Han Thit Naing ဓာတ်ပုံသတင်း

ဖဒိုမန်းရှာ ကွယ်လွန်ခြင်း ၇ နှစ် စာအုပ်မိတ်ဆက်ပွဲ

ဖဒိုမန်းရှာ ကွယ်လွန်ခြင်း ၇ နှစ် စာအုပ်မိတ်ဆက်ပွဲ

ဟန်သစ်နိုင်၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅

ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုမန်းရှာလာဖန်း ၏ မန်းရှာ ကျဆုံးခြင်း ၇နှစ်မြောက် အောက်မေ့တသခြင်း စာအုပ်မိတ်ဆက်ပွဲကို ဖေဖော်ဝါရီ ၁၄ရက် ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း Home မီဒီယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။  ၄င်းစာအုပ်သည် ဖဒိုမန်းရှာ ရှိစဉ်ကသူကိုယ်တိုင်ရေးသားထားသော စာများနှင့် ကွယ်လွန်ပြီးနောက် စာရေးဆရာများနှင့် ကဗျာဆရာများက သူ့အတွက်အမှတ်တရ ကဗျာများ၊ စာများရေးသားထားသောစာအုပ်ဖြစ်သည်။

ဖဒိုမန်းရှာလာဖန်းအား ၁၉၄၃ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်၊ တောကျောင်းရွာနေ အဘမန်းဘသော်နှင့် အမိဂါနမ့်တင်တို့မှ မွေးဖွားခဲသည်။ မွေးချင်း ညီအစ်ကို (၂)ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ အမည်အရင်းမှာ မန်းချစ်ရွှေဖြစ်ပြီး တော်လှန်ရေးအမည်မှာ  မန်းရှာလာဖန်းဖြစ်သည်။ ၁၉၆၂ခုနှစ်တွင် ရန်ကုန်မြို့၌ တက္ကသိုလ်ပညာကို သင်ကြားရင်း ၁၉၆၂ခုနှစ် ဇူလိုင် ၇ရက်တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ ၁၉၆၆ခုနှစ်တွင် တက္ကသိုလ်ဝိဇာတန်းကို သမိုင်းအဓိကဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။

၁၉၆၂ခုနှစ် ကုန်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ဆက်သွယ် ၍ မြေအောက်လှုပ်ရှားမှုတာဝန်များဆောင်ရွက်ခဲ့ခြင်း၊ ၁၉၈၄ခုနှစ်တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဗဟိုသဘာပတိအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်း၊ ၁၉၈၉ ခုနှစ်တွင် မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB)တွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ခြင်း၊ ၁၉၉၂ခုနှစ် စက်တင်ဘာ(၂၂)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ(NCUB)တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၃)အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ခြင်း၊ ၁၉၉၅ခုနှစ် (၁၁)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် တွဲဖက်အထွေထွေအတွင်းရေးမှူး (၂)အဖြစ်ရွေးကောက်ခံရပြီး ၂၀၀၀ခုနှစ်တွင် (၁၂)ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်တွင် အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ၂၀၀၄ခုနှစ်တွင် (၁၃)ကြိမ်မြောက် ကွန်ဂရက်တွင်လည်း အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခြင်းခံခဲ့ရသည်။

ဖဒိုမန်းရှာသည် လွတ်မြောက်နယ်မြေမှထုတ်ဝေသောစာစောင်များ၊ ဂျာနယ်များတွင် ‘ရေဆန်’ ‘ဇိုယာဖန်း’ ဟူသောကလောင်များဖြင့် ဆောင်ပါးများ၊ ကဗျာများ ရေးသာခဲ့သည်။ ဖဒိုမန်းရှာလာဖန်းသည် ၂၀၀၈ခုနှစ် ဖေဖော်ဝါရီ ၁၄ရက် ညနေ ၄နာရီ ၄၆ မိနစ်တွင် လုပ်ကြံခံရပြီး ကျဆုံးခဲ့သည်။

မန်းရှာ ကျဆုံးခြင်း ၇နှစ်မြောက် အောက်မေ့တသခြင်း စာအုပ်မိတ်ဆက်ပွဲတွင် သဘာပတိအဖြစ် 

ကိုနေဇော်နိုင်၊ 

လူ့ဘောင်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ 

 

ကဗျာဆရာဦးအောင်ဇင်မင်း၊ 

စာရေးဆရာ ဒေါက်တာဦးလွမ်းဆွေ၊

လူ့ဘောင်သစ်ပါတီ ဥက္ကဌဦးအောင်မိုးဇော်၊

 ABSDF ဥက္ကဌ ရဲဘော်သံခဲ၊

ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းတို့မှ ဖဒိုမန်းရှာလာဖန်းနှင့် တွေ့ကြုံဖြတ်သန်းခဲ့ရပုံများကို အောက်မေ့တသစကားများဖြင့် တက်ရောက်ပြောကြားခဲ့ကြသည်။ ဖဒိုမန်းရှာလာဖန်း၏ နိုင်ငံရေးမိတ်ဆွေ၊ အပေါင်းအသင်း၊ ရဲဘော်များ လည်းတက်ရောက်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts