ဝေဖန်ရေးရာ

ထူးထူး (တောင်ငူ) – စေတနာထားပုံ

ထူးထူး (တောင်ငူ) – စေတနာထားပုံ
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကသတင်းတွေဖတ်ရတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကိုရွှေထူး တယောက်တွေးနေမိတယ်။ မြန်မာနိုင်ငံက အဘတွေလည်း လှိုင်းလုံးတွေ တလုံးပြီး တလုံး စီးရင်းအခုဆို ဘာလိုလိုနဲ့ ၂၀၁၅ ထဲတောင်ရောက်လာခဲ့ပြီ မဟုတ်ပါလား။ အေးလေ- အခုဆို သူတို့ ရဲ့နောက်ဆုံးအချိန်ရောက်ပြီဆိုတော့ သွေးရူးသွေးတန်း နဲ့ ပြောချင်တာတွေကို စွတ်ပြောနေပုံ လည်း ရပါတယ်။

ဦးသိန်းစိန်အစိုးရတတ်ကာစ ကာလမှာ ကမ္ဘာပတ်ပြီး ပွင့်လင်းမြင်သာမှုဆိုတာကိုတွင်တွင်ပြောခဲ့ပါ တယ်။ ဒါပေမယ့်- သူ့သက်တမ်းတလျှောက်ရပ်နားထားမယ်ဆိုတဲ့ မြစ်ဆုံဆည်စီမံကိန်းအတွက် တရုတ်နဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စီမံကိန်းစာချုပ်ပါအချက်အလက်တွေကိုတော့ ရူးချင် ယောင် ဆောင်ပြီး ယနေ့အချိန်အထိ ပြည်သူကိုအသိပေးချပြခြင်းမျိုးမရှိပါဘူး။

အကျင့်ပျက်ခြစားမှုပပျောက်ရေးဆိုပြီး၊ ပြောတုန်းကပြောပြီး၊ နောက်တော့လည်း (၃) သိန်းအောက်ဆို ပြဿနာမရှိလို့လည်းပြောပြန်သေးတယ်။

ဦးသိန်းစိန်အစိုးရက ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီး ပြည်သူတွေအပေါ် ဘယ်လောက် စေတနာ ထားပြီး၊ ဂရုဏာကြီးတယ်ဆိုတာ သမီးလေးကျေးရွာသူ၊ ကျေးရွာသားတွေအသိဆုံးပါ။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းက နောင်တော်ကြီးတွေ ၄၃၆ ကို လူထုအားနဲ့ပြင်ဖို့ကြိုးစားတော့လည်း၊ မန္တလေးမြို့ ကြီးမှာ ဒေါသထွက်နေတဲ့လူအုပ်ကြီးရောက်လာပြီး၊ တုတ်တရမ်းရမ်း ဓါးတ၀င့်ဝင့်နဲ့ နေ့ခင်း ကြောင် တောင် ကြီးမှာ လက်လွတ်စပယ်သောင်းကျန်းပါတော့တယ်။ ဒါကို- ပြည်သူ့ချဉ်ဖတ် ရဲတွေက မေတ္တာရှေ့ ထားပြီး လက်ပိုက်ကြည့်နေကြပါတယ်။

ဒါပေမယ့်၊ မလက်တိုကျေးရွာမှာတော့ ရွာသူရွာသားတွေကို စစ်ဦးဘီးလူးဆိုသလို ကြမ်းလိုက် ရမ်း လိုက်တာများ ဘေးမှာလက်ပိုက်ရပ်ကြည့်နေတဲ့ အဒေါ်ကြီးကိုတောင် မြောင်းထဲရောက်အောင် ဆောင့်တွန်းလိုက်တာလည်း မြို့တော်ရှက်ဖွယ် ရဲတပ်ဖွဲ့များပါပဲ။ ရဲတပ်ဖွဲ့က- မလက်တိုကျေးရွာမှာ လက်စွမ်း ပြသလောက်၊ မန္တလေးကျောက်ဝိုင်းမှာ မြန်မာကျောက်ကုန်သည် ကိုမော်ကြီးကို တရုတ်တွေ မတရား အနိုင်ကျင့်ပြီးဝိုင်းထိုးတော့ ဦးသိန်းစိန်အစိုးရကအထူးအစီအစဉ်အနေနဲ့ အဲ့တရုတ်တွေအတွက် ရဲတွေ လွတ်ပြီး၊ ဒိုင်းတွေ လွှားတွေနဲ့ လာရောက်ကာကွယ်ပြီး ကယ်တင် သွားခဲ့ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် တရုတ်နဲ့လက်မှတ်ရေးထိုးတော့ စစ်ဘောင်းဘီဝတ် ထားတဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ပါ။ လက်ပံတောင်းတောင်မှာ ဒေသခံပြည်သူတွေမခံမရပ်နိုင်ဖြစ်တော့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး၊ နိုင်ငံတော်သမ္မတရာထူးကိုယူထားတဲ့ ဦးသိန်းစိန်ကတော့ နိုင်ငံခြားခရီးကိုရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့်ဘဲ မျက်နှာလွဲခဲပစ်ထွက်သွားခဲ့ ပါတယ်။

ဒီအစိုးရ ပြည်သူတွေအပေါ်မှာဘယ်လောက်စေတနာထားတယ်၊ ပြည်သူ့ဆန္ဒကိုဘယ်လောက် လေးစားတယ်ဆိုတာ အဝေးကြီးကိုမကြည့်ပါနဲ့အုန်း- ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ (၅)သန်းကျော် လက်မှတ်ရေးထိုးပြီး သဘောထား၊ ဆန္ဒထုတ်ဖော်ပြသခဲ့တာတောင် တုတ်တုတ်မလှုပ် ဘူး။ ဒါတောင် လက်မှတ်ထိုးတဲ့ကာလကို အချိန်အနည်းငယ်ပဲယူခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ မင်းအောင်လိုင်က၊ မြန်မာပြည်မှာပြည်သူက သန်း(၅၀) ကျော်ရှိတာ၊ အခု ၂၀၀၈ အခြေခံဥပဒေကိုပြင်ဆင်ဖို့လက်မှတ်ထိုးဆန္ဒထုတ်ဖော်တာက ပြည်သူ (၅)သန်းကျော် ဆိုတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ဆယ်ပုံတပုံအရေအတွက်ပဲရှိပါတယ်တဲ့။ ကျန်တဲ့ပြည်သူတွေရဲ့ ဆန္ဒ ဘယ်လိုရှိတယ်ဆိုတာလည်း ထည့်စဉ်းစားဖို့လိုမယ်ဆိုပဲ။

လူထုခေါင်းဆောင်က ဒါဆို မဲပုံးထောင်ကြည့်လိုက်လေဆိုတော့၊ ယနေ့အချိန်ထိ လေသံတောင် မဟတော့ဘူး။

အဘတို့ ဘာသာသာသနာကိုစောင့်ရှောက် လိုက်ပုံကလည်းစံပြလောက်စရာပါပဲ။ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းကြီးနဲ့ လယ်တီသိမ်က သက်သေဖြစ်သလို၊ နောက်- မဟာသန္တိသုခကျောင်းကို ရန်သူ့ စခန်းသိမ်းသလို ပြုမူ ဆက်ဆံခဲ့တဲ့လုပ်ရပ်၊ နောက် ဘယ်ခေတ်မှာမှ မကြုံတွေ့ခဲ့ရဘူးတဲ့ သံဃာချင်း သင်းကွဲမှုတွေ၊ မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဟောတဲ့ ဆရာတော်၊ သံဃာတော်တွေ တရားဟောပြောခွင့်အပိတ်ခံရ။

ဒီကြားထဲ လွှတ်တော်ဥက္ကဠဆိုသူကလည်း လက်ရှိသမ္မတလစာ တလသိန်း(၅၀) ဆိုတာ သူများနိုင်ငံတွေနဲ့ယှဉ် လိုက်ရင်အလွန်နည်းနေသေးတယ်တဲ့။ ယှဉ်ချင်ရင်လည်း အလုပ်လက်မဲ့ဦးရေ၊ တိုင်းပြည်ရဲ့ တဦးချင်း ၀င်ငွေ၊ ပြည်တွင်းထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး ဒါတွေကျတော့မယှဉ်ဘဲနဲ့ သူတို့ယှဉ်ချင်တာကြတော့ ဇွတ်။

အဘတို့ခေတ်မှာမှ- လယ်သမားတွေ သူတို့ပိုင်တဲ့လယ်ယာမြေတွေမတရားအသိမ်းခံခဲ့ရသလို၊
သတင်းထောက်ကိုပါကြီးမတရားအသတ်ခံခဲ့ပြန်ပါတယ်။ လက်ပံတောင်းတောင်ကလယ်သူမကြီး ဒေါ်ခင်ဝင်း ပစ်သတ်ခံခဲ့ရပြီးနောက်၊ ကချင်မှာစေတနာဝန်ထမ်းကျောင်းဆရာမလေးနှစ်ယောက် အဖြစ်ဆိုးနဲ့ကြုံခဲ့ရပြန်ပါတယ်။ တိုင်းပြည်မှာဒီလောက်ပြဿနာဗလပွဖြစ်နေရင် သူများနိုင်ငံတွေ မှာအစိုးရအဖွဲ့ခေါင်းဆောင်ဆိုတဲ့ပုဂ္ဂိုလ်ရှက်လို့ သူ့သဘောနဲ့သူနုတ်ထွက်စာတင်သွားမှာ သေချာ သလောက်ရှိပါတယ်။

ဦးသိန်းစိန်ကတော့ ကော်မရှင်တွေ၊ ကော်မတီတွေဖွဲ့ပေးပြီး၊ အေးအေးဆေးဆေးလေတောင်ချွန်နေ သေးတယ်။ တောင်သူတွေအတွက်အစွမ်းကုန်ထပ်ပြီးပေးဆပ်ချင်လို့၊ ပြည်သူကသာ သူ့ကို လိုလား ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်သွားအုံးမယ်ဆိုပဲ။

တိုင်းပြည်တပြည်အတွက် ပညာရေးဟာအလွန်အရေးကြီးပါတယ်လို့ နိုင်ငံတကာက ခေါင်းဆောင် တွေ၊ ပညာရှင်တွေက ပြောဆိုနေပေမယ့်၊ စာရေးသူတို့ရဲ့နိုင်ငံခေါင်းဆောင်ကတော့ ပညာရေးဆိုတာ ရင်းနှီးမြုပ်နှံပြီးရင် ပြန်မရ နိုင်ပါဘူးလို့ သွေးရူးသွေးတန်းပြောသေးတယ်။

ပညာရေးနဲ့ကျန်းမာရေးဟာ တိုင်းပြည်အတွက်အလွန် အရေးကြီးတယ် ဆိုတာကို ကောင်းကောင်း နားလည်လက်ခံထားတဲ့နယူးဇီလန်လိုနိုင်ငံမျိုးမှာတော့ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် ပညာရေးအသုံးစရိတ်ကို နယူးဇီလန်ဒေါ်လာ (၁၂.၈) ဘီလီယံအထိ သုံးစွဲဖို့လျာ ထားပါတယ်။ ကျန်းမာရေးအတွက်သုံးစွဲဖို့လျာထားတဲ့ဘတ်ဂျက်ကတော့ နယူးဇီလန် ဒေါ်လာ (၁၅.၁) ဘီလီယံပါ။  ပညာရေးနဲ့ ကျန်းမာရေးအတွက် နယူးဇီလန်အစိုး သုံးတဲ့ အသုံးစရိတ် စုစုပေါင်းဟာ (၂၇.၉) ဘီလီယံဖြစ်ပြီး၊ ဒါဟာ ကဏ္ဍပေါင်းစုံအတွက် အစိုးရက လျာထားတဲ့ စုစုပေါင်း အသုံးစရိတ် (၇၃.၁) ဘီလီယံရဲ့ ၃၈.၁၇% ဖြစ်ပါတယ်။ နယူးဇီလန်မှာရှိရှိသမျှ လူကြီး၊ ကလေး အားလုံးပေါင်းမှ လူဦးရေ (၄) သန်းခွဲကျော်ပဲရှိတာပါ။

စာရေးသူတို့ အမိမြန်မာပြည်မှာတော့ လူဦးရေသန်း(၅၀) ကျော်ရှိပေမယ့်လည်း၊၂၀၁၄- ၂၀၁၅ ဘတ်ဂျက်မှာကြေငြာထားတာကတော့၊ အစိုးရ လျာထားတဲ့ တနှစ်တာစုစုပေါင်းအသုံးစရိတ်ရဲ့ ၅.၉၂% ကိုပညာရေးအတွက် နဲ့ ၃.၃၈% ကို ကျန်းမာရေး အတွက်သုံးစွဲဖို့လျာထားပါတယ်တဲ့။ ပညာရေးနဲ့ ကျန်းမာရေးအတွက် ဦးသိန်းစိန်အစိုးရ သုံးမယ့်ပမာဏာဟာ စုစုပေါင်း အစိုးရ အသုံးစရိတ်ရဲ့ ၉.၃% သာဖြစ်ပါတယ်။

အဲ့ဒါတွေ တွေးမိ၊ ခံစားမိ၊ စဉ်းစားကြည့်မိတော့ ဦးသိန်းစိန်နဲ့ အဘတသိုက် တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာစေတနာထားတယ်ဆိုတာ ကိုရွှေထူးတို့အိမ်ကမွေးထားတဲ့ခွေးကြီး နက်ကျော် ထန်းလျှက်ခဲ လျက်သလို ပြောင်နေတာပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts