ကိုအောင်မှိုင်း ဝေဖန်ရေးရာ

ကိုအောင်မှိုင်း – ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော စစ်တပိုင်းအစိုးရနှင့် မြန်မာ့အနာဂါတ်

ကိုအောင်မှိုင်း – ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော စစ်တပိုင်းအစိုးရနှင့် မြန်မာ့အနာဂါတ်
(မိုးမခ) မတ် ၁၀၊ ၂၀၁၅

ဦးသိန်းစိန်အစိုးရကို ပွင့်ပွင့်လင်းလင်းပြောပါဆိုရင်တော့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အရုပ်တရုပ်နဲ့ တူတယ်လို့ဘဲ ပြောရတော့မှာပါ။ စစ်ရေး စီးပွါးရေး နိုင်ငံရေး စတဲ့ ဘက်အသီးသီးမှာ အားလုံးလိုလိုဘဲ မရှုမလှ ဆုံးရှုံးနေချိန်လို့ပြော နိုင်မှာလဲဖြစ်ပါတယ်။ ဒီအတိုင်း ဆက်သွားမယ်ဆိုရင် အစိုးရကိုယ်တိုင် မကြာမီမှာ ဘုန်းဘုန်းလဲသွားနိုင်တယ်ဆိုတာ နိုင်ငံရေးလေ့လာသူတွေအနေနဲ့  ကြိုတင်လေ့လာ အကဲခတ်မိမယ်ထင်ပါတယ်။

ဘာကြောင့်ကျနော် ဒီလိုပြောနိုင်သလဲ။အဓိကအချက်ကတော့ တနိုင်ငံလုံးမှာရှိတဲ့ လူထုလူတန်းစားအားလုံးရဲ့  အစိုးရ အပေါ်ယုံကြည်သက်ဝင်မှုဟာ လုံးဝလိုလိုကို ဆုံးရှုံးသွားတဲ့အတွက်ဖြစ်ပါတယ်။တကဲ့လို့သာ အစိုးရရဲ့ ပျော့ကွက်တခုခု ကိုသာ လူထုကထိုးနှက်လိုက်နိုင်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရဟာလုံးဝကို နိဂုံးချူပ်သွားမှာမလွဲဧကန်ဖြစ်ပါတယ်။လူထု ဟာ အဲဒီလိုလုပ်ဘို့အတွက်လဲ အသင့်အနေအထားမှာ ရှိနေကြပါတယ်။

လူထုဟာ ဦးသိန်းစိန်အစိုးရကို အတော်စိတ်ပျက်နေကြတယ်။ အစိုးရသက်တမ်းတလျှောက် ဘာမှ မယ်မယ်ရရအောင် မြင်အောင်လုပ်မသွားနိုင်ခဲ့တာလဲ အကြောင်းတခုဖြစ်ပါတယ်။ပြောရမယ်ဆိုရင် လူထုနဲ့ နိုင်ငံတကာကို ပေးခဲ့တဲ့ဂတိတွေ ကို တခုမှာ မစွမ်းဆောင်နိုင်တာလဲ အကြောင်းတခုပါဘဲ။ ဂတိမတည်တော့ လိမ်သလိုဖြစ်တာပေါ့ဗျာ။ ကိုယ်ကိုယ်တိုင် လိမ်လိုတဲ့ ဆန္ဒရှိသည်ဖြစ်စေ ဆန္ဒမရှိသည်ဖြစ်စေ လုပ်ရပ်ကတော့ လိမ်တဲ့လုပ်ရပ်ဖြစ်နေတာပေါ့။

အဆိုးဆုံးကတော့ အစိုးရကိုယ်တိုင်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေဘဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ်တွေကြောင့် အစိုးရတရပ်အဆင့်အတန်းကနေ မာဖီးယားဂိုဏ်းတဂိုဏ်းအဆင့်အတန်းကို လျှောကျလာတာဘဲဖြစ်ပါတယ်။ ငါတို့မှာ လက်နက်ရှိတယ်။ဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုတဲ့ အတွေးအခေါ်ဖြစ်လာပြီဆိုရင် အစိုးရအဆင့်အတန်းကနေ လူဆိုး ဂိုဏ်းတဂိုဏ်း အဆင့်အတန်းကို ရောက်သွားတော့တာပါဘဲ။ကနေ့ ဦးသိန်းစိန်အစိုးရဟာ မာဖီးယားဆန်ဆန်တွေလုပ် လာနေတာ အထင်အရှားတွေ့ လာနေရပါတယ်။ဆိုလိုတာက လူဆိုးဂိုဏ်းတဂိုဏ်းရဲ့  လုပ်နည်းလုပ်ဟန်တွေ ဖွံ့ ဖြိုးလာ တာဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေဟာ တိုင်းပြည်အတွက် သိပ် အန္တရယ်ကြီးတယ်လို့ ပြောပါရစေ။ဒါတွေအားလုံးကိုလဲ အစိုးရကတာဝန်ယူရပါလိမ့်မယ်။

အစိုးရကတာဝန်ယူရမယ်ဆိုတဲ့စကားကို ကနေ့အစိုးရအဖွဲ့ ဝင်တွေ သိတ်မလေးနက်ကြတာတွေ့ ရပါတယ်။ ကျနော် စောစောကပြောခဲ့သလိုဘဲ ငါတို့မှာသေနတ်ရှိတယ်။ ဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုတဲ့ မာန်မာနတွေဟာ တချိန် မှာအလှည့်အပြောင်းတခုခု ဖြစ်လာရင် အတော့်ကို အထိနာစေတယ်ဆိုတာ နိုင်ငံတကာသမိုင်းအလှည့်အပြောင်းတွေ မှာထင်ထင်ရှားရှား မြင်ခဲ့ကြရပြီးလဲဖြစ်မယ်ထင်ပါတယ်။ သားစဉ်မြေးဆက် အထိနာတတ်ကြပါတယ်။ လူထုဆိုတာက အားအင်ကုန်ခမ်းသွားတယ်ဆိုတဲ့ သဘာဝမရှိတော့ ကွေ့ တကွေ့ကွေ့မှာထိတ်တိုက်တိုးမှုတွေရှိကို ရှိလာလေ့ရှိပါတယ်။ အဲဒီလို အချိန်မျိုးရောက်ရင်တော့ ကျနော်တို့ပြောတဲ့ အစိုးရကတာဝန်ယူရမယ်ဆိုတဲ့ စကားရဲ့အဓိပ္ဗါယ်ဟာ လေးနက် လာတတ်ကြောင်း သမိုင်းကသက်သေပြခဲ့ပြီးဖြစ်ပါတယ်။

တိုးလို့တန်းလန်းငြိမ်းချမ်းရေး(သို့) ချဉ်ပတ်လှုပ်ရှားမှု။

ပွင့်ပွင့်လင်းလင်း အရှိကိုအရှိအတိုင်းပြောလိုက်တာပါ။ပြည်တွင်းငြိမ်းချမ်းရေးတို့ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ ဆိုပြီး ဟိတ်တွေဟန်တွေနဲ့ စခဲ့တဲ့ ဦးသိန်းစိန်အစိုးရရဲ့  သင်္ကြန်အမြောက်သံဟာ တိုးတိတ်လို့သွားခဲ့ပါပြီ။ပြောရမယ်ဆို ရင် တိုင်းရင်းသားတွေကို အချဉ်တွေလိုသဘောထားလုပ်ခဲ့တဲ့ ချဉ်ပတ်လှုပ်ရှားမှုကို တိုင်းရင်းသားတွေကဘယ်လိုလုပ် သဘောတူကြမှာလဲ။တိုင်းရင်းသားတွေက နှစ်ပေါင်းများစွာ စစ်အစိုးရအဆက်ဆက် အလိမ်ခံရလွန်းအားကြီးလို့ ကြည့် လိုက်တာနဲ့  စစ်အုပ်စုဝမ်းထဲမှာ အူဘယ်နှစ်ခွေရှိတယ်ဆိုတာက အစသိနေကြတာပါ။အဖွဲ့ အစည်းတချို့  ခေါင်းဆောင် တချို့ ကို အခွင့်အရေးလေးနဲနဲ ပေးလိုက်တာနဲ့  ငြိမ်းချမ်းရေးကြီးတွေရကြ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေဖြစ်ကြ ဆိုတဲ့ လော့ဂျစ်လောက်နဲ့ တော့ ခါးတောင်းကျိုက်တခြား ဖင်တခြားဖြစ်နေဦးမှာပါဘဲ။ ကျနော်ဆိုလိုချင်တာက ပြည်တွင်း စစ်ကို ဖြေရှင်းကြရာမှာ ဘက်နှစ်ဘက်လုံးရိုးသားတဲ့အခြေခံပေါ်ကနေ အပြန်အလှန်လေးစားအသိအမှတ်ပြုဘို့ တန်းတူ ညီတူ ဆွေးနွေးဖြေရှင်းဘို့ဟာ အဓိကပါ။စစ်ရေးအသာစီးရလိုမှုအပေါ် လိုအပ်ချက်အရလုပ်နေတဲ့ အချဉ်ဖမ်းငြိမ်းချမ်းရေး လှုပ်ရှားမှု တနည်းပြောရရင် ချဉ်ပတ်လှုပ်ရှားမှုနဲ့ တော့ တိုးလို့တန်းလန်းငြိမ်းချမ်းရေးမျိုးဘဲ ဖြစ်မှာပါ။

လတ်တလော စစ်ရေးအရ ရင်ဆိုင်ဖြေရှင်းနေရတဲ့ ကိုးကန့်ပြဿနာ (လောက်ကိုင်ဒေသ တိုက်ပွဲ)ကိုကြည့်ပါ။သမိုင်းမသိ သူများကတော့ ပြည်ပကျူးကျော်မှု တနည်းပြောရရင် တရုတ်ကျူးကျော်မှုဆိုပြီး စစ်တပ်ရဲ့ စုတ်ပြတ်သတ်နေတဲ့ ပုံရိပ်ကို ပြန်တင်ချင်တာကို ယုံကြည်ကောင်းယုံကြည်ကြမှာပါ။တကယ်က ချာတူးလန်နေတဲ့ စစ်ဗိုလ်ချူပ်တွေရဲ့ စစ်ရေးအရည်အ သွေးညံ့ဖျင်းမှုက အဓိကဖြစ်ပါတယ်။ဒါကိုဖုံးကွယ်ဘို့ တရုတ်တွေက ဒီဝီဇံတပ်မကြီးနဲ့ ဝင်တိုက်သလို ၀ါဒဖြန့်ပြီး သူတို့ရဲ့  ညံ့ဖျင်းမှုကို အရှက်မရှိဖုံးကွယ်ဝါဒဖြန့်နေကြတာပါ။ ၀တပ်တွေနဲ့  ကချင်တပ်တွေကပါ ပေါင်းပြီးဝင်တိုက်သလိုလဲပြော သေးတယ်။ ၀ တပ်တွေ ကချင်တပ်တွေသာ ပူးပေါင်းတိုက်ရင် အခုလောက်ဆို မြစ်ကြီးနားကို တော်လှန်ရေးတပ်တွေ သိမ်းပြီးသွားလောက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ၀ ခေါင်းဆောင်တွေကို သူတို့မှားပြောမိပါတယ်ဆိုပြီး သွားတောင်း ပန်ပြန်တယ်။ အတော်ကို အရှက်နဲတဲ့လူတွေလို့ ပြောရတော့မှာပါဗျာ။ အဲဒီလိုလူတွေဟာ လက်နက်ဆိုလို့ အပ်တိုတ ချောင်းတောင်မရှိတဲ့ လူထုကိုများဆိုရင် အတော်ကို ဗိုလ်ကျချင် ရက်စက်ချင်ကြတာလဲတွေ့ ရလေ့ရှိပါတယ်။ သူရဲဘော ကြောင်တယ်ဆိုတာ အဲဒီလူတွေကို ရည်ညွန်းတာဖြစ်မယ်ထင်တယ်။ တိုက်ပွဲမှာ သေကြေဒဏ်ရာရခဲ့ကြတဲ့ နှစ်ဖက်စလုံး က အရာရှိအရာခံအကြပ်တပ်သားတွေ အတွက်တော့စိတ်မကောင်းပါဘူး။ဒီလိုဘဲမဆီမဆိုင် တရားလက်လွတ် အသတ် ခံခဲ့ကြရတဲ့ လောက်ကိုင်က လူထုအတွက်တော့ ပိုလို့စိတ်မကောင်းဖြစ်မိတယ်။ ကျနော်အဓိကပြောချင်တာက ကနေ့ စစ်တပ်က ၀ါဒဖြန့်နေသလို ကိုးကန့်စစ်ဟာ တရားသောစစ်တို့ ပြည်ပကျူးကျော်စစ်တို့မဟုတ်ဘူးဆိုတာဖြစ်ပါတယ်။ န၀တ နအဖ စစ်အစိုးရလက်ထက်ကထဲက ကိုးကန့်ပြဿနာကို မှန်မှန်ကန်ကန် ရိုးရိုးသားသား မဖြေရှင်းခဲ့လို့ အခုလို လူတွေသေရ တိုင်းပြည်ဘဏ္ဍာတွေဆုံးရှုံးရ နှစ်ပေါင်းများစွာတည်ဆောက်ခဲ့ပြီး လှပနေတဲ့လောက်ကိုင်မြို့ လေးဟာ ပြာပုံဘ၀ရောက်ခဲ့ရတာဖြစ်ပါတယ်။တာဝန်ရှိတဲ့လူတွေ တာဝန်ယူဘို့လိုတယ်ဆိုတာ ကနေ့ကျနော်တို့ပြောကို ပြောရ မယ့်ကိစ္စဖြစ်ပါတယ်။

(ဆောင်းပါးများ။    ။မောင်မောင်စိုး – ကိုးကန့်ပြဿနာ။ မိုးမခအင်တာနက်စာမျက်နှာ)

တေလေဂျပိုးတွေကို တာဝန်ပေးရင် တေလေဂျပိုးအစိုးရဘဲဖြစ်မယ်။

ကနေ့လတ်တလောကျောင်းသားတွေရဲ့  အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးကျောင်းသားသပိတ်ကိစ္စ။အခုစာကလေး ကျော် အခုဆီထ္မင်း။ခုတမျိုး တော်ကြာတမျိုး။ဗလောင်းဗလဲ လုပ်ရပ်တွေက အစိုးရတရပ်လို့တောင်ပြောရခပ်ခက်ခက်ပါ။ ပြောရရင်တော့ဗျာ။ဦးသိန်းစိန်အစိုးရတဖွဲ့ လုံး  သမ္မတကအစ ၀န်ကြီးတွေအဆုံး တယောက်မှ အစိုးရအဖွဲ့ တာဝန်ကို ယူ နိုင်တဲ့လူ မယ်မယ်ရရမတွေ့မိဘူး။ဟိုတလောက သမ၀ါယမ၀န်ကြီးတဲ့ဗျာ။ချိတ်တမီဝတ်ပြီး လွတ်တော်မှာ မိန်းမလိုမိန်းမ ရ ရန်တွေ့ နေလို့ လွတ်တော်ဥက္ကဌက တားယူလိုက်ရတာတွေ့ ရတယ်။တကယ့်ကို စိတ်ပျက်စရာ ၀န်ကြီးဆိုတဲ့လူတွေပါ။

ပြဿနာကိုအစိုးရနဲ့ ကျောင်းသားတွေ တွေ့ဆုံဆွေးနွေး အဖြေရှာကြတာမှာ ကျောင်းသားတွေက အမြော်အမြင်ရှိရှိ ဆွေး နွေးတိုင်ပင် အဖြေရှာနေကြပြီး အစိုးရဆိုတဲ့ပုဂ္ဂိုလ်ကြီးများကတော့ ညစ်နည်းမျိုးစုံ ကုန်အောင်သုံးနေတာတွေ့ ရတော့ အစိုးရနဲ့ ကျောင်းသားနေရာများမှားနေသလားထင်ရတယ်။ ကျောင်းသားတွေက အစိုးရတရပ်လိုတည်တည်ကြည်ကြည် အနာဂါတ်အတွက် အမြော်အမြင်ရှိရှိဆွေးနွေးနိုင်ကြပြီး အစိုးရကိုယ်စားလှယ်တွေကတော့ ရန်ကုန်ကိုကျောင်းသား သ ပိတ်ဆက်မချီတက်ရေးကလွဲပြီး ကျန်တာတွေကို သိပ်စိတ်ဝင်စားပုံမရဘူး။ကျောင်းသားတွေဘက်က မြန်မာနိုင်ငံဟာ အခုလို ဆင်းရဲတွင်းနက်ပြီး ရှက်ခမန်းလိလိ ကမ္ဘာ့အလယ်မှာ အမျိုးသားဂုဏ်သိက္ခာထိခိုက်ကျဆင်းရတာရဲ့  အဓိက အကြောင်းရင်းဟာ ပညာရေးနိမ့်ကျခဲ့ရလို့ဖြစ်ကြောင်း သေသေချာချာထောက်ပြပြီး အချက် ၁၁ချက်ပါတဲ့ ပြုပြင်သင့်တဲ့ ဥပဒေပါအချက်အလက်တွေကို ထောက်ပြခဲ့ကြတယ်။

ဒီအချက်တွေကိုပြင်ဆင်နိုင်ရင် သပိတ်ရပ်နားကြမယ်လို့လဲ ဂတိတွေပေးခဲ့တယ်။ဆွေးနွေးပွဲရက်တိုင်း ကျောင်းသားတွေ ကသပိတ်တွေရပ်နားပေးခဲ့တယ်။ဖြစ်စဉ်ကိုစောင့်ကြည့်ကြတယ်။အခြေအနေကို နားလည်အောင်ကျိုးစားကြတယ်။ဒီလို ကျောင်းသားတွေက သပိတ်တွေနားလိုက်တာနဲ့  ပက်ပက်စက်စက်ကို ညစ်နည်းမျိုးစုံနဲ့ အစိုးရဆိုတဲ့  လူကြီးမင်းများ တက်စုံ ဘက်စုံ ၀ိုင်းညစ်ကြတော့တာပါဘဲဗျာ။ရှက်စရာပါ။ ကိုယ့်သားသမီးအရွယ် ကလေးတွေကို ဒီလောက်စုတ်စုတ် ပဲ့ပဲ့ညစ်တဲ့အစိုးရ ကမ္ဘာမှာ ဗမာပြည်ဘဲရှိမယ်ထင်တယ်။ သပိတ်ခေါင်းဆောင်ကျောင်းသားတွေကို မတော်မတရား အပုတ်ချတာတွေ လုပ်တယ်။အိမ်တွေကို မဟုတ်မတရားစာတွေပို့တယ်။တန်ပြန်သပိတ်ဆိုတာတွေကိုလဲ ငွေပေးလုပ် ခိုင်းကြတယ်။တက္ကသိုလ်တွေမှာလဲ လက်ပါးစေဆရာဆရာမတွေသုံးပြီး ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ပျက်လို့ပျက်စီးဖြစ်အောင်လုပ်ကြပြန်တယ်။

ကျနော်ပြောချင်တာက ကျောင်းသားတွေပြင်ဆင်ခြင်တဲ့ အချက် ၁၁ချက်ကဘာဖြစ်လို့ ပြင်မပေးချင်တာလဲ။ မတော် မတရားများဖြစ်နေလို့လား။ကျနော်တို့လေ့လာမိသလောက် ပြင်ကိုပြင်ရမဲ့အချက်တွေဖြစ်နေတာတွေ့ ရတယ်။ အရည် အချင်းရှိတဲ့ အစိုးရတရပ်သာဖြစ်မယ်ဆိုရင် ကျောင်းသားတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ကျောင်းသားတွေရဲ့ ကောင်းမွန် တဲ့ရည်ရွယ်ချက် ဆန္ဒတွေကို ဖြည့်ပေးလိုက်မှာဖြစ်တယ်လို့ ကျနော်တို့ယုံကြည်တယ်။ ကျောင်းသားတွေက ရန်ကုန်ကို သပိတ်ချီတက်ချင်တယ်။ဒါအလွန်ကို သဘာဝကျတဲ့အချက်ဘဲ။ ကျောင်းသားသပိတ်သာမရှိရင် ကျောင်းသားခေါင်း ဆောင်တွေအတွက် အာမခံချက်ရှိတော့မှာမဟုတ်ဘူးဆိုတာ သူတို့သိနေကြတယ်။ ဒီအစိုးရတလျှောက်လုံး ယုတ်မာ ပက်စက်မှုတွေကိုလည်း ကျောင်းသားတွေသိနေကြတော့ ဘယ်လိုလုပ်အစိုးရကို သူတို့ယုံကြည်ရဲကြမှာလဲ။ ဒါကြောင့် သန်းချီတဲ့မြန်မာပြည်သားတွေထောက်ခံခဲ့တဲ့ ကျောင်းသားသပိတ်နဲ့ သူတို့ကျောင်းသားညီအကိုမောင်နှစ်မတွေကို သူ တို့နဲ့ အတူ ရှိနေချင်ကြတာဆိုတာ နားလည်လို့ရတဲ့ကိစ္စဘဲဖြစ်ပါတယ်။

စစ်အစိုးရအဆက်ဆက်ဟာ အပ်နဲ့ ထွင်းရမဲ့ကိစ္စတွေကို ပုဆိန်နဲ့ ပေါက်ခဲ့တာချည်းဘဲဖြစ်ပါတယ်။နေရာတိုင်းကို စစ်ရေး အမြင်တခုတည်းနဲ့  ကြောက်လန့်တကြား ဖြေရှင်းလို့မရဘူးဆိုတာ နိုင်ငံရေးသမားတွေကတော့ သိကြနားလည်ကြပါ တယ်။ စစ်ဗိုလ်ချူပ်တွေကတော့ ငါနဲ့ အမြင်မတူတာနဲ့  ဖမ်းမယ်ဆီးမယ် ရိုက်မယ်နှက်မယ် သတ်မယ်ဖြတ်မယ်ဆိုတဲ့ လော့ဂျစ်က ဦးနှောက် ထဲစွဲနေတော့ မီးပွါးကမီးတောက်ဖြစ်သွားလေ့ရှိတာလဲ အများပြည်သူအသိဖြစ်ပါတယ်။ ကနေ့ ကျောင်းသားလူငယ်တွေဟာ ကောင်းတဲ့တောင်းဆိုချက်တွေကိုတောင်းဆိုနေတာပါ။တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း တွေ လုပ်နေတာမဟုတ်ဘူးဆိုတာတော့ သူတို့ရဲ့ တောင်းဆိုမှုတွေနဲ့  ငြိမ်းချမ်းတဲ့သူတို့ရဲ့  လှုပ်ရှားမှုတွေက သက်သေ ပြနေတယ်လို့ ကျနော်ထင်တယ်။

အမှန်တကယ် အကြမ်းဖက်တဲ့ လှုပ်ရှားမှုအားလုံးဟာ အစိုးရဆီကလာတာတွေဖြစ်နေတယ်။နိုင်ငံရေးသမား အစိုးရသာ ဖြစ်လို့ကတော့ ကျောင်းသားတွေရဲ့  ကနေ့တောင်းဆိုချက်တွေအတွက် လမ်းလျှောက်ပွဲမှာ သမ္မတကရှေ့ ဆုံးက အလံ ကိုင်ချီတက်မယ်ဆိုတာ ကျနော်ပြောရဲတယ်။လူထုကိုလဲပညာရေးဟာ အရေးကြီးကြောင်းပြောရင်း သမ္မတကိုယ်တိုင် ပူးပေါင်းပါဝင်ပြီး အခုဒီအစိုးရကိုင်တွယ်သလို အဆိုးကိစ္စမဟုတ်ဘဲ အကောင်းကိစ္စအဖြစ် တတိုင်းတပြည်လုံး ကြေကြေ နပ်နပ်ပျော်ပျော်ရွှင်ရွှင် ဖြစ်အောင်လုပ်သွားမှာပါ။ တကယ်လဲ ဘာအကြမ်းဖက်စရာမှ မလိုတဲ့ကိစ္စပါ။နောက်တချက်ဖြစ် တဲ့ အလုပ်သမားတွေ လယ်သမားတွေ ကျောင်းသားတွေ လမ်းမပေါ်ရောက်ရတာ ဘယ်သူတွေကြောင့်လဲ။ ဘယ်သူ တွေမှာတာဝန်ရှိပါသလဲ။အဓိကတာဝန်အရှိဆုံးက အစိုးရမှာပါ။ဘာကြောင့်လဲဆိုတော့ အစိုးရတရပ်ဖြစ်နေလို့ပါဘဲ။ အစိုးရနဲ့ လူထုကြားသဘောတူညီချက်က ရှင်းရှင်းလေးပါ။လူထုအကျိုးစီးပွါးကို အာမခံနိုင်ရင် အစိုးရလုပ်။လူထုအကျိုး စီးပွါးကိုကနေ့ဆန့်ကျင်ရင် ကနေ့အစိုးရအဖြစ်ကနေနုတ်ထွက်ဘို့ပါဘဲ။ဂုဏ်သိက္ခါရှိတဲ့ အစိုးရတရပ်ကိုပြောတာပါ။

လူထုဟာမိမိတို့ရဲ့ ဆန္ဒတွေကိုထုတ်ဖေါ်ပြသရင်း အစိုးရတွေရဲ့ လုပ်ရပ်တွေကို တည့်မတ်ကြရတာ ဒီမိုကရေစီအစဉ်အ လာတခုပါဘဲ။အလုပ်သမားတွေဘဲဖြစ်ဖြစ် လယ်သမားတွေဘဲဖြစ်ဖြစ် ကျောင်းသားတွေဘဲဖြစ်ဖြစ် ရဲတွေဘဲဖြစ်ဖြစ် စစ်သားတွေဘဲဖြစ်ဖြစ် မိမိတို့ရဲ့ အကျိုးစီးပွါးကို မတရားပိတ်ပင်တားဆီး ပိတ်ဆို့မယ်ဆိုရင် လမ်းပေါ်ထွက်ခွင့်ရှိသလို လမ်းပေါ်ထွက်ကိုထွက်ရမှာလဲဖြစ်ပါတယ်။ကနေ့လမ်းပေါ်ထွက်နေကြသူတွေအားလုံးမှာ ခိုင်လုံတဲ့မှန်ကန်တဲ့အကြောင်း တရားတွေကိုယ်စီရှိနေကြတယ်ဆိုတာပါဘဲ။ရုပ်ပျက်ဆင်းပျက်အဖြစ်ဆုံးနဲ့  လူမြင်မကောင်းဆုံးကိစ္စကတော့ ကနေ့ အစိုးရဆိုသူတွေရဲ့  ဖြေရှင်းနည်းတွေပါဘဲ။လမ်းဘေးက ဂလေကချေတွေ တေလေဂျပိုးတွေ လူ့အဖွဲ့ အစည်းရဲ့  အန္တရယ် ကောင်တွေကို တာဝန်တို့ စည်းကမ်းတို့စတဲ့ လက်ပတ်နီတွေပတ်ခိုင်းပြီး သပိတ်တွေကို ဖြိုခွဲနေတဲ့ကိစ္စပါ။ အတော်ကို ရွံ့ ရှာ စက်ဆုပ်စရာကောင်းသလို မနှစ်မြို့ စရာလဲကောင်းပါတယ်။

ဂလေကချေတယောက်က ကျောင်းသူလေးတယောက် ကို လည်ပင်းညစ်ထားတဲ့ပုံ၊ ကလေကချေတယောက်က ကျောင်းသားလေးတယောက်ကို လည်ပင်းညစ်ထားတဲ့ပုံကို မြင်ရတဲ့ ကျနော့်အနေနဲ့ တော့ ၀မ်းနည်းကြေကွဲမှု တော် တော်ကို ဖြစ်ခဲ့ပါတယ်။ရင်ထဲမှာလဲ အတော်ပူလောင်သွားပါတယ်။ အခြားပြည်သူလူထု တရပ်လုံးလဲ ဒီအတိုင်းခံစား ကြရမယ်ထင်ပါတယ်။ တကယ်ဆို အစိုးရအနေနဲ့က အဲဒီလိုအရပ်ထဲမှာ ဖြစ်နေရင်တောင် ကျောင်းသား ကျောင်းသူ တွေကို ကာကွယ်ရမဲ့တာဝန် ကူညီရမဲ့တာဝန်ရှိနေတာမဟုတ်ပါလား။အခုတော့ အစိုးရကကိုယ်တိုင်လုပ်တဲ့ ရာဇ၀တ် မှုကြီး အစိုးရအကြမ်းဖက်မှုကြီးလို့ဘဲ ပြောလိုက်ပါရစေ။ ဖြစ်နိုင်ရင် လွှတ်တော်ကနေ ချက်ခြင်းအစိုးရနုတ်ထွက်ဘို့  တောင်းဆိုသင့်ပါကြောင်းနဲ့  ဒီကိစ္စကို အမိန့်ပေးစေခိုင်းသူ ကိုအပြစ်ပေးအရေးယူမှု ချက်ခြင်းပြုလုပ်ဘို့ အကြံပြုလို ပါတယ်။ တေလေဂျပိုးတွေကို တာဝန်ပေးရင် တာဝန်ပေးတဲ့အစိုးရဟာ တေလေဂျပိုးအစိုးရဘဲဖြစ်မှာပါ။

တကယ်လို့သာ ကျောင်းသားတွေက လူထုကိုလှုံ့ ဆော်ပြီး ရက်တရက်သတ်မှတ်ကာ အထွေထွေသပိတ်ဆင်နွဲဘို့များ တောင်းဆိုမယ်ဆိုရင် အလုပ်သမား လယ်သမား ကျောင်းသား ပြည်သူတွေဟာ ကျောင်းသားတွေနဲ့ အတူတူ ဆင်နွဲကြလိမ့်မယ်ဆိုတာ ကျနော်အခိုင်အမာပြောရဲပါတယ်။ အကြောင်းကတော့ ကျနော်တို့ပြည်သူတွေဟာ အခုလို အစိုးရအကြမ်းဖက်မှုတွေကို အတော်စိတ်ပျက်နေကြလို့ဘဲဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

ကိုအောင်မှိုင်း (မတ်လ ၈ ရက်နေ့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုအောင်မှိုင်း – ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော စစ်တပိုင်းအစိုးရနှင့် မြန်မာ့အနာဂါတ်

Comments are closed.