သိန်းမြတ် – သူရဲကောင်းတောင်ကြား
(သူ့ဖေ့စ်ဘွတ်ခ်) ဇန်နဝါရီ ၂၈၊ ၂၀၁၅
ထိုတောင်ကြားကို နွားပျင်းတောင်ကြားဟုခေါ်၏။ အနီးအနားက တောင်နှစ်လုံးအနက်တလုံးမှာ နွားပျင်းတောင်ဖြစ်ပြီး တခြားတလုံးမှာ တောင်သာတောင်ဖြစ်၏။ ထိုတောင်အနားက ရွာကလေးကိုလည်း နွားပျင်းရွာဟုခေါ်၏။ အသံထွက်လျှင် နဗျင်းဟုထွက်၏။ သို့သော် အခုခေတ်ရွာသားတွေ ထိုနယ်သားတွေက နွားပျင်းရွာ၊ နွားပျင်းတောင်၊ နွားပျင်းတောင်ကြားဟူသောအမည်ကို မကြိုက်။ နွားအမည်ပေါက်နေသည်ကို မကြိုက်။ နွားတောင်မှ ပျင်းသောနွားဖြစ်နေရာ ပို၍မကြိုက်။ ထို့ကြောင့် သူတို့ရွာ၊ သူတို့တောင်၊ သူတို့တောင်ကြားကို နာမည်ပြောင်း ထားသည်။ ပြောင်းထားသောအမည်မှာ နန်းမြင့်တောင်ဟူ၏။ သို့သော် ထိုတောင်ကြားကို အခုအခါ နာမည်သစ်ပေးချင်ပါသည်။ သူရဲကောင်းတောင်ကြားဟူ၍…..။
ရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဖြင့် ပိတ်ထားသည်။ တခြားတဖက်တွင်လည်း ရန်ကုန်ရှိကျောင်းသူ မဖြိုးဖြိုးအောင်ထံမှ တဆင့် ဆွေးနွေးမည်ဟု ကမ်းလှမ်း၏။ ထိုမှ တခြားတဖက်တွင်ကား နိုင်ငံတော်အလံကို ဖြုတ်ချပြီး ခွပ်ဒေါင်းအလံကို တင်သည်မှာ သည်းခံနိုင်စရာမရှိဟု သမ္မတ၏ကိုယ်ရံတော်များဖြစ်သော ဦးရဲထွဋ်၊ ဦးဇော်ဌေး တို့က ဖေ့စ်ဘွတ်ခ်တွင်ပြောကြ၏။ ဥပဒေချိုးဖောက်သည်ဟု ဖေ့စ်ဘုတ်ကနေပြောပြီး ချက်ချင်းလိုလိုပင် တရားစွဲ ဖို့စီစဉ်၏။ ဥပဒေဆိုသည်မှာ ယနေ့ခေတ်တွင် အစိုးရအတွက် လက်နက်ဖြစ်၏။ ကျွဲသည်ချိုကို အားကိုး၏။ မြွေသည် အဆိပ်ကိုအားကိုး၏။ ခွေးသည်အစွယ်ကိုအားကိုး၏။ ထို့အတူ အစိုးရသည်လည်း ဥပဒေကို အားကိုး၏။
သူတို့အဖို့ရာ နိုင်ငံတော်အလံသည် မြတ်နိုးစရာဖြစ်ပေလိမ့်မည်။ ဂုဏ်ယူစရာလည်း ဖြစ်ပေလိမ့်မည်။ သူတို့ အတွက် အောင်လံတော်လည်း ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုအလံသည် (၂၀၀၈) အခြေခံဥပဒေနှင့် ဖွားဖက်တော်ဖြစ်သောကြောင့်ပင်။ ကျွန်တော်တို့က ထိုအလံကို မကြိုက်။ အထူးသဖြင့် (၂၀၀၈) အခြေခံဥပဒေ၏ ဖွားဖက်တော်ဖြစ်သောကြောင့် ပို၍မကြိုက်။ မီးပွိုင့်ကို ဇောက်ထိုးဆွဲထားသော အရောင်နှင့် တူသောကြောင့်လည်းကောင်း၊ လစ်သူရေးနီးယားအလံ၊ ဂါနာအလံကို ခိုးထားသည်ဟုခံစားရ သောကြောင့်လည်းကောင်း ပို၍ပို၍ မကြိုက်။
