မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

ဝင်းအောင်ကြီး – လူအောင်ဆန်း (၅-၉)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဝင်းအောင်ကြီး – လူအောင်ဆန်း (၅-၉)

(မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅

လူအောင်ဆန်း (၅)

 

နိုင်ငံတနိုင်ငံ အပြောင်းအလဲဖြစ်ဖို့ ကျောင်းသားလူငယ်ဟာ အဓိကအားဆိုတာ သူ့ကိုယ်တွေ့။  ဒုတိယ ကျောင်းသားသပိတ်အပြီး ရလိုက်တဲ့ နိုင်ငံရေးအသိနဲ့ သူတို့တတွေ ၀င်သွားတော့ ဒို့ဗမာအစည်းအရုံး ပြောင်းလဲပီပြင်လာတယ်။  လူငယ်ရဲ့သဘာဝကိုယ်က ပြတ်သားတယ်၊ ရဲရင့်တယ်၊ စွန့်လွှတ်အနစ်နာခံတယ်။  အဲဒါကြောင့် ဂျပန်ခေတ်မှာ အာရှလူငယ်လှုပ်ရှားမှုကို သူအကြီးအကျယ် အားပေးတာပါ။  သူက လူငယ်တွေကို တန်ဖိုးထားလို့လည်း လူငယ်တွေက သူ့ကိုကြည်ညိုလေးစားချစ်ခင်ကြတာပေါ့။

ကျနော့ခေါင်းထဲ ပေါ်သလောက် “တည်တည်ကြည်ကြည် ရိုးရိုးနဲ့မှန်တာကိုပြောမည်၊ ဘယ်မိန်းမကိုမှ မချစ်ခဲ့သည်၊ ဆရာမကိုပဲ အသည်းစွဲချစ်တော့သည်” ဆိုတာ သူနဲ့ဒေါ်ခင်ကြည် လက်ထပ်ပွဲမှာ ကရင်လူငယ်လေးတွေ ဂစ်တာတီး သီဆိုကြတဲ့ မင်္ဂလာလက်ဖွဲ့တေးပါ။

(၁၉၄၆) ခု၊ ဇန်န၀ါရီလ ဖဆပလ ညီလာခံသို့ စွန့်စွန့်စားစာ လျှို့ဝှက်စွာ တက်လာကြတဲ့ ကိုတင်အေး ခေါင်းဆောင်တဲ့ ရှမ်းပြည်လူငယ် (၉) ယောက်ထဲ ရှမ်း၊ တောင်သူ၊ ဓနု၊ ပအို့၊ အင်းသားတို့ ပါဝင်ကြတယ်။  (၁၉၄၇) ခု၊ဖေဖော်ဝါရီလ ရှမ်းစော်ဘွားများနဲ့စေ့စပ်လို့မရ၊ ပွဲဖျက်ကာ ဗိုလ်ချုပ်က ရန်ကုန်ပြန်ဖို့ RAF VIP FLIGHT ဗိုလ်ထွန်လှအား စီစဉ်ဖို့အမိန့်ပေးပြီးပြီ၊ အဲဒီအချိန်မှာ သူအင်မတန်ကြိုက်တဲ့ ဆိတ်သားခပတ်နဲ့ ပလတာကျွေးထားကာ ကိုတင်အေးတို့ ရှမ်းလူငယ်တွေ ကန့်ကွက်ဆန္ဒပြ ကြလို့ ရှမ်းစော်ဘွားများ စိတ်သဘောထားပြောင်း၊ ပြန်လည်စေ့စပ်ဆွေးနွေးရာကနေ ပင်လုံစာချုပ် လက်မှတ်ရေးထိုး နိုင်ခဲ့ပုံ မှတ်တမ်းတွေ ရှိပါတယ်။

ကဲ ကချင်ဘက်လှည့်ကြည့်ကြရအောင်။  မန်ခိန်း MAN HKRING ရွာမှာ လွတ်လပ်ရေးတိုက်ပွဲမှာ အတူပါဝင်ကြဖို့၊ လွတ်လပ်ရေးရတဲ့အခါ လွတ်လပ်စွာအုပ်ချုပ်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးမယ့်အကြောင်း ဗိုလ်ချုပ်ကဟောပြော အပြီးပျော်ရွှင်ကြ ရင်းနှီးချစ်ခင်ကြလို့ ဓာတ်ပုံရိုက်ကြတဲ့အခါ အမှတ်တရဖြစ်စေဖို့ သူ့ကိုကချင်လိုဝတ်စေချင်တဲ့ ဆန္ဒကို သဘောတူကာ ကချင်အမျိုးသမီး (၆) ယောက်နဲ့ရိုက်တယ်။  အဲဒီမှာတင် ကချင်လူငယ်လေးတယောက်က “ ဒီပုံကို အန်တီဒေါ်ခင်ကြည် မြင်သွားရင်တော့ ကြည့်စမ်းဆိုပြီး ဗိုလ်ချုပ်ကို ဗိုက်ခေါက်ဆွဲလမ်လိမ့်မယ် ထင်တယ်” လို့ပြောတော့ သူဘယ်လိုမှာ မထိန်းနိုင်ဘဲ ရယ်လိုက်ချိန်မှာ ဓာတ်ပုံဆရာ ဦးပုလေးက ထိထိမိမိရိုက်လိုက်တာတဲ့။  

အလွန်တွေ့ရခဲတဲ့သူရယ်နေတဲ့ဓာတ်ပုံ။  အမျိုးသားခေါင်းဆောင်ကြီးကို ဘယ်ကချင်ခေါင်းဆောင်က အဲဒီလိုနောက်ရဲမှာလဲ။  ကချင်လူငယ်လေးကတော့ သားကအဖေကို ချစ်သလိုချစ်လို့ စိတ်ထဲရှိတာ ပါးစပ်ကထွက်သွားတာ နေမှာပေါ့။  ကျနော့ကိုယ်တွေ့နဲ့ ယှဉ်တွေးကြည့်တော့ ဟုတ်ပါလိမ့်မယ်။

ကျနော်တို့ဘာဖြစ်လို့ ဗိုလ်ချုပ်ကို ချစ်ကြတာလဲ၊ လွတ်လပ်ရေးယူပေးလို့လား။  လွတ်လပ်တဲ့နိုင်ငံသားနဲ့ ထိုက်တန်အောင် နေတတ်အောင် သွန်သင်လမ်းညွှန်ပြစဉ်က ကျနော်အသက် (၁၀) နှစ်ကျော်ကျောင်းသား။  ဒါပေမဲ့ ကချင်လူငယ်လေးလို ဗိုလ်ချုပ်ကို ချစ်တယ်။  ခုအသက် (၈၀) နီးပါးအချိန် ပြည်လည်သုံးသပ်လိုက်တယ်၊ မိဘဟူသည် သားသမီးတိုင်းကိုချစ်တယ်၊ ကျောင်းဆရာကောင်းဟူသည် ဉာဏ်ကောင်းစာတော်တဲ့ ကျောင်းသားကို မျက်နှာသာပေးချင်မှာပေးမယ်၊ ဉာဏ်ထိုင်းတဲ့စာညံ့တဲ့ ကျောင်းသားကိုတော့ ပိုမိုဂရုစိုက်သင်ပေးမြဲ မဟုတ်ပါလား။  ဗိုလ်ချုပ်က လူငယ်တွေကို မိဘအနေနဲ့ ကျောင်းဆရာ ကောင်းအနေနဲ့ ချစ်တာလို့ပြောပါရစေ။

အဲဒီတော့ မဆလ ခေတ်လမ်းစဉ်လူငယ်တွေထဲက ဖုန်းမော်တို့ ထိုးထွက်လာခဲ့နိုင်တာကို ယနေ့လူငယ်တို့ ပြန်သတိရပါ။  ဗိုလ်ချုပ်ကို ချစ်တယ်ဆို၊ နံပြားနဲ့ပဲပြုတ်စားချင်စား၊ နတ်မောက်ကိုသွားချင်သွား၊ သူ့လိုအမြင်ကျယ်၊ သူ့လိုသဘောထားကြီးရင် ခွဲခြားဆက်ဆံမှု (DISCRIMINATION) ကင်းတဲ့ အောင်းဆန်းလေးတွေ ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ယုံကြည်သမို့ လူအောင်ဆန်း (၅) ကိုရေးလိုက်ရကြောင်းပါ။

၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၉ ရက်။

××××××××××

လူအောင်ဆန်း (၆)

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီပုံကို (၁၉၅၆) ခုနှစ်၊ ဦးသိန်းဖေမြင့်အိမ် ဧည့်ခန်းမှာ ကားလ်မတ်၊ အိန်ဂျယ်တို့နဲ့ အတူချိတ်ဆွဲထားတာ ပထမဆုံးမြင်ဖူးကတည်းက သူ့ပင်ကိုယ်စရိုက်၊ ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေး (Personality) ဖော်ညွှန်းတယ်လို့ ခံစားမိခဲ့တယ်။  ဖဆပလ က သူ့ပုံသုံးကာ မဲဆွယ်နေချိန် ပမညတ ခေါင်းဆောင် အိမ်မှာ ဘာဖြစ်လို့ အခန့်သားရှိနေရတာလဲ။  ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု (Personality cult) တော့ ဖြစ်နိုင်မယ်မထင်၊ မေးမကြည့်မိခဲ့။

သခင်သန်းထွန်း နှုတ်ထွက်သွားလို့ ဖဆပလ အထွေထွေအတွင်းရေးမှူး နေရာအတွက် သူအရွေးခံတော့ ဗိုလ်ချုပ်ထောက်ခံတဲ့ ဆိုရှယ်လစ် ဦးကျော်ငြိမ်းနိုင်သွားတယ်။ “ခုလို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးကျော်ငြိမ်း (၂) ယောက်ပေါင်းကို ရှုံးပေမဲ့ ” လို့ပြောကာ ဦးကျော်ငြိမ်းအောက်မှာ လုပ်ဖို့သဘောတူလိုက်ခြင်းဟာ ဗမာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေး တွေရောထွေးနေတာ ကြည့်ပါ။

အဲဒါကြောင့် လူအောင်ဆန်း အကြောင်းရေးတဲ့အခါ သူနဲ့တိုင်ပြည်၊ သူနဲ့လူထုဆက်ဆံရေးကိုသာ ရေးပါ့မယ်။  (၁၉၄၇) ခု၊ နောက်ပိုင်း သူမိသားစုကိစ္စ၊ ဒေါ်ခင်ကြည် သန့်ရှင်းဖဆပလ အတွက်လုပ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့NLD တို့ကို စာဖတ်သူများ သီးခြားလေ့လာပါ။

သူတဦးတယောက်ချင်း ကိုသာချဉ်းကပ်လို့ မြင်တွေ့တာတွေ သူကိုချစ်ကြသူ လူကြီလူငယ်တို့အား ဝေငှပါ့မယ်။ သူဖြတ်သန်းသွားတဲ့ ဘ၀တလျှောက်လုံးကို လေ့လာကြည့်ရင် သူဟာ ပင်ကိုယ်မူရှိသူ ဆိုတာ နတ်မောက်ကျောင်းသားလေးကနေ အမျိုးသားခေါင်းဆောင်ကြီးအထိ တွေ့ရတယ်။  ရှေ့နောက်မညီတာ ဘယ်တော့မှမလုပ်၊ ခုတမျိုးတော်တော်ကြာတမျိုး ဘယ်တော့မှမပြော၊ အဲဒါသူ့မှာမူရှိတယ်ဆိုတာ ပြတာမဟုတ်လား။  လူထုကို ၄၊ ၅၊ ၁၀ လှမ်းလှမ်းခိုင်းချိန် ကြည့် သူကိုယ်တိုင် သွားသုတ်သုတ် လာသုတ်သုတ် မဟုတ်လား။  သူ့မှာဆင်းရဲတာက ငွေမဟုတ်၊ အချိန်ပါ။  သူ့မိန့်ခွန်းတွေကို နားထောင်ကြည့်တဲ့အခါ ခေါင်းထဲပေါ်လာတာကို ပါးစပ်ကတန်းပြောတာလေ။  ကျနော်တို့ ဘောလုံးပွဲက တိုက်ရိုက်အသံလွှင့်တဲ့အခါ မျက်စိထဲမြင်တာကကို တန်းပြောရမြဲမို့ နားလည်တာပါ။

အဲဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းမှာ တွေဝေခြင်း (Second Thought) ကင်းတာ။  ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး မစ္စတာစလော့က “You are revolutionary” လို့ဆိုတဲ့အခါ ချက်ချင်း “ Yes, but peaceful revolutionary” လို့ပြန်ဖြေလိုက်တယ်။  တော်လှန်ရေးကာလအတွင်း မဟာမိတ်တပ်က ဗိုချုပ်စလင်းနဲ့လျှို့ဝှက်သွားတွေ့စဉ်၊ “မင်းကိုငါဖမ်းနိုင်တယ်၊ မကြောက်ဘူးလား” လို့မေးတော့ “ No. I trust you. Because you are British officer” တဲ့သူ့အဖြေက။  “Aung San scored me “ ဘောလုံးစကားနဲ့ပြောရရင် အောင်ဆန်းက ဂိုးသွင်းလိုက်တယ်၊လက်ဝှေ့စကားနဲ့ဆို အောင်ဆန်းက အလဲထိုးလိုက်တယ်လို့ ဗိုလ်ချုပ်စလင်းကသူ့ရဲ့ “Defeat Into Victory” ထဲမှာရေးထာတာ မှတ်မိသေးတယ်။ ဖတ်သင့်တဲ့စာအုပ်ကောင်းပါ။

နောက် အတုယူသင့်တာက သူဟာမှားရင် ပြင်ဖို့ဝန်မလေးဘူး။  (၁၉၃၆) ခု၊ သပိတ်အပြီး အမျိုးသားတက္ကသိုလ်အတွက် အစည်းအဝေးမှာ ဆာဦးသွင်လို သူဌေးကြီးက ငွေ ၁၀၀၀ိ၊ သာထည့်တာ နည်းလွန်တယ်လို့ သူပြောလိုက်တဲ့အခါ၊ မျက်စိမျက်နှာပျက်ကုန်ကြသတဲ့။  အမျိုးသားပညာဝန် ဦးဖိုးကျားက “အချိန်ကုန်ခံကာ နာယကလုပ်ပေးနေတဲ့ စေတနာက ပိုကြီးမားပါတယ်” လို့ရှင်းပြတဲ့အခါ၊ “ဟုတ်သားပဲ” ဆိုတဲ့ သူ့အသံကြောင့် အားလုံးပြုံးနိုင်ကြတယ်။

ဂျပန်ခေတ်မှာ စစ်ဗိုလ်တယောက်ကို အဆင့်နိမ့်ပုလိပ်က ဖမ်းတော့ အဓိပတိကြီးကို သူသွားတိုင်ရာ၊ ဒေါက်တာဘမော်က “ခင်ဗျားကိုယ်တိုင် BL တက်ခဲ့တာပဲ၊ ဥပဒေအရ အရေးယူတဲ့အခါ ရာထူးအဆင့်မလိုဘူးလေ” လို့ထောက်ပြလိုက်တဲ့အခါ သူချက်ချင်းသဘောပေါက်သွားပုံ Break Through In Burma စာအုပ်ထဲ ဒေါက်တာဘမော်က ရေထားတယ်။

ခေတ်ပျက်၊ စနစ်ပျက်၊ အကျင့်ပျက်နေချိန်မှာ သူ့လိုလုပ်ဖို့ ခက်မယ်လို့ဆိုလာရင် “လောကဓံတရား၏ လက်ခုပ်တွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကားမတုန်မလှုပ်၊ မငိုကြွေး ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကား မညွတ်” ဆိုတဲ့ အိုးဝေမဂ္ဂဇင်းမှာ သူရေးတဲ့အယ်ဒီတာ့အာဘော် တပိုင်းတစကို ထောက်ပြပါရစေ။

လူတွေထဲလူ၊ ဒါပေမဲ့ အာဂလူမို့ လူတွေထဲက လူတိုင်းအတုယူကြဖို့ လူအောင်ဆန်း (၆) ကိုရေးလိုက်ရကြောင်းပါ။

၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၁၁ ရက်။

××××××××××

 

လူအောင်ဆန်း (၇)

သမိုင်းဝင် ပင်လုံစာချုပ် လက်မှတ်မထိုးခင်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဒီပုံကိုကြည့်ပါ။  (၁၉၄၆) ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ကရင်နီပြည်မိတ်ဆက်အဖွဲ့နဲ့ ဖဆပလ ဌာနချုပ်မှာ အမှတ်တရ ရိုက်ထားတာ။  ဦးစိန်၊ ဦးအေမြလေး၊ သခင်သန်းထွန်း၊ သခင်ချစ် (ဗကပ)၊ ဘကြီးဘဘေ၊ KNU ဥက္ကဌ စောဘဦးနဲ့ မန်းဘခိုင်၊ ဦးအောင်ဇံဝေ (ရခိုင်)၊ ဦးဖေခင် (ဗမက) စသဖြင့်။  ရှပ်အင်္ကျီ လက်တိုလေးဝတ်ထားတဲ့ (၃၁) နှစ်သား လေးရဲ့ ပြည်ထောင်စု အိပ်မက်ဘယ်လိုဆိုတာ မြင်နိုင်ပေလိမ့်မယ်။

(၁၉၃၉) ခု၊ ဒုတိယကမ္ဘာစစ်စချိန် ဒို့ဗမာအစည်းအရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်းဟာ၊ အာဃာတွေပြင်းထန်နေဆဲ ဒေါက်တာဘမော်နဲ့ အကြိမ်ကြိမ်ဆွေးနွေးပြီး ဖွဲ့လိုက်တဲ့ ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုတဲ့တပ်ပေါင်းစုကတော့ အောင်ဆန်းရဲ့လွတ်လပ်ရေး အိပ်မက်လို့ သခင်နုကရေးတယ်။  ရန်ကုန်တက္ကသိုလ်က လူမျိုးစုံဘာသာစုံကို အခြေခံတာလို့ သုတေသီများကဆိုတယ်။

(၁၉၄၄) ခု၊ သူ့အိမ်မှာ စည်းဝေးပြီး၊ ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီနဲ့ တပ်မတော်တို့ ပါဝင်တဲ့ ဖတပလ (နောင် ဖဆပလ) ဖွဲ့စည်းတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းက ဥက္ကဌ၊ သခင်သန်းထွန်းက အထွေထွေအတွင်းရေးမှူး။ အင်္ဂလိပ်ထံက လွတ်လပ်ရေး စေ့စပ်လို့မရရင်၊ အင်္ဂလိပ်လက်အောက် ဆက်ရှိနေမည့် တောင်တန်းဒေသကိုလည်း တိုက်ချင်တိုက်ရမယ်ဆိုတာ ခြိမ်းခြောက်ခြင်းမဟုတ်။  ပထ၀ီအနေအထားကို ကြည့်ပြီးတွေးရင် မြင်ပါလိမ့်မယ်။

(၁၉၄၇) ခု၊ ဖေဖော်ဝါရီလ ပင်လုံစည်းဝေးပွဲမှာ “ဗိုလ်ချုပ်ဆိုတော့ မောက်မာလိမ့်မယ်ထင်ခဲ့တာ၊ ဆွေးနွေးကြည့်တော့မှ အမြော်အမြင်ကြီးတဲ့ လူငယ်ခေါင်းဆောင်ပဲ” လို့ စော်ဘွားကြီးတွေ မှတ်ချက်ပုံ ရှာဖတ်ကြည့်ကြပါ။  အစိုးရအဖွဲ့ထဲမှာ ရှမ်းစော်ဘွား ထည့်ပေးဖို့ တောင်းဆိုတော့ နာမည်သာပေးလို့ သူကပြောလိုက်တယ်။  မသွားခင်ကတည်းက ဘုရင်ခံရဲ့ခွင့်ပြုချက် ယူသွားတာကိုကြည့်၊ ဘယ်လောက်အကွက်မြင်သလဲလို့။  ခက်ခက်ခဲခဲနဲ့ အထပ်ထပ်အခါခါ စေ့စပ်ဆွေးနွေးပြီးမှ၊ လူမျိုးစုံ၊ ဘာသာစုံ နေထိုင်တဲ့တိုင်းပြည်မှာ မတူတာကိုမကြည့်ဘဲ ညှိယူတတ်တဲ့ ခေါင်းဆောင်မှုကြောင့် ပင်လုံစာချုပ် ပေါ်လာတာမဟုတ်လား။

အဲဒီနောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာ တပြည်လုံးက ကိုယ်စားလှယ် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သလဲကြည့်။  လူထုတရပ်လုံးထဲက လူတယောက်မို့ တကယ့်လူထုခေါင်းဆောင်ဖြစ်တာပါ။  သူတို့ရဲ့နယ်မြေ သယံဇာကို ယူဖို့မဟုတ်၊ ပြည်ထောင်စုထဲမှာ လွတ်လပ်ရေး အတူခံစားရေးမို့ တိုင်းရင်းသားတွေက သူ့ကိုယုံကြည်ကိုးစားတာ။

ဒါပေမဲ့ အကောင်အထည် မဖော်နိုင်ခင် သူကျဆုံးသွားလို့ နောက်ဆက်တွဲ ပြဿနာတွေ တက်ခဲ့ရတယ်။  ပင်လုံစိတ်ဓာတ်ဆိုတာ တိုင်းရင်းသားတွေရဲ့မဲ လိုချင်တဲ့အခါ ထအော်ဖို့လား။  ပြည်နယ်တွေ ခွဲထွက်ကြမယ်ဆိုတာ တကယ်အမှန်လား။  မှန်တယ်ဆိုရင်ကော အဲဒီအခြေရောက်မလာအောင် လုပ်ခဲ့ကြသလား။  တိုင်းရင်းသားတွေက ဆူပူသောင်ကျန်းချင်ကြလို့ လက်နက်ကိုင်တာလား။  တပ်မတော် အင်အားကြီးချင်လို့ သူပုန်မွေးထားတာလား။  သူတို့ဘက်က လူမျိုးရေးစိတ် ပြင်ထန်တာလား။  ကိုယ့်ဘက်က သဘောထား မကြီးတာလား။

စာဖတ်သူများ မေးကြ တွေးကြ အဖြေရှာကြပါ။

ပင်လုံကိုမမီလည်း (၈၈) ကာလ စစ်တပ်အာဏာသိမ်းဖို့ အခြေအနေ ဖန်တီးယူပုံနဲ့ယှဉ်ကာ စဉ်းစားလို့ရပါတယ်။  မဟုတ်ရင်တော့ ပြည်ထောင်စုနေ့ဆိုတာ တိုင်းရင်းသားတွေရဲ့ ရိုးရာအကကို ကြည့်ကြ သို့မဟုတ် ခေါပုတ်စား ခေါင်ရည်သောက်နဲ့သာ တနှစ်ပြီးတနှစ် ကူးသွားမှာလား။

အဲဒါဟာ ဗိုလ်ချုပ်အောင်ဆန်းပေးသွားတဲ့ ပင်လုံစိတ်ဓာတ်လား။

မသိရင်တော့ အောင်ဆန်းနာမည် မကြားရဲ၊ အောင်ဆန်းစိတ်ဓာတ်ကို သေမလောက်ကြောက်ကြသူတွေရဲ့ ဂွင်ထဲဆက်ပြီးနစ်နေလိမ့်မယ် လို့သတိပေးရင်း လူအောင်ဆန်း (၇) ကိုရေးလိုက်ရကြောင်းပါ။

၂၀၁၅ ခု၊ ဖေဖော်ဝါရီလ (၁၂( ရက် (ပြည်ထောင်စုနေ့)

××××××××××

လူအောင်ဆန်း (၈)

 

မေယု တိုက်ရေယာဉ်ကို စစ်ဆေးဖို့ ရောက်လာတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဒီပုံကိုကြည့်ရင်၊ အသက်ငယ်သေးပေမဲ့ ဘယ်လောက် ရင့်ကျက်တယ်ဆိုတာ မြင်နိုင်ပါလိမ့်မယ်။  ရဲဘော်သုံးကျိပ်၊ စစ်သေနာပတိ၊ ဖက်စစ်တော်လှန်ရေး၊ တပ်တွင်း ပုဂ္ဂိုလ်ရေးပြသနာများ ခေါင်းဆောင် ကိုင်တွယ်ခဲ့ပြီးပြီ။  မဟာမိတ်တို့ဘက်က ဗိုလ်ချုပ်စလင်း၊ မောင့်ဘက်တန်တို့နဲ့ ဆွေးနွေးခဲ့ပြီးပြီ။  အင်္ဂလိပ်တို့ရဲ့ Royal Navy မှာအမှုထမ်းနေတဲ့သူတွေကို တပ်မတော်ရတပ် အတွက်၊ Royal Air Force ကသူတွေ လေတပ်မှာ နေရာချ စီစဉ်ခဲ့တယ်။  တပ်သားဦးရေ ကန့်သတ်ထားရလို့ ပိုနေသူတွေကို ပြည်သူ့ရဲဘော်တပ်ဖွဲ့ ထူထောင်ကာ ကိုယ်တိုင်ကွပ်ကဲပေးခဲ့သေးကြောင်း မှတ်တမ်းတွေရှိတယ်။

တပ်မတော်ကို ဖဆပလ ကနှုတ်ထွက်စေပြီးနောက် ကိုယ်တိုင် စစ်ဦးစီးချုပ်အဖြစ်က ထွက်လိုက်တာဟာ လွတ်လပ်ရေးရတဲ့အခါ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင်သတ်မှတ် ပေးလိုက်တာမဟုတ်လား။  ပြည်ထောင်စုနဲ့ ထိုက်တန်အောင် တိုင်းရင်းသားစုံ ပါဝင်တဲ့တပ်မတော် ဖြစ်လာခဲ့ပုံကို လေ့လာကြည့်ပါ။  လူတိုင်းစစ်ပညာ မသင်မနေရ ဆိုတဲ့ မိန့်ခွန်းက လူထုတရပ်လုံးပိုင်တဲ့ နိုင်ငံရဲ့ လူထုတရပ်လုံးကို ကိုယ်စားပြုတဲ့ တပ်မတော် အဖြစ်ထူထောင်ဖို့ညွှန်းတာ မဟုတ်လား။  တပ်အင်အားကို လိုအပ်ချိန်ကျ မှ ချဲ့တဲ့ခုခေတ်စနစ်ကို လွန်ခဲ့တဲ့ နှစ် (၆၀) လောက်ကတည်း သူမြင်ခဲ့တယ်။

စစ်ယူနီဖောင်းလေး ၂ စုံ လောက်နဲ့ ဘာ့ကြောင့်နေသွားသလဲ။  ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ တိုင်း (၄) က၊ ဗိုလ်မှူးဘရှင်နဲ့ တပ်ကြပ်ကြီး တင်ဦးတို့ လာတွေ့တော့ အင်္ကျီကိုဘောင်းဘီပွထဲထည့်ဝတ်ပြီး၊ ခါးပတ်နေရာမှာ ကြိုးနဲ့ချီထားတာကို သူကြည့်နေတယ်၊ သူတို့ ၂ ယောက်နည်းတူ ဗိုလ်ချုပ်ကိုလည်း ကိုးကိုးတခွက်နဲ့ ငှက်ပျောသီး (၂) လုံး ဒေါ်ခင်ကြည်က လာချပေးတယ် စသဖြင့် (၁၉၅၇ ခု၊ ဇူလိုင်လ မြ၀တီ မဂ္ဂဇင်း) မှာရှာကြည့်ပါ။  ဖက်စစ်တော်လှန် စစ်ထွက်မိန့်ခွန်းကိုကြည့်ပါ၊ “ရဲဘော်တို့ ၊ခရီးကကြမ်းမယ်၊ ပင်ပန်းမယ်၊ ဆင်းရဲမယ်၊ အန္တရယ်များမယ်၊ ရဲဘော်တို့နဲ့ ငါလည်းအတူထွက်မှာ” တဲ့။

ဒီဆောင်းပါးရေးချိန် ကိုယ့်အဖြစ်ပြန်သတိရမိတယ်။  (၁၉၅၆) ခု၊ အောက်တိုဘာလ ကျောင်းပိတ်ရက်အတွင်း ကျနော်တို့ ရန်ကုန်တက္ကသိုလ် အရန်တပ်ရင်း (UTC) မိတ္ထီလာမှာ စခန်းချ (Camp)နဲ့ သင်တန်းတက်ရတော့ ခါတိုင်းညနေဘက် လေ့ကျင့်ပုံမျိုးမဟုတ်တော့၊ စစ်စည်းကမ်းအပြည့်နဲ့ တကယ့်စစ်သင်တန်း၊ ခုပြန်တွေးရင်းတောင် ပင်ပန်းလိုက်တာ သေလုမျောပါး။  (၁၄) ရက်အတွက် တပ်သားလစာ ရတာဟာ ကျနော့ဘ၀ရဲ့ ပထမဆုံး ၀င်ငွေ။  ရေဘူးပေါက်တာ မလိုချင်၊ ရေပါတာပဲလိုချင်တယ် ဆိုတဲ့စကားဟာ စောစောတုန်းက ရယ်စရာ၊ ဟားစရာ၊ ခုတော့ စစ်အမိန့်ဆိုတာ ကိုယ်တွေ့။ အောက်ခြေတပ်သားတွေနဲ့ တသားတည်းနေတတ်တဲ့ ဗိုလ်ချုပ်ကိုပိုပြီးနားလည်ခဲ့တာပေါ့။

(၁၉၅၄) ခု၊ ကာလ မြန်မာပြည်တွင်းသို့ ကျူးကျော်ဝင်ရောက်နေတဲ့ တရုတ်ဖြူတပ်များကို တပ်မတော်က တိုက်ထုတ်နေစဉ် လူထုကလည်း ၀င်ကူဝင်အားပေးတယ်လေ။  ၀န်ကြီးချုပ်ဦးနုကိုယ်တိုင် ဗိုလ်မှူးချုပ်ကျော်ဇောတို့ရဲ့ ရှေ့တန်းဌာနချုပ် ရုံးစိုက်ရာ မိုင်းဆတ်သို့ စစ်လေယာဉ်ငယ်နဲ့ သွားရောက်ပြီး၊ တပ်မတော်သားများအား စိတ်ဓာတ်မြှင့်တင်ပေးပုံ သတင်းစာတွေထဲ ဖတ်ရချိန်၊ ကျနော်တို့ ရန်ကုန်တက္ကသိုလ်က အဆောင်တွေကလည်း ထမင်းတနပ်မစားဘဲ အဲဒီအတွက်ငွေ ရှေ့တန်းက တပ်မတော်သားများ အတွက် ပေးပို့လှူဒါန်းတဲ့ထဲ ကျနော်နေတဲ့ သထုံဆောင်လည်း ပါတာပေါ့။  ဘယ်သူကမှ စည်းရုံးလှုံ့ဆော်တာမဟုတ်။  ကိုယ့်အသိနဲ့ကိုယ် ကိုယ့်စေတနာနဲ့ကိုယ် တပြည်လုံး လုပ်ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကြိုးပမ်းမှုကနေ ပေါက်ဖွားလာတဲ့ ပြည်ထောင်စုသားတွေနဲ့ ပြည်ထောင်စုတပ်မတော်သားတွေကြား ထားတဲ့အောင်ဆန်းစိတ်ဓာတ်လို့ ဆိုပါရစေ။

ယေဘုယျအားဖြင့် အဲဒီအနေအထားဟာ ၁၉၆၂ ခုနှစ်၊မတ်လ ၂ ရက်နေ့အထိလို့ ဆိုရပေလိမ့်မယ်။ နောက်ပိုင်း တိုင်းပြည်၊ တပ်မတော်၊ လူထု စသဖြင့် အကုန်လုံးပြောင်းလဲ သွားခဲ့တဲ့ထဲ ခေတ်ရောစနစ်ရော မကျန်။  စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အဘက်ဘက်က နိမ့်ဆင်းသွားခဲ့တာ ယနေ့မြင်နေရတဲ့ အခြေအထိ မဟုတ်လား။  ဘယ်အချိန်မှာ တိုင်းပြည်ချောက်ထဲကျဖို့ လက်တလုံးအလိုသို့ ရောက်ခဲ့ဖူးသလဲ။  တပ်မတော်ကသာ ကယ်တင်ခဲ့ရိုးမှန်ရင် တပ်မတော်အပေါ် လူထုရဲု့ ယုံကြည်ကိုးစားမှု ပျောက်ပျက်နိုင်ပါ့မလား။  ရှိခဲ့ဖူးတဲ့ ချောမွေ့တဲ့ အပြန်အလှန် ချစ်ကြည်မှုကော လျော့နည်းသွားပါ့မလား။  ယနေ့လူထုရဲ့အခြေအနေဟာ လူထုခေါင်းဆောင်အစစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျှော်မှန်းချက်နဲ့ ကိုက်ညီပါသလား။  တပ်မတော်ကကော ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ဝေးလို့ (၁၉၆၂) ခု၊ မတ်လ ၂ ရက်နေ့ အထိနဲ့တောင် ရေးတေးတေးတူသေးရဲ့လား။

စာဖတ်သူများ အချင်းချင်း မေးကြဖို့၊ ဆွေးနွေးကြဖို့၊ တွေးကြဖို့ လူအောင်ဆန်း (၈) ကိုရေးလိုက်ရကြောင်းပါ။

၂၀၁၅ ခု၊ဖေဖော်ဝါရီလ ၁၅ ရက်။

××××××××××

လူအောင်ဆန်း (၉)

 

အသက်ငယ်ငယ်နဲ့ တာဝန်ယူကြီးကြီးယူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်းဆောင်မှုအပိုင်းကို လေ့လာကြည့်ကြပါစို့။  ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီတို့နဲ့ ဆွေးနွေးနိုင်စွမ်းထက် အာဇာနည်ကြီးများလို့ သိကြတဲ့ သူ့အစိုးရအဖွဲ့အပေါ် ဦးဆောင်ပုံကို ကြည့်ရင်ပိုရှင်းပေလိမ့်မယ်။  ၀န်ကြီးအားလုံးရဲ့ အသက်တို့ ၀ါတို့ သူနဲ့ဘယ်လောက်ကွာသလဲကြည့်။  ဒါပေမဲ့လို့ သူထိပ်က ပြတ်ပြတ်သားနေပုံ ရေးသားထားတာက ဒီလိုပါ၊ Aung San is at the helm of collective leadership of top individuals. ကိုယ်စီတော်တဲ့ ၀န်ကြီးတွေရဲ့ စုပေါင်းခေါင်းဆောင်မှုကို ထိပ်ကနေပဲ့ကိုင်တယ်။ ဘောလုံးလိုဆို သူဟာအသင်း Captain မို့ ကျန် (၁၀) ယောက်နည်းတူ ကိုယ်တိုင်လည်း ကစားရင်း ခေါင်းဆောင်တာပါ။ လှေပြိုင်ပွဲနဲ့ယူကြည့်ရင်တော့ သူဟာ Cox လှေပဲ့ထိန်း၊ လှော်လို့အော်လိုက်အခါ ကျမှသာ လှေထိုးသမားတွေက တပြိုင်တည်းလှော်ရတယ် မဟုတ်လား။

ဥပမာ ၁၉၄၇ ခု၊ ဖွဲ့စည်းပုံထဲ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ်ထည့်ရေး ဒီးဒုတ်ဦးဘချို အဆိုတင်သွင်းတော့ သူကန့်ကွက်ပုံထဲက ကောက်နှုတ်ကာ “ — ပြည်ထောင်စုထဲမှာ ရှိနေကြတဲ့ လူမျိုးအားလုံး၊ ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ၊ ခွဲထွက်သွားမယ့်လူတွေ ပေါ်မလာစေမယ့် နိုင်ငံရေးစိတ်ဓာတ် တခုတည်းရှိအောင် သိမ်းသွင်းပြီး စည်းရုံးဖို့လိုတယ်—“ စသဖြင့် ထိမိပြတ်သားတဲ့ စကားလုံးတွေ သုံးတယ်။

၁၉၂၀ ပြည့်၊ ပထမ ကောလိပ်သပိတ်ကာလ ဒီးဒုတ်ဦးဘချိုတို့ အမျိုးသား တက္ကသိုလ်ထူထောင်ဖို့ လုပ်ဆောင်ကြချိန်မှာ မောင်အောင်ဆန်း မသကာရှိ ၅ နှစ်သား၊ ကကြီးခခွေးတောင် တတ်မှတတ်သေးရဲ့လား။  အဲဒါက အကြောင်းမဟုတ်၊ အဓိက က သူ့ရဲ့အမြော်အမြင်ကြီးမားမှုနဲ့ ပြတ်သားတဲ့ခေါင်းဆောင်မှုကြောင့် ဒီးဒုတ်ဦးဘချိုသာမက သခင်နုအပါအ၀င် အားလုံးက လက်ခံခဲ့ကြရတာပါ။

သူ့ရဲ့တခြား မိန့်ခွန်းများကို လေ့လာကြည့်ကြရအောင်။  ဒီဘက်ကပ်လိုက် ဟိုဘက်ပါလိုက် လုပ်နေသူတွေကို ဆိတ်လစေ့လို့သုံးတာနဲ့ သတင်းစာထဲကနေ ကာတွန်းဦးဘဂျမ်းက ဆိတ်တကောင်က သူ့ပေါင် ၂ ဘက်ကို အ၀တ်နဲ့စီးထား၊ ခပ်ပြုံးပြုံးမျက်နှာလေးနဲ့ “ဒါလေးတော့ ချမ်းသားပေးပါ ဗိုချုပ်ရယ်” ဆိုတဲ့ပုံနဲ့ ကလိလိုက်တာကို သိပ်သဘောကျသွားတာမို့၊ အဲဒီလို ခပ်ရိုင်းရိုင်းပြောမှလည်း လူတွေကမှတ်မိကြမှာ ဟဲဟဲလို့ ပြောသွားတာ သတိထားမိကြမှာပေါ့။

သူက လယ်သမားကို လယ်သမားလို့သာခေါ်ကာ လယ်လုပ်သူတိုင်းလယ်ပိုင်ရေး။  ဦးကြီးလို့ခေါ်သူတွေက လယ်တွေသိမ်းပိုက်နေတယ်။

“ခင်ဗျားတို့ရဲ့ အကျင့်ဆိုးတွေ၊ စောက်ကျင့်တွေ“ လို့သူပြောတာ ဘာဖြစ်လို့ ကျနော်တို့နားဝင်ချို ခေါင်းထဲစွဲနေပြီး၊ “မိဘပြည်သူများ ခင်ဗျား “ ဆိုတဲ့အသံ နားခါးနေရတာလဲ။  ဒုတ်ဆွဲ ဓားဆွဲ မော်တော်ဆိုင်ကယ် တပ်တွေနဲ့ အုပ်စုဖွဲ့ထင်တိုင်းကြဲနေကြတာတွေကို ကျနော်တို့ မျက်စိမှိတ် ပါးစပ်ပိတ်ကြည့်နေကြရင်၊ လွတ်လပ်ရေးမရသေးဘူး၊ လမ်းပေါ်ဆေးရိုးလှမ်းနေတဲ့ စည်းကမ်းမဲ့မှုကို ထောက်ပြတဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ရာရောက်ပါ့မလား။

မောင်အောင်ဆန်းအဖို့ ဒေါ်စုသည်အမိ၊ ဦးဖာသည် အဖ၊ ဗိုလ်ချုပ်အောင်ဆန်းအဖို့ကတော့ သူမပြောပေမဲ့ လူထုသည်သာအမိ လူထုသည်သာအဖ ဆိုတာ (သူမပြောပေမဲ့) ဘာဖြစ်လို့ သူချစ်တဲ့ပြည်ထောင်စုသား အားလုံးကသိနေကြရတာလဲ။

သာမန်လူ တယောက်ချင်းရဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသလို၊ သာမန်လူ တယောက်ချင်းရဲ့ အစွမ်းအစကိုလည်း သူသိတယ်၊ ယုံတယ်။  အဲဒီလိုလူတွေ စုစည်းညီညွတ်လာရင် ဧရာမစွမ်းအားဖြစ်လာကာ ဘယ်လောက်မှောင်မိုက် ကြီးမားပါစေ၊ ထိုးဖောက်ဖြိုခွင်းနိုင်တယ်ဆိုတဲ့ တွေးမြင်မှုကို သူ့အကြောင်းစာအုပ်တွေမှာ တွေ့ရတယ်။ ရှာကြ ဖွေကြ၊ ဖတ်ကြ လေ့လာကြပါ။

ဒါမှသာ သူ့လိုလူထူကြား တသားတည်းနေတဲ့ လူထုခေါင်းဆောင်အစစ် ရလာမှာ။  ပဒေသာပင်ဆိုတာ မြေကြီးအလိုလို ပေါက်လာမှာ မဟုတ်ဘူလို့ ကြိုမြင်ကြိုတင် သတိပေးသွားတယ်လေ။  သူ့ကိုသေးသိမ်အောင်၊ သူ့အခန်းကဏ္ဍကို မှေးမှိန်အောင် စနစ်တကျလုပ်နေကြတာ မတွန်းလှန်နိုင်ရင်၊ သူ့ဘွဲ့မရပါဘူးဆိုရာကနေ တနေ့သောအခါမှာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်တဲ့ ဗိုလ်တေဇဟာ အောင်ဆန်းမဟုတ်ဘူး ဆိုတဲ့အထိ ရောက်မသွားဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။  နှစ် (၁၀၀) ပြည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အောင်မြင်စွာပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ ဆိုသလို ပွဲပြီးမီးသေမဖြစ်စေချင်ပါလို့ ဘ၀တူများအား တိုက်တွန်းရင်း လူအောင်ဆန်း ဆောင်းပါးတိုများကို အဆုံးသတ်လိုက်ရကြောင်းပါ။

ဝင်းအောင်ကြီး

၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၁၇ ရက်။

××××××××××

လူအောင်ဆန်း (၁-၄) ပြန်ဖတ်လိုပါက —

http://gita.cc/archives/42227

http://www.moemaka.blogspot.com.au/2015/02/blog-post_35.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts