ငြိမ်းချမ်းအေး – လူထု ရင်ခွင် ခိုလှုံကြပါ
(သည်လေဒီးစ်နယူးစ်/မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅
ဒီဆောင်းပါးက နောက်ဆုံး ဖြစ်စဉ်တွေ မဖြစ်သေးခင်၊ ဖေဖော်ဝါရီ (၃) ရက်တွေ့ဆုံပွဲ မတိုင်ခင် လွန်ခဲ့တဲ့ နှစ်ပတ်ကျော် ဇန်နဝါရီလကုန်က ရေးပြီး ပြည်တွင်းဂျာနယ်မှာ ပုံနှိပ်ခဲ့တာပါ။ ဒီနေ့ (ဖေဖော်ဝါရီ ၁၁) မှာ ကျောင်းသားနဲ့ အစိုးရအဖွဲ့ နောက်ထပ် တွေ့ဆုံကြမယ် ဆိုပါတယ်။ ကြိုဆိုပါတယ်။ ရလဒ်ကောင်းတွေ ထွက်ဖို့လည်း မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီဆောင်းပါးပါနဲ့ ကျနော့် ယေဘုယျ အာဘော်သဘောထားကတော့ မပြောင်းလဲပါဘူး။ မိုးမခ စာဖတ်သူများလည်း ဆန္ဒရှိပါက ဖတ်ကြည့်ပြီး ဝေဖန် သုံးသပ် ဆင်ခြင်ကြည့်ပါ ခင်ဗျာ။
×××××××××
(၂၀၁၅) ရွေးကောက်ပွဲ နီးလာချိန်၊ အခြေခံဥပဒေပြင်ရေးလည်း အချိန်မီ ဖြစ်ဖို့မလွယ်တော့ကြောင်း ထင်ရှားခဲ့ချိန်မှာ ခြေလှမ်းတွေကို ပြင်ဆင်ရင်း၊ ဆုံးဖြတ်ချက်တွေ အတွက် ချိန်ဆနေကြရင်းနဲ့ သွေးအေးနေသလို ဖြစ်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုအရေးကို ကျောင်းသားများက ဒီမိုကရေစီပညာရေးတိုက်ပွဲဝင်မှု ခရီးရှည် လမ်းလျှောက်ချီတက်ပွဲများနဲ့ လှုပ်နှိုးခဲ့ပါတယ်။ အခြေခံလူထုရဲ့ သောင်းသောင်းဖြဖြ ထောက်ခံမှုလည်း ရခဲ့ပါတယ်။
ကျောင်းသားလူငယ်တွေ ချီတက်ရာ လမ်းကြောင်းမှာ ပါဝင် ပံ့ပိုးကူညီတဲ့ ရပ်ထဲရွာထဲက သာမန်လူထုကို ကြည့်ပါ။ သူတို့ နိုင်ငံရေးသီအိုရီတွေ နားမလည်ပါဘူး။ စကားကြီး စကားကျယ်တွေလည်း မပြောတတ်ပါဘူး။ ဒါပေမဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုရမယ်၊ မတရားမှုကို ဆန့်ကျင်ရမယ်၊ ဘဝတူအဖိနှိပ်ခံ ကျောင်းသားများဘက်က ရပ်ရမယ် ဆိုတဲ့ အခြေခံလူမှုဘဝထဲက ပေးတဲ့ တော်လှန်ရေး အသိ၊ ဒီမိုကရေစီ စိတ်ဓာတ်တွေဟာ လူထုရဲ့ စိတ်နှလုံးမှာ ကိန်းအောင်းနေပြီး ဖြစ်လို့ ဒီလို ဝိုင်းဝန်းနေကြတာပါ။ ဒါဟာ စာအုပ်ထူထူကြီးတွေ ကိုးကား နိုင်ငံရေးအတွေးအခေါ်တွေ ချပြတတ်တဲ့ ပညာရှိ သုခမိန်ဆိုသူတွေ၊ ခေါင်းဆောင် ဆိုသူထက် လူထုရဲ့ ရိုးရှင်းတဲ့ ဘဝခံယူချက် အမြင်က ရပ်တည်မှု မှန်ကန်ကြောင်း ပြခြင်းလည်း မည်ပါတယ်။
ဒီလို လူထုရဲ့ အံ့မခန်း ထောက်ခံကြိုဆိုမှုကို ကျောင်းသားများရခဲ့တော့ လချီ ကြိုတင် ရာဇသံပေးထားတဲ့ ကာလတွေမှာ တွေ့ဆုံဆွေးနွေးဖို့ နှောင့်နှေးနေတဲ့ အစိုးရဟာ အခုနောက်ဆုံး ပညာရေးဥပဒေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို တိုက်ရိုက်ခံရမယ့် ကာယကံရှင် ကျောင်းသားလူငယ်ကလေးများကို ပါဝင်ဆွေးနွေးစေဖို့ ခွင့်ပြုလိုက်ရပါပြီ။
တွေ့ဆုံဆွေးနွေးခြင်းဆိုတာ ဒီမိုကရေစီ ယဉ်ကျေးမှုပါ။ နိုင်ငံရေး ကိစ္စမှာ လူကြီးချင်း အပွင့်ရွေးခိုင်းလိုက်၊ ထမင်းစားဖိတ်သလိုလို၊ လက်ဖက်ရည်သောက်လိုလိုနဲ့ ဘောင်းဘီချွတ် တောင်ရှည်ဝတ် ခေါင်းပေါင်းစတလူလူတွေရဲ့ ညာချခံနေရတာက ‘အ’ လို့ ‘န’ လို့ အပြင် ‘ခံ’ ချင်လို့ ‘ခံ’ နေတယ်ဆိုနိုင်ပါတယ်။ အခု ကျောင်းသား ကိစ္စမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေး အတွက် လိုက်လျော သဘောတူလိုက်ခြင်းကတော့ လူငယ်ဘက်က သဘောထားကြီးကြောင်းပြခြင်း၊ ရိုးသားကြောင်း ပြခြင်းပါ။ ဒါကို အစိုးရလူကြီးဆိုသူများက မလိမ့်တပတ် ညာချမြဲ ညာချရင် လူငယ်ဘက်က နာစရာ မရှိပါ။ ပိုမိုအားကောင်းတဲ့ တန်ပြန်လှုပ်ရှားမှု ပြန်စတင်ရင် လူထု ထောက်ခံမှုက ဆထက်တိုး ကပ်ပါလာဦးမှာပါပဲ။ ရိုးသားသူတွေ၊ လူကြီးလူကောင်းပီသတဲ့ လူငယ်လေးတွေ ဆိုပြီး ပိုလို့တောင် ထောက်ခံဝန်းရံကြပါဦးမယ်။
ကျောင်းသားလူငယ် တွေမှာ လူကြီး တော်လှန်ရေးသမားများလို ကားပါမစ် ယူစရာမရှိပါဘူး၊ လုပ်ပိုင်ခွင့် မက်စရာ မရှိပါဘူး။ ဒီလို ပေါင်းစား မဖြစ်သရွေ့ လူထု နှလုံး ကို သိမ်းကျုံး ယူနိုင်ဦးမှာပါ။ ဒါပေမဲ့ လူငယ်များအနေနဲ့ ရိုးဂုဏ်ကို ထိန်းရင်း၊ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောထားကြီးကြောင်း ပြသရင်း တဖက်ကလည်း လူကြီး နိုင်ငံရေးသမားများ၊ တော်လှန်ရေး သမားများ သပ်လျှို သွေးခွဲခံထိ ချည့်နဲ့ အင်အားကွဲခဲ့ရတဲ့ ဖြစ်စဉ် အတုံးအရုံး ကျဆုံးခဲ့ရတဲ့ သမိုင်းတွေကို သင်ခန်းစာယူနိုင်ရပါမယ်။ အနီးကပ် ဝန်းရံနေသူများက ဒါမျိုးတွေကို သတိပေးနိုင်ဖို့တော့ လိုပါတယ်။ စစ်အာဏာရှင် ပဉ္စမံတပ်သားများ၊ လော်ဘီများရဲ့ သွေးထိုးမှု၊ ဝါဒမှိုင်းတိုက်မှုတွေကိုလည်း မျက်ခြည်မပြတ် သတိရှိဖို့လိုပါတယ်။ လွှတ်တော် + အစိုးရ ရွှေမန်းသဘင် စိန်အောင်မင်းတို့တတွေရဲ့ စကားအလှပဲ ရှိ၊ လက်တွေ့မှာတော့ အမြောက်စာ၊ သေနတ်စာပဲ ဖြစ်စေတဲ့ ငြိမ်းချမ်းရေး ခေါင်းလောင်းဆယ်မှုက ဦးစံလင်းခေါင်းလောင်းလို ကျောက်ခဲရေမပေါ် အဖတ်ဆယ် မရသေးတဲ့ ဖြစ်အင်ကိုလည်း သင်ခန်းစာယူနိုင်ရပါမယ်။
စစ်အုပ်စုရဲ့ ပကတိ သရုပ် ကတိလည်း မတည်၊ အပလီ အမျိုးမျိုး ကလေးကလား စိတ်ဓာတ်နဲ့ သိပ်ပြီး ညစ်ပတ်တတ်ကြတဲ့ လှည့်ကွက်တွေကို သတိရှိရှိ အကွက်ကျကျ ပြန်လည် တုံ့ပြန်နိုင်ရင် ကျောင်းသားလူငယ်များရဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီပညာရေး အိပ်မက်ဟာ စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ ဆွေးနွေးပွဲ သတ်ကွင်း ထောင်ခြောက်ကို အကောင်းဆုံး ရလဒ်တွေနဲ့ ကျော်ဖြတ်နိုင်ပြီး လက်တွေ့အကောင်အထည်ဖေါ်နိုင်မယ် ယူဆရပါတယ်။
အနည်းဆုံး အောင်မြင်မှုအနေနဲ့ အခု ကျောင်းသားချီတက်ပွဲ ဖြစ်စဉ်ဟာ ဘာကို ပြနိုင်ခဲ့သလိုဆိုရင် ဒီမိုကရေစီဟာ စကားအလှ၊ အပွင့်ရွေးစီ၊ အပေါ်ယံ နံ့သာထုံမွှမ်း၊ အရောင်တဖိတ်ဖိတ်လက်တဲ့ ကျတ်ပြေး လွှတ်တော်ခန်းမ မှာ မရှိ၊ နေပူ၊ မြေပူ၊ ကန္တာရတပိုင်း ဒေသက ချွေးနံ့လှိုင်တဲ့ ရဟန်း ရှင်လူ မိဘ ပြည်သူ ကျောင်းသားကြားမှာပဲ ရှိတယ်ဆိုတာကို ပြနိုင်ခဲ့ပါတယ်။ စစ်အုပ်စုကို စကားနဲ့ချည် တွေ့ဆုံဆွေးနွေးရေးတောင်းလို့မရ၊ လူထုအားကို အခြေပြု အလုပ်နဲ့ ဖိအားပေးတောင်းမှ ရတယ် ဆိုတာကိုလည်း ပြနိုင်ခဲ့ပါတယ်။
ကျောင်းသား၊ အလုပ်သမား၊ လယ်သမား အဖိနှိပ်ခံများ အကြောင်းအမျိုးမျိုးကြောင့် လမ်ပေါ်ထွက် ဆန္ဒပြရရင် အရည်ပျော်လွဲသူ ဝင်း-ဝင်း ဖယောင်းတိုင်သမားများ၊ နောက်ပြန်လှည့် အကြောက်တရား ဝင်နေသူ လန်ကြောက်သမားများနဲ့ စစ်အုပ်စု သြဇာခံ ဒူးမနာသားများက ဒါဆို စစ်တပ်က ငြိမ်နေမှာ မဟုတ်ဘူး ဆိုတဲ့ အသံဟစ်တတ်ကြပါတယ်။ ဒီလို အမြင်တွေကို လူထု အပေါ် လွှမ်းမိုးနိုင်စွမ်းတဲ့ ကြားခံအစုံစုံကနေ အဆက်မပြတ်လည်း တင်သွင်းတတ်ကြပါတယ်။ အနေအစားချောင်နေတဲ့ လူချမ်းသာနဲ့ ပညာတတ် လူလတ်တန်းစား အများစု မှာလည်း လက်ရှိ အပေါ်ယံ ဖြစ်ပေါ် တိုးတက်မှု အပြောင်းအလဲများကို ရောင့်ရဲ တင်းတိမ် ကျေနပ် နေနိုင်စွမ်းတဲ့ လူမှု-စီးပွား အနေအထား ရှိတဲ့ အတွက် ဒီလို လူထု လှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုတွေကို မနှစ်မြို့ချင်တဲ့ သဘော အနည်းအများ ရှိတတ်ကြပါတယ်။
ကျောင်းသားကလေးများကို သေနတ်ပြောင်းဝပို့ချင်တာလား ဆိုချင်သူများ စဉ်းစားကြည့်ပါ။ ချုပ်နှောင်ခံ ပညာရေး ဥပဒေ၊ မလွတ်လပ်တဲ့ ပညာရေးစနစ်တွေ တည်ရှိနေသရွေ့ ကျောင်းသားများရဲ့ အနာဂတ်ဘဝဟာ သေနေဦးမှာပါ။ မတရားတဲ့ စနစ် အဖွဲ့အစည်းမှာ တရားမဲ့မှုတွေ ကြီးစိုးနေသရွေ့၊ ဖိနှိပ်မှုတွေ ပြင်းထန်နေသရွေ့၊ လူယုတ်မာတွေ လွှမ်းမိုးနေသရွေ့ ကျောင်းသားက စာသင်ခန်းထဲ မနေနိုင် လမ်းပေါ်ထွက်၊ တောထဲရောက်၊ ထောင်ထဲရောက် အသေခံ အဖမ်းခံ လုပ်ခဲ့၊ လုပ်နေ၊ ဆက်လက် လုပ်ကိုင်ရဦးမှာပါ။ လယ်သမားလည်း အေးအေး လယ်လုပ်ခွင့် မရလို့ သေနတ်ပစ်ခံရင်း ဆန္ဒပြခဲ့၊ ပြနေ၊ ဆက်လက် ပြနေရဦးမှာပါပဲ။
လူထု အစစ်အမှန်ကတော့ ကျောင်းသားလေးတွေ ဘက်က အပြည့်အဝ အမြဲ ရပ်တည်မှာပါပဲ။
ဒါကြောင့် ကျောင်းသားလေးတွေ အခု အစိုးရ ကတိပေးထားတဲ့ ဆွေးနွေးပွဲဆိုတာကို လုပ်ပါ။ တောင်းဆိုချက်တွေ တကယ် အကောင်အထည်ဖော်နိုင်အောင် လူကြီးများနဲ့ ညှိနှိုင်းပါ။ အစိုးရနဲ့လွှတ်တော် လူကြီး ဆိုသူများ တကယ် လူကြီးပီသလားဆိုတာကို စောင့်ကြည့်ရာမှာကတော့ လူထုနဲ့ စာနယ်ဇင်း အလုပ်ပါပဲ။ သွေးအေးသွားလို့တော့ မဖြစ်ပါ။ အမြဲမပြတ် မီးထိုးပေးနိုင်မှသာ ရပါမယ်။
ဘယ်မီးထိုးပေးရမလဲဆိုရင် လူထုအင်အား (People Power) ဆိုတဲ့ မီးပါ။ အာဏာကို လက်ဝယ် အမြဲ ဆုပ်ကိုင်ထားလိုသူ ဖိနှိပ်သူ အာဏာရှင်များ ကြောက်တဲ့ အပူမီးက လူထုစုစည်းမှုအားပါပဲ။ လူထုကြောက် ရောဂါရှင်များကတော့ လူထုလှုပ်ရှားမှု ဖြစ်လာတိုင်း လမ်းပေါ်ထွက် လူသေခံ၊ ထောင်ကျခံ အလုပ်၊ ကကြီး ခခွေး အဆင့် နိုင်ငံရေး အစရှိသလို အမနပ ဆိုကြမှာပါ။ ဒါပေမဲ့ ဒီ ကကြီးခခွေး လမ်းစဉ် လူထု လှုပ်ရှားမှု ဖြစ်စဉ်တွေကပဲ ဒီမိုကရေစီနဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေကို အဆုံးတိုင် ရောက်စေ၊ ဖြစ်စေခဲ့တယ်ဆိုတာ ကမ္ဘာမှာ၊ ဗမာ မှာ သမိုင်းသက်သေ ထင်ရှား ရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ဆီက လွတ်လပ်ရေး အရယူနိုင်ခဲ့ခြင်းက တွေ့ဆုံဆွေးနွေးပွဲသက်သက်ချည်း ရခဲ့တာမျိုးမဟုတ်ပါ။ လူထုအခြေခံတဲ့ တော်လှန်ရေးများ၊ အထွေထွေလူထုသပိတ် စတဲ့ ကိုယ့်ဘက်က အင်အား ခိုင်မာအောင်တည်ဆောက်ပြီးမှ လွတ်လပ်ရေးအရယူမယ် ဆိုပြီး စကားပြော အရေးဆိုနိုင်ခဲ့လို့ အောင်မြင်ခဲ့တာပါ။ လူထုအားကို မတည်ဆောက်နိုင်၊ မပြနိုင်သရွေ့ ဘယ်အုပ်စိုးသူ အာဏာပိုင်ကမျှ အလေးမထား မကြောက်ပါ။ အခု ကျတ်ပြေးလွှတ်တော်၊ စစ်တပိုင်းအစိုးရ ဆိုတဲ့ ပြုပြင်ပြောင်းလဲမှု ဆိုကြတဲ့ ဖြစ်စဉ်ကြီး ကိုယ်တိုင်က (၂၀၀၇) ရွှေဝါရောင် တော်လှန်ရေး သံဃာ + ကျောင်းသား + လူထု ပူးပေါင်းလှုပ်ရှားမှုကြီး ရဲ့ အကျိုးဆက်ပဲ မဟုတ်ပါလား။
ဒါကြောင့် ဒီမိုကရေစီ ပညာရေးအတွက် တွေ့ဆုံဆွေးနွေးရေးလုပ်ပါ။ နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနဲ့ လူထုကလည်း ဆက်လက်ဝန်းရံကြပါ။ ဒါပေမဲ့ ကျောင်းသားလူငယ်များ လူထုရင်ခွင်ကိုခိုလှုံရင်းကနေ အစိုးရလူကြီးဆိုသူများကို နောက်မှ လူထုအင်အားရှိကြောင်း ရှင်းရှင်းလင်းလင်းသိစေလိုက်ပါ။ စားပွဲဝိုင်းမှာ မဖြေရှင်းချင်ရင် လူထုအင်အားနဲ့ တွေ့မယ်အကြောင်း ရာဇသံထပ်ပေးလိုက်ပါ။ ကျောင်းသား၊ လူထု၊ သံဃာ၊ နိုင်ငံရေးသမား အင်အားအစုစု ညီညွတ်ကြောင်းသာ ထုတ်ပြနိုင်ရင် လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင် မုချ ရောက်မှာပါ။
လူထုအင်အားဆိုတဲ့ မီးသာ မပြတ်ထိုးပေးပါ၊ တိုင်းပြည်မှာ ဒီမိုကရေစီ အင်ဂျင် မုချ လည်ပါမယ်။
(၂၀၁၅) အတွက်အပြောင်းအလဲကို အနာဂတ်ကို ဦးဆောင်မယ့် ကျောင်းသားလူငယ်ကလေးများရဲ့ ဒီမိုကရေစီပညာရေး တိုက်ပွဲ အောင်ပွဲနဲ့ ဖွင့်နိုင်ဖို့ ညီညွတ် ခိုင်မာ အားရှိတဲ့ လူထုအင်အားကို တည်ဆောက် လူထုရင်ခွင်ကို အပြည့်အဝ ခိုလှုံကြပါစို့လား ခင်ဗျာ။
ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၉၊ ၂၀၁၅ (စာပြီး ရက်စွဲ)
(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၅၀)၊ (၂၀၁၅) ခုနှစ် ဇန်နဝါရီ (၃၀) သောကြာနေ့ထုတ်၌ ပုံနှိပ်ခဲ့သည်။ မိုးမခ တွင် ထပ်မံ အွန်လိုင်း ဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော် ကို ဝေဖန်ရန် ဆန္ဒရှိပါက မှတ်ချက်ပြုနိုင်ပါသည်၊ nyeinchanaye81@gmail.com သို့လည်း စာရေးနိုင်ပါသည်။)
@The Ladies News Facebook Page
https://www.facebook.com/News.TheLadies/photos/a.179109772264000.1073741828.178829095625401/384853098356332/?type=1