ခွပ်ဒေါင်းအလံကိုတော့ ကျွန်တော်တို့သိပ်ကြိုက်သည်။ ခွပ်ဒေါင်းအလံသည် ကျွန်တော်တို့ ကျောင်းသားများ၏ သမိုင်းဖြစ်သည်။ ကျွန်တော်တို့ နိုင်ငံတော်၏ သမိုင်းလည်း ဖြစ်သည်။ ကျွန်တော်တို့ကိုယ်တိုင် ဖြတ်သန်းခဲ့သော သမိုင်းလည်း ဖြစ်သည်။ (၁၉၈၈) ခုနှစ်က ထိုအလံကို ကျွန်တော်တို့ ကိုယ်တိုင် ကိုင်စွဲခဲ့ဖူးသည်။ ထို့ကြောင့် ခွပ်ဒေါင်းအလံကို ကျွန်တော်တို့ ကြိုက်သည်။ သုံးရောင်ခြယ် (၂၀၀၈) အလံနေရာ တွင် ခွပ်ဒေါင်းအလံကို တင်လိုက်သောအခါ ကျွန်တော်တို့ ကျေနပ်သည်။ ဝမ်းသာသည်။ တက်ကြွအားရသည်။ သူတို့ဘက်က ရာဇဝတ်မှုဟုမြင်သော်လည်း ကျွန်တော်တို့ဘက်က အောင်အတိတ် အောင်နိမိတ်ဟု မြင်လေသည်။
ယနေ့ နဗျင်းတောင်ကြား သို့မဟုတ် နန်းမြင့်တောင်ကြား သို့ ရောက်သောအခါ ရှေ့က လက်နက်ကိုင် အဖွဲ့များက ပိတ်ဆို့တားဆီးကြသည်။ လက်နက်များသည် ရန်စွယ်နှင့်ငေါငေါ……။ ထိုယူနီဖောင်း၊ ထိုအသွင်အပြင်၊ ထိုတပ်ဖွဲ့တို့မှာ ဒီနိုင်ငံတွင် နာမည်ဆိုးဖြင့်ကျော်စော၏။ ထိုသူများသည် လူသတ်တတ်၏ဟု အများက နားလည်ကြ၏။ ထိုမျှသာမက မာန်တကြွကြွနှင့် အစိုးရပြော… ပြောကြသော “မြို့မိမြို့ဖ”ဆိုသူများကိုလည်း တွေ့ရသေး၏။ အပ်တိုတချောင်းမျှမပါသော ကျောင်းသားတို့ကို အဘယ့်ကြောင့် လက်နက်ဗိုလ်ပါတို့ဖြင့် ဤသို့ ပိတ်ဆို့ခြိမ်းခြောက်ပါသနည်း။ သူတို့ဘက်က အပြစ်ဆိုသော အချက်မှာ အလံကိစ္စတခုတည်းသာ။ သို့သော် အလံသည် အကြောင်းပြချက်ဟုသာ ထင်စရာ ဖြစ်၏။ လူထု၏ အံ့မခန်းထောက်ခံကြိုဆိုမှုကသာ သူတို့မကျေနပ်စရာ တကယ့်အကြောင်းဖြစ်ပုံရ၏။
အတန်ကြာအောင် နှစ်ဖက်ရင်ဆိုင်တွေ့ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းအစိတ်ကျော်တုန်းက ထိုကဲ့သို့ အတွေ့အကြုံမျိုးကို ကျွန်တော်တွေ့ကြုံခဲ့ဖူး၏။ နာမည်ကျော် တံတားနီ အရေးအခင်းဖြစ်သည်။ ညှိနှိုင်းဆွေးနွေး ကြသည်မှာ မပြေလည်။ အစိုးရသည် ပရိယာယ်ကြွယ်လွန်းသည်။ တဖက်က ဆွေးနွေးရအောင်ပါဟု မဖြိုးဖြိုးအောင်ကို နေပြည်တော်ကနေ ဆက်သွယ်နေသည်။ အခြားတဖက်တွင်မူ ကျောင်းသားများကို အစွမ်းကုန်ခြိမ်းခြောက်နေလေသည်။
ကျောင်းသားများဖက်က ကြာရှည်မစောင့်ဆိုင်းနိုင်။ ညမှောင်ပြီး လူထုမျက်ကွယ်ရောက်သွားလျှင် သူတို့ကို စိတ်မချရ။ ထို့ကြောင့် မြန်မြန်ဆုံးဖြတ်ကြမှ ဖြစ်မည်။
မိနစ် ၂၀ အတွင်း အတားအဆီးများဖယ်ရှားပေးရမည်။ မဖယ်ရှားလျှင် အသေခံတက်မည်ဟု ကြေညာလိုက်သည်။
နာရီသည် တချက်ချက်နှင့် ရွေ့လျားနေသည်။ သူတို့ဘက်က တုတ်တုတ်မျှမလှုပ်။ ဆယ်မိနစ်ကြာလေပြီ။ ကျောင်းသားများက ပထမအတားအဆီးကို ဖယ်ရှားပြီး ရှေ့တိုးလိုက်သည်။ လုံခြုံရေးများက ဒုတိယ အတားအဆီးနောက် (၁၅) ပေမျှအကွာတွင် စည်းအဖြူ တကြောင်းတားလိုက်သည်။ ဘာအဓိပ္ပာယ်ပေနည်း။ ရှေ့မတိုးနှင့် တိုးလျှင်ပစ်မည်ဟူသော အဓိပ္ပာယ်လော။
နာရီလက်တံသည် တချက်ချက်နှင့် ဆက်လက်ရွေ့လျားနေသည်။ တမိနစ်သည် တကမ္ဘာလောက်ကြာသည်ထင်ရသည်။ ကျွန်တော့်ရင်ခုန်သံသည် တဒိန်းဒိန်းမြည်နေလေသည်။ ကျောင်းသားများက ရဲဝံ့ပြတ်သားသလောက် ကျွန်တော့်မှာ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေသည်။ ဒီအစိုးရသည် ဒီနှစ်ပိုင်းအတွင်းတွင်လည်း ရှေးယခင်ကကဲ့သို့ပင် နာမည်ဆိုးနှင့် ကျော်ကြားဆဲဖြစ်သည်။ ဒေါ်ခင်ဝင်း၊ ကိုပါကြီးတို့ အသတ်ခံရသည်မှာ မကြာသေး။ ဘုန်းတော်ကြီးများကို မီးလောင်ဗုံးကပ်ခဲ့သည်မှာလည်း သိပ်မဝေးလှသေး။
ကျောင်းသားများက ရှေ့တဆင့်တိုးလိုက်သည်။ လုံထိန်းအဖွဲ့ကလည်း စည်းအဖြူနောက်တွင် နောက်ထပ် စည်းအနီတားလိုက်ပြန်သည်။ ဘာအဓိပ္ပာယ်နည်း။ စည်းအနီဟူသည်မှာ စည်းအဖြူထက်တော့ အရေးကြီးသည်ဟု ယေဘုယျနားလည်နိုင်သည်။
အချိန်က ငါးမိနစ်သာ ကျန်တော့သည်။ ရင်ခုန်ရလွန်းသောကြောင့် မောလာသည်။ အဆုတ်သည် လည်ချောင်းဝတွင် တစ်နေသည်ဟုထင်မိသည်။ ပါးစပ်ကနေထွက်မသွားအောင် အံတင်းတင်းကြိတ်ထားမိသည်။
မိနစ် (၂၀) ပြည့်ပြီ။
ကျောင်းသားများသည် နောက်ဆုံးပိတ်ဆို့ထားသော သံဆူးကြိုးများကို ဖယ်ရှားပြီး ရှေ့သို့ချီတက်လိုက်ကြသည်။ လုံခြုံရေး အဖွဲ့များနောက်ဆုတ်သွားကြလေသတည်း။
အောင်ပြီ။ အောင်ပြီ။ ကျောင်းသားတို့သည် အမိနိုင်ငံတော်အတွက် အသက်ကိုအရင်းပြု၍စွန့်စားခဲ့သည်မှာ အောင်မြင်ခဲ့လေပြီ။
နောက်နောင်တွင် ဒီတောင်ကြားကိုဖြတ်သွားတိုင်း သူတို့ကို သတိရအောက်မေ့ရင်း ဒီတောင်ကြားကို အလေးပြုပြီးမှ ခရီးဆက်ရပေတော့မည်။ ထို့ကြောင့် ဒီတောင်ကြားကို သူရဲကောင်းတောင်ကြားဟု အမည်ပေးလိုက်ချင်ပါသည်။
တချိန်က နဗျင်းတောင်ကြား၊ ထို့နောက် နန်းမြင့်တောင်ကြားဟုခေါ်ခဲ့သော ထိုနေရာကို နောင်တွင် သူရဲကောင်းတောင်ကြားဟုသာ ကျွန်တော်က ခေါ်ပါတော့မည်။
သိန်းမြတ်
ကိုသိန်းမြတ် လူမှုကွန်ရက်စာမျက်နှာကနေ သပိတ်မှောက်ကျောင်းသားများ အား ဂုဏ်ပြု ကူးယူ ဖော်ပြလိုက်ပါတယ်။ စာရေးသူ ကိုသိန်းမြတ် အား ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုပါသည်။
Thein Myat Facebook —
သူရဲကောင်းတောင်ကြား=============== ထိုတောင်ကြားကို နွားပျင်းတောင်ကြားဟုခေါ်၏။ အနီးအနားက…
Posted by Thein Myat on Tuesday, January 27, 2015
ခေါင်းစီး ဓာတ်ပုံ ကို ကိုစံငြိမ်းဦး စာမျက်နှာ ကနေ ယူပါသည်။ ကျေးဇူးတင်ပါသည်။
San Nyein Oo Facebook –
https://www.facebook.com/photo.php?fbid=587863718024333&set=pcb.587863758024329&type=1