မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ

တင်ဇော်လွင် – ဗိုလ်ချုပ် နားထောင်ခဲ့သော သီချင်း ၂ ပုဒ်

တင်ဇော်လွင် – ဗိုလ်ချုပ် နားထောင်ခဲ့သော သီချင်း ၂ ပုဒ်
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅

ဗိုလ်ချုပ် နဲ့ ဒေါ်ခင်ကြည် တို့ လက်ထပ်ထိမ်းမြှားခဲ့တာ ၁၉၄၂ စက်တင်ဘာ ၆ ရက် တနင်္ဂနွေ နေ့မှာပါ။ လက်ထပ်ခဲ့တဲ့နေရာကတော့ (BURMA INDEPENDENCE ARMY ) ဘီ- အိုင်- အေ ဂျပန်ခေတ်ဆေးရုံ ရဲ့ အခန်းကျယ်တခုမှာ ဖြစ်ပါတယ်။ (မဆလ ခေတ်မှာတော့ – စစ်ရုံးချုပ် ဖြစ်လာပါတယ်။ အလံပြဘုရားလမ်းပေါ်မှာ။ တရိစ္ဆာန်ဥယျာဉ်နဲ့ ရှေ့တည့်တည့်ပေါ့။) ဆေးရုံကလဲ ဖွင့်ကာစပါ ။ ဒေါ်ခင်ကြည်က -ဆေးရုံမှာ သူနာပြုဆရာမပါ။
ဂျပန်တွေတဲ့ အတူ မြန်မာပြည်ကို ဝင်ရောက်လာတဲ့ ဘီ- အိုင်-အေ တပ်နဲ့အတူ ဗိုလ်တေဇ အမည်ခံ ဗိုလ်ချုပ်ဟာ ၁၉၄၂ – မတ်လ ၁၂ ရက်နေ့မှာ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။ မရပ်မနား စစ်ချီတက်ရာ  လမ်းတလျှောက် အပင်ပန်းကြီး ပင်ပန်းလွန်းလို့  – ဗိုလ်ချုပ်ခမျာ အပြင်းဖျားပါလေရော ။ အဲဒီအတွက် ဆေးရုံတက်ပြီး အကုသခံရပါတော့တယ်။(၁၉၄၂-မေလကုန် ၊ဇွန်လဆန်းလောက် ဖြစ်ပါလိမ့်မယ်)။

သူ့ကိုဆေးရုံအုပ်ကြီးဒေါက်တာဘသန်း(ခွဲစိတ်ကုဆရာဝန်ကြီး F.R.C.S ) အပါအဝင် အားလုံးက ဂရုတစိုက်ပြုစု ကုသပေးကြတာပေါ့။အဲဒီမှာဘဲ သူ့ကို အနီးကပ်ပြုစုပေးနေတဲ့ သူနာပြုဆရာမ ဒေါ်ခင်ကြည်နဲ့ တွေ့ဆုံပြီး ဗိုလ်ချုပ်ရဲ့ မေတ္တာစိတ်တွေ ယိုဖိတ်ကုန်တာပါဘဲ။ နဂိုစိတ်ရင်းနဲ့ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်တဲ့ ဗိုလ်ချုပ်ဟာ ဒေါ်ခင်ကြည် ရဲ့ တုံ့လှယ်မေတ္တာပန်းကို ရယူပြီးတဲ့နောက်- အဲဒီနှစ် စက်တင်ဘာလ ၆ ရက်နေ့မှာ လက်ထပ်လိုက်ကြပါတယ်။ အဲဒီအကြောင်းတွေကို (အပြည့်အစုံ အသေးစိတ်မဟုတ်သော်လည်း) ရေးပြထားတဲ့သူက- ဒေါက်တာမြင့်ဆွေ ဖြစ်ပါတယ်။(နောက်ပိုင်းမှာ – ဝဏ္ဏကျော်ထင်ဘွဲ့ရခဲ့သူ) ၁၉၄၂ကနေ ၁၉၄၅ ခုနှစ် အထိ(ဂျပန်တွေ ဗမာပြည်ကို အုပ်စိုးတဲ့ ၃- နှစ်တာကာလအတွင်း )သူက ဆရာဝန်အဖြစ် အဲဒီဆေးရုံမှာ လုပ်ခဲ့ပြီးတော့၊ အဲဒီအတွေ့အကြုံတွေကို “ မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ် ” အမည်နဲ့ ၁၉၆၈ မှာ စာအုပ်တအုပ်ရေးသားပြီး မှတ်တမ်းတင်ထုတ်ဝေခဲ့တယ်။ တခြားသမိုင်းဝင် အချက်အလက် အတွေ့အကြုံအတော်များများပါဝင်သလို ဗိုလ်ချုပ်နားထောင်ခဲ့တဲ့ သီချင်း ၂ ပုဒ်ကိုလဲ ဖေါ်ပြထားတယ်။ ဗိုလ်ချုပ်ရဲ့ အရေးကြီးတဲ့ ဘဝတစိတ်တပိုင်းနဲ့ တိုက်ရိုက် ဆက်စပ်နေတာမို့ဝေမျှ ခံစားကြည့်ကြပါစို့။

ပထမ သီချင်းက “ မယ်ခုမျှော် ” ဆိုတဲ့သီချင်းလေးပါ။ ဆေးရုံတက်ကုသမှုတွေကြောင့် နာလန်ထစပြုလာတဲ့ ဗိုလ်ချုပ်က – ဒေါ်ခင်ကြည်နေတဲ့ အဆောင် (ဆေးရုံဝင်းအတွင်း မှာဘဲ ရှိတဲ့ သူနာပြုတွေရဲ့ အဆောင်) ကို ဆရာဝန်ဒေါက်တာ မြင့်ဆွေ နဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြ်ာ တို့ကို အဖေါ်ခေါ်ပြီး အလည်အပတ်သွားရင်း ပြောချလိုက်ပုံကို အဲဒီစာအုပ်ထဲမှာ အခုလို ရေးထားပါတယ်။

“ ဆရာမ – ကျနော်တို့တတွေဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့ ခရီးတလျှောက်မှာ – ဆရာမတို့လို ကြင်နာယုယစွာပြုစုခြင်းကို တကြိမ်တခါမှ မခံစားရပါဘူး ။ ဒီဆေးရုံရောက်မှ အခုလို ပြုစုယုယတဲ့ ဆရာမတို့နဲ့ တွေ့တော့ စိတ်ထဲမှာ ချမ်းမြေ့ကြည်နှူးမိတယ်ဗျာ ။ ကိုင်း- ဆရာမ သီချင်းတပုဒ်လောက်ဆိုစမ်းပါ ”

“ အို – ဗိုလ်ချုပ်ကလဲ ရှက်စရာကြီး – ဘယ်ဆိုတတ်ပါ့မလဲ ”

“ ဆိုသာ -ဆိုပါ၊ ရှက်စရာ မရှိပါဘူး ၊ ကျနော်တို့ချည်းဘဲရှိတာပါ။ ”

အဲဒီလို ဗိုလ်ချုပ်က ခိုင်းတာကို ဒေါ်ခင်ကြည်က လိုက်လျောပြီး ဆိုပြရတော့တာပေါ့။ “ မယ်ခုမျှော် ” ဆိုတဲ့ သီချင်းကလေးပါ။ အဲဒီခေတ်က နာမည်ကျော် လူကြိုက်များတဲ့ ရုပ်ရှင်မင်းသမီး မေရှင်(၁၉၁၆-၂၀၀၈) ရဲ့နာမည်ကျော်သီချင်းတပုဒ်ပေါ့။

“ စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊မှန်ရွှေပြတင်းက ၊မယ်ခုမျှော်… ” အစချီတဲ့ လှိုင်ထိပ်ခေါင်တင် မင်းသမီးရဲ့ နာမည်ကျော် ဘောလယ်သီချင်းရဲ့ စာသားတွေကို မှီးပြီးတော့ မြူးမြူးကြွကြွ ပြောင်းလဲစပ်ဆိုထားတဲ့ သံဆန်းတေးတပုဒ်ဖြစ်ပါတယ်။
ဒေါ်ခင်ကြည် ၏ အသံမှာ သာယာချိုအေးစွာ ထွက်ပေါ်လာခဲ့သည်။

“ လေနုအေးလေး ၏ အရသာနှင့် သီချင်းသံ၏ အရသာမှာ – မည်သည်က သာလွန်သည်ကို ကျွန်တော် မဆုံးဖြတ်နိုင်ပါ ”  ဟု တယောထိုးပေးနေသူ ၊စာရေးသူ ဒေါက်တာမြင့်ဆွေ ရဲ့ အဲဒီရေးသားချက်များအရ ဒေါ်ခင်ကြည်ရဲ့ အဆိုပိုင်နိုင်မှုကိုလဲ မှန်းဆကြည့်လို့ရပါတယ်။

“ သိပ်ကောင်းတာဘဲဗျာ…. တခေါက် ထပ်ပြီး ဆိုပြပါဦး ” လို့ ဗိုလ်ချုပ်က ထပ်ပြီး တောင်းဆိုလို့ ဒေါ်ခင်ကြည်က နောက်တခေါက်ထပ်ပြီး ဆိုပြရသေးသတဲ့။

အဲဒီသီချင်းလေးဟာ အေဝမ်းဓါတ်ပြားကုမ္ပဏီရဲ့ ဓါတ်ပြားအမှတ် ၁၄၇ ။ ၁၉၄၁ ဩဂုတ်လတွင် ထုတ်ဝေသည် ဆိုတဲ့ မှတ်တမ်းအရဆိုရင် (ဒေါ်ခင်ကြည် ဆိုပြတဲ့ ၁၉၄၂ ဇွန်လ လောက်နဲ့ တွက်ဆကြည့်ရင် )သီချင်းထွက်လာတာ တနှစ်တောင် မပြည့်သေးဘူးလို့ ပြောရမှာပါဘဲ။ ရေးစပ်သူက တက္ကသိုလ်စိုး။ နိုင်ငံခြားသီချင်းတွေထဲကအလိုက်တွေကို ရောမွှေစပ်ဟပ်ပြီး စပ်ဆိုကြတဲ့ သီချင်းရေးဆရာတွေထဲမှာ နာမည်ကြီးတယောက်ပေါ့။ ဒီ “ မယ်ခုမျှော် ” သီချင်းဟာလဲ O SOLE MIO (IT’s Now or Never ) သီချင်းနဲ့ (In a Little Rent Cabin in Honolulu ) သီချင်းတွေကို ရောမွှေ စပ်ထားတာ ဖြစ်ပါသတဲ့။ ( အဲဒီ သီချင်းကို မေရှင် အပြင် နောက်ထပ် အကြိမ်များစွာ အဆိုတော်ပေါင်းများစွာက ပြန်ဆိုထားကြပါသေးတယ်။)

နောက်တပုဒ်က  “ သက်ဝေ ” ပါ။ ဒီသီချင်းကိုတော့ ဘီ- အိုင်- အေ ဆေးရုံမှာ လက်ထပ်တဲ့ ၁၉၄၂ စက်တင်ဘာလ ၆ ရက်နေ့ မင်္ဂလာအခမ်းအနားမှာ ဆေးရုံအုပ်ကြီး ဒေါက်တာဘသန်း သီဆိုခဲ့တာပါ။ သူ့ရဲ့သမီး ကစ်တီဘသန်း က စန္ဒရားတီးပါတယ်။ အဲဒီသီချင်းဟာ မင်္ဂလာ လက်ထပ်ပွဲရဲ့ ဘိသိက်သီချင်းပေါ့။ နှစ်ခါပြန်ပြီး ဆိုကြ ၊တီးကြတယ်။ ဒေါက်တာဘသန်းဟာ ဗမာ့ဂီတ သီချင်းတွေကို မြတ်နိုး နှစ်သက်တဲ့ စန္ဒရား၊ ပတ္တလား စတာတွေကို တီးနိုင်တဲ့ ခွဲစိတ်ကုဆရာဝန်ကြီးတဦးပါ။

သမီးကစ်တီဘသန်းကတော့ အသက် ၁၃-၁၄ လောက်ဘဲရှိပါဦးမယ်။(နောက်တော့ အင်္ဂလန်မှာ သူနာပြုသင်တန်းတက်၊ မြန်မာပြည် ပြန်လာပြီး ဗိုလ်နေဝင်းကတော် ဒေါ်ခင်မေသန်း(၁၉၂၇- ၁၉၇၂ ) ဖြစ်လာပါတယ်။) အဲဒီ “ သက်ဝေ ” သီချင်းဟာ မြို့မငြိမ်း(၁၉၀၉-၁၉၅၅) ရဲ့ ထိပ်တန်း လက်ရာကောင်းတပုဒ်ပါဘဲ။ လူထုဒေါ်အမာက “ ချစ်သမျှကို ” ကဲ့သို့ ခေတ်သစ်အချစ်သီချင်းကောင်းတပုဒ်ဖြစ်တယ် ရယ်လို့ ညွှန်းခဲ့ မွှန်းခဲ့ ပါသေးတယ်။

အေဝမ်း ဓါတ်ပြားအမှတ် ၁၃၄ ၊ ၁၉၄၁ မေလ မှာ ထုတ်ဝေတယ်လို့ မှတ်တမ်းတွေထဲမှာ တွေ့ရပါတယ်။ပြည်လှဖေ( ၁၉၁၂- ၁၉၉၀) နဲ့ မေရှင် စုံတွဲသီချင်းတွေထဲမှာ လူကြိုက်များတဲ့ ထိပ်တန်းသီချင်းတပုဒ်ပေါ့။ ခေတ်အဆက်ဆက် ဂီတ ရေစီးကြောင်းတွေ ဘယ်လိုဘဲပြောင်းပြောင်း မပျောက်မပျက်တည်တံ့ကျန်နေရစ်တဲ့ ဂန္တဝင်အချစ် သီချင်းတပုဒ်ပေါ့လေ။နောက်ပိုင်းမှာ အဆိုတော်ပေါင်းများစွာ -တမက်တမော ဆိုနေကြတုံး။

ဗိုလ်ချုပ်ရဲ့ တိုတောင်းလှတဲ့ ဘဝသက်တမ်းမှာ

သူ ချစ်မြတ်နိုးတဲ့သူ ဒေါ်ခင်ကြည် ကိုယ်တိုင်ဆိုခဲ့တဲ့ “ မယ်ခုမျှော် ” သီချင်းရယ်

သူ့ရဲ့ မင်္ဂလာဆောင်မှာ ကျက်သရေရှိရှိကြားခဲ့ရတဲ့ “ သက်ဝေ ” သီချင်းရယ်။ ဒီသီချင်း နှစ်ပုဒ်ကိုတော့ဖြင့် သူ့ရဲ့စိတ်ထဲမှာ သူ့ရဲ့ စိတ်ထဲမှာ သူ့ရဲ့ဘဝတလျှောက်လုံးမှာ အမှတ်တရရှိနေလိမ့်မယ် လို့ မှန်းဆကြည့်နိုင်ပါတယ်။

သူကြိုက်နှစ်သက် မြတ်နိုးခဲ့တဲ့ ဒီသီချင်း (၂) ပုဒ်ကို ပြန်လည်နားဆင်ရင်း….

ကျနော်တို့တတွေလဲ ဗိုလ်ချုပ်ကို (သူ့ရဲ့ နှစ် ၁၀၀ ပြည့်အခါသမယမှာ) လေးစား ဂုဏ်ပြု ဦးညွှတ် အလေးပြုလိုက်ကြပါစို့ ။

(သီချင်းနားထောင်ရန် အောက်မှ LINK  များကို အသုံးပြုပါ)

မယ်ခုမျော် (၁) (ခေတ်ပေါ်)

မယ်ခုမျော် (၂) (ရှေးဟောင်း)

သက်ဝေ (၁) (ခေတ်ပေါ်)

သက်ဝေ (၂) (ခေတ်ပေါ်)

သက်ဝေ (၃) (ရှေးဟောင်း)

မှီငြမ်းစာရင်း

(၁) မှတ်မိသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ်( ဒေါက်တာမြင့်ဆွေ)
(၂) ခေတ်ဟောင်း သီချင်းပေါင်းချုပ် (ကိုသန်းလှိုင်)
(၃) မြန်မာ့ဂီတရေစီးကြောင်း (စန္ဒရားလှထွဋ်)
(၄) ပြည်သူချစ်သော အနုပညာသည်များ (လူထုဒေါ်အမာ)
(၅) စာပေ နှင့် ဂီတ  ဂီတနှင့်စာပေ (ဦးမြင့်ကြည်)
(၆) နှောင်းအတိတ်က မဟောင်းသော ပုံရိပ်လွှာများ (တက္ကသိုလ် ခင်မောင်ဇော်)
(၇) တေးရေး ပညာရှင်ကြီးများ၏ ခေတ်ဟောင်းတေးသီချင်းများ (ပြန်ကြားရေးဝန်ကြီးဌာန )
(၈) ချစ်သောမေရှင် –ကက်ဆက်တိပ်ခွေ
(၉) သိန်းဇော်- နန်းခင်မွှေး ရွှေဓါတ်ပြား ၊ပထမတွဲ ကက်ဆက်တိပ်ခွေ

Photo – Yan Naung (Botahtaung) – ၂၀၁၅၊ ရန်ကုန်မှာ ကခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အော်ပါရာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တင်ဇော်လွင် – ဗိုလ်ချုပ် နားထောင်ခဲ့သော သီချင်း ၂ ပုဒ်
  1. ဆရာတင်ဇော်လွင်ရဲ့ ဆောင်းပါးကို ကျနော် ကျေးဇူးအထူးတင်စွာ ပြန်ကြားလိုက်ပါတယ်။ ကျနော့် ရေးခဲ့ဖူးတဲ့ ( အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း) ဆောင်းပါးပါ အချက်အချို့  အမှန်ဖြစ်သွားတာကြောင့်ပါ။ ကျနော့်ဘဝက စာကောင်းပေမွန်တွေ ဖတ်ခဲ့ဖူး၊ သိမ်းဆည်းဖူးခဲ့ပေမယ့် စာအုပ်တွေနဲ့ အတူရှိမနေနိုင်တဲ့ဘဝမို့ ပါ။ ဒါကြောင့် စာဖတ်သူ ဘဘကြီးက (မှတ်မိသေးတယ်၊ ဂျပန့် ခေတ်ဆေးရုံကြီးဝယ်) စာအုပ်ကို ဒေါက်တာမြင်ဆွေရေးကြောင်း ကျနော့်ဆောင်းပါးအောက်မှာ အမှန်ပြင်ပေးခဲ့ဖူးလို့  သူ့ ကိုလည်း ကျေးဇူးတင်မိပါတယ်။ ဆရာတင်ဇော်လွင်ကလည်း အခုဆောင်းပါးမှာ သီချင်းရော၊ အကြောင်းအရာပါ ပြည့်စုံအောင်ရေးသားတင်ပြတော့ ကျနော့်အနေနဲ့ မိုးမခစာဖတ်သူများကိုယ်စား အထူးလေးစားကျေးဇူးတင်မိရပါတယ်။ သမိုင်းမှန်တွေကို နောင်းလူတွေ သိစေချင်တဲ့ စေတနာချင်းတူလို့  ကျေးဇူးစကားပဲ ထပ်ပြောပါရစေဆရာရေ..။ နောင်လည်း ဆရာဆောင်းပါးတွေ မျှော်လင့်ပါရစေ..။ လေးစားလျှက်…(ကျော်ဟုန်း)

Comments are closed.