မာမာအေး ရသဆောင်းပါးစုံ

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် – အမှတ် (၅၇၃)

 မာမာအေး – ပြောပြစရာတွေလဲ တပုံကြီး ရှိသေးတယ် – အမှတ် (၅၇၃)
ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

• တောအလှူ
သောတရှင်များ ကျန်းမာတော်မူကြပါစေရှင်
မာအေးချစ်တဲ့ သောတရှင်တွေ၊ ဂီတဝါသနာရှင်တွေအားလုံး  မာအေးရဲ့အသံလေးကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်း သာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေး ဒီတခေါက် အမိနိုင်ငံကိုရောက်ဖြစ်တာ ကုသိုလ်ကိစ္စတွေကြောင့်ပါရှင်။ မိဘဆွေမျိုးတွေနဲ့ အတူ သာသနာပြုလိုတဲ့ ကျောင်းသား တပ်ထွက်ကလေးတယောက်ကိုကူခဲ့ဖို့ ဆုံးဖြတ်ခဲ့ပေမယ့်၊ အဲဒီကောင်ကလေးကို ဒီ ရောက်တော့မှဘဲ မာအေးကို လာကြိုပို့လုပ်မယ့်အကြောင်း လာပြောရင်းနဲ့ မြင်ဖူးခဲ့ရပါတယ်။ တမျိုးသော ရေစက်လို့ ဆိုရ မှာပေါ့နော်။

ဒါနဲ့ဘဲ ဇန်နဝါရီ (၂၂) ရက်နေ့က အလှူရှင်ပို့လိုက်တဲ့ ကားလေးနဲ့ မင်းဘူးမြို့နားလေးက “မယ်ဘေ့ကုန်း” ရွာမှာတည်ရှိတဲ့ “အောင်တော်မူ ဓာတ်ကျောင်း” ဆီကို ခရီးထွက်ခဲ့ပါတယ်။ ပြည်လမ်းဖက်က သွားခဲ့တာပါ။ နွေကာလထဲမှာဆိုပေမယ့် လမ်းဘေးက သစ်ပင်ရိပ်တွေကြောင့် ပူပြင်းတယ်လို့ မဆိုနိုင်ပါဘူး။ သူ့အပိုင်နဲ့သူ လမ်းထောက်ခ အသီးသီး ကောက်ယူ ပြင်ဆင်ခြင်းတို့ကြောင့် မူလ မာအေးတို့ သွားခဲ့ကြတဲ့ နှစ်အစိတ်လောက်က ထက်စာရင်၊ လမ်းတဖက် နှစ်ပေလောက် တိုးချဲ့ထားတာမို့ ကာရှောင်ရတာ အခက်အခဲပသိပ်မရှိတော့တာတွေ့ရလို့ ဝမ်းသာမိပါတယ်။ မာအေးစီးလာတဲ့ကားက ညာမောင်းဖြစ်တဲ့အတွက် ဘေးကထိုင်ဖြစ်တဲ့ မာအေးက ကားကျော်တက်ရာမှာ တဖက်ကလာတဲ့ကား ၊မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ ထော်လာဂျီတွေနဲ့ ကိုယ့်ကားတက်ရင်  လွတ်မလွတ် မျက်စေ့ဒေါက်ထောက်ကြည့်ရပြောရတာ မအားရအောင်ပါဘဲ။ ဦးထုပ်အမာမဆောင်းတဲ့ ဆိုင်ကယ်စီးလူကြီး ခလေးအတွက်လဲ ရင်မောရဆဲပါဘဲ။

မာအေးတို့ ခရီးဖော်အဖြစ်  အမျိုးသမီးတဦးက လိုက်ပါစောင့်ရှောက်ပါတယ်။ ဖြူဖြူ ချောချော လုံးကြီးပေါက်လှ ညီမလေး တစ်ယောက်ပါ။ အလှူ့ရှင် မောင်ကျောင်းသားတို့တွေနဲ့ “၈၈” အရေးကိစ္စနောက်မှာ အတူလိုက်ပါလှုပ်ရှားခဲ့သတဲ့။ သူတို့ တွေ ကြုံရတဲ့ ဆင်းရဲငတ်ပြတ်မှု၊ ပြေးရှောင်ခဲ့ရမှုတွေကို တလမ်းလုံး ကြားနာရင်း လိုက်ခဲ့ရာရင်နာနာဘဲ။ သူတို့လေး တသိုက်ဟာ မသေလို့ကျန်တာပါတဲ့လေ။ ဒါကြောင့် မောင်ရင်းနှမတွေလို ဘာလုပ်လုပ် အတူလုပ်ကြတုန်းတဲ့။ ဖြူစင်တဲ့ မေတ္တာသံယောဇဉ်တွေကြားရတာ နားဝင်ချိုခဲ့တယ်။ မာအေးကို လမ်းခရီးက အစားအစာတွေ မစားဖြစ်အောင် အကြော်အ လှော်တွေလဲ ပါရဲ့။

ကားဆရာလေးကလဲ တကယ်တော်ရှာတယ်။ ကြာရင်ကြာပေ့စေ အန္တရာယ်ကင်းဖို့အဓိကဆိုတာမျိုး မောင်းတော့ လိုက် ပါရတာ မပင်ပမ်းပါဘူး။ ကားလဲ ခဏနား၊ လူလဲ ခဏနား၊ ထမင်းလဲစားဖို့ နားလိုက်တာ “ရွှေကုက္ကို” ဆိုင်ပါဘဲ။ အင်းမ မှာ စားမယ်၊ ရေပြာမှာ စားမယ်နဲ့ ကိုယ်သိခဲ့ဖူးတဲ့ နေရာလေးတွေလိုက်ကြည့်ပေမယ့်  မျက်စေ့ထဲမှာ မပေါ်တော့ဘူး။ အားလုံး ဟာ အထူးအဆန်းဖြစ်နေလို့ မမှတ်မိတာနဲ့ အဲဒါတွေလွန်မှ ရောက်သွားတာပါဘဲ။

ဟိုတုန်းကနဲ့ မတူတာလေးတခုလဲ တွေ့လာရတယ် သောတရှင်တို့ရဲ့။ ထမင်းဆိုင် တွေဆိုတာ စားမယ့်သူက မှာတဲ့အတိုင်း မဟုတ်တော့ဘူးလိုဘဲရှင့်။ ကိုယ်မှာတာရဲ့အပြင် အရံဟင်းခွက်တွေ၊ အသုတ်တွေနဲ့ စားပွဲအပြည့်ခင်းထားမို့ပါ။ “မြန်မာ ဘူဖေး” ဆိုလားဘဲ။ အဲဒီထဲက ကိုယ်စားတာကိုဘဲ တွက်ပြီး ငွေချေရတာမျိုးဖြစ်ပါတယ်။

မာအေးတို့က ဆိုင်ကိုအားနာတော့၊ တယောက်အတွက်မှာစားလို့ သိလိုက်ရတာပါ။ ဆိုင်ရှင်က မာအေးမှန်းသိလို့ ကြိုက် တာစားပါလို့ ဧည့်ဝတ်ပြုရှာပါတယ်။ မာအေး မင်းဘူး အလှူသွားမယ်ဆိုတာ ဘီဘီစီ နားထောင်ရင်းသိရလို့ မျှော်နေတာတဲ့။ ပိုက်ဆံကို ပေးလို့မရခဲ့ဘူး။ ကိုယ့်ပရိတ်သတ်က  ကိုယ့်ကို  ခုချိန်ထိ ထမင်းကျွေးနေတုန်းပါလားလို့ တအားသစ်မိပါတယ်။ နယ်အစုံသွား  ပြည်သူ့နားမှာ ပျားလိုချိုတဲ့ တေးများစွာကို၊ မအိုသေးခင်ဆိုပေးချင် လိုက်တာလို့ တမိပါတယ်၊ တကယ်ပါ။

ခရီးဆက်ထွက်လာတဲ့အခါ၊ ပြည်မြို့ရောက်တော့ ကားလဲနား၊ အမကြီးလဲ တွေ့ရအောင် “မင်္ဂလာဂါးဒင်း” ဝင်ပါတယ်။ ဆက်မောင်းလာရင်း “ကိုးပင်” ဆိုတဲ့ရွာကြီးကနေ “သစ်ရာကောက်” ရွာအထိပေါက်တဲ့ ဖြတ်လမ်းကိုသုံးတဲ့အတွက် တောင် တွင်းကြီးမြို့ကို မရောက်တော့ပါဘူး။ ဖြတ်လမ်းကသွားတဲ့အတွက် တောင်တွင်းအထွက်က “လိမ်တော” အကွေ့အ ကောက်တွေကိုလဲ မဖြတ်ရတော့ဘဲ မိုင် (၄၀) လောက် ခရီးကျုံ့သွားမယ်ထင်ပါတယ်။ အစဉ်အတိုင်း မကွေးမြို့ကိုဖြတ်၊ ဧရာဝတီ (မကွေး) တံတားကြီး ကိုကျော်လိုက်တာနဲ့ မင်းဘူးမြို့ကို တန်းရောက်တာပါ။ အဲဒီကမှ မန်းရေနံမြေကို ဖြတ်ပြီး “ မယ်ဘေ့ကုန်း” ရွာက အောင်တော်မူဓာတ်ကျောင်းကို ရောက်ပါတယ်။

ကျောင်းဝိုင်းထဲမှာ “အောင်တော်မူစေတီ” တဆူတည်ထားပြီး၊ ဘုရားဝတ်တက်ဆောင်၊ ဓမ္မာရုံ၊ တရားရှုမှတ်ရာ ကျောင်း ဆောင်များ၊ ရဟန်းတော်များကျောင်း၊ မယ်သီလများကျောင်း၊ ဧည့်သည်များအတွက် ကျောင်းဆောင်များလဲတွေ့ရပါတယ်။ ချက်ပြုတ်ရေးအတွက် လာရောက်ကူညီနေကြသူတွေကတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဖြစ်ကြပါတယ်။

အလှူမဏ္ဍပ်ကလဲ မာအေးတို့သီးသန့်တည်းရတဲ့ “ရွှေဗိမ္ဗာန်” ကျောင်းဆောင်ကနေ “စနေသား ဆရာတော်ကျောင်းအထိ ကျောင်းဝိုင်းပြည့် ထိုးထားပါတယ်။ နောက်တနေ့ညနေမှ အလှူ ဝင်ဆိုတော့ ကောင်းကောင်းနားရတာပေါ့ရှင်။ ဒီအလှူ မှာ မာအေးတွဲဆိုရအောင်ဆိုပြီးတော့ အလှူရှင်က  “စိန်မန်းတင်” ဆိုင်းအဖွဲ့ကို ငှားထားပါတယ်တဲ့။ မာအေးဆိုင်းတွေနဲ့ မဆို ဖြစ်တာ ဘယ်လောက်ကြာပြီလဲ သိတဲ့အတိုင်းဘဲလေ။ ဒီစိန်မန်းတင်က မာအေးဟိုတုန်းက ဆိုနေကျ တွဲနေကျ “ဦးမန်း တင်” ရဲ့သားလို့ပြောပါတယ်။ ဒါဆိုရင် သူ့အဖေလက်ရာမျိုးရှိလောက်တယ်လို့ တွက်ရတော့တာပေါ့နော်။ သီချင်း တိုက် ရက်မရှိပေမယ့် ဟိုတချိန်ကလိုဘဲ မာအေးဆိုဖူးခဲ့တဲ့ ကဆက်ခွေတွေအတိုင်း သူတို့တီးကြမှာပါလို့ စိတ်ချထားပါတယ်။

မာအေးတို့ အရွယ်ကောင်းမှာ “ကိုမန်းတင်” ဆိုင်းအဖွဲ့ကြီးနဲ့ တောင်တွင်းကြီးဆေးရုံ၊ ပခုက္ကူဆေးရုံဖွင့်ပွဲတွေကစလို့ မ ကွေးတိုင်းထဲ အတော်များများ လိုက်ကူသီဆိုပေးခဲ့တာတွေလဲသတိရ၊ ဗိုလ်ချုပ်ကြေးရုပ်တွေ့တော့လဲ မကွေးမှာ ဖွင့်ချိန်က မာအေးဆရာ အင်္လကာကျော်စွာ စောင်းဦးဘသန်းနဲ့အတူ ဂုဏ်ပြုမှတ်တမ်းရတုရွတ်ဆိုနေတုန်းမှာ၊ ကာရံထားတဲ့ ဖဲသား ဝတ်ရုံဟာ အဖွင့်စက်ခလုတ်မနှိပ်သေးပါဘဲ၊ ဗိုလ်ချုပ်ခေါင်းတော် ထွက်မျှော်ကြည့်သလို ပွင့်ကျလာတာတွေ့ရခံစားရဖူးတယ်လို့ အမှတ်ရပေါ့။ နောက်မှာကျန်ရစ်တဲ့ ဒီအမှတ်တရတွေနဲအတူ မိတ်ဆွေထဲက ဘယ်သူတွေရှိကြသေးလဲ။ ဘယ်သူ တွေက ကွေလေပြီလဲ၊ စိတ်နဲ့သာဘဲ တွေးနိုင်ရှာနိုင်ပါတော့တယ်။ လတ်တလော လုပ်နိုင်တာကတော့ နောက်နေ့ဆိုရင် အလှူဝင်နေ့ ဖြစ်နေပြီကိုး၊ ဆိုဘို့သီချင်းလေး ဘာလေးရွေးရမယ်၊ သီချင်းစာရမရ ပြန်စစ်မယ်ပေါ့။ ပဉ္ဇင်းခံ ရှင်ပြုဆိုတော့ကါ “သာသနာ့အမွေခံ” နဲ့ စမယ်လို့ တေးထားလိုက်ပါတယ်ရှင်။

(သာသနာ့ အမွေခံမှ) အသောကရာဇာ မင်းတရားကြီးနည်းစနစ်ယူကာ၊ သားတော်မောင် မဟိန္ဒနဲ့ သမီးမြတ်သင်္ခမိတ္တာ၊ ဘုံဘဝကြုံပြန်ရ၊ ပဗ္ဗဇ္ဇိမှန်း ရဟန်းခံတာ၊ သရေနွယ်သင်ဒုံးပါ၊ အားလုံးစုံဆင်မြန်းလို၊ တင်ဆွမ်းသပိတ်ပါ၊ သင်္ဃန်းပရိက္ခရာ ရှစ်ပါးအစုံနဲ့၊ ကျမ်းတော်လာသာသနာတွင်းကိုသွင်းပေတာ xx တရားအလာ ယုံကြည်ကာသာ၊ ပုတ္တရဿရွှင်လန်း သင်္ဃန်း ချည်ပါ၊ သာသနာ့အမွေခံ ဧကန်မှန်ခဲ့တာ (အလှူ့ဒကာ) ၂ x သီရိဓမ္မာ အသောကရာဇာxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts