနိုင် ငယ်ညှဉ်း လက်နက်ရှိသူ မင်းမူစတမ်း တောရိုင်းဥပဒေ စိုးမိုးရာ တိရစ္ဆာန်ဝါဒ ရှင်သန်ထွန်းကား အမြစ်တွယ်ရာ စစ် ခရိုနီစနစ်ကို အပြီးတိုင် ဖုတ်ကြည်းသင်္ဂြိုဟ် မြေမြှုပ်ဖို့ရာကတော့ ကျင့်ဝတ်တာဝန်သိတတ်သူ နိုင်ငံသားအားလုံး ဦးဝင်းတင် စိတ်ဓာတ်ရှင် မျိုးဆက်သစ်ကို တနိုင် ကာယ၊ စိတ္တ ဆက်လက်ဝိုင်းဝန်းပေးကြဖို့ လိုပါတယ်။  တိုင်းပြည်အနာဂတ်မှာ လွတ် လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူညီမျှရှိခြင်း၊ အခွင့်တူအားလုံး ပါဝင်ခွင့်ရှိခြင်းဆိုတဲ့ လောကကို စောင့်ရှောက် စည်ပင် ချမ်းသာနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီ လောကပါလတရားတွေ ရှင်သန်စေလိုရင် ဦးဝင်းတင်စိတ်ဓာတ်တွေမွေး မတရားမှုတွေကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါ၊ တရားမှုကို ရဲရဲဝံ့ဝံ့ ထောက်ခံပေးကြပါ။

● ဓမ္မက အဓမ္မကို နိုင်ရမည်
နိဂုံးချုပ်ရရင် အခုအချိန်မှာ လက်နက်အားကိုးနဲ့ အဓမ္မတွေ မင်းမူနေလို့၊ ဓမ္မက ရုပ်လုံးမပေါ်နိုင်၊ ပညာက နောက်တန်းရောက်၊ ပညာတတ်လူငယ်တွေ ထောင်ထဲ ရင်ကော့ ဝင်နေရပေမဲ့ အဆုံးမှာ ဓမ္မက အဓမ္မကို၊ တရားမှုက တရားမဲ့မှုကို အောင်နိုင်ရမှာ ဧကန်မုချ  လောကနိယာမ ဓမ္မတာပါ။  ဒါကြောင့် ဓမ္မကို ကိုယ်စားပြုတဲ့၊ တရားမှုကို ဖော်ဆောင်မယ့် ဒီမိုကရေစီ ပညာရေး တိုက်ပွဲမှသည် ခွင့်တူညီမျှ ဝါဒဖြူစင် အမှန်တကယ်ခံစားရမယ့် ပြည်သူ့ဒီမိုကရေစီ လောကနိဗ္ဗာန်တည်ရမယ့်အချိန် ရောက် ပြီမို့ အားလုံး ဦးဝင်းတင်စိတ်ဓာတ်မွေး လူငယ်မျိုးဆက်သစ်ကို တာဝန်သိ ဝန်းရံဖို့ တိုက်တွန်းနှိုးဆော်လိုက်ကြောင်းပါ ခင်ဗျား။

ငြိမ်းချမ်းအေး
မတ် ၁၂၊ ၂၀၁၅

[(၂၀၁၄) ခုနှစ် မတ်လ (၁၂) ရက် ဆရာဦးဝင်းတင် မွေးနေ့အမှတ်တရရေးခဲ့သည့် မိုးမခဆောင်းပါးကို အခြေခံ၍ အ သစ်ပြင်ဆင် တည်းဖြတ်ရေးထားခြင်း ဖြစ်သည်။ သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၅)၊ (၂၀၁၅) ခုနှစ် မတ်လ (၁၃) ရက်နေ့ သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင်လည်း အွန်လိုင်း ထပ်မံ ဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။]

Note: Original Photo Credit: Copyright © James Mackay @ http://www.enigmaimages.net ; Non-Commercial Use ONLY.


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts