ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – တိုင်းပြည် စန်းလပမာ ချမ်းမြ သာယာရှိစေချင်ရင်

 
ငြိမ်းချမ်းအေး – တိုင်းပြည် စန်းလပမာ ချမ်းမြ သာယာရှိစေချင်ရင်
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
 
ကျောင်းသားဆိုတာ ပြည်သူလူထုရဲ့ သားသမီး လူထုမိသားစုဝင် ဖြစ်တယ်။  လူထုဆိုတာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အမိ၊ အဖ အရာ ဖြစ်တယ်။  ပြည်သူဆိုတာ အစိုးရရဲ့ အရှင်သခင် ဖြစ်တယ်။  အစိုးရ သမ္မတ၊ လွှတ်တော် အစ အောက်ခြေ ရုံးဝန်ထမ်း၊ ရာအိမ်မှူး အထိ က လူထု လူအများရဲ့ တာဝန်၊ လိုအင်ကို ပြည်သူ့ ဘဏ္ဍာ ယူသုံးပြီး ဖြည့်ဆည်းပေးရတဲ့ ပြည့်အစေခံဖြစ်တယ်။
 
လူထု လိုအပ်ချက် တောင်းဆိုချက်၊ ကျောင်းသား လိုလားချက်၊ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးခြင်းဟာ သည်းခံခွင့်လွှတ် အကောင်းဆုံး လိုက်လျော နိုင်မှ လုပ်ပေးရမှာမဟုတ်။  သဘောထားကြီး လုပ်ပေးရမှာ မဟုတ်။  လုပ်ကို လုပ်ပေးရမယ့် တာဝန် ဖြစ်တယ်။  အစိုးရ၊ လွှတ်တော် တရပ်ရဲ့ မဖြစ်မနေ ဖြည့်ဆည်းရမယ့် ဝတ္တရား ဖြစ်တယ်။
 
ဒီလို လူထု၊ ကျောင်းသား၊ ပြည်သူ့ ဝန်ထမ်း၊ အစိုးရ၊ လွှတ်တော် ဆက်ဆံရေး ပုံစံ အတွေးအခေါ် ကို ရှေးခေါမခေတ်က စလို့ ပြည်သူက အုပ်ချုပ်ခြင်း၊ လူထု အင်အား လို့ ခေါ်တယ်။  အဲဒါ လက်ရှိ လူထု၊ ကျောင်းသား၊ တိုင်းရင်းသားများ ဆိုနေ ပြောနေ တောင်းနေကြတဲ့ “ဒီမိုကရေစီ” ဆိုတာ ဖြစ်တယ်။
ဒီမိုကရေစီ အစိုးရ လွှတ်တော် အမည်ခံထားရင် ခံထားသူက ဒီမိုကရေစီ အကျင့်အကြံ လုပ်ထုံး လုပ်နည်း အတိုင်း လုပ်ပေးရမှာ ဖြစ်တယ်။  
 
ဒါအတွက် ကျေးဇူးခံ၊ ကျေးဇူးစား မရှိ။  ကျေးဇူးတင်စရာ မလိုပါ။
 
ဒီလို မဟုတ်ဘဲ အစိုးရ ဆိုတဲ့ မိဘ က သားသမီးဖြစ်တဲ့ ကျောင်းသားကို သည်းခံ၊ ခွင့်လွှတ် လိုက်လျော ပေးလိုက်ပါ မိန့်ခြင်းဟာ ကျောင်းသားက ဆိုးနေ မိုက်နေသလို ပုံပေါ်စေတဲ့ အပြင် ဆိုခဲ့တဲ့ ဒီမိုကရေစီ စနစ် စဉ်းစားပုံနဲ့ပါ ဖီလာဆန့်ကျင်နေတယ်။
 
ကျောင်းသား အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ကို ရာစုဝက်ကျော် အစိုးရတက်လုပ်နေတဲ့ စစ်အုပ်စုက အဓမ္မ မုဒိမ်းကျင့် သိမ်းပိုက် ပြန်ပေးဆွဲထားလို့ အခုလို လမ်ပေါ်ထွက် တောင်းနေရခြင်း ဆိုတာကို မမြင်သရွေ့၊ ရဟန်း၊ ရှင်လူ၊ ကျောင်းသား ပြည်သူ လူထု ဟာ တိုင်းပြည်ရဲ့ အရှင်သခင်၊ အစိုးရ ဆိုတာက တိုင်းပြည်ရဲ့ အစေခံ ဆိုတာကို မမြင်သရွေ့ ဒီမိုကရေစီ စနစ် တွေးခေါ်မြော်မြင်မှု မဟုတ်ပါ။
 
အစိုးရ နေရာ နှစ်ပေါင်း (၅၀) ကျော် တက်ယူထားတဲ့ စစ်အာဏာရှင်များ ခေတ်အဆက်ဆက် ကြွေးကြော်ခဲ့တဲ့ “တပ်မတော် သာ အမိ၊ တပ်မတော် သာ အဖ” စဉ်းစားပုံ တနည်း စစ်အာဏာရှင် တွေးခေါ်ပုံပဲ ဖြစ်ပါမယ်။  
 
ဒါ့အပြင် ငြိမ်းချမ်းရေးရှေးရှု၊ မေတ္တာရှေ့ထား လမ်းပြဆောင်ရမယ့် ဘာသာရေး ခေါင်းဆောင် တယောက် အဆိုသင့်ဆုံး စကားဖြစ်တဲ့ အစိုးရကို “အကြမ်းမဖက်ဖို့” တိုက်ရိုက် စကားလုံးသုံး ထုတ်ပြန်ချက် နှစ်စောင်လုံးမှာ မမိန့်ကြား၊ မမှားကြားတာလည်း အင်မတန်မှ စဉ်းစားဖွယ်ရာ ပါပဲ။
 
တကယ် တိုင်းပြည် စန်းလပမာ ချမ်းမြေ သာယာ ရှိကြစေရင်ဖြင့် ဒီမိုကရေစီ စနစ် စဉ်းစားပုံ ဗဟိုပြု မတော်မတည့်၊ မတရားမှု အဓမ္မများကို တရား ဓမ္မကိုယ်စားပြုသူ ဘာသာရေးခေါင်းဆောင် တဦး အနေဖြင့် တော်တည့်မှန်ကန် ဒီမိုကရေစီနည်းကျ ဦးဆောင် လမ်းပြ သြဝါဒ ချီးမြှင့်တော်မူပါ ဘုရား။
 
ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၅
(ဝေဖန်ရန် – nyeinchanaye81@gmail.com)

 

 
မှတ်ချက် — သီတဂူဆရာတော် ၏ ကျောင်းသား နှင့် အစိုးရ အပေါ် ထုတ်ပြန်ချက် များကို သီတဂူ အဖွဲ့ တရားဝင် လိပ်စာများဖြစ်သည့် http://www.thesitagu.org/  နှင့် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/pages/Venerable-Ashin-Nyanissara-SitaguThegon-Sayadaw/189920130276  တွင် ဖတ်ရှုနိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts