မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင် ဖြစ်ရပ်များ၊ အမှတ်တရများ

ရေးခဲ့မိသော မှတ်တမ်းများ (၃)

အုန်းနိုင်
နိုဝင်ဘာ ၂၅၊ ၂၀၁၂ 
● ရံပုံငွေ ရှာဖွေခြင်း

ပေါင်းတည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် ရုံးခန်းငှားထားပြီဖြစ်လို့ အခြားပရိဘောဂနဲ့ လိုအပ်တာတွေအတွက်  ရံပုံငွေ ရှာဖို့ လုပ်ရပါတယ်။ အဓိက ရံပုံငွေရနိုင်ဖို့ ဦးအောင်ကြီးရဲ့ညီ ဦးအောင်လေးကို သူတို့မိတ်ဆွေ  ဦးထွန်းရင်ကတဆင့် ဆက်သွယ်ပါတယ်။ ရံ ပုံငွေ ဘယ်လောက်လိုလဲလို့ မေးလို့ ဘီဒို (၁) လုံး၊စားပွဲကုလားထိုင်၊ လက်နှိပ်စက် စတဲ့ ပရိဘောဂတွေ နဲ့ ရုံးခန်းငှားခ အပါအ၀င် ငွေ(၆၀၀၀) ကျပ် စာရင်းတင်လိုက်ပါတယ်..။ တခြားအလှူရှင် တဦးချင်းစီ တစ်ရာစ..နှစ်ရာစ ..တစ်ထောင်စ ..လှူမယ့်သူ စာရင်းကိုလည်း တွဲတင်ပေးလိုက်ပါတယ်။ ဒီတော့ ဦးအောင်လေးက ကျနော်နဲ့ အခြားခေါင်းဆောင်တယောက်ကို  ရွှေတောင်လမ်းက ဦးအောင်ကြီးရဲ့ အ မျိုးဖြစ်တဲ့ ဦးကြူဝမ်တိုက်ကို ထမင်းစားဖိတ်ပါတယ်..။

ဦးကြူဝမ်တိုက်ရောက်တော့ ဦးကြူဝမ်မိသားစု ၊ဦးထွန်းရင်နဲ့ ကျနော်တို့ကို စားပွဲ တလုံးမှာ ထိုင်ခိုင်းပါတယ်။ ဦးအောင်လေးက တယောက် တည်း သီးသန့်ထိုင်ပါတယ်။ မင်းတို့..ငါနဲ့ထမင်းအတူစားဖို့ ကြောက်နေကြလား။ ငါက သပ်သပ်ပါကွ။ ဒီအိမ်မှာ ငါ့အတွက် သီးသန့် ခွက် တွေ ပန်းကန်တွေထားတယ်။ ကဲ..စားကြ ..စားကြ..”  လို့ ပြောပါတယ်။ ဦးအောင်လေးက  ကိုယ်ရေပြားရောဂါရှိသူတဦးမို့ ပြောတာပါ။ စား ရင်းနဲ့ စကားပြောကြတော့ “မင်းက ကွန်မြူနစ်လို့နံမယ်ကြီးနေတာ။ မင်း..ဒတ်စ်ကက်ပီတယ်..ဖတ်ဖူးလား..” လို့မေးပါတယ်။

“ဒါတွေ ကျန်ခဲ့ပါပြီ။ အသက် (၄၀) ထိ ကွန်မြူနစ်။ အသက်(၄၀) ကျော်တော့ ကွန်မြူနစ်ပျက်ဆိုတဲ့ စကားလည်း ရှိသားပဲ။ အခုဟာက..ဒီမို ကရေစီပါ..။ဒီမိုကရေစီ နဲ့ ကွန်မြူနစ် ရောလို့ မရပါဘူး..”လို့ ကျနော်က ပြန်ပြောပါတယ်။

“အေး..အရေးကြီးတာက စီးပွါးရေးပဲကွ။ အခုဒီမှာ ကိုခွန်ဘိရော..ကိုခွန်စိန်ရော ..အကြည်လေးတို့ရော  အားလုံးရှိတယ်။ မင်း သူတို့ကို ဘယ်လို သဘောထားလဲ”  လို့ မေးနေပါတယ်။

“ဦးအောင်လေး..ကျနော့်ကို မေးမနေနဲ့ ။ ဒီအိမ်မှာရှိတဲ့သူတွေ အကုန်မေး။ သူတို့သဘောထား.ကျနော့်အပေါ်  ဘယ်လိုထားလဲဆိုတာ။သူတို့ပြောပြပါလိမ့်မယ်..” လို့ပြောတော့ ဦးခွန်စိန်က “ဟုတ်တယ်..ဦးအောင်လေး။ ဆရာဦးအုန်းနိုင်နဲ့ ကျနော်တို့မိသားစုက (၆၄) ခုနှစ် ပြည် သူပိုင်သိမ်းတုံးကတည်းက ဆက်ဆံခဲ့ဖူးတာပါ။ ကျနော်တို့မိသားစုနဲ့ ဆရာဦးအုန်းနိုင်ဆက်ဆံရေးမှာ ဘာမှပြောစရာမရှိပါဘူး” လို့ ပြန် ပြောပါတယ်။ ဒီတော့မှ ဦးအောင်လေးက .. “အေး..အေး..အဲဒီ အချိန်တုံးက တို့ကအဖမ်းခံရလို့ အထဲအကုန်ရောက်နေတာ..မို့ မသိ ဘူး..။ ဒါဆို..ဘာပြောစရာရှိမလဲကွာ..။ ရံပုံငွေလေး ဘာလေး ..လေး..ငါးထောင်တော့ ထဲ့လိုက်ကြပေါ့” လို့ ပြောလိုက်ပါတယ်။ ဦးခွန်ဘိက သားရေကွင်းနဲ့စည်းထားတဲ့ ငွေတထပ်ကို  သူ့နှစ်မတွေဆီက လှမ်းယူရင်း “ဒီမှာ ငွေ.ငါးထောင်ထုပ်ထားတယ်..။ အရင် ၈၈ အရေးအခင်း တွေတုံးကတောင်   ဦး_____ကို ဒီလောက်တော့ ပေးလိုက်ရသေးတာပဲ”  လို့ပြောပြီး အထုပ်ကို ကျနော်တို့ဖက် ကမ်းပေးပါတယ်..။

“အောင်လေးက  ..မင့်အကြောင်းသိပြီးသားပါ။ မင့်ကို တမင်အစ်နေတာ” လို့ ဦးထွန်းရင်က၀င်ပြောပါတယ်..။ ဦးထွန်းရင်နဲ့ ဦးအောင် လေးက ဦးအောင်ကြီးခေတ်ကောင်းစဉ်မှာ   ရန်ကုန်ပြည်လမ်းတလျှောက် ဆန်စက်ကြီးတွေ ဆီစက်ကြီးတွေထောင်ပြီး.. နိုင်ငံခြားအထိ  အိပ်စ်ပို့လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူတွေပါ။ ဦးအောင်ကြီး အရာကျတော့လည်း သူတို့ရှိသမျှ နိုင်ငံပိုင် သိမ်းယုံမက  မစစ်မဆေးပဲ  အကြာကြီး ဖမ်းဆီးထားခံရသူတွေပါ။ တကယ်က ဦးအောင်လေးက  ကျနော့်ကို တကယ်အစ်တာမဟုတ်ပဲစမ်းကြည့်တာပါ။ ဘာပဲဖြစ်ဖြစ် ရံပုံငွေ (၅၀၀၀) ကျပ်ဆိုတာ ဒီခေတ်မှာ မနဲလှပါ။ ရုံးအတွက် ဘီဒိုကြီးတလုံးနဲ့ လိုအပ်တဲ့ စားပွဲကုလားထိုင်တွေ ၀ယ်နိုင်ခဲ့ပါတယ်။
++++++
● အခြေခံ သဘောတရား ဆွေးနွေးကြခြင်း
အောက်တိုဘာလ အတွင်းမှာ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊ဖွဲ့စည်းပုံ အခြေခံဥပဒေ စည်းမျဉ်း (ယာယီ) နဲ့ မူဝါဒသဘောတရားများ(မူကြမ်း) တို့ထွက်လာပြီမို့ ဒါတွေကို  အဓိကထားပြီး ဆွေးနွေးကြပါတယ်။ အဖွဲ့ရဲ့ရည်ရွယ်ချက် စည်းကမ်းချက်နဲ့ မူဝါဒပိုင်းက တိုင်းရင်းသား လူမျိုး များကဏ္ဍ၊ စီးပွါးရေးကဏ္ဍစသဖြင့် ဆွေးနွေးကြပါတယ်။ စီးပွါးရေးကဏ္ဍမှာတော့ လယ်ယာလုပ်ငန်းပိုင်းကို အဓိကထားပြီး ဆွေးနွေးကြပါ တယ်။ တကယ်တော့ နိုင်ငံရေးပို့ချချက် သဘောပါပဲ..။ ကျနော်က ဦးဆောင်ဆွေးနွေးပြီး နိုင်ငံရေး သမားဟောင်းကြီးတွေဖြစ်တဲ့ ပမညတ ဟောင်း  ဦးသိန်း၊ ပြည်သူ့ရဲဘော်ဟောင်း ဦးမြမောင်၊ ဦးသိန်းမြနဲ့ လူဝင်မှုကြီးကြပ်ရေး မြို့နယ်ဦးစီးမှူးဟောင်း ဦးမြင့်သိန်းတို့က အများ အပြား ဆွေးနွေးပို့ချကြပါတယ်။

အဖွဲ့ ကထုတ်တဲ့ စာအုပ်ထဲမှာတော့  အသေးစိတ်ပါသေးတာ မဟုတ်ပါ။ မိမိတို့ တွေ့ဖူးမြင်ဖူး၊ ဖတ်ဖူးတာတွေ ဖြည့်ပြီး နိုင်ငံရေး ဆွေးနွေးပွဲလို အချိန်ယူ ဆွေးနွေးပါတယ်။ လူငယ်ပိုင်းက နိုင်ငံရေးဗဟုသုတ ငတ်မွတ်နေကြချိန်လည်းဖြစ် အရေးအခင်းပြီးစ သွေးပူနေချိန်လည်း ဖြစ် တာမို့ စိတ်ဝင်စားကြပါတယ်။ တခါတလေတော့လည်း  ငိုက်လိုက်ကြပေါ့လေ..။

တိုင်းရင်းသားလူမျိုးစုကဏ္ဍမှာတော့ သမိုင်းကြောင်းဆွေးနွေးရင်း ဖက်ဒရယ်မူဆိုတဲ့ပြည်ထောင်စု စစ်စစ်မူ ကို တမင်ပဲထည့်ပြီး ဆွေးနွေးပါ တယ်..။ လူငယ်ပိုင်းမှာက  မဆလခေတ်တခေတ်လုံးရိုက်သွင်းထားမှုကြောင့် ဖက်ဒရယ်မူဆိုတာ ခွဲထွက်ရေးမူလို့ နားလည်နေကြတယ်။ ဒါကို အမြင်မှန်ရအောင် တောင်ကြီး ဦးထွန်းမြင့်ရဲ့   ပြည်ထောင်စုအတွင်းက တန်းတူသောရှမ်းပြည်ဆိုတဲ့စာအုပ်ကို ချပြပြီးဆွေးနွေးပါတယ်..။ (ဆွေးနွေးပွဲအပြီးမှာတော့ လက်ဆင့်ကမ်းဖတ်ကြရင်း  ဒီစာအုပ်ကလေး ပျောက်သွားပါတယ်)။ ဖက်ဒရယ်စနစ်ကို ကြိုက်တာ မကြိုက်တာ ထား.။ပြည်မနဲ့ ပြည်နယ်စနစ်၊ ရှစ်ပြည်နယ်စနစ်ဆိုတာတွေကို ကြိုက် မကြိုက်  နောက်မှဆုံးဖြတ်။ ခုလောလောဆယ်မှာ ခွဲခြားပြီး  နား လည်အောင်  ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကတည်းက အခြေအနေတွေ၊ နောက် ပါလီမန်စနစ် အောက်က  အခြေအနေတွေ။ တရုပ်ဖြူ ကျူးကျော်မှုကြောင့်  စစ်တပ်က နယ်စပ်ဒေသတွေမှာ တပ်စွဲပြီး ခုခံရတဲ့အခြေအနေတွေကို  ပို့ချသလိုရှင်းလင်းတင်ပြပါတယ်။ ဒီ အ ကြောင်းအရာကို လ.၀.က ဦးစီးမှူးအနေနဲ့ ပြည်နယ်ဒေသ အမျိုးမျိုးမှာ အမှုထမ်းဆောင်ရင်း တိုင်းရင်းသားလူမျိုးစုတွေ နဲ့ ထဲထဲဝင်ဝင် ရှိရုံမက  တာချီလိတ်သူနဲ့ အကြောင်းပါခဲ့တဲ့ဦးမြင့်သိန်းက ကိုယ်တွေ့နှောပြီး ပြောပြပို့ချတော့  ဗဟုသုတလည်းရ။ အိပ်ချင်လည်း ပြေရ ပြန် ပါတယ်။

တဆက်တည်းမှာပဲ  တပြည်ထောင်စနစ်၊ပြည်ထောင်စု စနစ်၊ လွှတ်တော်တခုစနစ်၊ လွှတ်တော် နှစ်ခုစနစ်၊ လွှတ်တော်အာဏာပိုင်စိုးမှု စ နစ်၊ သမတအာဏာပိုင်စိုးမှုစနစ် စတာတွေကိုလည်း ကမ္ဘာ့တိုင်းပြည်အသီးသီးရဲ့ စနစ်တွေနဲ့နှိုင်းယှဉ်ပြီး နိုင်ငံရေး ပို့ချချက်လိုကို ပို့ချဖြစ် ပါတယ်။

စီးပွါးရေးကဏ္ဍနဲ့ပတ်သက်ပြီး ဈေးကွက်စီးပွါးရေးစနစ်၊ ဆိုရှယ်လစ်စီးပွါးရေးစနစ်၊ နိုင်ငံပိုင်စီးပွါးရေးစနစ်တွေကို အကြမ်းဖျင်း ပြောပြရ တယ်။ လယ်ယာကဏ္ဍမှာလည်း မြန်မာ့လယ်ယာ ပုဂလိကထုတ်လုပ်ရေးကနေ စက်မှုဆန်တဲ့ ထုတ်လုပ်ရေး၊ အိမ်သုံးစီးပွါးရေးကနေ ကမ္ဘာ့စီးပွါးရေး၊ ဓနရှင် လက်ဝါးကီးအုပ် စီးပွါးရေးနဲ့၊ ချစ်တီးနဲ့ မြေပိုင်ရှင်စနစ်တွေကိုပါ ရှင်းပြကြပါတယ်။ တခါတခါ ရှင်းပြတဲ့ သူကိုယ် တိုင်နားမလည်နိုင်တာတွေလည်း ရှိပါတယ်။ ဒါကို ဆက်လေ့လာကြဖို့ပြောရတယ်။ ကြေးတိုင်စနစ်ဆိုတာ စာအုပ်ထဲပါလာတယ်။ ဒါကို ချက်ချင်း ရှင်းမပြတတ်ပါ။ ဒီလိုနဲ့ ကိုယ်တိုင်လည်း ဆက်လေ့လာရင်း နယ်စည်းရုံးရေး ထွက်မယ်ဆိုရင်  အသင့်အတင့်ပြောနိုင် ဆိုနိုင် တဲ့ ကိုယ်ခံသဘောတရားလေးတွေတော့ ရလာပါတယ်။

စည်းရုံးရေး တရားပွဲတွေထွက်ဖို့ တာစူတော့ နောက်ထပ် အမိန့်တခု ထပ်ထွက်လာပါတယ်။ စည်းရုံးရေး တရားပွဲများကို သာသနာ အ ဆောက်အဦများအတွင်း မကျင်းပရ။ မိမိတို့ အဖွဲ့ဝင်ဧ။်အိမ်ဥပစာအတွင်း လူငါးဆယ်ထက် မပိုစေရပဲ ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ ဒီတော့ လူတွေက ပြောကြပြန်တာပေါ့.။

“အချိန်ရှိ လမ်းပြင်..ကလိန်စိ ငြမ်းဆင်..ငြိမ်ပိလမ်းစဉ်”  တဲ့..။ န၀တကို လူတွေက ငြိမ်ပိလို့ပဲ ခေါ်ကြတယ်..။ ဒါကို န.၀.တ ကလည်း ဆတ် ဆတ်ခါ  နာပါတယ်။ ဒီလို ည (၈) နာရီကနေ မနက် (၄) နာရီ အထိ ညမထွက်ရ အမိန့်။ လူငါးယောက်ထက်ပိုပြီး  လူစုလူဝေးနဲ့ မသွားရ မလာရ။ အစည်းအဝေးပွဲတွေကို အဖွဲ့ဝင်များရဲ့  အိမ်ထဲမှာပဲ လူငါးဆယ်ထက် မပိုစေရဆိုတဲ့ ခြေတုပ် လက်တုပ်ကြားထဲက လုပ်ရတဲ့ စည်း ရုံးရေး ပါ။
++++++++

● ဒေါ်အောင်ဆန်းစုကြည်၏ ပထမဦးဆုံး စည်းရုံးရေးခရီးစဉ်
အောက်တိုဘာနောက်ဆုံးပတ်မှာ ရန်ကုန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက တယ်လီဖုန်းညွှန်ကြားချက်တစ်ခုရောက်လာပါတယ်။ နတ် တလင်း မြို့ နယ်က လူ (၂၀)၊ သဲကုန်းမြို့နယ်ကလူ (၂၀) ကို ပေါင်းတည်မှာ အောက်တိုဘာ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီမှာ  ဖိတ် ထားပါ။ ပေါင်းတည်ကလည်း လူ(၂၀) ပေါ့။ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးလာမယ်တဲ့။ လူထုမျှော်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ အရေးအခင်းကာလအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်လာမယ်လို့ သတင်းထွက်လိုက်သေးတယ်။ အခုတော့ တကယ်လာတော့မယ်။ စုရပ်ကလည်း  ပေါင်းတည်မှာတဲ့..။ ပေါင်းတည်သားတွေ ရင်ကော့နိုင်ပြီပေါ့။

အောက်တိုဘာ (၃၀)  ရက်နေ့ နံနက် (၁၀) နာရီ လောက်မှာ ဗိုလ်မှူးကြီးဟောင်း မင်းညီနဲ့လူငယ်တယောက် ရှေ့ပြေးရောက်လာပါတယ်။ သူတို့ တယ်လီဖုန်းဆက်တာ ရသလား။ နတ်တလင်းနဲ့သဲကုန်းမြို့ တွေကို ဖိတ်ပြီးပြီလား မေးပါတယ်။ ကျနော်တို့ကလည်း မှတ်တိုင်လမ်းက ကျနော့်အမ ဒေါ်မြင့်အေးအိမ်အပေါ်ထပ်မှာ အစည်းအဝေးလုပ်မယ်။ လူကတော့ (၅၀) ကမှာမဟုတ်ဘူးဆိုတော့ ဦးမင်းညီက ကိစ္စမရှိဘူး။ မ.၀.တရုံးကိုသာ အကြောင်းကြားလိုက်ပါတဲ့။ ပြသနာရှိရင် သူရှင်းမယ်တဲ့။

ဒါနဲ့ မ.၀.တရုံးကို တယ်လီဖုန်းဆက်လိုက်တယ်။ မှတ်တိုင်လမ်းက ဒေါ်မြင့်အေးအိမ်ကို ဒီနေ့နေ့လည် အထွေထွေအတွင်းရေးမှူး ဒေါ်အောင် ဆန်းစုကြည်ရောက်မယ်။ စည်းရုံးဟောပြောမယ် ဆိုတော့.. ဟုတ်ကဲ့..ဟုတ်ကဲ့..တဲ့။ အခု သတင်းပို့တာကိုလက်ခံတာ ဘယ်သူလည်းလို့ ..မေးတော့။ ဆရာကြီးတဲ့။ ဘယ်ဆရာကြီးလဲလို့မေးတော့မှ..ဆရာကြီး မြင့်အောင်ပါတဲ့။ ဒါမျိုးကို  သေချာအောင်မေးရတယ်။ ငြိမ်ပိနဲ့ ဆက်ဆံရာမှာ ဒီလိုသေချာထားမှ နောက်ပိုင်းပြောစရာရှိလာရင်  ကိုယ့်ဖက်ကခိုင်လုံအောင်လုပ်ထားရပါတယ်..။

ခဏကြာတော့ နတ်တလင်းက ဒိုင်နာကားတစီးရောက်လာပါတယ်။ ကားကို ခြံထဲသွင်း၊ လူတွေက အိမ်ပေါ်တက်ဖို့ ခေါ်ရတယ်။ သူတို့က  “ဒေါ်စုက နတ်တလင်းကိုဖြတ်သွားတာ နတ်တလင်းကိုတော့မ၀င်ပဲ ဘာလို့ပေါင်းတည်ကိုခေါ်ရသလဲလို့ မေးပါတယ်” ဒါ ကျနော့်အစီအ စဉ် မဟုတ်ဘူး။ ဌာနချုပ် အစီအစဉ်ပါ။ သိချင်ရင် ဟိုမှာ ဦးမင်းညီရှိပါတယ်။ သူ့သွားမေးပါ” ဆိုတော့မှ အိမ်ပေါ်ထပ်ကို တက်သွား ကြပါတယ်။ နောက် သဲကုန်းက ကားနှစ်စီး၊ ဘီအမ်တစီး။ဒိုင်နာတစီးနဲ့ လူအင်အားအပြည့်ပဲ။ သူတို့ကပဲ  လူ (၁၀၀) ယောက်လောက်ရှိ နေပြီ။ ပေါင်းတည်ကလည်း အပေါ်ထပ်ရော၊ အောက်ထပ်ရော၊ အိမ်ရှေ့က  လူစုစု..စုစုတွေနဲ့ကောဆိုတော့ တော်တော်စည်ကားနေပါ တယ်။ အမကြီး ဒေါ်မြင့်အေးက လူတရာစာလောက် လက်ဖက်ရည်နဲ့စမူဆာတွေမှာထားတာ လောက်ပုံမရလို့ ထပ်မှာရပါတယ်။

ကော်မတီဝင် လူငယ် ကိုတင်ဦးက ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို မော်တော်ဆိုင်ကယ်နှစ်စီးနဲ့ လမ်းကသွားကြိုချင်တယ်ဆိုတော့ ။ ဦးမင်းညီက ကောင်းတယ်။ ကြိုတဲ့သူများလေ..ကောင်းလေပေါ့လို့..ပြောပါတယ်။ လမ်းမှာ ကြို့ပင်ကောက် တစ်မြို့ထဲဝင်မှာ။ အဲဒီမှာ ထ မင်းစားပြီး ဆက်ထွက်လာမှာ အချိန်နီးနေပြီဆိုတော့ ကိုတင်ဦးလည်း မော်တော်ဆိုင်ကယ်လိုက်ရှာရပါတယ်။ (အဲဒီတုံးက ခုလို ဆိုင်ကယ် တွေ မပေါသေးပါ) ဟိုင်းလပ်ကားလေးတွေတော့ ပေါပါတယ်။ အမဒေါ်မြင့်အေး အိမ်ကလည်း ဂျစ်ကားတစီးရှိတော့ သူ့ကားကို ကျနော့်တူ  တိုးအောင်မြင့်ကမောင်းပြီး  လူငယ်တသိုက်  ထလိုက်သွားကြပါတယ်..။

အပြင်မှာတော့ လူတွေ ပြူတစ် ပြူတစ်နဲ့။ တချို့ကလည်း အထဲမ၀င်ရဲဘူး။ တချို့ ကလည်း  ဒေါ်အောင်ဆန်းစုကြည် တကယ်လာမှာမှ  ဟုတ်ရဲ့ လား။ မယုံသင်္ကာဖြစ်နေတာတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အပြင်မှာ ဘယ်သူမှမမြင်ဖူးသေးပါ။ နေ့လည် (၁)နာရီကျော်ကျော်လောက်မှာ ရှေ့ ပြေးမော်တော်ဆိုင်ကယ်တွေနဲ့ ဂျစ်ကားကလမ်းပြပြီး ဆလွန်းကား၊ ဟိုင်းလပ်ကား၊ ဒိုင်နာကား၊ ကားမျိုးစုံ လေးငါးခြောက်စီးလောက် ရောက်လာကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးမိုးသူ၊ ဒေါ်သိင်္ဂီအပြင် လူကြီးလူငယ်  သုံးလေးဆယ် ကျော် ပါလာပါတယ်။ ဒေါ်စုက  အပေါ်ရောက်ရောက်ချင်းပဲ  “ဒီ အစည်းအဝေးမှာ ကျောင်းသားတွေပါလား။ ကျောင်းသားတွေပါရင် လူ့ဘောင်သစ်ကကိုမိုးဟိန်းပါတယ်။ သူနဲ့ ဆွေးနွေးကြပါ” ဆိုလို့ ကျနော့်တူ  အောင်မိုးမြင့်က ကိုမိုးဟိန်းနဲ့လူငယ်တွေကို နောက်ဖက်က ဆောက်လက်စ  ဆီစက်ထဲကို ခေါ်သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ချင်တဲ့ ကျောင်းသားလူငယ်တွေက  မထချင် ထချင်နဲ့ အောက်ဖက်ဆီစက်ဆီကို လိုက်သွားကြပါတယ်။ မိုးဟိန်းကလည်း သဘောပေါက်ပုံရပါတယ်။ သိပ်ကြာကြာ မဆွေးနွေးကြပါဘူး။ ခဏနေ တော့ အပေါ်ထပ် ပြန်တက်လာကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သဲကုန်းနဲ့ နတ္တလင်းကလူတွေနဲ့ မိတ်ဆက်ပေးအပြီးမှာ ဒေါ်စုကို မိန့်ခွန်းပြောပေးဖို့ မေတ္တာရပ်ခံတော့  ဒေါ်စုက “ဒီကလူတွေကပဲ သဲကုန်း၊ နတ္တလင်း၊ ပေါင်းတည်မြို့အခြေအနေတွေကို ရှင်းပြကြပါ”  …ဆိုလို့ ကျနော်က  “ပေါင်းတည်ရဲ့  ဖွဲ့ စည်းရေး ချောမွေ့ ကြောင်း၊ ဆိုင်းဘုတ်တော့ တင်ခွင့်မရသေးကြောင်း ရှင်းပြပါတယ်။ နတ္တလင်းတော့ နောက်တခါဒေါ်စုလာရင် လမ်းမှာရှိတဲ့ နတ္တ လင်းကိုလည်းဝင်ဖို့ ပြောကြပါတယ်။ သဲကုန်းမြို့ နယ်ကတော့  ပြသနာနဲနဲရှိနေတယ်။ သူ့မြို့ နယ် ထဲမှာ ဆင်မြီးဆွဲ တိုက်နယ်၊သဲကုန်းတိုက်နယ်၊ ပုတီးကုန်းတိုက်နယ်၊ ၀က်ပုတ်တိုက်နယ်၊ အင်းမတိုက်နယ်ရယ်လို့ ငါးခုရှိတဲ့အနက်  အခုလာတော့  တိုက်နယ် (၃) ခုပဲပါတယ်။ ၀က်ပုတ်နဲ့ အင်းမ မပါဘူး။

သူတို့ မြို့ နယ်ရဲ့တည်နေပုံကိုက မီးရထားလမ်းပေါ်မှာ (၃) တိုက်နယ်၊ ကားလမ်းပေါ်မှာက (၂) တိုက်နယ်ရှိနေတာမို့ စည်းရုံးရတာ သိပ် မကောင်းလှပါ။ အင်းမကလည်း သဲကုန်းကိုအသိမပေးပဲ သူ့တိုက်နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုင်းဘုတ်ကိုတင်လိုက်တော့ ပို ဆိုးသွားပါတယ်။ အင်းမက ရှေ့နေအမျိုးသမီးတဦးက  ဗဟိုကနေပြီး သဲကုန်းမြို့နယ်အတွက် စည်းရုံးခွင့်ယူပြီးလုပ်တဲ့ကိစ္စကို တင်ပြကြပါ တယ်..။

ဒါ့အပြင်  သဲကုန်းအဖွဲ့ကိုဦးဆောင်လာတဲ့ ဦးအောင်သန်းနဲ့ ဒေါ်စုက ရန်ကုန်မှာ တွေ့ဖူး။ ဆွေးနွေးဖူးဖြစ်ခဲ့ကြဟန် တူပါတယ်။ စကားအချီ အချ နဲနဲပြောကြပြီး ဦးအောင်သန်းက ငြိမ်းချမ်ရေးနဲ့ တပ်ပေါင်းစုပြဿနာကို ဘယ်လိုသဘောထားသလဲလို့မေးပါတယ်။ အဲဒါက အဓိပ္ပါယ် ရှိပါတယ်။ အရေးအခင်းကာလအတွင်း  စက်တင်ဘာပထမပတ်လောက်မှာ နယ်စပ်ကလိုင်းတခုဝင်လာပါတယ်။ ကြားဖြတ်အစိုးရဖွဲ့ စည်း ရေး၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပရေး၊ ဒီမိုကရက်တစ်တပ်ပေါင်းစုဖွဲ့ စည်းရေးနဲ့  ငြိမ်းချမ်းရေးတို့ဖြစ်ပါတယ်။ ဒီမြို့မှာတောင်  ဦးအောင်သန်းတို့လာပြီး  ဒါတွေကိုဆွေးနွေးခဲ့ကြသေးတာပဲ။ အခု ဦးအောင်သန်းက ဖရန့် (Front ) နဲ့ ပီးစ် (Peace) လို့မေးလိုက်တော့ ဒေါ်အောင်ဆန်းစုကြည်ကရယ်ပြီး ဦးအောင်သန်း နောင်အဖမ်းခံရရင် ကျမကန့်ကွက်ပေးပါမယ်လို့ပြန်ပြောပါတယ်။ မြွေမြွေချင်း ခြေမြင်  တဲ့သဘောကိုပြလိုက်တယ် ထင်ပါတယ်။ ပြီးတော့မှ  မိန့်ခွန်းသဘောမျိုး ဦးအောင်သန်းကိုလည်း အဖြေပေးသလိုမျိုး ပြောပါတယ်..။

“အခု..အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုဖွဲ့စည်းတာဟာ အဓိကအားဖြင့်  ဒီမိုကရေစီအရေးတော်ပုံက သပိတ်အင်အားစုကို ထိန်းသိမ်း ရပ် တည် ဖို့ ဖွဲ့ထားခြင်းဖြစ်တယ်။ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲဝင်ရေးဆိုတာ ကျင်းပပေးမဲ့ကော်မရှင်က  ဘယ်လောက်လွတ်လပ် မျှတ  အောင် ကျင်းပပေးနိုင်မလဲဆိုတဲ့အပေါ်မှာ တည်ပါတယ်။ အခု အတွင်းမှာတော့ လူထုအတွင်းမှာ ဒီမိုကရေစီကို သက်ဝင်ယုံကြည်လာအောင်..အဓိကထားလုပ်ရမှာပါ။ အဖွဲ့ဖွဲ့ ကြတော့လည်း ဥက္ကဌရောဂါမထကြပါနဲ့။ ရွေးကောက်ပွဲ ဘယ်မှာနေမှန်းမသိသေးဘူး။ အမတ်ရောဂါ  မထ ကြပါနဲ့။ ရာထူးရတဲ့သူတွေဟာ ဟိုဖက်ခေတ်ကလိုအခွင့်အရေး ရမှာမဟုတ်ဘူး။ အလုပ်ပဲပိုလုပ်ရမယ်။ ပြီးတော့ ဒီမိုကရေစီယုံကြည် သူ ချင်း မတိုက်ခိုက်ပဲ မဟာမိတ်လို ဆက်ဆံရမယ်။ တပ်ပေါင်းစုဆိုပြီး  ကိုယ့်လူများများပါရေးဆိုတဲ့  တပ်ပေါင်းစုမျိုးကိုတော့ကျမ   မယုံ ဘူး။ တခြားမေးလိုတာရှိရင်လည်း  မေးကြပါ။ ကျောင်းသားတွေရော ကိုမိုးဟိန်းနဲ့ ပြောပြီးလို့ အန်တီ့ကို  မေးချင် ပြောချင်တာတွေရှိရင်  ပြောပါ” လို့ ပြောပါတယ်။

ပရိသတ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အမေးအဖြေလုပ်ပုံတွေကို ချက်ချင်းသဘောကျသွားပါတယ်။ ဖအေတူသမီးမို့ ဗိုလ်ချုပ်အောင် ဆန်းကို သိမီလိုက်သူများကတော့ မျက်ရည်တောင်ကျကြပါတယ်။ ပြည်ကို ခရီးဆက်စရာရှိလို့ ခွင့်ပြုပါလို့ ဒေါ်စုကပြောလိုက်တဲ့အချိန်မှာ   အိမ်ရှေ့ကို ကြည့်လိုက်တော့  အိမ်ရှေ့ ကွက်လပ်နဲ့ လမ်းဟိုတဖက်ခြမ်းမှာပါ လူအုပ်ကြီးက ကြိတ်ကြိတ်တိုးလုနီးပါး  ဖြစ်နေပါပြီ။

ကျနော် အသံချဲ့စက်  မဆင်လိုက်မိတာ မှားသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့  အောက်ကျရင် ကားပေါ်တက်ကာနီး ပရိသတ် ကို  လက်ကလေးဖြစ်ဖြစ် ပြသွားပါဦးလို့ မိကျောင်းမင်း ရေခင်းပြသွားလုပ်မိလို့ ဦးမိုးသူကတောင် ရယ်ပြီး..စိတ်ချ..စိတ်ချ လို့ ပြောသွား ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်မြို့ကို ခရီးဆက်ထွက်သွားပေမယ့် ကျနော့် အမအိမ်မှာ ချက်ချင်းလူစုမကွဲသေးပါ။ ဒေါ်အောင် ဆန်းစုကြည်ကို  မြင်ရုံနဲ့သဘောကျသွားကြကြောင်းနဲ့ ကျနော်တို့ဒေါ်စုနဲ့ဆက်သွယ်ပြီးလုပ်တဲ့အဖွဲ့ကို ထောက်ခံမဲ့အကြောင်းတွေ  ဆက် ပြောနေကြပါတယ်..။

ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး စည်းရုံးရေးခရီးပါ။ ပေါင်းတည်က  ပြည်မြို့ကိုကူးပြီး ပြည်မြို့မှာ အိပ်ပါတယ်။ ညအိပ်တဲ့ အိမ် ရှေ့မှာ လူထုကြီးကတောင်းဆိုလို့ ထွက်ပြီး ခဏခဏ စကားပြောရတယ်။ ပရိသတ်ကတော့  ရှေ့ဆက်တဲ့ခရီးစဉ်တလျှောက်   ပြည် – မန္တ လေးတလျှောက်  တမြို့ ထက် တမြို့  များများလာပြီး မန္တလေးကျတော့  လူထုက  ၀က်ဝက်ကွဲတော့တာပါပဲ။ မန္တလေးကနေပြီး အရှေ့ဖက် လမ်းက  ရန်ကုန်ပြန်လာတော့လည်း   မြို့ တိုင်းက ဆီးကြိုတဲ့ ပရိသတ်ဟာ  န.၀.တ မျက်မှောင်ကြုပ်လာပါတော့တယ်။ န.၀.တသာ မ ဟုတ်   ကိုယ့်အဖွဲ့ ရဲ့ဥက္ကဌကြီး  ဦးအောင်ကြီးကိုယ်တိုင်  မနာလိုဖြစ်လာ တာကို  နောက်ပိုင်း  သူပြောတဲ့ စကားတွေမှာ  ကြားလာရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts