ဝေဖန်ရေးရာ

လင်းထင် – ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ

လင်းထင် – ကျောင်းသားမုန်းရောဂါရှင် ဘယ်သူက ပရောက်ဇီလဲ
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅

ကျောင်းသားမှာ အမှောင့်ပူးနေတယ်၊ သမဂ္ဂဟာ သူပုန်တွေရဲ့ မြေပေါ် ဌာနချူပ် ဖြစ်တယ်ဆိုတာ (ဦး)ကျော်ငြိမ်းရဲ့ ဖဆဆိုရှယ်ဆီက နေ၀င်းရခဲ့တဲ့ အမွေ ဖြစ်တယ်။  စစ်အုပ်စု စဉ်ဆက် လက်ဆင့်ကမ်း ခဲ့တဲ့ ကျောင်းသား ကြောက်တရား ကျောင်းသား မုန်းတရား ဖြစ်တယ်။

ဗမာပြည်မှာ တိုးတက်သော ကျောင်းသား အုပ်စုကနေ နောင်အခါ အစိုးရ၊ စစ်တပ်နဲ့ သူပုန် ဆိုတဲ့ အုပ်စုကြီး (၃) စု ဖြစ်လာတဲ့ အခါ၊ လူထုနဲ့ ကင်းကွာပြီး ဖက်စစ် စိတ်ပေါက်သွားတဲ့ ဖောက်ပြန်တဲ့ အစိုးရနဲ့ စစ်တပ်ဟာ ကျောင်းသား နိုင်ငံရေးကို သင်းမသတ် နိုင်သမျှ သူတို့ရဲ့ ဖောက်ပြန်မှု မလုံခြုံ နိုင်ဘူးဆိုတာ မျက်မှောက်ပြု နှင့်ပြီး ဖြစ်တယ်။

ဒါကြောင့် ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲနဲ့ “De Jure” အစိုးရပါဆိုပြီး လူယောင်ဆောင်ထားပေမဲ့ ကျောင်းသား နိုင်ငံရေး ဒီရေမြင့်တက် လ၀န်းသစ် ပြူထွက်တဲ့ အခါတိုင်း ကျောင်းသားမှာ အမှောင့် ပူးတယ် ဆိုပြီး ဗီဇ မဖျောက်နိုင်ဘဲ အူကြရတယ်။  နောက်ဆုံး ထွက်အူခဲ့တာ ပြည်ထဲရေးဝန် ကိုကိုပဲ။

ပြုပြင်ပြောင်းလဲရေး သိုးရေခြုံတဲ့ သိန်းစိန် အစိုးရရဲ့ သရုပ်သကန် ရုပ်အမှန်ကို နားလည်နိုင်ဖို့ များများ မလိုဘူး၊ သူတို့ရဲ့ သမိုင်းအမြင် ဘယ်လောက် စွန့်နိုင်ပြီလဲ ဆိုတာနဲ့ ချိန်ဆရမှာပဲ။

ဖွဲ့စည်းပုံ ရှိခြင်း၊ လွှတ်တော်ရှိခြင်း၊ ရွေးကောက်ပွဲ ရှိခြင်း ကို ပြပြီး “Reform” စနေပြီလို့ အနောက်အုပ်စု “Endorse” နဲ့ ထိုး ရောင်းလည်း ကျောင်းသားကတော့ ၀ယ်မှာ မဟုတ်ဘူး။  စစ်ဗျူရိုကရက်နံ့ နံလွန်းတယ် ပြန်လိုက်ပါဦး၊ စစ်သမိုင်း အမြင်တွေ လျှော့လိုက်ပါဦးလို့ ရဲရဲပြောနေမှာပဲ။

ဗမာပြည်မှာ မွေးပြီး ကျောင်းသားကို နိုင်ငံရေး မလုပ်ရဘူး၊ ဒါမှမဟုတ် ကျောင်းသားအရေး နာမည်ခံ နိုင်ငံရေးရဲ့ ပရောက်ဇီ မဖြစ်သင့်ဘူး ဆိုတဲ့ သဘော ပြောနေသူ တွေကို ဖြစ်နိုင်လို့ သူတို့ ခေါင်းခွံ၊ သူတို့ ရင်ဘတ် တွေများ အံဖုံးလို ဆွဲလှပ်လို့ရရင် လှပ်ကြည့်ချင်တယ်။

မြော်မြင်မှုတရား၊ ယုံကြည်မှုတရား၊ လူဆန်မှု ချစ်ခြင်း၊ အမှန်အပေါ် လိုလားစိတ် မတရားမှုကို မနှစ်လိုစိတ်၊ လူ အဖြစ် ရှင်သန် တင်ကျန်အောင် ရုန်းကန်လိုမှု စတဲ့ လူ့ အရည်အသွေးကို ပြတဲ့ တနည်းဆိုရရင် လူဆိုတာ ဘာလဲလို့ ပိုင်းဖြတ်တဲ့ လူ့သမိုင်းစဉ်ဆက် ကနေ နီတိထုတ်နှုတ် ရယူခဲ့တဲ့ တန်ဖိုးတွေ ဘာတခုမှ တွေ့ရမယ် မထင်ဘူး။

စကားရိုးရိုးနဲ့ပြောရရင် သူတို့ လူဖြစ်သလား ဆိုတာ မသေချာဘူး။

သူတို့ဟာ ဇွန်ဘီတွေ ဖြစ်ရမယ်၊ ဗမာဆန်ဆန် ပြောရင် ဖုတ်သဘက်တွေ ဖြစ်နိုင်တယ်၊ ဘယ်လို ဖုတ်မျိုးဝင်သလဲဆို ဗမာပြည်ကို အနှစ် (၆၀) ဂုတ်ခွစီးခဲ့တဲ့ စစ်ဗျုရိုကရက် အရင်းရှင်စနစ်က ရိုက်သွင်းခဲ့တဲ့ သမိုင်းအမြင် လူမျိုးရေး ဘာသာရေးအမြင်တွေ သယ်ဆောင်ထားရတဲ့ လူ့အဖြစ် မပြည့်မီရတဲ့ စစ်ဖုတ်သဘက် အစီးခံထားရတဲ့ စစ်အုပ်စုရဲ့ပရောက်ဇီတွေပဲ။

ကျူပ်နားထောင်တယ်၊ စစ်အုပ်စုရဲ့ ၀န်ကြီး၊ လွှတ်တော်အမတ်၊ ကောလိပ်ကျောင်းအုပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်.. အကုန်လုံး ဒီလေသံပဲ။  ကုန်ကုန်ပြောမယ် နိုင်ငံရေးနဲ့ ထောင်ကျဖူးတဲ့ သူတွေ၊ ဘုရားစူး အတိုက်အခံ နိုင်ငံရေးသမားတွေ ဒီလေသံပဲ။

ဒီမယ်…. ကျောင်းသားက ဗကပ ပရောက်ဇီ ဖြစ်နေတာ မဟုတ်ဘူး၊  ခင်ဗျားတို့ လူ့အဖွဲ့အစည်း တစ်ခုလုံး နိုင်ငံရေး အတိုက်အခံတွေပါ မကျန်၊ စစ်အုပ်စုက ကန့်သတ်ပေးတဲ့ သမိုင်းအမြင်ပဲ ရှိရတယ်၊ နှုတ်ထွက်စကား ဆိုရတယ်၊ ဘယ်သူက ပရောက်ဇီလဲ။

အောင်ဆန်းတို့ ထကြွသလို ကျွန်ဘ၀က လွတ်အောင် ရုန်းရမယ့် အချိန် မဟုတ်ဘူးပြောတယ်၊ ငါဟာ စစ်ကျွန်ပါ့လား မျက်မှောက်မပြု နိုင်တော့ဘူး…၊ ဘယ်သူက ပရောက်ဇီလဲ။

ဒီဘ၀ ဒီအခြေအနေက လွတ်အောင် ရုန်းဖို့မလိုတော့ဘူးလို့ လူ့အဖြစ် လူ့အနှစ်သာရဖြစ်တဲ့ လွတ်လပ်လိုစိတ်က သွေဖည်ရတယ်၊ ဘယ်သူက ပရောက်ဇီလဲ။

ပါတီ၊ လွှတ်တော်၊ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ… စတဲ့ “Mechanism” တွေ ရှိနေပြီပဲ၊ ဒီစနစ်ထဲ ၀င်ပြီး ပြောင်းလို့ ရတာပဲလို့ ပြောနေ ယုံနေကြပြီ၊ ဘယ်သူက ပရောက်ဇီလဲ။

ခင်ဗျားတို့သာ စစ်အုပ်စုရဲ့ ပရောက်ဇီတွေ ဖြစ်တယ်၊ ခင်ဗျားတို့သာ စစ်အုပ်စုရဲ့ နိုင်ငံရေး သင်းကွပ်ခံတွေ ဖြစ်တယ်။

လူတွေဟာ ထမင်းတစ်လုပ် အတွက် ကိုယ့်မြေကိုယ့်ရေ မှာ မနေနိုင်၊ ကိုယ့်ဝန်းကျင် စိမ်းအောင် မပြု ပြင် နိုင်ဘဲ၊ နွားတွေလို စားကျက်ပြောင်း လူ့အဖြစ်က ဆုံးရှုံးနေရတယ်။

ဒီလို လူစင်စစ်က နွားဖြစ်နေရတာတွေ၊ လူစင်စစ်က လူလို မကျင့်ကြံ မတွေးခေါ် မလွတ်လပ်လိုဘဲ စစ်ကျွန်ဘ၀ သာယာ အကြိုက်တွေ့သွား ရတာတွေဟာ ကိုလိုနီ ကျွန်ပညာရေးထက် အဆများစွာ ဆိုးတဲ့ နွားဇာတ်သွင်းတဲ့ ပညာရေးလို့ ပြောရတာပဲ။

ဒီနွားဇာတ်က ကျွတ်ဖို့ဟာ အကြီးကျယ်ဆုံး ကျောင်းသားအရေး ပညာရေး အားလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးပဲ။

ဘယ်လို စစ်ကျွန်သဘောက် ဦးနှောက် ပါးစပ်ပေါက်နဲ့ ဒါကို လာငြင်းနိုင်မလဲ။

လင်းထင်

Lin Htin (Lin Aye Htin) Facebook:
https://www.facebook.com/linayehtin

×××××××

လင်းထင် (လင်းအေးထင်) ကဗျာ၊ စာ ဟောင်းများ ဖတ်ရန် –

၁) အပ္ပမာဒေန သမ္မာဒေထ
http://gita.cc/archives/41882
http://moemaka.blogspot.com.au/2015/01/blog-post_201.html

၂) အော့ဖ်လိုင်း
http://moemaka.com/archives/41769
http://www.moemaka.blogspot.com.au/2015/01/blog-post_36.html

၃) မဒမ်တူးဆိုး ဖယောင်းရုပ်
http://moemaka.com/archives/41676
http://www.moemaka.blogspot.com.au/2015/01/blog-post_53.html

၎) ဥသြဆွဲ တေးချင်း
http://moemaka.com/archives/41280
http://www.moemaka.blogspot.com.au/2014/12/blog-post_20.html

၅) မန္တလေးကို ရောက်ခဲ့တယ်
http://moemaka.com/archives/41135
http://moemaka.blogspot.com.au/2014/12/blog-post_52.html

၆) ဘုရားပေါ်မှာ
http://moemaka.com/archives/41118
http://www.moemaka.blogspot.com.au/2014/12/blog-post_22.html

၇) လွန်ခဲ့တဲ့ (၁၅) နှစ်
http://moemaka.com/archives/41080
http://www.moemaka.blogspot.com.au/2014/12/blog-post_43.html

၈) ငရဲလမ်းလိုက်မှ ဘာ မျှော်လင့်ရဦးမလဲ
http://moemaka.com/archives/40853
http://www.moemaka.blogspot.com.au/2014/11/blog-post_212.html

၉) မီးဗုံး အပစ် ခံရတဲ့ ဆင်ခြင်တုံ တရား
http://moemaka.com/archives/41023
http://www.moemaka.blogspot.com.au/2014/11/blog-post_761.html

၁၀) ဘာလဲဟဲ့ ရင်ကြားစေ့ရေး
http://moemaka.com/archives/40675
http://www.moemaka.blogspot.com.au/2014/11/blog-post_14.html

၁၁) အလကား မတ်တင်း အမျိုးသား ကဗျာဆရာကြီး ကိုချော
http://moemaka.com/archives/39648
http://moemaka.blogspot.com.au/2014/09/blog-post_42.html

၁၂) ဘာသာရေးဟာ လောကီကြောင်းမှာ စပ်ယှက် သင့်မသင့်
http://www.moemaka.blogspot.com.au/2013/07/linn-htin-religion-and-community-to-be.html

၁၃) ဂိုဂင်နီ
http://moemaka.blogspot.com.au/2013/08/linn-htin-essay.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts