Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ကိုစိန္တာ တယောက် တကိုယ်တည်းကမည့် “ကံတရားဇာတ်ရုံ ” တေးစီးရီး စတင်ဖြန့်ချိလျက်ရှိ

ရန်နောင် (ဗိုလ်တထောင်) – ကိုစိန္တာ တယောက် တကိုယ်တည်းကမည့် “ကံတရားဇာတ်ရုံ ” တေးစီးရီး စတင်ဖြန့်ချိလျက်ရှိ
(မိုးမခ) မတ်လ ၁၀၊ ၂၀၁၅

ဂီတနဲ့ပတ်သက်ပြီး ဆရာသမားကောင်းအဖြစ် ကိုငှက် (ထူးအိမ်သင်) အား ဆည်းကပ်ကိုးကွယ်ခွင့်ရခဲ့သည့် ကိုစိန္တာ တယောက် “ကံတရားဇာတ်ရုံ” အမည်ရ တေးစီးရီးခွေကို တေးချစ်ပရိတ်သတ်လက်ထဲသို့ မတ်လ (၃) ရက်နေ့က စတင်ဖြန့် ချိလိုက်ပြီဖြစ်သည်။

သူ၏ အခက်အခဲအမျိုးမျိုးကြားမှ လုပ်ကိုင်ခဲ့ရသော အဆိုပါ “ကံတရားဇာတ်ရုံ” တေးစီးရီးနှင့် မိုးမခနှင့် စကားစမြည် ပြောဆိုခွင့်ရခဲ့ရာ သူ့အား မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါသည်။

“ဒီအခွေလေးကိုလုပ်ဖို့ အချိန်သိပ်မယူလိုက်ရဘူးဗျ။ တေးရေး ရန်လင်းအောင်နဲ့က သူငယ်ချင်းတွေလေ။ ကွဲသွားတာကြာ ပြီပေါ့။ ပြန်တွေ့တော့ သီချင်းတွေရေးဖြစ်သေးလားမေးတော့ သူကလည်း ရေးဖြစ်တယ်။ အချိန်ကတော့ သုံးလေးလ လောက်ပဲ ကြာတယ်”

“ဒီအခွေမှာ သီချင်းစုစုပေါင်း (၁၁) ပုဒ်လုပ်ထားပါတယ်။ Music ပုံစံကတော့  Jazz  နဲ့ Slow Rock လေးတွေ နည်းနည်းစီ ပါပါမယ်။ သီချင်းတွေကတော့ ကျနော့်ဆရာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ကိုငှက် (ထူးအိမ်သင်) ရဲ့ သီချင်းပုံစံလေးတွေ ပါမှာပါ”

“တကယ်တော့ ၁၉၈၈ ခုနှစ်လောက် ကျနော် ဂီတာစတီးတတ်ခဲ့တော့ ကိုငှက်ရဲ့သီချင်းတွေနဲ့ပဲ စတီးခဲ့တာဆိုတော့ သူ့ပုံစံ၊ သူဟန်တွေက ကျနော်အတင်းလုပ်ယူတာမဟုတ်ပဲ သူ့ဟန်ပန်တွေက ကျနော့်ဆီမှာ ပူးကပ်နေတာပါ။ ၁၉၉၉ ခုနှစ်လောက် မှာ ကိုငှက်ဆီရောက်သွားတော့ သူ့ဆီမှာ တနှစ်လောက်သင်ယူလိုက်တယ်။ သူ့သီချင်းတွေကို အရမ်းကြိုက်တာဗျ။ အခု လည်း ကြိုက်နေတုန်းပါပဲ”

“ကျနော် ဒီအခွေလေးကို “ကံတရားဇာတ်ရုံ” လို့ ဘာဖြစ်လို့ ပေးဖြစ်တာလဲဆိုတော့ .. ဒီလိုဗျ လူတွေကို ကံတရားကပဲ စီမံ တယ်လေ။ အဲဒီလိုစီမံတဲ့အခါမှာ ကံတရားရဲ့ဇာတ်ရုံကြီးထဲမှာ ကျနော်တို့က ရယ်ဆို ရယ်၊ ငိုဆို ငို၊ တော်ကြာ ပျော်ဆို ပျော်ပြန်ရော။ အဲဒီလို လူ့ဘဝအဖုံဖုံကို သီချင်းလေးတွေနဲ့ ခံစားသီဆိုပေးထားတာဖြစ်လို့ “ကံတရားဇာတ်ရုံ” လို့ အမည်ပေး လိုက်တာပါ”

တေးရေး “ရန်လင်းအောင်” ကလည်း ကိုငှက်ပရိတ်သတ်တယောက်ပဲလေ။ ကိုငှက်ကို ရူးသွပ်သူတယောက်ပဲပေါ့။ ကျနော် ကလည်း ကိုငှက်ကိုကြိုက်တဲ့သူဆိုတော့ သူရေးပေးတဲ့စာသားနဲ့ ကျနော်ဆိုချင်တဲ့ပုံစံ ကွက်တိဝင်သွားတာပေါ့။ ကိုငှက် အမှတ်တရအနေနဲ့ တခုပြောပြရရင်တော့ တခါ သူအိပ်နေတယ်ထင်ပြီး ဂစ်တာကောက်ကိုင်၊ သီချင်းတပုဒ် ညီးကြည့် လိုက်တော့ သူချက်ချင်းထလာပြီး “ဟေ့ကောင် ရပ်လိုက်၊ မင်းဆိုတာ ငါ့အသံချည်းဖြစ်နေတယ်တဲ့။ ဒါ မဖြစ်သင့်တဲ့ကိစ္စကွ။ ငါလည်း အရင်တုန်းက ခိုင်ထူးအသံနဲ့ဆင်တယ်ဆိုပြီး ပျော်ခဲ့တယ်။ ဒါကိုပြင်ပြီး ခုလိုဖြစ်လာအောင်လုပ်လာတာ။ မင်းလည်း  မတူစေနဲ့ဆိုပြီး ဆုံးမဘူးတာ အမှတ်ရပါတယ်။

ကျနော်ကိုငှက် အသံနဲ့ဆင်ပေမဲ့ ကိုငှက်သီချင်းတွေတော့ မဆိုရဲပါဘူး။ စိတ်ကူးလည်း မရှိဘူးဗျ။ ကျနော်ဒီအတိုင်းပဲ ထား ချင်တယ်ဗျာ။ သူသက်ရှိထင်ရှားရှိနေတယ်ဆိုရင်တော့ တမျိုးပေါ့။ သူက လာပြပေးပြီး မင်းဒီလိုဆို၊ ငါက ဒီလိုဆိုထားတာဆိုပြီးလာပြပေးရင်တော့ ဆိုရဲပါတယ်။ အခုတော့ သူမရှိတော့ သူဘယ်လိုဆိုထားတယ်ဆိုတာ မသိဘူးလေ။ အဲဒီတော့ ရမ်းသန်းပြီး မဆိုရဲဘူးလေ။ သူ့ကို ကျနော်ရဲ့ စင်ပေါ်မှာပဲ တင်ထားမယ်ဗျာ။

“ကံတရားဇာတ်ရုံ” တေးစီးရီးကို တေးရေး ရန်လင်းအောင် တကိုယ်တော်ရေးဖွဲ့ပြီး ကိုစိန္တာတကိုယ်တော်သီဆိုထားခြင်းဖြစ် သည်။ ကိုယ်ပိုင်သံစဉ် အချစ်သီချင်း (၁၁) ပုဒ်ပါဝင်ပြီး Heaven Born Band နှင့်တီးခတ်ထားပြီး Guardians ,Shine Melody နှင့် Counter Point Studio တို့မှာ အသံသွင်းယူခဲ့ပါသည်။ ထိုအခွေကို မူပိုင် မေညိုမှစီစဉ်ကာ Love For Love Music Production ကနေ မတ်လ (၃) ရက်နေ့မှ စတင်ကာ ဖြန့်ချိနေပြီဖြစ်ကြောင်းလည်း ထပ်မံသိရှိခဲ့ရပါသည်။ ကိုယ်ပိုင် သံစဉ် အချစ်သီချင်း သီးသန့်ကြိုက်သူများအတွက် သီချင်းအသစ်စက်များများကို ကိုငှက်ကြီးအလွမ်းပြေ ခံစားနားထောင် ကြည့်ပါလို့ တိုက်တွန်းရင်း ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts