သတင်းဆောင်းပါး မောင်ရစ်

မောင်ရစ် – ပရိသတ်ကို အလင်းပြတဲ့ အနုပညာလူရွှင်တော်တွေ အလိုရှိသည်

 

မောင်ရစ် – ပရိသတ်ကို  အလင်းပြတဲ့ အနုပညာလူရွှင်တော်တွေ အလိုရှိသည်

(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၅

မြန်မာပရိသတ်တွေကတော့ ဒီဗီဘီက နေဇော်နိုင်ရဲ့ ရုပ်သံအစီအစဉ်ကို ကြိုက်ကြတယ်။ မျက်မှောက်ရေးရာကို ဝေဖန်သရော် ပြက်လုံးထုတ်တာမို့ ခေတ်ရဲ့ ဖိစီးမှုအောက်မှာ ပိပြားနေတဲ့ ပရိသတ်အတွက် ရွှင်လန်းတဲ့ အားဆေးပဲကိုး။ အာရ်အက်ဖ်အေမှာက အသံသရုပ်ဆောင် လမ်းဆုံက ဂျမ်းပုံ ရှိတယ်။ နောက် မြန်မာပြည်တွင်းမှာတော့ ကိုဇာဂနာ။ လူရွှင်တော် အနုပညာသမားတယောက်အဖြစ် ပြည်သူတွေဘက်က ရပ်ပြီးတော့ ခေတ်နဲ့ စနစ်ရဲ့ ကမောက်ကမတွေကို သရော်တာ၊ ပြက်လုံးထုတ်လိုက်တာ ဝေဖန်လိုက်တာဟာ ပရိသတ်ထဲကို ထိရောက်စူးရှလှပါတယ်။ ၂၀၀၇ တုန်းက “သံဃံသရဏံ ဂန်းစာမိ …” လို့ ပြောထည့်လိုက်တာ ခေတ်ကို ထင်ဟတ်ပြီး လူတွေကို ခေါင်းငိုက်စိုက်ဖြစ်နေရာက တည့်မတ် ရင်ကော့လို့ သွားစေတယ် မဟုတ်လား။

အမေရိကန်မှာတော့ Comedy Central ဆိုတဲ့ ရုပ်သံလိုင်းရှိတယ်။ သူ့ဟာက လူရွှင်တော်၊ ဟာသ၊ ရယ်စရာ အစီအစဉ်တွေချည်းပဲ။ ဗမာလိုဆိုရင်တော့ သောင်းပြောင်းထွေလာရယ်စရာ ချယ်နယ်ပေါ့။ ဟာဒယရွှင်ဆေး ရုပ်သံလိုင်းပေါ့။ အဲသည်မှာ သာမန်လူတွေ ရယ်ရွှင်ဖွယ် ဟာသ ရယ်စရာ ဇာတ်လမ်းတွေ၊ တင်ဆက်မှုတွေအပြင် ဇာဂနာ၊ နေဇော်နိုင်နဲ့ ဂျမ်းပုံတို့လို ခေတ်နဲ့ စနစ်ကို သရော် ဟာသလုပ် ဟားတိုက်ပစ်တဲ့ fake news program – သတင်းအတု တင်ဆက်မှု အစီအစဉ်တွေ ရှိတယ်။ သတင်းကြေညာသူလို တီဗီလူရွှင်တော်က ခပ်တည်တည်ထိုင်၊ နောက်မှာက သတင်းရုပ်သံတွေ လွှင့်လို့၊ သတင်းခေါင်းစဉ်တွေ ဓာတ်ပုံတွေ မီးထိုးပြီးတော့ မျက်မှောက်ရေးရာကို ဟာသလုပ်ပြီး ပရိသတ်ကို ဖျော်ဖြေတာ။ ခေတ်၊ စနစ်နဲ့ လူတွေရဲ့ လွဲချော်မှုတွေကို ဝေဖန် ထောက်ပြတာ။ ဥပမာ – အိုဘားမားကို အတိုက်အခံတွေက အမေရိကန်နိုင်ငံသားမဟုတ်ဘူးလို့ ငြင်းပြီး အပုတ်ချကြတဲ့အခါ တီဗီလူရွှင်တော်က ဒါဟုတ်တယ်။ ထောက်ခံတယ်။ ဟာဝိုင်ယီဆေးရုံက ထုတ်ပေးထားတဲ့ မွေးစာရင်းအစစ် (ကော်ပီ) ကို ထုတ်ပြပြီး အိုဘားမားမွေးစာရင်းဟာ လွန်ခဲ့တဲ့ အနှစ် ၄၀ကျော်ကတည်းက အတုကြီး လုပ်ထားတာ။ ဆေးရုံတရုံလုံး ဖမ်းပြီး ထောင်ချရမယ်လို့ ခပ်တည်တည်ကြီး ပြက်လုံးထုတ်ပြီး သတင်းမှားထုတ်သူတွေကို ဟားပစ်လိုက်တာမျိုးပေါ့။

အမေရိကန်က ဟာဒယရုပ်သံလိုင်းမှာ ထင်ရှားတဲ့ လူရွှင်တော်သရုပ်ဆောင် ၂ ဦး ရှိတယ်။ Jon Stewart (ဂျွန်စတီးဝပ်) နဲ့ Colbert (ကိုဘ) ။ သူတို့တွေ သရော်ချက်က ပြင်းထန်လွန်းလို့ မျက်မှောက်ရေးရာ အခြေအနေကို သိချင် မြင်ချင်ရင် သတင်းနားထောင်ပြီးတာနဲ့ သူတို့ ဘာပြန်ပြောပြီး ဟားချက်ထုတ်သလဲဆိုတာကို နေ့စဉ် ညတိုင်း စောင့်ကြည့် ရှုစားကြရတယ်။ အမေရိကန်မှာ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီ ဘက်တော်သားတွေနဲ့ ခေတ်ဆန်သူ ဒီမိုကရက် ဘက်တော်သားတွေဟာ အချင်းချင်း တိုက်ခိုက် အသရေဖျက်နေကြတာဟာ တခြိမ်းခြိမ်းပဲ။ ရွေးကောက်ပွဲကာလတွေဆိုရင် ပိုဆိုးတယ်။ အိုဘားမားကို မူဆလင်လို့ ပြော၊ ဟီလာရီကလင်တန်နဲ့ ဘီကလင်တန်တို့ ကွဲပြဲကြတော့မယ်လို့ ပြောလိုပြော။ အတည်ကြီးတွေကို ‘ချ” နေကြတာ။ သည်တော့ ခုနင်က ရုပ်သံလူရွှင်တော် ၂ ဦးက သူတို့ ရုပ်သံအစီအစဉ်တွေကနေ အဲသလို လွဲချော်ချက်တွေကို အကြီးအကျယ် ဟားပြီးတော့ ပြည်သူတွေကို သတင်းမှားတွေ ပုံဖျက်သတင်းတွေ၊ သွေးထိုးလှုံ့ဆော်မှုတွေနောက် လမ်းမှားမလိုက်ရအောင် ဟာသလုပ် ရယ်သွမ်းသွေးပြီး လမ်းပြပေးပါတယ်။

အမေရိကန်ရဲ့ သတင်းရုပ်သံလိုင်းတွေမှာ သတင်းတွေကို ဝေဖန်ဆန်းစစ်တဲ့ အတည်အခန့် ကျွမ်းကျင်သူသတင်းဝေဖန်ရေးသမားတွေလည်း ရှိပါတယ်။ သူတို့ကတော့ ရုပ်တည်ကြီးနဲ့ အတည်အခန့်ပြော၊ အလယ်အလမ်းကျအောင် ဘက်မလိုက်မိအောင် ထိန်းရတော့ ခုနင်က လူရွှင်တော် သရော်ဟာသသမား ၂ ဦးလောက် မလွတ်လပ်ဘူးပေါ့။ တည့်တိုးချည်း မရဘူးပေါ့။ ဟို ၂ ယောက်ကတော့ အပြတ် ကိုင်တာပဲ။

လွန်ခဲ့တဲ့ နှစ်များက ဆာရာပေလင်ဆိုတဲ့ အလာစကာပြည်နယ်က မိန်းမ အမေရိကန် ဒုသမ္မတ၀င်ပြိုင်တော့ အပြောကြီးချက်က နိုင်ငံတကာရေးရာမှာ သူက သိပ်ပိုင်နိုင်တယ်ဆိုပဲ၊ ဘာကြောင့်လဲဆိုတော့ ရုရှားပြည်ကြီးနဲ့ သူ့အိမ်က ဖင်ချင်းပေါက်နေတာဆိုတော့ (နီးတယ်ပေါ့ဗျာ)။ သူဟာ နိုင်ငံတကာရေးရာမှာ နီးစပ်ပိုင်နိုင်တာပေါ့လို့ ပြောလိုက်တာကို ဟိုလူရွှင်တော် ၂ယောက် ပါးစပ်ထဲရောက်သွားတာ ဆာရာပေလင်ဆိုတာ ရစရာတောင် မရှိဘူး ဟာသအလုပ်ခံလိုက်ရတာပေါ့။

သတင်းသမားတွေက စည်းစောင့်ပြီး နေရချိန်မှာ လူရွှင်တော်သတင်းသမား ၂ဦးကတော့ လွတ်လပ်စွာ ပြောရေးဆိုခွင့် ရှိနေတော့တာပါပဲ။ သူတို့ကို ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေက စောင့်ကြည့် နားထောင်ကြတယ်။ သူတို့သြဇာက ကြီးတယ်။ အိုဘားမားတို့လို သမ္မတမျိုးတောင် ဂျွန်စတီးဝပ်နဲ့ ကိုဘ အစီအစဉ်ကို တက်ရောက်ပြီး အင်တာဗျုးခံကြတယ်။ ပရိသတ်ကို စည်းရုံးရေး ဆင်းရတယ်။ သမ္မတကတော်ကိုယ်တိုင်ကလည်း လူရွှင်တော်တွေနဲ့ တွေ့ပြီး ကလေးတွေ ပညာရေးတိုးတက်အောင်၊ ကျန်းမာရေး စောင့်ရှောက်အောင် ကန်ပိန်းတွေအကြောင်း ရယ်ရယ်မောမော ပြောဆိုဆွေးနွေးပြီး ၀ါဒဖြန့်ဖို့ ကြိုးစားကြရပါတယ်။ နိုင်ငံတကာက အကြမ်းဖက်မှုတွေ အာဏာရှင်ရဲ့ မတရားမှုတွေကိုလည်း ဂျွန်နဲ့ ကိုဘတို့က ဝေဖန် ပြောဆို ဟာသလုပ်တာပဲ။ သူတို့က အိုစမာဘင်လာဒင်ကအစ ကင်ဂျုံအီ အဆုံး သရော်လှောင်ပြောင်လိုက်တာပါပဲ။ အစွမ်းထက်ပါတယ်။ ဒါ့အပြင် မာလာလာ ကဲ့သို့ လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စားသူ ပါကစ္စတန်က ပညာရေးသမီးပျိုကိုလည်း ဖိတ်ခေါ် တွေ့ဆုံ ဂုဏ်ပြုတာမျိုးတွေ လုပ်ပါတယ်။ အလေးဂါရ၀ပြုပါတယ်။ သည်တော့ ပြောချင်တာက သူတို့ရဲ့ သြဇာအစွမ်းနဲ့ ခြေတံလက်တံဟာ အမေရိကန်မီဒီယာမှာ အမေရိကန် ပရိသတ်ဆီမှာ အလွန်ကြီးမား ကျယ်ပြန့်တယ် ဆိုချင်တာပါ။

သို့သော်လည်း ၂၀၁၄ နှစ်ကုန်နဲ့ ၂၀၁၅ နှစ်ဆန်းမှာတင် အဆိုပါ လူရွှင်တော်သရော်ဟာသသမား ၂ ဦးစလုံးဟာ သူတို့ အစီအစဉ်တွေကနေ (ကိုဘ၊ ၂၀၁၄ နှစ်ကုန်) အနားယူကြောင်း   (ဂျွန်စတီးဝပ်၊ ၂၀၁၅ နှစ်ကုန်ခန့်)  အနားယူတော့မည် ဖြစ်ကြောင်းအသီးသီး ကြေညာလိုက်ပါတယ်။ အမေရိကန်ပြည်ကြီးက သူ့ကို ချစ်ခင်သူ ပရိသတ်ကြီးဟာ ‘ဟင်” ခနဲ့ မင်သက်ပြီး အကြီးအကျယ် ဂယက်ထသွားပါတော့တယ်။ သူတို့အားလုံးဟာ အောင်မြင်မှု ရေချိန်အမြင့်ဆုံး အချိန်မှာပါ။ အမေရိကန်ရဲ့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေးကွာဟမှု ကမ်းပါးကြီး ကွဲပြားနေချိန် ခေတ်ကြပ်ကြီးထဲမှာပါ။ လက်ရှိမှာ အမေရိကန်ပြည်တွင်းမှာ ရှေးရိုးစွဲတွေနဲ့ ခေတ်ဆန်သူတွေ အယူအဆ ထိပ်တိုက်တွေ့နေချိန်ပါ။ နိုင်ငံတကာမှာလည်း အစွန်းရောက်တွေ၊ အကြမ်းဖက်တွေ ခေါင်းထောင်ထ နေချိန်ပါ။ ဆင်းရဲ ချမ်းသာ ကွာဟလွန်းလို့ လူမှုရေးပြုပြင်မှု ပညာရေး ပြောင်းလဲမှုတွေ ငြင်းခုံ လုံးပမ်းနေချိန်ပါ။ သတင်းသမား၊ နိုင်ငံရေးသမား၊ လူမှုရေး ပညာရေး ပြုပြင်ရေးသမား၊ လူငယ် လူလတ်တန်းစားတွေအဖို့ အားဖြစ် ပျော်ရွှင် ရယ်မောရတဲ့ ပညာလည်းပေး၊ တွေးစရာလည်း ပေးတဲ့ သရော်ဟာသမားတွေရဲ့ ဖြည့်ဆည်းချက်ကို တစိတ်တပိုင်း အားပြုနေရချိန်မျိုးမှာ သူတို့တွေ အနားယူလိုက်တာ (အနားယူတော့မှာ) အတွက် စိတ်ထိခိုက်ကြရတယ်လို့ ဆိုပါတယ်။

ကိုဘ ကတော့ CBS’s Late Night Show ညနှောင်းပိုင်း ဟာသအစီအစဉ်မှာ ပြန်လည် သရုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Comedy Central ရဲ့  Cobert’s Show လိုမျိုး လွတ်လပ်ပွင့်လင်း ထိရောက်မှု အသွင်သဏ္ဍန်တွေ ပါလာပါတော့မလားဆိုတာကို လူတွေက စိုးရိမ်ကြပါတယ်။ ဂျွန်စတီးဝပ်ကတော့ ၂၀၁၅ နှစ်မကုန်ခင် အနားယူမယ်လို့ပဲ ပြောပါတယ်။ ဘယ်လိုမျိုး ဆက်လှုပ်ရှားမယ်လို့ မပြောပါဘူး။ ကိုဘနဲ့ ဂျွန်တို့လိုမျိုး ခေတ် စနစ်ကို ဝေဖန် သရော်ဟာသလုပ်တဲ့ လူရွှင်တော် သရုပ်ဆောင်တွေ အစီအစဉ်တွေ ရှိပါသေးတယ်။ သူတို့တတွေဟာ ကိုဘနဲ့ ဂျွန်တို့နေရာကို ၀င်ဖြည့်ဆည်းပေးနိုင်ပါ့မလားလို့လည်း မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။ အဆိုပါ လူရွှင်တော်သရော်ဟာသသမားတွေကတော့ သူတို့တွေ ဟိုလူ ၂ဦးကို မမီသေးဘူး။ သည်လူတွေကို ကျနော်တို့ အတုခိုးလို့တောင် မကုန်နိုင်သေးဘူးလို့ ၀န်ခံစကား ပြောကြပါတယ်။

သူများတွေ ၀မ်းနည်းကြချိန်မှာ ၀မ်းသာပြီး လက်ခမောင်း ထခတ်ကြသူတွေကတော့ ရှေးရိုးစွဲတွေ၊ အစွန်းရောက်တွေ၊ စားနေကြ ကြောင်ပါး နိုင်ငံရေးသမားကြီးတွေ၊ ခရိုနီကြီးတွေလို့ ဆိုကြပါတယ်။ ရှေးရိုးစွဲတွေ အသည်းစွဲ Fox News ကဆိုရင် ငါတို့ကို သရော်စော်ကားတဲ့ ၂ ကောင်တော့ သွားရှာပြီလို့ ဆိုပါတယ်။ သတင်းတွေမှာ မဟုတ်တန်းတရားတွေ ပြောပြီး ပြည်သူတွေကို သွေးထိုးလှုံဆော်လေ့ရှိတဲ့ နိုင်ငံရေးသမားတွေ စီးပွားရေးသမားတွေကလည်း သူတို့ကို အမှားထောက်ပြ ဟာသလုပ်သူတွေ မရှိတော့ရင် ငါတို့ ထင်တိုင်း ကြဲလို့ရပြီဆိုပြီး လက်မထောင်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလ ရောက်လာချိန်မှာ သတင်းဌာနကြီးတွေက ပြောနေကြတဲ့ ဇာတ်လမ်းတွေ ခေါင်းကြီးတွေကို ဟာသလေး သရော်ဝေဖန်ချက်လေးတွေ စွက်ပြီး ချိန်ထိုး စိစစ်ကြည့်ဖို့ အားကိုးရမယ့် သူတို့ ၂ ဦး မရှိတော့တာ အသည်းနာစရာပါလို့ လူငယ်ပရိသတ်တွေက သုံးသပ်ကြပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ခေတ်နဲ့ စနစ်ကို ဟာသလုပ် သရော် ဝေဖန် ထောက်ပြသူ လူရွှင်တော် ၂ဦးကတော့ သူတို့ အစီအစဉ်တွေကနေ ရပ်နားလိုက်ပြီ၊ ရပ်နားလိုက်တော့မည် ဖြစ်ပါတယ်။ အမေရိကန်လို ပြည်ကြီးကတော့ ငကန်းသေ ငစွေပေါ်လိမ့်မယ်လို့ ဇွတ်ကြီး အကောင်းမြင် မျှော်လင့်နေကြပါတယ်။ ပေါ်လည်း ပေါ်လာဦးမှာပဲ။ ဥပမာ – HBO ချန်နယ်မှာ John Oliver အစီအစဉ်ဟာ စောင့်ကြည့် ရှုစား အပမ်းဖြေရတဲ့ သရော်ဟာသ အစီအစဉ်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်မှာကတော့ကော … ကိုဇာဂနာတို့ နေဇော်နိုင်တို့ ဂျမ်းပုံတို့လို လက်သံပြောင်တဲ့ သရော်စာရေးဆရာတွေ၊ ရုပ်သံ အနုပညာသမားတွေ ဒီထက်ပိုပြီး ထွက်ပေါ်လာဖို့ လိုနေဆဲပါပဲ။ ခေတ်နဲ့ စနစ်နဲ့ မျက်မှောက်ရေးရာမှာ အဆိုးမြင်မှုတွေ အစွန်းရောက်မှုတွေနဲ့ ပိတ်မိနေတဲ့ ပရိသတ်တွေဟာ သရော်ဟာသသမားတွေရဲ့ ဖလ်ပြာခွက်နဲ့ ကျောက်စက်ရေလေး ထိမှ လန်းဆန်း အားရှိ အမြင်ကြည်ကြ မြင်ကွင်း ကျယ်ကြမှာ ဖြစ်ပါတယ်။ လောကကြီးကို အကောင်းမြင်မှု အမှန်မြင်မှုနဲ့ ဖောက်ထွက်နိုင်ကြမှာ ဖြစ်ပါတယ်။

တလောက ဇာဂနာ ပြောသလိုပေါ့။ ပဲ့တင်သံဂျာနယ်၊ ဖေဖော်ဝါရီ ၁၂ ထုတ်။ ဧရာဝတီတိုင်း ၀န်ကြီးချုပ်က စင်္ကာပူလို ဖြစ်အောင် လုပ်ပြမယ်လို့ ကတိပေးလိုက်တာကြောင့် ဇာဂနာတယောက် ဧရာဝတီတိုင်းထဲက ‘အင်္ဂပူ’ ကို ခုထဲက ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့အကြောင်း ရေးထားတာလေ။  မခံမရပ်နိုင်တဲ့စိတ်နဲ့ မတုန့်ပြန်ဘဲ ရယ်သွမ်းသွေးပြီး ရေးလိုက်တဲ့အကွက်လေးဟာ ကိုဘတို့ ဂျွန်စတီးဝပ်တို့လိုမျိုး ဟာဒယချန်နယ်မှာဆိုရင် အတော်လေး တာသွားပြီး ပွဲကျမယ့် တင်ဆက်မှုဖြစ်မှာပါပဲ။ သည်လိုမျိုး ဟာသနဲ့ သရော်ချက်လေးတွေ အမေရိကန်မှာလည်း လိုနေသလို ကျနော်တို့ မြန်မာပြည်မှာလည်း လိုနေဆဲပါပဲ ခင်ဗျား။

အညွန်းများ – ကြည့်ချင် ကြည့်ဖို့

ကိုဘ – http://thecolbertreport.cc.com/

ဂျွန်စတီးဝပ် – http://thedailyshow.cc.com/

ဂျွန်အော်လီဗာ – https://www.youtube.com/user/LastWeekTonight


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts