Maung Swan Yi သူတို့အာဘော် မောင်စွမ်းရည်

မောင်စွမ်းရည် – ကျောင်းသားတွေ ကျောင်းထဲ မ၀င်ရဘူးတဲ့လား

မောင်စွမ်းရည် – ကျောင်းသားတွေ ကျောင်းထဲ မ၀င်ရဘူးတဲ့လား

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅

ကျောင်းဆိုတာ ကျောင်းသားတွေရဲ့ နယ်မြေဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကြီးတို့ မော်ကွန်းထိန်းတို့ စသဖြင့် ပုဂ္ဂိုလိတဦးတယောက်က ပိုင်ဆိုင်တဲ့ အိမ် မဟုတ်ပါ။ ကျောင်းသားသမဂ္ဂ အဆောင်အဦတို့၊ ရုံးခန်းတို့ ဆိုတာလဲ တက္ကသိုလ်နယ်မြေထဲမှာပဲ ရှိခဲ့တယ်။ ရှိရမယ်။ ကျောင်းဝင်းအပြင်ဘက်မှာ မရှိရပါ။ ကျောင်သာပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ကျောင်းကြီးကို မီးရှို့မှာမဟုတ်ရင် ၀င်ခွင့်ပြုရမှာပါ။ အစိုးရက တက္ကသိုလ် ကောလိပ် ကျောင်းအုပ်ခန့်အပ်တာဟာ ကျောင်းအဆောက်အဦကို စောင့်ဖို့ အစောင့်ဒရ၀မ် ခန့်တာမဟုတ်ပါ။ ကျောင်းကို မီးရှို့မယ်သူဖြစ်ရင်တော့ တားပေါ့။ တားမရရင် ဖုံးဆက်ပေါ့။

အစိုးရကလည်း ဘုန်းကြီးကျောင်းကို ကျောင်းသားတွေ လက်မခံနဲ့လို့ အမိန့်ပေးခွင့်မရှိ၊ ဘုန်းကြီးဆိုတာ အစိုးရခန့်ထားတဲ့ အရာရှိတွေ မဟုတ်၊ ဘုန်းကြီးကျောင်းကို ပြည်သူတွေက ဆောက်လုပ်လှူဒါန်းထားတာလေ။ ကျောင်းသားမိဘတွေက လှူထားတာ။ အစိုးရနဲ့ မဆိုင်။ ရာဇ၀တ်မှုဥပဒေ မကျူးလွန်သမျှ အစိုးရက ဘုန်းကြီးကျောင်းကို ၀င်ရောက်စွက်ဖက်ခွင့် မရှိ။ ကျောင်းသားတွေ သပိတ်မှောက်ရင် ရွှေတိဂုံကုန်းတော်ပေါ်ကို တက်ပြီး သပိတ်မှောက်လေ့ရှိတာဟာ ၁၉၂၀ ပထမတက္ကသိုလ်သပိတ်က စတင်ခဲ့တာပဲလေ။ ဗဟန်းတိုင်တရာ ဦးအရိယကျောင်းကို ကျောင်းသားတွေ သပိတ်စခန်းချခဲ့တာ မဟုတ်လား။ မေ့ပြီလား။ အစိုးရနဲ့ မဆိုင်ဘူး။ သည်းခံပါ။ ဆွမ်းလှူချင် သွားပါလေ့။

ခုကြည့်လေ၊ ကျောင်းသားတွေကို မိဘဆရာတွေကလဲ ကြိုဆို ကူညီနေကြတယ်။ သံဃာတော်တွေကလည်း လိုက်လံ ပို့ဆောင်နေကြတယ်။ ဆရာဝန် သူနာပြုတွေကလည်း ခရီးရှည်ချီတက်နေတဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကို လိုက်လံစောင့်ရှောက်ပေးနေကြတယ်။ လမ်းတလျောက်မှာ ဘုန်းကြီးကျောင်းတကျောင်းကိုပဲ အစိုးရက အမိန့်ပေးတားနိုင်ခဲ့တယ်။ ဒါလဲ အကြောက်လွန်တာ ဖြစ်ရမယ်။

ဘုန်းကြီးကျောင်းတွေကို ပြည်သူက လှူတာ၊ အစိုးရက မလှူဘူး။ အစိုးရက စစ်တန်းလျားပဲ ဆောက်နေတာ။ ဘုန်းကြီးတွေ နေ့စဉ်ဆွမ်းလှူနေတာလည်း မြို့ထဲ ရွာထဲက ပြည်သူတွေ အရပ်သားတွေပဲ။ စစ်တပ်က မဟုတ်ပေဘူး။ စစ်တပ်က သံဃာတွေ လက်နက်မဲ့ဆန္ဒပြနေတာ၊ ကျောင်းသားတွေ လက်နက်မဲ့ ဆန္ဒပြတာတွေကို သေနတ်နဲ့ ပစ်ဖူးတယ်လေ။ ကတ္တရာလမ်းပေါ်မှာ သံဃာတွေရဲ့ သွေးတွေ မခြောက်သေးဘူး။ ပထ္ထနိက္ကုစ္ဈနကံဆောင်ထားတာ သပိတ်မလှန်ရသေးဘူး။ မစိုးရိမ်ဆရာတော်ကြီး ဖမ်းဆီးထောင်ချခံရတယ်။ ထေရ်ကြီး ၀ါကြီး ကျမ်းတတ်ပုဂ္ဂိုလ်ကြီကို ဖမ်းဆီးနှိပ်စက်ခဲ့သူတွေ ခင်ဗျား …. ဆရာတော်ကြီးရဲ့ အရိုးဟာ မဆွေးသေးဘူး။

လမ်းလျောက်ဆန္̔ဒပြခွင့်ဟာ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးတရပ်ပါ။ ပဲခူးကိုဖြစ်ဖြစ် ပုဂံကိုပဲ ဖြစ်ဖြစ်၊ ဒဂုံကိုပဲဖြစ်ဖြစ်၊ ဒလကိုပဲ ဖြစ်ဖြစ် မြိုံ့ကို မီးမရှို့သမျှ လွတ်လွတ်လပ်လပ် သွားနိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ ဟောပြောခွင့် လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ဆန္ဒပြခွင့်ဆိုတာတွေဟာ လူ့အခွင့်အရေးအခြေခံတွေပါ။ ကုလသမဂ္ဂလူ့အခွင့်အရေးကြေညာစာတမ်း မှာပဲ ဖြစ်ဖြစ် ဗမာ့လွတ်လပ်ရေးကြေညာစာတမ်းမှာပဲဖြစ်ဖြစ် ဒီအခြေခံအခွင့်အရေးတွေကို မပိတ်ပင်ရပါဘူး။

မိဘတွေနဲ့ကျောင်းသားတွေဟာ အစိုးရကို ဆန္ဒပြခွင့် ရှိရုံမက ဖြုတ်ချခွင့် ရှိပါတယ်။ ပညာရေးလွတ်လပ်ခွင့်မရှိရင် စီးပွားရေး လွတ်လပ်ခွင့် မရှိရင်  ပြည်သူ့ဆန္ဒကို မနာခံရင် ဘယ်အစိုးရကိုမဆို ဖြုတ်ချခံရဖို့ ရှိပါတယ်။ အစိုးရတွေက ပြည်သူတွေကို လှည့်စားခဲ့တာရှိပေမယ့် ပြည်သူတွေ ကျောင်းသားတွေက လှည့်စားရိုး မရှိ။ ကတိဖျက်ရိုးလည်း မရှိ။ 

အခု သူတို့ဆုံးဖြတ်ချက်၊ သူတို့ လိုလားချက် ရှင်းရှင်းလင်းလင်း (ရှင်းရှင်းလင်းလင်း) ပြတ်ပြတ်သားသား (ပြတ်ပြတ်သားသား) တိတိကျကျ (တိတိကျကျ)၊ ခိုင်ခိုင်မာမာ (ခိုင်ခိုင်မာမာ) မရမခြင်း သူတို့ရဲ့ ဆန္ဒပြပွဲကို ရပ်မှာ မဟုတ်ပါ။ သူတို့က မရပ်ဘူးဆိုရင် မရပ်ပါ။ သူတို့က သရဏဂုံ တင်ပြီးသားပါ။ သူတို့ သရဏဂုံတင်တာ အစိုးရ သရဏဂုံတင်တာ ဖြစ်မသွားပါစေနဲ့ လို့ –

ဒါပါပဲ။ စဉ်းစားပါ။ ပြန်စဉ်းစား။ ။

မောင်စွမ်းရည်

၂၀၁၅ ဖေဖော်ဝါရီ ၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်စွမ်းရည် – ကျောင်းသားတွေ ကျောင်းထဲ မ၀င်ရဘူးတဲ့လား

Comments are closed.