ဗိုလ်ထက်မင်း ဝေဖန်ရေးရာ
ဗိုလ်ထက်မင်း – Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၂)
ဗိုလ်ထက်မင်း – Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၂)
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
ဆိုလိုတာက တိုင်းမှ ရန်သူ့သတင်းကို လက်အောက်ခံ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) သို့ ချပေးမှု နည်းကာ တိုက်ပွဲထောက်လှမ်းရေး အားနည်းခဲ့ပါတယ်။ ပိုဆိုးတာက စစ်ရုံးမှာလည်း စရဖဟာ အခြားဌာနများနှင့်ယှဉ်လုပ်ရာမှာ ထိန်းချုပ်နေရတာမို့ တန်ပြန်
ထောက်လှမ်းရေးလုပ်ငန်းစဉ်အားနည်းချက်တွေ ရှိနေရာ၊ လစ်ဟာနေတဲ့အကွက်ကို ကိုးကန့်က ကောင်းကာင်း အသုံးချသွားတာတွေ့ရပါတယ်။
ရန်သူဟာ သမာရိုးကျစစ်ဆင်ရေး၊ သမာရိုးကျမဟုတ်တဲ့ စစ်ဆင်ရေးဖြစ်တဲ့ ပျောက်ကျားစစ်ဆင်ရေး၊ ခြုံခိုတိုက်ပွဲ၊ စခန်းစစ်ကြောင်းတခုကို ယောင်ပြတိုက်ကာ စစ်ကူအား တိုက်ကွက်ဖေါ်ခြင်း၊ တန်ပြန်ထောက်လှမ်းရေးမှာပါတဲ့ ပါတီဝင်ထောက်လှမ်းရေးနည်းဗျုဟာအတိုင်း စိုက်ပျိုးရေးလုပ်သားအသွင်ယူကာ ကျေးရွာလူထုထဲ ၀င်စည်းရုံးပြီး၊ တဖြေးဖြေးရည်မှန်းချက်ကို ချဉ်းကပ်ခြင်း၊ နယ်ခြားစောင့်တပ်ရင်း ၁၀၀၆ထဲ ထိုးဖေါက်စည်းရုံးကာ တပ်ပုန်ကန်မှုဖြစ်အောင် လှုံ့ဆော်ကာ ယခုဆောင်းပါးရေးနေချိန်မှာပင် သတင်းအတည်ပြုချက်ပေးလာသဖြင့် ပူးပေါင်းလာအောင် ပြုလုပ်သွားနိုင်ခြင်း၊ လောက်ကိုင်မြို့ထဲ စိမ့်ဝင်ကာ မိမိလူ၊ လက်နက်သွင်းခြင်းနှင့် မြို့တွင်းတိုက်ပွဲဆင်နွဲခြင်း၊ ကျွမ်းကျင်စွာ ရောယှက်သုံးသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် နိုင်တကာ ခေတ်မီတပ်မတော်များမှာ စစ်အောင်နိုင်ရာအကြောင်းကြီးများထဲတွင် ပြောင်းလွယ်ပြင်လွယ်ဖြစ်ရမည် ဥပဒေသအတိုင်း ရေပန်းစားသုံးလာသည့် ယာဉ်တင်တိုက်ခိုက်ရေးတပ်များဖြင့် အမြန်ပစ်၊ အမြန်ရွှေ့၊ မြို့ ထဲကိုတောင် ရဲရဲတင်းတင်း ၀င်ပစ်တာ တွေ့ရပါတယ်။
ကိုးကန်တွေဟာ ဆက်သွယ်ရေးစက်သစ်များသုံးသည့်အပြင် အင်တာနက်ကွန်ပျုတာ လက်တော့များ အသုံးပြုနေချိန်မှာ တပ်မတော်မှာတော့ ခြေလျင်သက်သက်သွားနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ယူကရိန်းထုတ် သံချပ်ကာယာဉ် BTRUတွေ တပ်မတော်နေ့မှာ ပြသထားတာမို့ ဒီလိုပွဲတွေမှာမသုံးရင်၊ ဘယ်နေရာမှာသုံးမှာမို့ ဥစ္စာခြောက်ထိန်းထားရတာလဲလို့ မေးလိုက်ချင်ပါတယ်။
ဒါကြောင့် စရဖအနေနဲ့ တန်ပြန်ထောက်လုမ်းရေးလုပ်ပိုင်ခွင့်အာဏာ ပိုရဘို့ တင်ပြပြိး တိုးချဲကာ ဆထက်ထမ်းပိုး ကြိုးစားဘို့ ဒီလောက်ကိုင်တိုက်ပွဲက စိန်ခေါ်လိုက်ပြီဖြစ်တယ်။ တိုင်းမှူးတွေကို အသိပေးရုံသာ ပေးပြိး၊ မိမိရဲ့ခြေတံ၊ လက်တံများကို ဆန့်ထုတ်ရမှာ ဖြစ်တယ်။နယ်စပ်ဒေသရွာများနဲ့ ဒုက္ခသည်စခန်းမှာ ယူဂျီများ မွေးမြူခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ခြင်း၊ လိုအပ်ရင် ငွေကြေးသုံးစွဲခွင့်တောင်းခံကာ ယူနန်နယ်ထဲ စီးပွါးရေးသူဌေးတဦးအသွင်ဖန်တီးကာ ဖုန်ကြားရှင်အဆက်အသွယ်ဖေါ်ထုတ်ပြီး၊ တရုတ်အစိုးရအား သတင်းပေးဖမ်းခိုင်းရမှာ ဖြစ်တယ်။
အထူးသဖြင့် ဟိုတလောကမှ တပ်မတော်ကဖမ်းလိုက်တဲ့ တရုတ်သစ်လုပ်ငန်းရှင်များဟာ နာကျည်းချက်ရှိနိုင်လို့ သူ
တို့အားပေးကူညီနိင်မှု တွက်ဆနိုင်တယ်။ တဖက်ကလည်း ဦးစိုင်းလင်းနဲ့ ဝ တို့ထံ ခိုလှုံခွင့် မပေးဘို့ ပြတ်ပြတ်သားသား ကိုင်တွယ်ရမည်ဖြစ်တယ်။ လောစစ်ဟန်တောင် ထိုင်းနိုင်ငံက ဖမ်းပေးနိုင်သေးတာ၊ တရုတ်ထောက်လှမ်းရေးကို ကိုမြတ်ထွန်းဦးတယောင် ချဉ်းကပ်နိုင်မယ်လို့ မျော်လင့်ပါတယ်။ ဗိုလ်ချုပ်ထိန်မောင်ကို စည်းရုံးနိင်စွမ်း၊ ဗိုလ်ချုပ်ကြီးမြအသုဘကို စွန့်စားပြီး တက်ရောက်လာတဲ့ အစွမ်းသတ္တိတွေ ပျောက်ကုန်ပြီလားလို့  မေးချင်ပါတယ်။ နိင်ငံရဲ့ အချုပ်အခြာ စော်ကားခံရတဲ့ ဂုဏ်သိက္ခာကျဆင်းနေတာမို့  တကယ်လို့ ဖုန်ကြားရှင်အား ဖမ်းမိနိင်ခဲ့ရင် တပ်သမိုင်းမှာ မှတ်တမ်းရေးထိုးခံရသူ ဖြစ်သွားပါလိမ့်မယ်။ ယခုလည်း အစိုးရထံ အပစ်ရပ်ဘို့ စကားလေသံပစ်နေတာကြောင့် နယ်မြေကျဉ်းလာဟန်တူပြီး သူ့နောက်မှာ ဘယ်သူရှိလဲဆိုတာ စုံစမ်းဘို့လိုတယ်။
ဒီလိုထောက်ပြနေရတာဟာ ဖုန်ကြားရှင်ကို ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေက အထင်သေးတဲ့အကျိုးဆက် ခံစားရတာ ဖြစ်ပါတယ်။
ဒီလိုဖြစ်စဉ်မျိုး ယခင်အခါကလည်း ရှိခဲ့ဘူးပါတယ်။ ဘိန်းဘုရင်ခွန်ဆာတပ်တွေကို တပ်မတော်က ပင်ပန်းဆင်းရဲကာ ခက်ခက်ခဲခဲတိုက်နေရတာမို့ မလွယ်ကူတဲ့အခြေအနေမှာ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက “မင်းတို့ဘိန်းဓမြတောင် မတိုက်နိုင်ဘူးလား …” လုပ်နေလို့ သူ့ အား မိုင်းဆတ်ခေါ်ပြရာ ခေါင်ကတုတ် ၆ထပ် မြင်သွားမှ လက်ခံသွားပါတယ်။
လောက်ကိုင်တိုက်ပွဲဖြစ်စဉ်ရလဒ်အတွက် နောက်တာဝန်ရှိတဲ့ဌာနတခုကတော့ ကက(ပြည်) ( ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ) ကိုင်တွယ်တဲ့ မီဒီယာပိုင်းပဲ ဖြစ်ပါတယ်။ ကက(ပြည်)က ညွန်ကြားရေးမှူး ဗိုလ်မှူးချုပ် အောင်ရဲဝင်း၊ ဗိုလ်မှူးကြီး ခင်မောင်ချိုတို့  ဟာ အထက်အမိန့်ကို စောင့်နေရတာလား၊ တာဝန်ယူမှု၊ တာဝန်သိမှု အားနည်းတာလားဆိုတာ မိမိဖာသာပြန် စမ်းစစ်ဘို့ လိုနေပါတယ်။ ပွင့်လင်းလာတဲ့ခေတ်ကြီးမှာ သတင်းနဲ့ စာနယ်ဇင်းကောင်စီ(ယာယီ)က အားမလိုအားမရဖြစ်နေတဲ့အပြင် ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ လူမှုမီဒီယာလုပ်ထားကြတဲ့ တပ်မတော်အရာရှိအသိုင်းအ၀ိုင်းကတောင် ပြစ်တင်ခြင်း ခံနေရပါတယ်။ တပ်မတော်ပုံရိပ် ကျဆင်းလာအောင် ပြုလုပ်လာနေမှုကို စိတ်ဓါတ်စစ်ဆင်ရေးနဲ့ တန်ပြန်ပြုလုပ်ရမည့်အပိုင်း တုန့်နှေးနေတာကြောင့် ပြည်သူလူထုရရဲ့ အထင်မြင်လွဲတာ ခံရသလို၊ အမှတ်ယူရမည့်
အပိုင်း လောက်ကိုင်မှဖြစ်စဉ်တချို့ လက်လွတ်သွားရပုံ အပါအ၀င် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တိုက်တွန်းချက်တွေကို နိဂုံးချုပ် နောက်အပိုင်းမှာ ဆက်လက်တင်ပြသွားပါ့မယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
One thought on “ဗိုလ်ထက်မင်း – Standard Army အိပ်မက်မှ ရုတ်တရက်နိုးထလာခြင်း (အပိုင်း-၂)
Comments are closed.