သတင်းဆောင်းပါး

မောင်ဥက္ကလာ – ကြီးပွားရေး၊ ချစ်ဆရာမ၊ ကြီးမိုက်၊ သာသနာဖျက် နဲ့ အကြံသမား

မောင်ဥက္ကလာ – ကြီးပွားရေး၊ ချစ်ဆရာမ၊ ကြီးမိုက်၊ သာသနာဖျက် နဲ့ အကြံသမား 

ထွေထွေရာရာ ဤကမ္ဘာ (မတ် ၁၊ ၂၀၁၅)


နှင်းဒုက္ခနဲ့ စီးပွားဖြစ်သူများ

 

ဒီနေ့ နိုင်ငံတကာသတင်းတွေမှာ ကြားမှာပေါ့။ အမေရိကန်အရှေ့ ဘက်ခြမ်းမှာနေတဲ့ ခိုလှုံနေတဲ့ မောင်ဥက္ကလာတို့ နေချင်းညချင်း မြောက်ဝင်ရိုးစွန်း ရောက်သွားသလို ခံစားနေရတယ်။ ဒီနှစ်ကတော့ စံချိန်တင်တဲ့ နှင်းမုန်တိုင်း၊ အအေးဒဏ် ပြင်းထန်တဲ့ ဆောင်းရာသီလို့ ပြောနိုင်တယ်။ အမေရိကန်နိုင်ငံ အရှေ့ ဘက်ခြမ်း နဲ့ အလယ်ပိုင်းပြည်နယ်တွေမှာ နှင်းမုန်တိုင်းတွေ ရက်ဆက်နေပြီး။ မိုးလေဝသသတင်း တွက်ချက်ပြောဆိုမှုတွေတောင် တွက်မမှန်တဲ့ ရာသီဖောက်ပြန်မှုတွေနဲ့ မထင်မှတ်တာတွေ ကြုံနေရတယ်။ 

 

အဆိုးဆုံးခံရတာက ဘော့စတွန်မြို့  (Boston)၊ ဟားဗတ်တက္ကသိုလ် (Harvard University) ရှိတဲ့ မက်ချက်ချူးဆက်ပြည်နယ် (Massachusetts) ဖြစ်ပြီး၊ အဲဒီမှာ နှင်းကျနှုန်း စုစုပေါင်းလက်မ (၁၀၀) ကျော် သွားခဲ့ပြီ (တခါကျရင် (၂-၃) ပေရှိတယ်)။ နှင်းမိုးရေခဲမိုးနဲ့ ဘယ်လောက် အေးသလဲဆိုရင် အမေရိကန်နိုင်ငံ နဲ့ ကနေဒါနိုင်ငံကြားရှိ ကမ္ဘာ့အကြီးဆုံး ရေတံခွန်ကြီးတခုဖြစ်တဲ့ နိုင်ဂါရာ ရေတံခွန် (Niagara Falls) ကြီးတောင် ရေတွေစီးဆင်းတာရပ်ပြီး ရေခဲတံခွန် ဖြစ်သွားခဲ့တယ်။ အလွန်ပြင်းထန်တဲ့ အအေးလှိုင်းကြောင့် နှင်းတွေ မိုးရေတွေ ရေခဲဖြစ်ပြီး လမ်းတွေပိတ်၊ ချော်ပြီး ကားတိုက်မှုတွေ အလွန်များတယ် (ပြီးခဲ့တဲ့ တင်ပြချက်တွေမှာ နှင်းကြောင့်ဖြစ်တဲ့ ကားတိုက်မှုတွေအကြောင်း ပြောထားခဲ့တော့ ထပ်မပြောတော့ဘူး။ ကားတိုက်မှုတွေ အများကြီးဖြစ်တယ်လို့ မှတ်ယူလိုက်)။

လေယာဉ်ကွင်းတွေလည်း နှင်းတွေဖုံး၊ လေယာဉ်တွေလည်း ရေခဲတွေကြောင့် မပျံသန်းနိုင်ဖြစ်ပြီး ခရီးသွားလာသူတွေ အတော်လေး ဒုက္ခရောက်နေခဲ့ကြတယ်။ ဒီလို ဆောင်းရာသီမှာ နှင်းတွေကျ၊ ရာသီဥတုဆိုးရင် ပုံမှန်စီးပွားဖြစ်သူတွေကတော့ နှင်းရေခဲ ရှင်းလင်းရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ နှင်းကျုံးမှုတ်ဖယ်စက် အရောင်းဆိုင်တွေ၊ နှင်းပျော်ဓါတ်ဆား ရောင်းသူတွေ ဖြစ်တယ်။ 

 

ဒီတကြိမ် အတော်လေး ထူးခြားတဲ့ စီးပွားဖြစ်သူကတော့ အလကားရတဲ့ နှင်းတွေကို သမိုင်းဝင်နှင်းဆိုပြီး အမှတ်တံဆိပ်တပ် ရောင်းစားတဲ့လူဖြစ်တယ်။ သူ့လုပ်ရပ်က ဒီရက်အတွင်း အမေရိကန်သတင်းလောကမှာ ဟိုလေးတကျော် ပြောစရာသတင်း ဖြစ်လာခဲ့တယ်။ မယုံမရှိနဲ့ နှင်းမရှိတဲ့ အမေရိကန်တချို့ ပြည်နယ် မြို့ ရွာတွေကလူတွေက သတင်းစကားတွေ၊ သူ့ကြော်ငြာကြောင့် အခုဆိုရင် ဘော့စတွန်မြို့ သား ခိုင်လ် ဝါးရင် (Kyle Waring – http://shipsnowyo.com/) ဆီက နှင်းတွေကို မှာယူနေကြတယ်။

 

 ရွှေပြည်က နှင်းမတွေ့ဘူး၊ မထိဘူးတဲ့လူတွေ အွန်လိုင်းကနေ မှာယူကြည့်ပေါ့။ စာတိုက်ကနေ ပို့ပေးတဲ့ နှင်းတွေကို လမ်းခရီးမှာ အရည်ပျော် မပျက်စီးသွားအောင် စနစ်တကျ ထုပ်ပိုးပို့ပေးကြောင်း အာမခံထားတယ်။ ဈေးနှုန်းက မနည်းဘူး (၆) ပေါင်ကို ၈၉ ဒေါ်လာ၊ (၁၄) ပေါင်ကို ဒေါ်လာ ၁၆၉ သတ်မှတ်ထားတယ်။ ဒီသတင်းကြားလို့ ယူရေနီယမ်ဓါတ်သင့်နေတဲ့ ခရိုနီ ဦးတေဇ တစ်ယောက် သူပိုင်သလိုလို ပြောနေသွားနေတဲ့ ရွှေပြည်မြောက်ပိုင်းက နှင်းတောင်ကြီးကို တရားဝင်သိမ်းပြီး နှင်းတွေကို ရောင်းစားနေအုံးမယ်။ (သတင်း – cnn.com)


အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ

 

အမေရိကန်အရှေ့ ဘက်ခြမ်း နယူးဂျာစီပြည်နယ်၊ ဘရွန်းစ်ဝခ် (Brunswick) မြို့ သူ အသက် (၅၀) အရွယ်၊ မူလတန်းကျောင်းဆရာမ ထရေစီ ဟာဒင် (Tracey Harding) တယောက် ကျောင်းသူကျောင်းသားဟောင်းတွေကို သူ့အိမ်ဖိတ်ခေါ်ပြီး ငယ်ငယ်တုန်းက မသင်ပေးလိုက်ရတဲ့ အတတ်ပညာကို သင်ပေးတာလားမသိ။ အသက် (၁၄-၁၅) နှစ်အရွယ် လူငယ်လေးတွေ ဆရာမအိမ်ကို ရောက်ရှိလာကြပြီး ဆရာမရဲ့  သောကြာနေ့ပါတီပွဲကို တပျော်တပါး ဆင်နွှဲကြတယ်။ သဘောကောင်း မနောကောင်းတဲ့ ဆရာမက စားစရာများအပြင်၊ သောက်စရာများနဲ့ တည်ခင်းဧည်ခံတယ်။

 

 ဒီနိုင်ငံမှာ အရက်ကို (၂၁) နှစ်အောက် တရားဝင် သောက်ခွင့်မရှိ။ ဒီလိုအချိန်မှာ အသက် (၁၅) နှစ်အရွယ် ကျောင်းသားတဦးရဲ့  မိခင်က ဆရာမအိမ် ရောက်နေတဲ့ သူ့သားနဲ့ အဆက်အသွယ် လုပ်မရတာနဲ့ စိတ်ပူပန်ပြီး ရဲကိုအကြောင်းကြား၊ ဆရာမအိမ် လိုက်သွားကြည့်တော့ မူးပြီး နိုးမရအိပ်ပျော်နေတဲ့ သားငယ်ကို တွေ့တယ်။ အကြောင်းကြားထားတဲ့ ရဲတွေလည်း ရောက်ရှိလာပြိး မေ့မြောနေတဲ့ လူငယ်လေးကို စစ်ဆေးလိုက်တဲ့အခါ အရက်အလွန်အကျွံ သောက်စားထားတာကို တွေ့ရတယ်။ တခြားကျောင်းသားလေးတွေကို စစ်လိုက်တဲ့အခါမှာလည်း ဘီယာ၊ ဗော်ကာ၊ အရက်မျိုးစုံ သောက်စားထားတာကို တွေ့ရှိတယ်။ မေ့နေတဲ့ သားငယ်ကို အရေးပေါ်ဆေးရုံပို့ပြီး ဆရာမကိုတော့ အသက်မပြည့်သေးသူများကို အရက်သေစာ တိုက်ကျွေးမှုနဲ့ ဖမ်းဆီးလိုက်တယ်။ အခုတော့ ဒဏ်ငွေ ဒေါ်လာ (၂၅၀၀) ပေးဆောင်ပြီး အာမခံနဲ့ တရားစီရင်ရက်ကို စောင့်နေရတယ်။ ကျောင်းထုတ်ခံရတဲ့ ဆရာမတယောက် ထောင်ဒဏ်ကျခံရဖို့ ရှိနေတယ်။

ရွှေပြည်မှာတော့ ဆရာတွေ အရက်ခေါ်တိုက်တာ မကြားဖူးဘူး။ ဒါပေမဲ့ ”ငါပြောသလိုလုပ် ငါလုပ်သလို မလုပ်နဲ့လို့” ပြောဆိုဆုံးမတာတွေ ကြားဖူးတယ်။ ဒီမှာတော့ ဆရာနဲ့ တပည်တွေကြား မကြာခဏ ဖြစ်တဲ့အမှုတွေကတော့ အသက်မပြည့်သေးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေ တရားမဝင် လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေ ဖြစ်တယ်။ အဲဒီအခါကြရင်တော့ ပြစ်မှုကျူးလွန်တဲ့ ဆရာ၊ ဆရာမတွေကို အကြီးအကျယ် ပြစ်ဒဏ်ချပြီး ပြင်းပြင်းထန်ထန် အရေးယူတယ်။ တသက်လုံးလည်း အသက်အပြည့်သူများနဲ့ ထိတွေ့ဆက်ဆံမှုကို တားမြစ်ခံရပြီး၊ တိုင်းကြားခံရ၊ သင်္ကာမကင်းဖြစ်ရင် အချိန်မရွေး ပြစ်ဒဏ်ပေး ဖမ်းဆီးခြင်း ခံရတယ်။ ရွှေပြည်မှာ ဒီလိုမျိုးအမှုတွေ မရှိဘူးလို့ ပြောမရဘူး။ ရှက်ကြောက်ကြီးတဲ့ ကျောင်းသူကျောင်းသားတွေကို ဆရာဆိုသူတွေ မတရားပြုကျင့်တာတွေ၊ ဆက်ဆံမှုတွေ ရှိကောင်းရှိမယ်။ စီစစ်လုပ်ကိုင်ဖို့ လိုအပ်တယ်။ (သတင်း – nj.com)

 

အရက်တခွက် ထောင်ဒဏ်တသက် 

 

အရက်သောက်လို့ ထောင်ဒဏ်တသက်တကျွန်း ကျခံရတဲ့ ပြစ်ဒဏ်မျိုး ကြားဖူးလား။ တက်ဆက်ပြည်နယ်သား အသက် (၆၄) နှစ်အရွယ် ဘော်ဘီ ဂျင် မာတင် (Bobby Gene Martin) ကြီးမိုက်တယောက် အရက်သောက်ပြီး သူ့မိခင် ထရပ်ကားကို ယူမောင်းပြီး သူများကားကို သွားတိုက်တယ်။ ကြည့်အုံး ပြီးတော့ ငပြူးက ငပြဲလုပ်ကာ ကားတိုက်ခံရသူကို ခြိမ်းခြောက်ပြီး ရဲတွေရောက်မလာခင် သူကို တခြားတနေရာ ပို့ပေးဖိှု့အတင်းအဓမ္မ လုပ်ပြန်တယ်။ ဒါပေမဲ့ တာဝန်ရှိရဲတွေ အချိန်မီရောက်ရှိလာပြီး ကားတိုက်မှုဖြစ်တဲ့ နေရာနဲ့ မလှမ်းမကမ်း ရေမြောင်းထဲမှာ ပုန်နေတဲ့ ငမူးကို ဖမ်းဆီးလိုက်တယ်။ 

 

စစ်ဆေးလိုက်တော့ သူတို့ရဲ့  ဖောက်သည်ကြီးက ထုံစံအတိုင်း သတ်မှတ်ထားနှုန်းနဲ့ ကျော်လွန်သောက်ထားပြီး သူကိုဖမ်းမယ့် ရဲကို မူးမူးနဲ့ ခြိမ်းခြောက်ဆဲဆို၊ ပြီးတော့ သူ့မိန်းမ၊ ကလေးတွေ နဲ့ အမေကိုလည်း  သွားသတ်မယ်ရိုက်မယ် စွပ်ပြောတော့ အမှုက တာဝန်ဝတ္တရား နှောင့်ယှက်မှု၊ မူးယစ်ရမ်းကားမှု၊ ခြိမ်းခြောက်မှုတွေနဲ့ ပိုကြီးတော့တာပေါ့။ 

 

ပြီးတော့ ရဲမှတ်တမ်း ဘုတ်အုပ်ကြီးကို ဖွင့်ကြည့်လိုက်တော့ ဒီလို မူးပြီးကားတိုက်မှုဖြစ်တာ တကြိမ်တခါမဟုတ် (၁၀) ကြိမ်ရှိတဲ့ ပုဂ္ဂိုလ်ကျော်ကို ရဲက ဖမ်းဆီးပြီး ရဲစခန်းမှာ ချုပ်ထားခဲ့တယ်။ 

အဲဒီမှာ မြန်မာအစိုးရနဲ့ စစ်သားတပိုင်း ကိုယ်စားလှယ်အမတ်တွေလို ရှိနေတဲ့အပြစ်၊ အမှုများစွာနဲ့ မကျေနပ်သေးတဲ့ ကြီးမိုက်က ရဲစခန်းအချုပ်ခန်းထဲမှာလည်း တခြားအကျဉ်းသားတွေကို ဆဲဆိုခြိမ်းခြောက်၊ လူမျိုးရေး အသားအရောင်ခွဲခြား ပြောဆိုစော်ကားမှုတွေ ကျူးလွန်ပြန်တယ်။ 

 

သူ့အမှုတွေကို တရားစီရင်တဲ့အခါ  (၃) နာရီကြာ စစ်ဆေးမေးမြန်းပြီး အများပြည်သူ့ အသက်အန္တရာယ် အိုးအိမ်တွေကို ထိခိုက်ဒုက္ခပေးနိုင်တဲ့ အရက်သမားကြီး မာတင်ကို ထောင်ဒဏ် (၂၅) နှစ် တသက်တကျွန်း ကျခံဖို့ တရားရုံးက စီရင်ချက်ချလိုက်တယ်။ သူ့အသက် (၈၀) ရောက်ရင်တော့ အယူခံတင် လျှောက်ထားနိုင်တယ်တဲ့။ ရွှေပြည်မှာ မူးပြီးမောင်းတဲ့လူတွေ၊ ရပ်ကွက်ထဲ မူးပြီး ရန်လိုတဲ့လူတွေကို အရေးယူဆုံးမဖို့တော့ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့လိုတယ်။ (သတင်း – houstonchronicle.com)

 

သာသနာဖျက် တဏှာရူး

 

ဝါရှင်တန်ဒီစီမှာ သာသနာဖျက်တစ်ယောက်ကို တရားစီရင် ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေကြတယ်။ အခုတကြိမ် ဖမ်းဆီးခံရတဲ့  သာသနာဖျက်က ခေးသူတော့မဟုတ် ဝါရှင်တန်ဒီစီ နဲ့ မယ်ရီလန်းပြည်နယ်ရှိ အထင်ကရ တက္ကသိုလ်များဖြစ်တဲ့ Georgetown  တက္ကသိုလ် နဲ့ Towson တက္ကသိုလ်တွေမှာ ဘာသာရေးဆိုင်ရာ အတန်းတွေ သင်ကြားပို့ချနေတဲ့ နံမည်ကြီး အသက် (၆၃) နှစ်အရွယ် ပါမောက္ခ ဘယ်ရီ ဖရန်အန်ဒယ်လ် (Berry Freundel) ဆိုသူ။ ပြီးတော့ ဆရာသမားက ဂျော့ခ်ျတောင်း လူဂုဏ်တန်ရပ်ကွက်ရှိ Kesher Israel synagogue အစ္စရေးလ် ရဟူဒီ ဘုရားရှစ်ခိုးကျောင်းမှာ (၂၅) နှစ်ကျော် တရားဟောကောင်းတဲ့ ဓမ္မဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ။ အခုတော့ နှစ်ပေါင်းများစွာ သာသနာ အရေခြုံပြီး တရားမဲ့ ဖောက်ပြန်ကျူးလွန်မှုတွေ ဘူးပေါ်သလို ပေါ်ထွက်လာတော့ အရှက်တကွဲ အကျိုးနဲဖြစ် သံတိုင်နောက်မှာ ဘဝအဆုံးသတ်ရတော့မယ်။

 

 မယုံနိုင်လောက်တဲ့ သူ့ရဲ့  ကျူးလွန်မှုကတော့ သူ ဓမ္မတရားဟောပြောတဲ့ ရဟူဒီဘုရားကျောင်းရှိ ပြစ်ဒဏ်ဝန်ချသန့်စင်ခန်းထဲမှာ ဗီဒီယို ကင်မရာကို လျှို့ ဝှက်တပ်ဆင်ပြီး အမျိုးသမီးတွေ ရေချိုးသန့်စင်တာကို ရိုက်ကူးယူခြင်းဖြစ်တယ်။ မှတ်တမ်းစစ်ဆေးချက်များအရ ၂၀၀၉ ခုနှစ်ကတည်းက သူ ရိုက်ကူးယူခဲ့တာ စုစုပေါင်း အမျိုးသမီး (၁၅၂) ယောက် ရှိခဲ့တယ်။ ဒီလို လျှို့ ဝှက်တပ်ဆင်ထားတာကို အမျိုးသမီးတဦးက တနေ့မှာ အခန့်မသင့် တွေ့ရှိသွားပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ခြင်း ဖြစ်တယ်။ သူ့အိမ်ကို သွားရောက်ရှာဖွေတဲ့အခါမှာ ရိုက်ကူးထားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းများနဲ့ တခြား မီဒီယာပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်။ လက်ရှိ တရားရင်ဆိုင်နေရတဲ့ တဏှာရူး ဓမ္မဆရာကို ဘုရားကျောင်းနဲ့ တက္ကသိုလ်များမှ ထုတ်ပစ်ဖယ်ရှားလိုက်တယ်။ 

 

ရှာဖွေတွေ့ရှိတဲ့ သက်သေအထောက်အထားများနဲ့ ဗီဒီယိုရိုက်ခံရတဲ့ အမျိုးသမီးများရဲ့  စွပ်စွဲထွက်ဆိုချက်များကြောင့် နှစ်ရှည်လများစွာ အပြစ်ခံရမှာ သေချာတယ်။ အဆိုးဆုံးက တဏှာရာဂကြောင့် ဘဝပျက် ဆုံးရှုံးရတော့မယ်။

 

 ရွှေပြည်မှာ လိပ်အစိုးရ အသုံးချနေတဲ့ ဝီဝီတို့လို ဘုန်းကြီးတွေ မျိုးချစ်စိတ်တွေပြင်းပြပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးတာဝန်ခံလို ပုဂ္ဂိုလ်မျိုးတွေကို ဆဲဆိုပြောဆို တရားမဲ့လာသလို၊ သီလမရှိတဲ့ အစိုးရမင်းတွေ မျက်ကွယ်ပြု အသုံးချနေတဲ့ ဘုန်းကြီးရဟန်းဆိုသူတွေကို ပြည်သူတွေအနေနဲ့ မျက်စိမှိတ် ဦးချနေစရာ မလိုဘူး။ ဒီနေ့ဒီအချိန်မှာ သာသနာ အကျိုးဆောင်ဆိုသူတွေ  ဝိနည်းချိုးဖောက်၊ သိက္ခာမရှိ၊ သီလပျက်ရင်တော့ တရားမျှတ မှန်ကန်တိကျတဲ့ ဥပဒေတွေနဲ့ အရေးယူ ဖယ်ရှားရသင့်တယ်။ ရွှေပြည်သူပြည်သားတွေလည်း ဝါဝါမြင်တိုင်း ဦးချနေစရာ မလို။ သီလပျက်၊ ဝိနည်းမလိုက်နာတဲ့ တရားမဲ့နေတဲ့ ရဟန်းပျက်တွေ၊ သာသနာဖျက်သူတွေကို ဘယ်လို ဖြေရှင်းလုပ်ကြမလဲ။ (သတင်း – washingtonpost.com)

ဒီလိုလုပ်လို့ ရမလား

 

ဒီဆရာသမားက နေပြည်တော်အစိုးရလို ကိုယ့်ပြဿနာကိုယ် မရှင်းနိုင်တော့ ဟိုနေရာဒီနေရာ ဆူဆူပူပူလုပ်၊ မတူကွဲပြား ဘာသာတွေနဲ့ ခြောက်လန့်၊ ကွန်မြူနစ် ဘာညာနဲ့ ဓါတ်ပြားဟောင်းကြီးဖွင့်ပြီး ကြိုးကိုင်ခံထားရတဲ့ ကျောင်းသားတွေ လုပ်နေတာလို့ စွပ်စွဲနေသလို။ အသက် (၃၃) နှစ်အရွယ် အလက်ဆန်ဒါ ရော်ဘင် သောမတ်စ်ဇွဲစကီ (Aleksander Robin Tomaszewski) တစ်ယောက် ရဲက သံသယရှိလို့ စစ်ဆေးမေးမြန်းဖို့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေချိန် (ရွှေပြည်မှာလို ခဏ မေးစရာရှိလို့ဆိုပြီး ဥပဒေမဲ့ တသက်လုံး ချုပ်ဖမ်းထားတာမျိုးတော့ ဥပဒေစိုးမိုးတဲ့ ဒီတိုင်းပြည်မှာ မရှိဘူး)  ရဲတွေ သူကို အတင်းအဓမ္မ စစ်ဆေးပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ်ကြောင်း တိုင်တန်ခဲ့တယ်။ 

 

ဒါပေမဲ့ အကြံကြီးတဲ့ သူ့လုပ်ကြံစွပ်စွဲချက် မအောင်မြင်ရတဲ့အကြောင်းက သူကို စစ်ဆေးတဲ့အခန်းထဲမှာရှိတဲ့ ဗီဒီယိုကင်မရာရဲ့  မှတ်တမ်းကို စစ်လိုက်တဲ့အခါမှာ စစ်ဆေးမေးမြန်းတဲ့ ရဲတွေ ခဏအနားယူ၊ မရှိချိန်မှာ အလက်ဆန်ဒါ က သူ့မျက်နှာ မျက်လုံးတဝိုက်ကို ထိုးကြိတ်ပြီး ဒဏ်ရာအနာတရ ဖြစ်စေခဲ့တယ်။ ပြီးတော့ ရဲတွေက သူကို မတရား ထိုးကြိတ်တယ်ဆိုပြီး သူ့ရှေ့ နေကတဆင့် လုပ်ကြံပြောဆိုခဲ့တယ်။ 

 

အခုတော့ လျှို့ ဝှက်ဗီဒီယိုမှတ်တမ်းကြောင့် သူ့လုပ်ကွက်ပေါ်ပြီး လိမ်လည်လုပ်ကြံ ပြောဆိုမှု၊ တာဝန်ရှိသူများကို စွပ်စွဲမှုနဲ့ ပိုကြီးတဲ့ အပြစ်ကျခံရတော့မယ်။ တခါတရံ ရဲတွေရဲ့  မတရားပြုကျင့်မှုတွေကိုလည်း အချုပ်ခန်း၊ စစ်ဆေးခန်းတွေ၊ ရဲကားတွေ၊ လမ်းတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာ ဗီဒီယိုမှတ်တမ်းများအရ အမှန်တရားကို ဖော်ထုတ်ပြီး အပြစ်ပေးမှုတွေရှိတယ်။ ဒီနေ့ခေတ်ကြီးက ဘယ်သွားသွား ဘာလုပ်လုပ် မျက်စိဒေါက်ထောက် ကြည့်ခံနေရတဲ့ ခေတ်ကြီးဖြစ်လာတော့ ကောင်းသလို မကောင်းသလိုပေါ့။ (သတင်း – cbs.com)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts