ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း မောင်အောင်မွန်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – အောင်ကျော်ရင်ပြင်ဟုခေါ်သည်

ဝင်းအောင်ကြီး (မောင်အောင်မွန်) – အောင်ကျော်ရင်ပြင်ဟုခေါ်သည်
ကျနော်တွေးမိသလို ရေးပါမည် (၂၂၆ )
(မိုးမခ) မတ် ၂၊ ၂၀၁၇

(၁) ဤဓာတ်ပုံကိုကြည့်ပါ၊ ရန်ကုန်တက္ကသိုလ်တွင် တကယ်ရှိခဲ့သည့် အောင်ကျော်ရင်ပြင်ကို သိသူမည်မျှရှိမည်နည်း။ တကသ နှင့်ဗကသ ရောထွေးထင်မှတ်မှားနေရှာသူများ၊ ၁၉၆၂ ခု၊ စစ်တပ်က အာဏာသိမ်း အက်ဥပဒေ ဖျက်ပစ်လိုက်ချိန်ထိ အစိုးရ၏ငွေကြေးထောကပံ့မှုမှတပါး အစိုးရလက်အောက်ခံမဟုတ် သီးခြားလွတ်လပ်သော တက္ကသိုလ် ( Independent University) ကိုသတိထားမိကြပါ၏လော။ တက္ကသိုလ်အာဏာပိုင်ဆိုသည်မှာ အစိုးရမဟုတ်၊ တကသ ကိုယ်စားလှယ်၊ တက္ကသိုလ်မှ ဘွဲ့ရသွားသူများ ကိုယ်စားလှယ် အပါအ၀င် အလွှာအသီးသီးက ကိုယ်စားလှယ်ပေါင်း ၄၀ ပါဝင်ကောင်စီ ကိုခေါ်ကြောင်း ခွဲခြားသိမြင်ကြပါလေစ။ ၀န်ကြီးချုပ်သည် အဓိပတိဖြစ်ရသော်လည်း ကောင်စီဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သည့် veto အာဏာဝေး၍ သွယ်ဝိုက်ပြီး သြဇာပေးလို့ပင်မရ။

(၂) ထို့ကြောင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေအရ တက္ကသိုလ်၏ အစိတ်အပိုင်းတခုဖြစ်သော တကသ အဆောက်အအုံသည် သာမန် ၂ထပ်တိုက်တခုမဟုတ်၊ ပိုမိုလေးနက်သည့် အဓိပ္ပါယ်ကို ဖော်ညွှန်းသော ပြယုဂ်အမှတ်အသား ဆိုသောအချက်ကို အလေးထားစဉ်းစားမှသာလျှင် ကျောင်းသားသမဂ္ဂ၏ အနှစ်သာရကိုနားလည်ပါမည်။ တကသ သည်သဘောထားလွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးထားသည့် စင်မြင့်ဖြစ်၍ နိုင်ငံရေးပါတီများ၏ အမြင်သဘောထားများ တင်ပြ၊ ဟောပြော၊ အခြေအတင်ပြောဆို( Debate) များကို တကသ အမှုဆောင်အဖွဲ့၏ စီစဉ်ခွင့်ပြုချက်နှင့် လုပ်ဆောင်ရသည်။ ပြင်ပနိုင်ငံရေးသမားများအား အလွန်အမင်းနေရာပေး မတော်မတရား ရေးနေ၍ ကျောင်းသားအခန်းကဏ္ဍ မှေးမှိန်ရသည်ကို ကျောင်းသားများ သတိရမှာသာလျှင် ကျောင်းသမဂ္ဂ၏ အနာဂတ်ကို မျှော်မှန်းနိုင်ပေလိမ်မည်။

(၃) ဤပုံပါနယ်မြေကို ရန်ကုန်တက္ကသိုလ်ရှိစဉ်အထိ အောင်ကျော်ရင်ပြင်ဟုခေါ်သည်။ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကိုဖျက်၊ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် ဟူသောအမည်သို့ ပြောင်းလိုက်ပြီးနောက်ပိုင်း ရန်ကုန်တက္ကသိုလ်ဟု ခေါ်၍မရတော့ပါ၊ ဥပမာ၊ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်အား ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဟုသုံးလျှင် ဒေါက်တာ ထင်အောင်၊ ဒေါက်တာသာလှ တို့နှင့်ရောမသွားပေဘူးလော။ ကျနော်သည် သတင်းသမားမို့ စာဖတ်သူတို့လည်း ရှင်းရှင်းလင်းလင်း မြင်စေဖို့ရေးနေရခြင်းပါ။

(၄) အောင်ကျော်နေ့ ဖြစ်လာပုံကိုတော့ သိကြပါလိမည်၊ သို့သော်လည်း ပြန်နှူးရသော်–တကသ၏ တောင်းဆိုချက်ကို အကြောင်းပြန်ခြင်းမရှိ၍ ၁၉၃၈ ခု၊ဒီဇင်ဘာလ(၂၀) ရက်နေ့တွင် ကျောင်းသားများ စည်းဝေးကြပြီး တကသ ဥက္ကဋ္ဌ ဦးလှရွှေ (နောင် အာဏာရှင်) ခေါင်းဆောင်ကာ ပုဒ်မ (၁၄၄) ထုတ်ထားသည့်ကြား ဆန့်ကျင်၍ အတွင်းဝန်ရုံးကို ၀ိုင်းကြ၏။ မြင်းစီးပုလိပ်တို့က ဆန္ဒပြသူများကြား တိုးဝင်စဉ် အခြားပုလိပ်များက နံပါတ်တုတ်များနှင့်ရိုက်သည်။ ခွပ်ဒေါင်း အလံကိုင် ကိုကြည်မောင် (ပုဂံဆောင်ကဂိုးသမား၊ နောင် ဗိုလ်မှူးကြီး၊ NLD) လဲကျသွား၍ ဂျပ်ဆင်ကောလိပ် Sr IA တန်းသား ကိုအောင်ကျော် ဆက်ကိုင်ထားစဉ် ၀ိုင်းရိုက်ခံရ၊ ဒဏ်ရာပြင်းထန် သတိမေ့နေရာ ကိုလှဖေ( နောင် ဗိုလ်လက်ျာ)က ပွေ့ယူကာ သူရိယသတင်းစာတိုက်ပေါ် တက်ပြေးရ၏။ တက္ကသိုလ်ဆေးရုံ ထို့နောက် ရန်ကုန်ဆေးရုံကြီး၌ ကုသသည့်ကြား သေဆုံးသွားရာ အာဇာနည် ဗိုလ်အောင်ကျော်ဟုဂုဏ်ပြုသည်။ ထိုစဉ်ကစ၍ ဒီဇင်ဘာလ (၂၀)ရက်နေ့တိုင်း အောင်ကျော်နေ့၊ ကျောင်းသားနေ့ ကျင်းပလာခဲ့ကြ၏။

(၅) ရန်ကုန်တက္ကသိုလ်နယ်မြေ ( Rangoon University Estate) တွင် တည်ထောင်စဉ်ကပင် စာတိုက်နှင့် စာအုပ်ဆိုင်ရှေ့၌ ကျယ်ဝန်းသောနေရာရှိ၏။ စာအုပ်ဆိုင်နှင့် ကျောချင်းကပ်တွင် တက္ကသိုလ်ဆေးရုံရှိ၏။ ရှေ့တည့်တည့်တွင် တက္ကသိုလ်ဆရာ နေအိမ်များ၊ နောက်ဘက်တွင် တက္ကသိုလ်ဝန်ထမ်းများရပ်ကွက်ရှိ၏။ မြန်မာ့အသံ ကျော်ဦးက သူ၏ ရန်ကုန်တက္ကသိုလ် နှစ်(၅၀) စာအုပ်အတွက် ကိုယ်တိုင်ရိုက်ထားသောပုံပါ။ တကသနှင့်မျက်နှာချင်းဆိုင် အဓိပတိလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့် မန္တလေးဆောင်ရှေ့ဘက်ကနေ ရိုက်ထားသောထိုပုံထဲ ညာဘက်က စာတိုက်၊ စက်ဝန်းခြမ်းက အ၀ိုင်းလေးဖြစ်သည်။

(၆) အောင်ကျော်ရင်ပြင် ဖြစ်လာပုံက ဒီလိုပါ။ လွတ်လပ်ရေးတိုက်ပွဲကာလ၌ ပါဝင်ခဲ့ကြသူများ တက္ကသိုလ်ကျောင်းသား ဖြစ်လာကြသောအခါ ကွန်မြူနစ် ဆိုရှယ်လစ် စသဖြင့်ယုံကြည်ချက်များ ပါလာကြ၏။ ၁၉၄၉ ခု၊ပြည်တွင်းစစ်ပြင်းထန်လာပြီး ရန်ကုန်အစိုးရဟု အခေါ်ခံရချိန်တွင် ကျောင်းသားအချို့တောခို၊ အချို့တပ်မတော်ဘက်က ၀င်တိုက်၏။ အချိန်မတိုင်မီ စာသင်ခန်းကခွါ၊ စစ်တိုက်ရင်းသေဆုံးရရှာသည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများအား ဂုဏ်ပြုပွဲကို ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ ဒေါက်တာသာလှ (တကသ အမှုဆောင်ဟောင်း) တို့ကြီးမှူးကျင်းပရာ တကသ ဥက္ကဋ္ဌ ကိုမောင်မောင်ကျော်လည်း တက်ရောက်ပြီး ထိုကွက်လပ်ကို အောင်ကျော်ရင်ပြင်ဟု ခေါ်တွင်လာရာ ၁၉၆၂ ခုအထိပါ။ အမျိုးသားနေ့၊ ကျောင်းသားပွဲတော် စသသည်တို့ကိုလည်း အောင်ကျော်ရင်ပြင်၌ ကျင်းပခဲ့ရာ ကျနော်လည်း အကြိမ်ကြိမ်ကြုံဖူး၍ ခုလိုရေးနိုင်ခြင်းဖြစ်၏။

(၇) ရန်ကုန်တက္ကသိုလ်၏ သွေးကြော အက်ဥပဒေသည် ၁၉၆၂ ခု၊မေလ ၉ ရက်နေ့ တွင် ပုံ ဗိုလ်နေ၀င်း အမိန့်တိုလေးနှင့် ဇီဝိန်ချုပ်သွား၏။ ၁၉၆၂ ခု၊ဇူလိုင်လ ၈ ရက်နေ့နံနက်တွင် တကသ အဆောက်အအုံကြီး အုတ်ကျိုးပဲ့ပုံဖြစ်ခဲ့ရ၏။ စစ်တပ်ကိုအံတုကာ အ၀ိုင်းလေးအစိုးရဟု သုံးခဲ့သည်ကို မျက်မာန်တော်ရှ၍လားမသိ ၁၉၆၆ ခုတွင် အ၀ိုင်းလေးကို ဖျက်ဆီးပစ်လိုက်သည်။ အထင်ကရ ရှိခဲ့ပါလျက် မရှိဟုဇွတ်ငြင်း၊ လုံးဝမရှိခဲ့ဖူးသည်ကို အရှိလုပ်လိုလုပ်နေ၍ သမိုင်းဟူ၍နတ္ထိ။ စိတ်ဝင်စားသူ ဆက်လက်စူးစမ်း ရှာဖွေလေ့လာသူများအတွက် ငါတို့ခေတ် ငါတို့တက္ကသိုလ်တွင် ရှိခဲ့သော်လည်း သိသူအင်မတန်ရှားသည့် အောင်ကျော်ရင်ပြင်အကြောင်း တွေးမိ၍ရေးသား လိုက်ရ ကြောင်းပါ။

၂၀၁၇ ခု၊ မတ်လ ၁ ရက် ( –နောက်ဆုံးနေ့)
(မောင်အောင်မွန် (၀င်းအောင်ကြီး)၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts