သတင်းပဒေသာ

အစိုးရဘက်က ကတိမတည်၊ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်အရောက်ချီတက်မည်

အစိုးရဘက်က ကတိမတည်၊ သပိတ်မှောက်ကျောင်းသားများ ရန်ကုန်အရောက်ချီတက်မည်
(Yangon Globe News) ရဲကိုကို၊ ဖေဖော်ဝါရီ ၄၊ ၂၀၁၅

အမျိုးသားပညာရေးဥပဒေဆိုင်ရာ လေးပွင့်ဆိုင်ဆွေးနွေးပွဲကို သမ္မတ၏အမိန့်ဖြင့်ဟုဆိုကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့အ ထိရွှေ့ဆိုင်းလိုက်သော်လည်း ကျောင်းသားများကမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သပိတ်မှောက်ချီတက်ပွဲများ ပြန်လည်စတင်ကာ ရန်ကုန်အရောက် ဆက်လက်ချီတက်သွား မည် ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင်များကပြောကြားသည်။

ယင်းသို့ရွှေ့ဆိုင်းရခြင်းမှာ ဆွေးနွေးပွဲကျင်းပမည့် ပုံသဏ္ဍာန်သတ်မှတ်ချက်နှင့် ပတ်သက်ပြီး အငြင်းပွားနေခြင်းကြောင့် အကျေအလည်ညှိနှိုင်းဆွေးနွေးရန်လိုပြီး လက်ရှိတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်ညှိနှိုင်းဆောင်ရွက်ရန် ကြိုတင် ပြင်ဆင်မှုများပြုလုပ်နေခြင်း ကြောင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကိုဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ နောက်ပိုင်းမှသာ ပြန်လည်ကျင်းပရန် သမ္မတက ညွှန်ကြားခဲ့ကြောင်းကျောင်းသားကိုယ်စားလှယ်များနှင့် NNER ကိုယ်စားလှယ်များကို ဦးအောင်မင်းက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်နေသည့် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ၁၅ ဦးကော်မတီသည်လက်ရှိဆန္ဒပြ သပိတ်မှောက်နေကြသောကျောင်းသားများအား အမှန်တကယ်ကိုယ်စားပြုမှုရှိမရှိနှင့် သပိတ်မှောက်ကျောင်း သားများ၏ထောက်ခံမှုကိုနောင်ဆွေးနွေးပွဲတွင်ယူလာရန် ဦးအောင်မင်းတို့ဘက်က ပြောကြားခဲ့ကြောင်း ကျောင်းသားခေါင်းဆောင် ၁၅ ဦး ကော်မတီဝင်ကိုပိုင်ရဲသူကပြောကြားသည်။

“အဲဒီတော့ကျွန်တော်တို့ ၁၅ ဦးကော်မတီရဲ့ ဦးဆောင်မှုကို အသိမှတ်ပြုသလား၊ မပြုသလားဆိုတာကို အခုရပ်နား ထားတဲ့သပိတ်စစ်ကြောင်းအားလုံးကို ရန်ကုန်အထိချီတက်ဖို့ ဒီ၁၅ဦးကော်မတီရဲ့ဦးဆောင်ပြီး သက်သေပြမယ်” ဟု ၎င်းကပြောသည်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ရန်ပထမအကြိမ်ရန်ကုန်တွင်လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပြီးရရှိထားသောအချက်များ ကိုအစိုးရအနေဖြင့် ဒုတိယအကြိမ်တွင်ချိုးဖောက်ပြီးနောက်ပိုင်း ယုံကြည်မှုခက်ခဲသွား ပြီး သပိတ်မှောက်ဆန္ဒပြခြင်းသည့်အနေဖြင့် ရန်ကုန်ထိအရောက်ချီတက်ပြမည်ဟု ၁၅ ဦးကော်မတီမှ ကိုအောင်နေပိုင် ကပြောကြားသည်။

“ဆွေးနွေးပွဲကစတောင်မစသေးဘူး။ ဒါကိုအစိုးရကညှိနှိုင်းမှုမှာသဘောတူထားတဲ့အချက်တွေကို စပြီးချိုး ဖောက်နေတယ်။ ဒါကြောင့် ရပ်နားထားတဲ့ သပိတ်စစ်ကြောင်းတွေကိုရော အခုထိဆက်လက် ချီတက်နေတဲ့ သ ပိတ်စစ်ကြောင်းတွေရော ရန်ကုန်ကိုချီတက်မယ်လိုဆုံးဖြတ်လိုက်ပြီ”ဟု၎င်းကပြောသည်။

ထို့ပြင် ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဒေါက်တာသိန်းလွင်အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကအရေးယူမည်ဟု ကြေညာထားသဖြင့် NNER ကိုမည်သူဦးဆောင်မည်လဲဟု ၀န်ကြီးဦးအောင်မင်းက မေးခွန်း ထုတ်မေးမြန်းခဲ့ပြီး NNER သည် စုပေါင်းဦးဆောင်မှုဖြင့် ဖွဲစည်းထားသော အဖွဲ့အစည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပညာ ရေးပြုပြင်ပြောင်းလဲမှုများအတွက် ဆောင်ရွက်နေသော အဖွဲ့ဖြစ်သလို ကျောင်းသားများ၏ သပိတ်မှောက်မှုသည်မှန်ကန်သောလုပ်ရပ်ဖြစ်သောကြောင့် ပါဝင်ရခြင်းဖြစ်ကြောင်း NNERမှ ဒေါက်တာသိန်းလွင်က ပြန်လည်ပြောကြားခဲ့သည်။

“ကျွန်တော့်ကို ပါတီကအရေးယူတယ်ဆိုတာ ကျွန်တော်နဲ့ပါတီကြားကကိစ္စသာဖြစ်တယ်။ ကျွန်တော်က NNER မှာ ဆက်ရှိနေမယ်။ ကျောင်းသားတွေနဲ့ဆက်တွဲဖက်နေဦးမှာဖြစ်တယ်။ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကမှန်တယ်လို့လည်းယူဆထားခဲ့တယ်။ အခုတော့ ဆွေးနွေးပွဲကိုရွှေ့ဆိုင်းလိုက်တာ စိတ်တိုင်းမကျဘူး” ဟု၎င်းကပြောကြားသည်။

ထို့ပြင် ဆွေးနွေးပွဲသို့ တက်ရောက်လာသောကျောင်းသားများနှင့် NNER မှ ကိုယ်စားလှယ်များ နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် တည်းခိုနိုင်ရန်ပြောဆိုခဲ့ပြီးမှ လက်တွေ့တွင် တည်းခိုခွင့်မရအောင် စည်ပင်ဧည့်ရိပ်သာ အပေါ်ဖိအားပေးခဲ့ခြင်းကြောင့် ကားများပေါ်တွင်အိပ်စက်ခဲ့ရကြောင်း ဆွေးနွေးပွဲတက်မည့်ကိုယ်စားလှယ် များက ပြောကြားသည်။

အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၂၀ ရက်နေ့မှစကာ မန္တလေးမှ လမ်းလျှောက်ထွက်ခွာလာသော ကျောင်းသားများသည် ယနေ့ မကွေးမြို့သို့ရောက်ရှိနေပြီး ယင်းမှရန်ကုန်အရောက် ဆက်လက်လမ်းလျှောက်ချီတက်မည်ဖြစ်သလို ဆွေးနွေးနေစဉ် ရပ်နား ထားသော ကျန်သပိတ်မှောက်ကျောင်းသားများကလည်း အစိုးရနှင့် ဆွေးနွေးမှုအဆင်မပြေခြင်းကြောင့် ရန်ကုန်သို့ ဆက်လက်ချီတက်တော့မည်ဖြစ်ကြောင်း ယနေ့ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနရုံးရှေ့ ကားလမ်းမပေါ်တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ၁၅ ဦးက ပြောကြားသည်။

(ဓာတ်ပုံ – ကျော်စွာမြင့်၊ ဖေ့စ်ဘွတ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts