ကိုသန်းလွင် သတင်းဆောင်းပါး ခေတ်ပြိုင်အတွေ့အကြုံ

ကိုသန်းလွင် – အဝေးပြေးလမ်းမ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 
ကိုသန်းလွင် အဝေးပြေးလမ်းမ
(စံတော်ချိန်သတင်းစာ၊ မိုးမခ) မတ် ၄၊ ၂၀၁၅  
 
(၁)
လွန်ခဲ့သောနှစ် ဒီဇင်ဘာလအတွင်းက ကျွန်တော်တို့သည် ရန်ကုန် မန္တလေး အဝေးပြေးလမ်းမကြီး အတိုင်း မန္တလေးမှ ရန်ကုန်ဘက် သို့ဆင်းလာကြပါသည်။ မိတ္ထီလာအနီး သီးကုန်းစားသောက် ဆိုင်တန်း မှာ ထမင်းစား ပြီး တိုးဂိတ်ကိုဖြတ်ပြီးသော် ဆီထည့်ရန်ဓါတ်ဆီဆိုင်သို့ သွားရပါသည်။ ဒီဘက်ဓါတ်ဆီဆိုင်မှာ ဆီပြတ်နေပါသည်တဲ့။ ကျွန်တော်တို့သည်ဟိုဘက်လမ်းကြောက ဆီဆိုင်သို့ သွားရန်လိုအပ်လာပါသည်။
မိတ္ထီလာ တိုးဂိတ် အနီးမှာ ဟိုဘက်သို့ကူးသောတံခါးရှိပါ၏။ သော့ကြီးခတ်ထားလေသည်၊ ဂိတ်မှ ဝန်ထမ်းကိုမေးသော် သူတို့မှာသော့မရှိ၊ သူတို့မသိဘူးဟု ဆိုသည်။ အောက်ဖက်ကို ဆက်မောင်း သွားပါ၊     (U-Turn)   ယူတန်း ကွေ့နိုင်သော နေရာသည် တစ်မိုင်လောက် မှာရှိသည်ဟု ညွှန် လိုက်သည်။ တမိုင်ကျော် သော်လည်း ပြန်ကွေ့နိုင်သည့်နေရာကို မတွေ့ရ။ လမ်းလယ်မှ အုတ်ရိုး ကိုအတင်းဖြတ်ကျော် မောင်းလျှင်တော့ ဖြစ်နိုင်မည် ထင်သည်။ စည်းကမ်းဖောက်ဖျက်ရမှာစိုး၍ ကျွန်တော်တို့ လမ်း divider ကို ကျော်မမောင်းရဲပါ။
 
မိုင်ကိုတွက်ပြီးရလောက်ရဲ့ဟုဆိုတာ နေပြည်တော်ပျဉ်းမနား ရောက်မှ ဓါတ်ဆီထည့်တော့မည် ဆိုပြီး မရဲတရဲဆက်မောင်းခဲ့ရပါသည်။ ကားက ရုတ်တရက်ထိုးရပ်သွားမည် လားဟု ရင်တထိတ် ထိတ် ခုန်ခဲ့ကြရပါသည်။ ထိုသို့သောအဖြစ်မျိုးကို တခြားလူတွေ ကြုံကြရဦးမှာသေချာပါသည်။ ကျွန်တော်သည် အကြံပေးစာတစ်စောင်ရေးလိုပါသည်။ လမ်းကြောပြောင်းနိုင်သောနေရာတွေ တမိုင်ခန့်စီ နှစ် မိုင်ခန့်စီမှာ ရှိသင့်ပါသည်။ ဘယ်သူ့ကို ဦးတိုက်၍ ကျွန်တော်ပြောရပါမည်နည်း။
 
ဤလမ်းမကြီးမှာ ဝန်ကြီးဌာနတစ်ခုတည်း၏ အုပ်ချုပ်မှုအောက်မှာ ရှိသည်ဟုကျွန်တော်မထင်ပါ။ မြန်မာပြည်မှ အဝေးပြေးလမ်းမကြီး များအပါအဝင်လမ်းတွေကို အုပ်ချုပ်သူ တာဝန်ရှိသူမှာ အနည်း ဆုံး ဝန်ကြီးဌာန ၅ ခု လောက်ရှိသည်ဟုဆိုသည်။ လမ်း/တံတားဌာနမှာ ဆောက်လုပ်ရေးဝန်ကြီး ဌာန လက်အောက်မှာရှိသည်၊ ထိုဌာနသည်လမ်းများဖေါက်လုပ်ရန်ဖြစ်သည်၊  ပြုပြင် ထိမ်းသိမ်း ရေး ကိစ္စများကိုမူ လမ်း တံတား ဌာနက ပင်တာဝန်ယူလေသလား၊ တိုးလ် ဂိတ်များကိုမူ ဌာနတခု က တာဝန်ယူလိမ့်မည်ထင်သည်၊ ထိုဝန်ကြီးဌာနတွေကို ကျွန်တော်ရေတွက် မပြတတ်ပါ၊ ကျွန်တော်သိ သည်မှာ ပြသနာတခုရှိလျင် ဘယ်ဝန်ကြီးဌာနက တာဝန်ယူဖြေရှင်းပေး လိမ့်မည် ဟူသော ဗဟုသုတကျွန်တော့်မှာ မရှိခြင်းပင်ဖြစ်၏၊  
 
လမ်းတွေဖေါက်ထားသည့်နည်းတူထိုလမ်းတလျောက် လုံခြုံရေးကလိုအပ်သေးသည်၊ တရုတ်ပြည် က ဟိုက်ဝေးလမ်းမကြီးများမှာ လမ်းတလျောက်ခြံစည်းရိုး ခတ်ထားသည်ကိုတွေ့ရဘူး သည်၊ သူတို့က ကျွဲနွားစသော သတ္တ၀ါတွေ ဖြတ်သန်းမသွားအောင် ကာကွယ်ရန်ဟုဆိုသည်၊ တခါက ရန်ကုန် မန္တလေး အဝေးပြေး လမ်းမကြီးတွင်ပေါက်ပြားနှင့် ကိုင်ရန်းပြီး အရှိန်နှင့် အမြန် မောင်းနှင် လာသောကားတွေကို အနှောင့်အယှက်ပေးသည်ဟု ကြားလိုက် ရဘူးသည်၊ ရဲကတရားခံကို မြန်မြန်ဆန်ဆန် ထုတ်ဖေါ်နိုင်ခဲ့သည်ဟုဆိုပါသည်၊ ကျွန်တော်တို့လိုအပ်သည်မှာ နေ့ရောညဉ့်ပါ ၂၄ နာရီလုံး အနှောင့်အယှက် ကင်းသော လမ်းတွေဖြစ်ပါသည်၊
 
 မြန်မာနိုင်ငံက လမ်းတွေမှာ နောက်ပြဿနာတစ်ခုရှိသေးသည်။ ဂိတ်တွေက ပေါလွန်းသည်၊ မြို့တိုင်းမြို့တိုင်း မြို့အ၀င်မှာ ဘားတန်းချပြီး ပိုက်ဆံတောင်းနေကြတာက စည်းကမ်းမရှိ ကျပ် ၁၀၀၊ ၃၀၀၊ ၅၀၀၊ ၂၅၀၀ စသည်ဖြင့် ကားဒရိုင်ဘာအဖို့မှာ ဘယ်လောက်ပြောလိုက်မလဲမသိ၊ ပေးဖို့သာ ပြင်ပေရော့၊ တစ်ခါက စိတ် မထိန်းနိုင်သော ဆရာတစ်ယောက်မှာ ဂိတ်စောင့်နှင့် ရန်ဖြစ်ပြီး ထောင်ကျသွားရဘူးသည်။ ဂိတ်ကြေးဘယ်လောက်ကျတယ်ဆိုတာကို ကြေငြာသော ဆိုင်းဘုတ် မရှိ၊ ဖြတ်ပိုင်းမှာ တရားဝင်/ မဝင် ကျွန်တော်တို့မသိ။ ကျွန်တော်တို့ပေးလိုက်သော ပိုက်ဆံသည် လမ်းကို ထိန်းသိမ်းပြုပြင်ရေး ရန်ပုံငွေသို့ ရောက်ပါစေဟု မရဲတရဲဆုတောင်းကြည့်သည်။
 
ကျွန်တော်တို့ နှစ်စဉ် ကားလိုင်စင်လဲရတိုင်း ကညန သို့ ဘီးခွန်ဆိုပြီး ပေးလိုက်ရသည် မဟုတ်လော။ ထိုဘီးခွန်သည် မြန်မာပြည်မြို့များသို့ဖြတ်ပြီး ကားမောင်းခွင့်ကိုမပေးနိုင်ပြီလော။ ထိုမေးခွန်းတွေကို ဘယ်ဝန်ကြီးဌာနသို့ ကျွန်တော်တို့မေးရပါမည်နည်း။ မြန်မာပြည်လမ်းမကြီးများ နှင့်ဆိုင်သည့် အရေးအရာအားလုံးသည် ဝန်ကြီးဌာနတစ်ခုတည်းအောက်သို့ ရောက်သင့်နေပါပြီ။ ဂိတ်များတွင် တောင်းချင်သလို တောင်းနေကြသော အပြုအမှုကို ရပ်ဆိုင်းသင့်ပါပြီ။
 
လမ်းတလျောက် ကားကိစ္စအကူအညီပေးနိုင်သော Emergency တယ်လီဖုံးများတတ်ဆင် ပေးသင့်ပါသည်၊ ဖုံးခွက်ကို မလိုက်သည်နှင့် အော်ပရေတာဆီ တန်းရောက်သွားသော ဖုံးများ ဖြစ်သင့်ပါသည်၊ ကားပျက်၊ ကားအက်ဆီဒင့်ကိစ္စများ၊ မီးသတ်၊ ရဲကိုခေါ်ရန်ကိစ္စများ ကို ၂၄ နာရီပါတ်လုံး အကူအညီ ပေးနိုင်ရန်စီစဉ်ထားရပါမည်၊
 
(၂)
ကျွန်တော်တို့နိုင်ငံသည် ASEAN Association Of South East Asian Nations ခေါ် အရှေ့တောင်အာရှနိုင်ငံများအသင်းကြီး၏ အရေးပါသော နိုင်ငံတစ်ခုဖြစ်နေပါပြီ။ ထိုနိုင်ငံများနှင့် ကုန်သွယ်မှုပြုကြမည့် အိန္နိယ၊ ဘင်္ဂလားဒေ့(ရှ်)၊ တရုတ် စသည့် နိုင်ငံတွေနှင့် ကူးသန်း ရောင်းဝယ်ရေး ကိစ္စမှာ ပို၍ အရေးပါနေပါပြီ။
 
အာရှတိုက်၏ စီးပွားရေးတိုးတက်မှုမှာ အရှိန်အဟုန်ဖြင့်တိုးတက်လာနေပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၄၀/၅၀အတွင်း ကုန်စည်ထုတ်လုပ်ခြင်း၊ စီးဆင်းခြင်း အရှိန်အဟုန်မှာ အားတက်ဘွယ် ရာကောင်းသည့် ၂၀၅၀ ခုနှစ်ခန့်ရောက်လျှင် အာရှတိုက်သည် ကမ္ဘာကြီး၏ ထွက်ကုန်တစ်ဝက် လောက်ကို ထုတ်လုပ်နိုင်လိမ့်မည်ဟု ခန့်မှန်းနေကြသည်။ Purchasing Power Parity ခေါ် ကုန်စည်ဝယ်နိုင်အားမှာ ထိုအချိန်တွင် ဥရောပကိုမှီမည်ဟုဆိုသည့် ဝင်ငွေမှာလည်း ၆ ဆ ထက်မနည်း တိုးတက်လာမည်။
GDP မှာ ၂၀၁၀ တွင် 17 trillion ရှိရာမှ ၂၀၅၀ ရောက်လျှင် 170 trillion ရှိမည်ဟု ခန့်မှန်းထားသည်။ 
 
အရေးကြီးဆုံးနိုင်ငံများမှာ တရုတ်၊ အိန္နိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ ယိုးဒယားနှင့် မလေးရှား ခုနှစ်နိုင်ငံဖြစ်သည်။ ထို့အတူ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတို့ကိုလည်း ချန်ခဲ့၍ မရ။ ကုန်စည်စီးဆင်းရေး၊ ရောင်းဝယ်ရေးသည် မကြာသောကာလအတွင်း အရှိန်အဟုန် တိုးပွားလာရန်သာရှိပါသည်။
မြန်မာနှင့် အိန္ဒိယ နယ်စပ်လိုင်းမှာ ကီလိုမီတာ ၁၄၆၃ ရှိပါသည်၊ မြန်မာနိုင်ငံတွင်းသို့ ၀င်ရာလမ်းတွေကို လိုသလို အချိန်တိုတိုနှင့် သူတို့ဖေါက်နိုင်ကြပါသည်၊ ခေါင်းဆောင်သစ်မိုဒီ မှာ စီးပွားရေးတွင် အကွက် မြင်သူဖြစ်ရာ သူတို့ ကုန်သည်တွေ အဆင်ပြေစေရေးအတွက် ဘာမဆိုလုပ်မည့်သူဟု ဆိုကြပါသည်၊ သူတို့နိုင်ငံက ကုန်စည်တွေကို ကားနှင့်သာပို့နိုင်ပါက ကုန်းလမ်းသည် ရေလမ်းထက် အားသာချက်တွေ အများကြီးရှိပါသည်၊ 
 
တရုတ်ပြည်နှင့် နယ်နိမိတ်မှာ ၂၁၈၅ ကီလိုမီတာရှိရာ ယူနံနယ်သည် ပင်လယ်ကမ်းချေမရှိသော နိုင်ငံဖြစ်သည့် အတိုင်း မြန်မာနိုင်ငံကို ဖြတ်ခါ ကုန်စည်တွေကို ပို့ကြပါလိမ့်မည်၊
ထိုအရှိန်အဟုန်နှင့်အတူ ကျွန်တော်တို့သည် ချန်နေခဲ့၍မရ အတူလိုက်ပါကြရပါမည်။ အေစီယံ နိုင်ငံ များအတွက်အကောက်ခွန်လွတ် စံနစ်ကလည်း အမြန်ဆုံးစတင်နိုင်ရန် တရုတ်၊ အိန္ဒိယ၊ နှင့်အေစီယံ နိုင်ငံများ ဆွေးနွေးသံများကို ကျယ်ကျယ်လောင်လောင်ကြီး ကြားနေရပါပြီ။
 
မြန်မာနိုင်ငံကို မကျန်ခဲ့ဘို့ လုပ်သင့်တာတွေ လုပ်ကြပါဟု မြန်မာ့ခေါင်းဆောင်ကြီးများကို တိုက်တွန်းသံတွေလည်းကြားနေရပါသည်၊ နိုင်ငံခြားခေါင်းဆောင်ကြီးတွေလာကြပြီဆိုလျင် တိုးတိုး တမျိုး၊ တရားဝင် ကျယ်ကျယ်လောင်လောင်တမျိုး ပြောနေ ဆွေးနွေးနေကြပါပြီ၊ ခေတ် ကာလ နိုင်ငံရေးအခြေအနေများသည် မနှစ်ကနှင့်မတူ၊ မနေ့ကနှင့်လည်းမတူ၊ ထိုအပြောင်းအလဲတွင် ကျွန်တော်တို့အမှီလိုက်ဖို့လိုပါသည်။
(Asian Highway) အေရှဟိုက်ဝေးခေါ် လမ်းမကြီးများသည်လည်း အကောင်အထည်ဖော် ဖေါက်လုပ်နေပြီ ဟုဆိုသည်။ 
 
အမှတ် (၁) အေရှမ်းဟိုက်ဝေးလမ်းမသည် ၁၆၅၀ ကီလိုမီတာ ရှည်ပြီး မြဝတီ၊ ရန်ကုန် မန္တလေးမှ တမူးအထိသွားမည်ဟု ဆိုသည်။ မြဝတီ ကော့ကရိတ် လမ်းမကြီးမှာ မြဝတီဘက်ပိုင်း၌ ယိုးဒယားအကူအညီနှင့်ဖောက်လုပ်ပြီးစီးနေပြီး ကော့ကရိတ်မှ မိုးအလင်း ကားနှင့်ထွက်သော် မြဝတီတွင် နံနက်စာစားနိုင်နေကြပြီဟု ဆိုကြသည်။
 
အမှတ် (၂) လမ်းမကြီးမှာ တာချီလိတ်၊ မိတ္ထီလာ၊ တမူးအထိဟု ဆိုသည် ၈၀၇ ကီလိုမီတာ ရှည်လျား သည်၊ အိန္ဒိယ နိုင်ငံက ထိုလမ်းမကြီးအတွက် အနောက်ဖက်အပိုင်းကို ဖေါက်လုပ် ရာတွင် အကူအညီပေးသည်၊
 
အမှတ် (၃) လမ်းမမှာ မွန်ဂလနှင့် ကျိုင်းတုံ ၉၃ ကီလိုမီတာရှိသည်၊ နောက်ဆုံး မူဆယ်နှင့် မန္တလေးလမ်းမမှာ ၄၅၃ ကီလိုမီတာရှည်သည်။ ဂုတ်ထိပ်တံတားနှင့် အလားတူ တံတားအသစ် တိုးမည်၊ လမ်းသည်တိုပြီး အချိန်မြန်မြန်နှင့်ရောက်တော့မည်။
 
ထိုလမ်းမကြီးတွေပေါ်မှာ အိန္ဒိယထွက်ကုန်ပစ္စည်းတင်သောကားတွေသည် မြန်မာနိုင်ငံကိုဖြတ်ခါ ယိုးဒယား ဗီယက်နမ် နိုင်ငံတွေသို့  သွားကြရမည်။ တရုတ်နိုင်ငံ ယူနန်နယ် တခုလုံးက ထွက်ကုန် တွေသည် အိန္ဒိယ သမုဒ္ဒရာရှိရာသို့ ၄င်း အခြား အာစီယံ နိုင်ငံများသို့ ၄င်းကားတွေ နှင့်  သယ်ယူ သယ်ယူပို့ဆောင်ကြမည်၊ အပြန်တွင် ထိုကားကြီးများသည် သူတို့နိုင်ငံအတွက် လိုအပ်သော ကုန်တွေကို သယ်ဆောင်ကြလိမ့်မည်၊
အိန္ဒိယ နှင့် တရုတ် နိုင်ငံအတွင်းတွင် ဟိုက်ဝေးလမ်းမကြီးတွေက ကောင်းလွန်းနေပါပြီ။ ဆယ်ဘီး ကား၊ ၁၆ ဘီးကားတွင် ရှည်လျားသောကား၊ ကြီးသောကားတွေ စီတန်းပြီး မောင်းနှင်နေကြပါပြီ။     ကျယ်ပြန့်သော ဟိုက်ဝေလမ်းမကြီးတွေရှိကြသည်။ ကားကြီးအရေအတွက်များလိုက်ပုံမှာ တွေမှာ ကျယ်ပြန်.သော ၅လမ်းသွားလမ်းမကြီးများမှာပင် တခါတခါ ဂျမ်းဖြစ်ပြီး  လမ်း ပိတ်သွားတာတွေ ကြုံရဘူးသည်။
 
မြို့တမြို့ကိုဖြတ်တိုင်း ဂိတ်တွေရှိပြီးငွေတောင်းနေပုံနှင့် အေစီယံကုန်စည်စီးဆင်းမှု မြန်ဆန် ရမည့်  အရေးကို ကျွန်တော်ဆက်စပ်၍ မရနိုင်ပါ။ မြန်မာပြည်က လမ်းတွေပေါ်မှာ တခြားနိုင်ငံများမှ လမ်းများနည်းတူ ကားတွေ ကုန်တွေ စီးရေထောင်သောင်းချီ၍ ဖြတ်နေကြဘို့လိုပါသည်။
 
ရှမ်းပြည်မှထွက်သောကုန်၊ ကချင်၊ ရခိုင် ဒေသ အသီးသီးက ထွက်ကုန်တွေသည် ကားတွေပေါ် ရောက်ပြီး ထိုကားတွေသည် ၀ယ်ယူသူရှိရာအရပ်သို့ အမြန်ဆုံး ရောက်ရှိသွားရန် လိုအပ်ပါသည်။
(၃)
 
လမ်းတွေပွင့်လင်းကျယ်ပြန့်သွားဘို့လိုသလို အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ဥပဒေ  တွေ ကိုပြုပြင်ကြရန်လိုပါသည်။ စင်္ကာပူနိုင်ငံလေဆိပ်တွင် နိုင်ငံခြား မှ ပစ္စည်း တခုရောက်လာပါ  က ပိုင်ရှင်သည် နာရီအနည်းငယ်အတွင်း မိမိကား နှင့် သယ်ထုတ်သွားနိုင်ရန်စီစဉ်ထားပါသည်။  ကွန်တိန်နာ နှင့် ဆိပ်ကမ်းသို့ ပစ္စည်းရောက်လာလျင် Custom Clearance မှာ ၃ ရက်ထက်ပို၍ မကြာပါ။ ၀ယ်ယူသူလက်ထဲသို့ ရောက်ရှိနိုင်ကြပါသည်။
 
အခုမြန်မာနိုင်ငံ ဆိပ်ကမ်းက ၁၂.၅ % အခွန်ကောက်နေခြင်း ကိစ္စ မှာမဖြစ်သင့်တော့ပါ။ အင်ဒိုနီးရှားက ပို့လိုက်သော ပါတိတ်ထုတ်ကို မြန်မာကုန်သည်တွေက ရန်ကုန်ဆိပ်ကမ်းသို့ မပို့ကြ ပါ။ ယိုးဒယားကို ပို့ပြီး ယိုးဒယား မှမော်တော်ကား နှင့် ရန်ကုန် အရောက် မောင်းပို့ကြပါသည်။ တရားမ၀င်  သောကိစ္စဖြစ်နေရာ တချို့မှာ ကွန်တိန်နာလိုက် လမ်းမှာ ပျောက်သွားတတ် ကြသည် ဟုလည်း ကြားရ ဘူးသည်။ 
 
စည်းကမ်း နည်းလမ်းတွေ နှင့် ရှုတ်ထွေးနေသော  Custom Clearance ကိစ္စ မှာ စံနစ်ကြီး တခု လုံးအစအဆုံး ပြန်လည် သုံးသပ်ကြရပါမည်၊ အခြားနိုင်ငံကြီးများတွင် ဘယ်လို စည်းကမ်း နည်းလမ်း တွေသုံးနေကြသည်ကို လေ့လာသင့်ပါသည်၊ တကယ်အလုပ်လုပ်နေသော စီးပွားရေး လုပ်ငန်း လုပ်သူများထံမှ အကြံပြုချက်တွေကို နားထောင်ရန်လိုအပ်ပါသည်၊ စာရွက် စာတမ်း တခုသည် စားပွဲပေါင်းများစွာကို ဖြတ်ပြီး မှ မိမိ ပစ္စည်းကို မိမိသယ်ယူ သွားခွင့် ရှိသော ကိစ္စ မှာ အလုပ်လုပ်သည်နှင့်  မတူ အလုပ်ရှုတ်အောင်လုပ်ပြီး  လာဘ်မထိုး ထိုးအောင် အားပေး အားမြှောက် ပြုသလိုဖြစ်နေပါ သည်။
(၄)
 
မြန်မာနိုင်ငံ မြစ်ကြီးတွေမှာ တံတားတွေများစွာထိုးပြီးပါပြီ၊ ဧရာဝတီမြစ်ကို တံတား ၁၄ စင်း၊ စစ်တောင်းမြစ်ကို ၅စင်း၊ သံလွင်မြစ်ကို ရ စင်း စသည်ဖြင့် တံတားတွေရှိနေပါပြီ။ ဧရာဝတီ မြစ်ကြောတွင် ကျောက်မြောင်းနှင့် မြင်းမူမြို့တို့တွင် ရေနက်ဆိပ်ကမ်း တွေလုပ်ရန် စီစဉ်သည် ဟုလည်းကြားနေရသည်၊ မြန်မာပြည်အထက်ပိုင်းက ကုန်တွေကို ရန်ကုန် အကောက်ခွန် ဋ္ဌာနကို ဖြတ်ရန်မလိုဘဲ နိုင်ငံခြားသို့ တိုက်ရိုက် တင်ပို့နိုင်ကြရန် ရည်ရွယ်သည် ဟုလည်းကြား ရ သည်၊ 
 
သို့ပါသော်လည်း  ပြည်နယ်များ နှင့် လမ်းပမ်းဆက်သွယ်ရေး မှာတိုးတက်လာသော ခေတ်စံနစ် နှင့် မကိုက်ညီသေးပါ။ မန္တလေး မှ မြစ်ကြီးနား၊ ဗန်းမော်တို့် သို့ ရာသီမရွေး အချိန်မရွေး မောင်းနိုင် သော လမ်းမကြီးတွေ ရှိဘို့ကောင်းပြီ။ ရခိုင်တိုင်းသို့ ဆက်သွယ်သောလမ်းတွေမှာ ဒီထက်အများ ကြီး ကောင်း ဘို့လိုသည်။ 
 
အိမ်တအိမ် မြို့တမြို့ ၏ ဘေးဖက်၊ နောက်ဖက် နေရာတွေ မှာ  လူအရောက်အပေါက် နည်းလျင် ဖြစ်စေ၊ အသုံးချခြင်း မရှိလျင်ဖြစ်စေ အမှိုက်သရိုက်တွေ ထူပြောလာတတ်သည်။ ထိုနည်းတူ နိုင်ငံ တနိုင်ငံ၏ ဝေးလံခေါင်ဖျားဒေသ  ဆိုတာတွေ ခေတ်သစ် မှာ မရှိသင့်တော့ပါ။ ကချင်ပြည်နယ်   တခုလုံး ဥဒဟို သွားနိုင်သော ကတ္တရာလမ်းမကြီးတွေ လိုနေပါသည်၊ ချင်းပြည်နယ် ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ နယ်စပ်မြို့တွေ တလျောက် ကွေ့ပါတ်ဖေါက်ထားသောလမ်းတွေနေရာတိုင်းမှာ ရှိနေသင့်ပါပြီ၊ 
 
လမ်းတွေဖောက် လူတွေစည်ကား လာလျင် မှောင်ခိုလုပ်တာတွေ တရားမ၀င် လုပ်ငန်းတွေ လက်နက်နှင့် အနိုင်ကျင့်မှု တွေ ပပျောက် သွားပါလိမ့်မည်။ နယ်စပ်မြို့များမှ စားစရာ အသုံးအဆောင် ပစ္စည်းတွေ တရားမ၀င် ဒလဟောဝင်နေလျင် မလိုလား အပ်သော အကျိုးဆက် တွေရှိတတ်ပါသည်၊ အစားအသောက်နှင့် ဆေးပစ္စည်းကို အထိမ်းချုပ်မဲ့ ပြည်တွင်းသို့ အ၀င်မခံသင့်ပါ၊ မီးတွေ ထိန်ထိန်လင်းအောင် ထွန်းညှိထားလျင်အမှိုက်သရိုက် နှင့် လူဆိုးသူခိုး တွေလာရန် အခွင့် အရေးနည်းသွားပါလိမ့်သည်။
မိမိအိမ်သန့်ရှင်းရေးကို မိမိတို့ဖါသာ တာဝန်ယူကြရပါလိမ့်မည်၊

 

ဖေဖေါ်ဝါရီလ၂၇ စံတော်ချိန်သတင်းစာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကိုသန်းလွင် – အဝေးပြေးလမ်းမ
  1. Very good facts, for cargo transportation with Myanmar authorities, corruption. Especially border military officers (gov & ethnic armies) are No.1 problem for cargo movement. Mobile team also same same. Oh God, please Help..

  2. စာေ၇းသူပြောတဲ့ဂိတ်တွေများလိုက်တာဆိုတာ” အမှန်” ပါဘဲ။၇န်ကုန်- မန္တလေး၇ိုး၇ိုးပုံမှန်လမ်းတင်မဟုတ်ပါ ဘူး၊ ပုဂံ-မုံ၇ွာသွားတဲ့လမ်းမှာလဲဒီလိုပါဘဲ။တုတ်တန်းတွေတားခြင်သလိုတားပြီးဖြတ်ပိုင်းပေး တဲ့နေ၇ာကော၊ ဖြတ်ပိုင်းမပေးဘဲပိုက်ဆံကောက်ခြင်သလိုကောက်တဲ့နေ၇ာတွေဟာအတိုင်းထက်လွန်များလွန်းလို.အဝေးခရီး သွား၇တာနှောင့်နှေးကြန့်ကြာယုံမကစိတ်အနှာင့်အယှက်ဖြစ်စေလှပါတယ်။သက်ဆိုင်၇ာများအ နေနဲ.ဒီကိစ္စကို ”သေချာစွာ” စီစစ်လုပ်ဆောင်သင့်ပါတယ်။

Comments are closed.