ကဗျာ

ဇော်ထက်(ပျဉ်းမနား) – မာတင်လူသာကင်းနှင့် ဆယ်လ်မာက ကလေးများ

ဇော်ထက်(ပျဉ်းမနား) – မာတင်လူသာကင်းနှင့် ဆယ်လ်မာက ကလေးများ
(ကလေးများ ဆန္ဒမပြသင့်ဆိုသော လူကြီးမင်းများသို့)
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

လူလူချင်းပဲ
ခွဲခြားမှုတွေနဲ့
သူ့အခွင့်အရေးနဲ့
ငါ့အခွင့်အရေးက
ခြားနားလွန်းလှသမို့
အယ်လာဘာမားပြည်နယ်က
ဆယ်လ်မာဆိုတဲ့
မြို့ကလေးမှာ
ကလေးငယ်တွေက
မာတင်လူသာကင်းနဲ့ အတူ
ဆန္ဒပြပွဲရှေ့ဆုံးမှာ
ကမ္ဘာကိုပြခဲ့တာ …

မာတင်လူသာကင်းပဲ
ရှက်ရမှာလား … … ။

ဆန္ဒပြသူတွေပဲ
ရှက်ရမှာလား … … ။

လူလူချင်း
ခွဲခြား
အခွင့်အရေးသမားတွေပဲ
ရှက်ရမှာလား … … ။

ဘာပဲဖြစ်ဖြစ်
အန်ကယ်ဆမ်ကြီးလည်း
ဆယ်လ်မာက
ဆန္ဒပြမှုတွေကြောင့်
ကမ္ဘာ့အလယ်မှာ
လူလူချင်း ခွဲခြားမှုနဲ့
အရှက်ခဲ့ရတယ် … … ။

ဟေ့… … မြန်မာကလေးတွေ
ဆရာကြီး ဦးသန်းထွန်းကပြောတယ်
သမိုင်းဆိုတာက …
မအ အောင်သင်ရတာတဲ့၊
ဂုဏ်ထူးထွက်ဖို့
အမှတ်ရဖို့ပဲ
မဟုတ်ဘူးလေ။

ဆယ်လ်မာက
ကလေးငယ်တွေက
ကမ္ဘာအနှံ့မှ
လူကြီးမင်းများ
မအ ရအောင်
သမိုင်းသင်ခန်းစာတွေ
ပေးနေခဲ့လေရဲ့ … … ။

အဲဒီလိုကလေးများကို
လေးစားသမှုနဲ့
တို့ လူသားအားလုံး
ဦးညွှတ်လိုက်ကြရအောင်လား။     ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts