လှကျော်ဇော အတွေးအမြင် ဝေဖန်ရေးရာ

လှကျော်ဇော – ဗကပတစ္ဆေ ခြောက်ခံရသူများ

လှကျော်ဇော – ဗကပတစ္ဆေ ခြောက်ခံရသူများ
(သူ့ဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅

ဖေဖေါ်ဝါရီ(၁)ရက်နေ့ကျောင်းသားကိုယ်စားလှယ်များနဲ့ အစိုးရကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးအပြီး သတင်းကွန်ရက်တွေမှာ သတင်းတွေ အများအပြား ပေါ်ထွက်လာပါတယ်။ အဲဒီထဲက သတင်းတပုဒ်မှာ–ကျောင်းသားတွေ ဆွေးနွေးမေးမြန်းတဲ့အချက်တွေဟာ အလွန်ချက်ကျကြောင်း၊ အစိုးရ၀န်ကြီးတွေ မဖြေနိုင်ဘဲ ရှောင်ဖယ်ဖယ်လုပ်ရကြောင်း  စတာတွေ ပါလာပါတယ်။

ဒီတော့-ကျွန်မတို့ကြားခဲ့ရဖူးတဲ့ မဆလခေတ်က-အစိုးရ၀န်ကြီးများရဲ့ကျောင်းသားများကို ရှင်လင်းပြော ကြားတဲ့ ပွဲတပွဲအကြောင်း သတိရမိပါတယ်။ ၇၄ ခုနှစ် -အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်းများ ကြောင့် တက္ကသိုလ်များ ပိတ်လိုက်ရပြီးနောက်- ၇၅ခုနှစ် ကျောင်းတွေပြန်ဖွင့်ချိန်မှာ မဆလအစိုးးရ၊ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး -ဒေါက်တာလှဟန် ခေါင်းဆောင်တဲ့အဖွဲ့တဖွဲ့က တက္ကသိုလ်တွေကို လှည့်လည်ပြီး ကျောင်းသားတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲတွေလုပ်ပါတယ်။ ပထမ ကျောင်း တကျောင်းနှစ်ကျောင်းမှာတော့ ပြသာနာသိပ်မတက်လိုက်ပေမယ့် စက်မှုတက္ကသိုလ်အရောက်မှာတော့ ပွဲကြမ်းသွားပါတော့တယ်။

အဲဒီမှာအစိုးရကိုယ်စားလှယ်အဖွဲ့က သူတို့အစိုးရရဲ့အပြစ်ဟူသမျှ အားနည်းချက်မှန်သမျှ အားလုံး ပြည်သူလူထုအပေါ် ပုံချပြောဆိုတဲ့အခါ ကျောင်းသားတွေက မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုံ့ပြန် ပြောဆို တာတွေလုပ်လာရင်း ဘရိတ်တွေ ပေါက်ကုန်ပါတယ်။

“အလုပ်သမားတွေ ထမင်းမ၀လို့ ဆန်တောင်းတာကို ခင်ဗျားတို့ကကျည်ဆန်ပေးတာမှန်သလား။”

“လယ်သမားတွေ- တာဝန်ကျေစပါးပေးရမယ်ဆိုလို့ ၀မ်းစာတောင်မကျန်အောင် ခင်ဗျားတို့ကိုအပ်ရတာ သိရဲ့လား”

“ကျွန်တော်တို့ကို သားသမီးတွေလို့သဘောထားတယ်–ဆိုလို့ပြောရအုံးမယ်။ မိဘဆိုတာသားသမီးကို အကောင်းကျွေးပြီး ကိုယ်ကတော့ ဖြစ်သလိုစားကြတာ။ ခင်ဗျားတို့… ကျွန်တော့်တို့အဆောင်ထမင်း-ဟင်းကိုလိုက်ကြည့်ပါဦး။ ခင်ဗျားတို့ အသားအရေနဲ့ ကျွန်တော်တို့ အသားအရေ ယှဉ်ကြည့်စမ်းပါဦး။”

စသဖြင့် တယောက်တပေါက် ပြောလိုက်ဆိုလိုက်ကြတာ၊ ၀န်ကြီးမင်းများအဖွဲ့ ထပြန်ပြေးပါတော့တယ်။ ဒါတောင် ကံကောင်းပေလို့၊ ကျောင်းသားတွေ စိတ်ချဉ်ပေါက်ပြီး သူတို့တွေ စီးလာတဲ့–မာစီဒီးဘက်န်စ် ကားများ မီးတင်ရှို့ဖို့လုပ်တာမှာ အဲဒီတုန်းက စက်မှုတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ အောင်ကြီးက“–သားတို့ရယ် တောင်းပန်ပါရစေ၊ မင်းတို့… ဆရာတို့ ထမင်းအိုးကို ခွဲနေတာလား…”လို့ ၀င်တောင်းပန်လို့ ကျောင်းသားတွေက လျှော့ပေးလိုက်တာ။ အဲဒီပွဲပြီးနောက်ဘယ်ဝန်ကြီးမှ ဘယ်တက္ကသိုလ် မှသွားတာမကြားရတော့ပါဘူး။

ဒါတွေကို ကျွန်မက ရဲဘော်တယောက်ကိုပြန်ပြောပြတော့ သူက “ဟာဗျာ… အတော်ပဲ။ ခင်ဗျား အဲဒါလေးမှတ်မိသလောက်ပြန်ရေးပေး။ ကလေးတွေအားရှိသွားအောင် ကျွန်တော့် တင်လို့ရနိုင်တဲ့ မီဒီယာ တခုခုမှာ တင်ပေးမယ်”တဲ့။

ကျွန်မက “-မလုပ်ပါနဲ့။ အလကားနေရင်းတောင်မှ ကျောင်းသားတွေနောက်မှာ “ဗကပ”တွေ ရှိတယ်လို့ပြောနေတာ-”ဆိုပြီး ငြင်းလိုက်ပါတယ်။ ကိုယ်က ရှောင်ပေမယ့် ခလုတ်က တိုက် လာပါတယ်။ “ကျောင်းသားတွေကို နောက်က မြှောက်ပေးတဲ့သူများစာရင်း”  ထဲ ကျွန်မ ပါလာပါတယ်။ ကဲ…ဒီလောက်ဖြစ်မှတော့ ရေးချင်နေတာလေးတွေ ရေးလိုက်ပါဦးမယ်။

အစိုးရမင်းများအဆက်ဆက်က ထစ်ကနဲရှိ“သေနိုင်ခဲ-ဗကပ”ကို အပြစ်တင် ရန်သူကြီးလုပ်နေပေမယ့် ကျွန်မတို့ “ဗကပ”များကိုယ်တိုင်ကတော့ အသက်ရှင်မှရှင်နိုင်ပါတော့မလားဆိုပြီး တကြိမ်တခါက ငိုပွဲကြီးဆင် ခဲ့ရတဲ့–အကြောင်းကလေးပြောပြချင်ပါတယ်။

၁၉၈၉ခုနှစ် ကျွန်မတို့ပါတီကြီး အလဲလဲအပြိုပြို ဖြစ်နေစဉ်ကပါ။ ကျွန်မတို့တတွေ ပန်ဆန်းက ထွက်လာရပြီး-၁၀၁ စစ်ဒေသက ကန်ပိုင်တီဆိုတဲ့အရပ်မှာရောက်နေပါတယ် ။ ပြည်တွင်းထိုးဖေါက်ဝင်ရောက်ဖို့ တဖက်က ကြိုးစားနေပြီး တဖက်ကလည်း နိုင်ငံရေး-စစ်ရေးသင်တန်းတွေတက်ပြီး ပြင်ဆင်နေချိန်ပေါ့။ ဒီဇင်ဘာ ဒုတိယပတ် တညနေခင်းမှာ ကျွန်မတို့ကို တန်းစီခိုင်းပြီး “ပါတီရဲ့အရေးပေါ်ကြေညာချက်”တရပ်ကို ဖတ်ပြပါတယ်။ “အမှတ် (၉) တပ်ဖွဲ့”ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာပါ။

ကျွန်မတို့အားလုံးရုတ်တရက် ‘ဟာ’ ကနဲဖြစ်သွားကြပြီး အရုပ်ကြိုးပြတ်တွေ ဖြစ်သွားပါတယ်။ ငိုကြီးချက်မ ဖြစ်သူဖြစ် တောက်ခေါက်သူခေါက် အိမ်နံရံတွေ ခြေထောက်နဲ့ကန်သူကန်နဲ့ ၀ရုန်းသုံးကားဖြစ်သွားပါတယ်။

–ပါတီဗဟိုခေါင်းဆောင်အများစုက-(၇၀)ကျော်(၇၀)တွင်းတွေ-အိုမင်းမစွမ်းဖြစ်နေပြီ။

–အခြေခံဒေသတွေကလည်း တခုပြီးတခု ခွဲထွက်နေကြပြီ။

–အခု တပ်လည်း ဖျက်ပေးလိုက်ရပြန်ပြီ။

ကျွန်မတို့မှာ ဘာကျန်သေးတုံး။ တကယ့်ကို ဆောက်တည်ရာမရ ဖြစ်သွားတာပါ။

ဒါပေမဲ့ ဒါဟာ ခဏလေးပါပဲ။ တကယ့်ကို ခဏမှခဏလေးပါ။ ရဲဘော်တယောက်က ၀ုန်းခနဲ ထ ရပ်လိုက်ပြီး–“ကဲ-ရဲဘော်တို့ ဘာမှ စိတ်ညစ်မနေကြနဲ့၊ ဗမာပြည်ကြီးမှာ ဆင်းရဲမှုတွေရှိနေသရွေ့ ဗကပ ရှိနေမှာ၊ မတရားမှုတွေရှိနေသရွေ့-ဗကပတွေ ရှိနေမှာ၊ အားမလျှော့နဲ့။ ကဲ- ထမင်းစားသွားကြစို့။ ည လေ့လာရေး ရှိသေးတယ်။ နက်ဖန်မနက်လည်း အစောကြီးထပြီး စစ်ရေး သင်တန်းမှာ လေ့ကျင့်ရေး သွားရဦး မယ်။”— လို့ဆိုလိုက်ပါတယ်

အားလုံး ထရပ်လိုက်မိပါတော့တယ်။ ဘာမှမဖြစ်ခဲ့သလို ကိုယ်လုပ်စရာရှိတာတွေ ဆက်လုပ်သွား ကြပါ တော့တယ်။

ကဲ … ဗကပတစ္ဆေခြောက်ခံနေရသူများကိုပြောပါရစေ။—ဗမာပြည်မှာ“ဗကပ”ပျောက်သွားစေချင်ရင် လွယ်ပါတယ်။ ဗမာပြည်သူတွေကို ဆင်းရဲတွင်းကလွတ်အောင် လုပ်ပေးကြပါ။ မတရားတဲ့ လယ်သိမ်းယာသိမ်း ကိစ္စတွေရပ်ပါ။ မတရားမှုတွေ (ဥပမာ-ကိုပါကြီးအသတ်ခံရမှု၊ ဒေါ်ခင်ဝင်း သေဆုံးရမှု၊ ကချင်ကျောင်း ဆရာမလေး(၂)ဦးအစော်ကားခံရပြီး ရက်ရက်စက်စက် အသတ်ခံရမှု။) စတာတွေမှာ တရားခံများကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပေးပြီး တရားဥပဒေနဲ့အညီ အရေးယူုပြလိုက်ပါ။

အဲဒါတွေသာ လုပ်မပြနိုင်ရင်တော့ – ရှေ့လျှောက် တစ္ဆေအမျိုးမျိုး ခြောက်တာ ခံနေရမှာပါ။

တကယ်တော့ – ဗကပတစ္ဆေတို့ ကွန်မြူနစ်တစ္ဆေတို့ဆိုတာ အထူးအဆန်းတော့မဟုတ်ပါဘူး။ ကွန်မြူနစ်ဝါဒ စပေါ်လာကတည်းက ရှိခဲ့တာပါ။

ဒါကြောင့်ပဲ–မာ့က်စ်နဲ့အိန်ဂယ်တို့ ရေးသားခဲ့ကြတဲ့ “ကွန်မြူနစ်ပါတီကြေငြာစာတမ်း” စာအုပ်အဖွင့်အခန်း မှာ—

“တစ္ဆေကြီးတကောင်သည် ဥရောပတိုက်တွင် လှည့်လည်သွားလာနေပေသည်။ ဤတစ္ဆေကြီးကား ကွန်မြူနစ်ဝါဒပင်ဖြစ်သည်။”

“အာဏာရနေသော ဆန့်ကျင်ဘက်များက ကွန်မြူနစ်ဟုရှုတ်ချခြင်းမခံရသော အတိုက်အခံပြုနေသည့် ပါတီဟူ၍အဘယ်မှာရှိအံ့နည်း” — လို့ရေးထားတာတွေ့နိုင်ပါတယ်။

ကျွန်မကတော့ ပါတီရဲ့အာဘော်“ပြည်သူ့အသံ”စတင်အသံလွှင့်စဉ်ကကြွေးကြော်သံကိုပဲ ပြန်တင်လိုက်ပါရစေ။

“ရန်သူတကာ-ကြောက်ဒူးတုန်ပါစေ။”
“ပြည်သူအပေါင်း-ရွှင်လန်းအားတက်ကြပါစေ။”

လှကျော်ဇော  ၁၂-၂-၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts