ဖိုးသံ (လူထု) – ကျွန်တော်နဲ့ စန္ဒကိန္နရီ

January 28, 2015

ဖိုးသံ (လူထု) – ကျွန်တော်နဲ့ စန္ဒကိန္နရီ
(မိုးမခ)  ၂၈ ဇန်နဝါရီ၊ ၂၀၁၅

ကျွန်တော်က သီချင်းဆိုတတ်သူ မဟုတ်ပါ။  အဆိုလည်း မသင်ဖူး၊ အသံလည်း မကောင်း၊ ယုံပါ၊ ပါရမီလည်း လုံးဝ မပါ ပါဘူး။

ဒါပေမဲ့ ကျွန်တော်က သီချင်းကို ကြိုက်တယ်။  ကြိုက်တဲ့ သီချင်းတွေကို လိုက်မှတ်၊ လိုက်ဆိုတယ်။  လွှတိုက်ရင်း၊ ရေချိုးရင်း၊ ကားမောင်းရင်း၊ ကလေးချော့သိပ်ရင်း အားတိုင်း သီချင်းဟစ်နေ၊ ညည်းနေတတ်ပါတယ်။  သီချင်းတဲ့ ဆိုရင် တကယ့်ကို  “က ပါ တမတ်၊ ရပ်ပါ တကျပ်” ဆိုတဲ့ အစားထဲကပါ။

ကျွန်တော်ဆိုတတ်တဲ့ သီချင်းများကလည်း စုံတယ်လို့ ပြောနိုင်ပါတယ်။  အမေက ရင်ခွင်ထဲထားပြီး နှုတ်တိုက် သင်ပေးခဲ့တဲ့ ဆရာမင်းသုဝဏ်ရဲ့ “မောင်ခွေးဖို့ကဗျာများ” ထဲက သားချော့သီချင်းတွေ၊ “အိပွဲ့၊ အိပွဲ့ ငှက်သမ္ဗာန် ခတ်သွားတယ်” လို ဆရာမြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်တို့ရဲ့ သီချင်းတွေ၊ ခရစ်ယန် သာသနာပြုကျောင်းက တတ်လာတဲ့ ဗြုတ်စဗျင်းတောင်း အင်္ဂလိပ်သီချင်း၊ ကျောင်းသားသမဂ္ဂနဲ့ ငြိမ်းချမ်းရေး သီချင်းတွေ၊ လူပျိုပေါက် အရွယ်မှာ အသည်းစွဲခဲ့ရတဲ့ စန္ဒရားချစ်ဆွေ၊ မြတ်လေး၊ မာမာအေး၊ ကိုသန်းလှိုင်၊ စန္ဒရားလှထွတ်၊ ကိုစောညိမ်းနဲ့ မောင်မောင်ညွန့် (နာမည်တွေရှေ့မှာ ဦး-ဒေါ် မတပ်တာကို နားလည်ပေးပါ) တို့ရဲ့ သီချင်းတွေ၊ နောက်ပြီး အမေက “ပြည်သူချစ်သောအနုပညာသည်” စာအုပ်ကို ပြုစုတော့ ဆရာကြီး စိန်ဗေဒါသီချင်းတွေ လိုက်ဆိုရင်း အလွတ်ရ နေပြန်တယ်။  (“ဗျောညွန့်” က အစ ”တိုင်းပြည်ဘောင်နယ်ပြည်ဘောင်၊ နာမည်တော် ကြီးလှပါတဲ့မောင်” ဆိုတာ တို့ပေါ့။)

ဒါကြောင့် ၀နယ် ပန်ဆန်းမှာလည်း ဘယ်နေရာ ရောက်ရောက်၊ ကျွန်တော်က အဲဒီလို ဟိုဟာဟဲ ဒီဟာကဲ လုပ်နေတော့ ကျွန်တော်နဲ့ တဌာနထဲ လုပ်တဲ့ ကိုထွန်းခိုင် (သူက မန္တလေးက အငြိမ့်တခုမှာ အုပ်စုံတီးခဲ့သူ) က “ဒီလူက ပစပ်စုံတယ်” လို့ သူတို့ဗလပ် စကားနဲ့ မှတ်ချက်ချ ပါတယ်။ (ဗလပ်စကား ဆိုတာ သဘင်သည်စကားလို့ ပြောတာပါ)။

ကျွန်တော် မန္တလေးထောင်ထဲက (၂) တိုက်ထဲမှာ နေရတုန်းက အဲဒီ တိုက်ထဲမှာ ဂျပန်တော်လှန်ရေးမှာ လှုပ်ရှားပါဝင် ခဲ့ရာကစလို့ နာမည်ကြီးတဲ့ မန္တလေးက ဆရာတော်သုံးပါး (ဒင်းတို့ ထားလို့ မတတ်သာဘဲ နေရတာဆိုတော့ သီတင်း သုံးတယ်လို့ မဆိုနိုင်ဘူးထင်ပါတယ်) ရှိပါတယ်။ ဘွဲ့တွေက (သက်တော်စဉ်အရ) မစိုးရိမ်တိုက်က ဆရာတော် ဦးဉာဏသာမိ၊ မန္တလေးတောင်ခြေက ဆရာတော်ဦးကုသလ၊ ကင်းဝန်မင်းကြီးတိုက်က ဆရာတော်ဦးဝိလာသဂ္ဂ တို့ ဖြစ်ပါတယ်။

ကျွန်တော်က တိုက်ထဲမှာ ညအခါ လမ်းလျှောက်ရင်း ပါးစပ်ထဲ တွေ့သမျှ သီချင်းတွေကို ဟစ်တော့  အဲဒီ အသည်းကွဲသီချင်းတွေလည်း ပါ ပါတယ်။  ဒီလိုအခါမှာ အခန်းချင်း ကပ်နေတဲ့ အခန်းနံပတ် (၈) က ဆရာတော်ဦးဝိလာသဂ္ဂက  “ဟေ့ကောင်လေး၊ ငိုသံပါကြီးနဲ့ မဆိုစမ်းနဲ့ကွာ” လို့ လှမ်းနောက်လေ့ ရှိတာ မှတ်မိနေပါတယ်။  ထောင်ထဲမှာတုန်းက ကျွန်တော်က အသက် ငယ်တဲ့အထဲမှာ ပါတာကလည်း တကြောင်း၊ ဆရာတော်ဦးဉာဏသာမိ၊ ဆရာတော်ဦးကုသလ၊ ဆရာတော်ဦးဝိလာသဂ္ဂ တို့ဟာ ကျွန်တော့် မိဘများနဲ့ ရှေးကတည်းက ရင်းနှီးတာကလည်း တကြောင်းကြောင့် ကျွန်တော့်ဆိုရင် အမြဲစလေ့၊ နောက်လေ့ရှိပါတယ်။ ကျွန်တော်က မြတ်လေးရဲ့ ”မရောလည်း မူးရောလည်းမူး” ဆိုတဲ့ မစ္စ၀ီစကီ သီချင်းကို ဖီလင် အပြည့်နဲ့ မာန်တွေ ထန်တွေ ထည့်ပြီး ဟဲနေတော့ ဆရာတော်တပါးက ”ဟေ့ ဖိုးသံ၊ အရက် မသောက်တတ်ဘဲနဲ့ ဟန်လုပ်မူး မနေနဲ့ကွာ” လို့ စလို့ ကြားလိုက်သူတိုင်း ၀ိုင်းရယ်ကြ ဖူးပါတယ်။

ထောင်ထဲမှာ သီချင်းငတ်တာကို  ထောင်ကျဖူးတဲ့ လူမှသိပါမယ်။  အရင် မန္တလေးနန်းတွင်းက ထောင်မှာနေရတုန်းက ကျုံးပတ်ဝန်းကျင်က အလှူအတန်းနဲ့ ပွဲလန်းသဘင်တွေ၊ ကျောက်တော်ကြီးပွဲ၊ ကျောင်းသားပွဲတော်၊ သင်္ကြန်ပွဲတော် စတာ တွေက သီချင်းသံတွေ လွင့်ပျံလာရင် တခုတ်တရ နားထောင်ရတာပါ။  မှတ်မိသေးတယ်၊ အဲဒီလို အပြင်မှာ သိပ်စည်ကား ဆူညံနေရင် ကျွန်တော့် အခန်းဘေးက နောင်မှာ ကျွန်တော်နဲ့အတူ ကိုကိုးကျွန်းကို ပါလာတဲ့ ကိုဝင်းမြင့်က “ကိုဖိုးသံရေ၊ လူ့ပြည်ကြီးကတော့ ပွက်လောညံလို့ပါလားဗျာ” လို့ ညည်းတတ်ပါတယ်။

သူ့ညည်းသံထဲမှာ လွမ်းသံလေး ပါနေတယ် ဆိုတာကို ကျွန်တော်တို့ အသိဆုံး ဖြစ်ပါတယ်။  အဲဒီ ခေတ်တုန်းက ဓာတ်ပြားနဲ့ လော်စပီကာ ထွန်းကားတဲ့ ခေတ်မို့ လေလှိုင်း ထဲကနေ သီချင်းကောင်းလေးများ လွင့်ပျံလာရင်  “ကိုဘယ်သူရေ၊ မေလှမြိုင်ဗျို့၊ မတင်တင်မြကြီးဗျို့”  စသဖြင့် အချင်းချင်း သတိပေးကြတာဟာလည်း အလုပ်တခုပါ။

ကျွန်တော်တို့ဟာ တိုက်ထဲမှာ နေကြတယ် ဆိုပေမဲ့ ညအခါကျရင် ထောင်အိပ်ချိန် မတိုင်မီ သံတိုင် တံခါးပေါက်ရပ်ပြီး တဦးနဲ့တဦး အော်ပြီး စကားပြောလေ့ ရှိကြပါတယ်။  ဒီလိုအခါမှာ အလှည့်ကျ သီချင်းဆိုခိုင်းကြ၊ နားထောင်ကြတာကလည်း အစဉ်အလာတခုလို ဖြစ်ပါတယ်။  မှတ်မှတ်ရရ တညမှာ ဘ၀တူတယောက်က “ဆရာမြို့မငြိမ်းရဲ့ သီချင်းတွေထဲမှာ ဘယ် သီချင်းကို အကြိုက်ဆုံးလဲ၊ ပြောကြပါ”  ဆိုတဲ့  မေးခွန်းကို ဖော်ထုတ်လိုက်လို့ အားလုံး ဦးနှောက် လှုပ်ရှားကုန်ကြ ရပါတယ်။

သူ့ တောင်းဆိုချက်မှာ ကိုယ်ရွေးချယ်တဲ့ သီချင်းကို ဘာကြောင့် အကြိုက်ဆုံးလို့ ညွှန်းသလဲ ဆိုတာပါ ပြောရမယ်လို့ ပါနေပါတယ်။  လူတွေက အားနေကြတာကလား။  ကျွန်တော် မှတ်မိသလောက်တော့ ခုနကပြောတဲ့ ကိုဝင်းမြင့် (သူက မန္တလေး ပန်တျာမှာ စန္ဒရားသင်နေတုန်း အထိန်းသိမ်းခံရသူပါ) က သူတော့ နတ်ရှင်နောင်သီချင်းကို အကြိုက်ဆုံးလို့ ပြောပါတယ်။  ဒေါက်တာကိုလှရွှေ (စစ်ကိုင်း) ကတော့ ပျို့မှာတမ်း၊ နောက်တယောက်က သက်ဝေ စသဖြင့် ပြောကြပြီး ကျွန်တော်ကတော့ ကြိုက်တာတွေ များလွန်းလို့ အကြိုက်ဆုံးကို ရွေးမထုတ်တတ်ဘူးဗျာလို့ ပြန်ဖြေခဲ့ပါတယ်။

ဒီလိုနဲ့ ထောင်ညတည ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်လွန်စေခဲ့ပါတယ်။  အဲဒီတုန်းက ဆရာတော်များဟာ ကျွန်တော်တို့ ပြောတာတွေကို ဘာမှတ်ချက်မှမပေး၊ မပြောကြပေမဲ့ နားထောင်နေကြတယ် ဆိုတာတော့ နောက်တနေ့မှာ သူတို့ ကိုယ်တိုင်က ပြန်ပြောလို့ သိရပါတယ်။

ကိုကိုးကျွန်းပေါ်ကို ရောက်တော့ ကျွန်တော့် ဂီတပိုးကို အချုပ်အနှောင်မရှိ လွှတ်ပေးနိုင်ခဲ့တယ်လို့တောင် ဆိုနိုင်မလား ပါပဲ။  ဘယ်တုန်းကမှ တီးဝိုင်း အနားမကပ်ဖူးတဲ့ ကျွန်တော်တယောက် တီးဝိုင်းနဲ့ ပေ (၂၀) လောက် အကွာမှာပဲ အိပ်ရတဲ့ဘ၀ ရောက်ခဲ့ပါတယ်။  ကျွန်တော်နေခဲ့ရတဲ့ (၉)ဆောင်ဟာ ကိုကိုးကျွန်းပေါ်က ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ တီးဝိုင်းလည်းရှိ၊ အစည်းအဝေးကြီးတွေ၊ ကပွဲတွေ ကျင်းပတဲ့ အဆောင်လည်း ဖြစ်ခဲ့ပါတယ်။  ဒီတော့ နဂို ကတည်းကမှ ငါ့ အလှူဆိုင်း မထည့်နဲ့ ဆိုတဲ့ လူမျိုးဟာ အချိုကြိုက်တဲ့လူ သကာပုံးထဲ ချလိုက်တာထက် ပိုဆိုးသွားတာပါပဲ။

သီချင်းတိုက်မတဲ့၊ အတီးတိုက်မတဲ့ ဆိုရင် ပတ်မချောင်က ပတ်စာကပ်လို့ မပြီးသေးဘူး၊ ကျွန်တော်က ပြုံးဖြီးဖြီးနဲ့ ရောက်နေပါပြီ။  သူတို့ တိုက်တဲ့အခါမှာ စည်းတီးပေးမဲ့ လူမရှိရင်၊ သံပြိုင်ဆိုမယ့်လူ မပြည့်ရင်၊ ဟဲ.. ဟဲ အီစကိုယ်က နှစ်ခါ မပြောရဘူးပေါ့။  တခါတလေ ကျွန်တော် စည်းဝါး တီးတာက ချွင်နဲ့ ခွပ်နဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။  ဒါဆိုရင် တီးဝိုင်းခေါင်းဆောင် ကိုလှိုင်တင်က ဒုံမင်းတီးရင်းကနေ ၀ါးနေရာမှာ ကြမ်းပြင်ကို ဘုန်းကနဲ၊ ဘုန်းကနဲ ရိုက်ပြီး သတိပေး၊ ထိန်းကြောင်းပေးပါတယ်။

ဒါပေမဲ့ ကိုကိုးကျွန်းနိုင်ငံရေးရဲ့ ယဉ်ကျေးမှုလို့ ပြောရမလား၊ ထူးခြားချက်လို့ ပြောရမလားမသိဘူး၊  မိဝေးဖဝေး၊ ထောင်ဝင်စာနဲ့ပါ ဝေးနေတဲ့  ဒီနေရာမှာ ထောင်မှူးတွေ၊ ထောင်ဝါဒါတွေတောင် မယုံနိုင်လောက်အောင် အလုပ်ကြမ်းတွေ လုပ်နေရတဲ့ အကြားကနေ ဆိုင်းတခြိမ့်ခြိမ့်၊ သီချင်းတကျော်ကျော်နဲ့ နေကြတဲ့ ဒီနေရာမှာ ထောင်တွင်း တိုက်ပွဲရယ်လို့ ပေါ်လာရင် ကြွေးကြော်သံက လွဲလို့ ဘာသံမှ မကြားရတော့ဘူး ဖြစ်သွားပါတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတဦးတယောက် က တိုက်ပွဲဆင်တာပဲ ဖြစ်ဖြစ် ဘုံရန်သူကို ဆန့်ကျင်တဲ့ လုပ်ရပ်ဆိုရင် ကျန်အားလုံးက ဆိုင်းမတီး၊ တေးမညည်းပဲ ထောက်ခံကြောင်း ပြသကြပါတယ်။ ဒါပေမဲ့ တိုက်ပွဲအတွင်း ရဲဘော်တယောက် ကျဆုံးသွားရင်တော့ အားလုံးက သံပြိုင် အင်တာနေရှင်နယ်သီချင်းကို ဆိုကြပါတယ်။

ဆောင်းပါးအဆုံးမှာ အစကို ပြန်ကောက်ပါမယ်။  ဗမာ့ဂီတမှာ ခေတ်ပေါ်သီချင်းကြီး (ကလပ်စစ်ကယ်လ်) လို့ ဂီတ ပါရဂူများက အသိအမှတ် ပြုထားကြတဲ့ တေးသီချင်းတွေထဲမှာ တေးဘုမ္မာလို တေးတွေအပြင် မိုးဒေ၀ါ မလှရွှေရဲ့ နာမည် ကြီးလှတဲ့ မိုးဒေ၀ါနဲ့ စန္ဒကိန္နရီတို့လည်း ပါတယ်ထင်ပါတယ်။  ကျွန်တော့်အဖို့ ဒီသီချင်းနှစ်ပုဒ်နဲ့ အထူးရင်းနှီးရတဲ့ အကြောင်းတခုကတော့ မလှရွှေရဲ့ညီမ ဒေါ်ခင်သန်းမြင့်ဟာ ကျွန်တော့်အမေရဲ့ ”ညည်းနဲ့ငါ၊ ယူနဲ့အိုင်” ပြောနိုင်တဲ့ အင်မတန်ရင်းတဲ့ တမြို့ထဲသူ ကျောင်းနေဖက် ဖြစ်နေလို့ပါပဲ။

ဒီတော့ ကျွန်တော်တို့ဟာ ငယ်ငယ်ကလေး ကတည်းက၊ ဒီသီချင်းတွေကို မခံစားတတ်မီ ကတည်းက ဒီသီချင်းတွေရဲ့ နောက်ကြောင်း ဇာတ်လမ်းနဲ့ ဘယ်မျှ ကောင်းကြောင်း၊ ဘယ်လောက်အဆင့် မြင့်ကြောင်းတွေကို မကြာခဏ ကြားနေခဲ့ရပါတယ်။  နောင်မှာ ကိုယ်က အရွယ်ရောက်လာလို့ ခံစားတတ်လာတော့၊ အမလေး- ကြိုက်လိုက်ရတဲ့ ဖြစ်ခြင်းပါ။  မိုးဒေ၀ါ သီချင်းသံကို ရေဒီယိုက ကြားတော့ ဒီသီချင်း သီဆိုသူရဲ့ မပေါင်းလိုက်ရတဲ့ ချစ်သူ (ကျနော့်ဆရာဖြစ်ပါတယ်) ဘယ်လို ခံစားရတယ်ဆိုတာကို နားလည် ခံစားမိခဲ့ပါတယ်။

အဲဒီလို စွဲလန်းစရာအကြောင်းတွေ အများကြီး ရှိနေတဲ့ သီချင်းကို အမှတ်မထင် ပြန်ကြားရတဲ့ နေရာက အထိန်းသိမ်းခံ နိုင်ငံရေးသမား (၂၃၃) ယောက်ကို သယ်ပြီး ကိုကိုးကျွန်းဆီကို ဦးတည်သွားနေတဲ့ ပြည်တော်ညွန့် သင်္ဘောကြီးပေါ်မှာ ဖြစ်ပါတယ်။  ရန်ကုန်ဆိပ်ကမ်းက ညသန်းခေါင်လောက်မှာ ခွာလာပြီးနောက် နေထွက်ပြီဖြစ်ပေမဲ့ ပြည်မကို လှမ်းကြည့်လို့ မမြင် နိုင်လောက်တဲ့ အချိန်မှာ ကျွန်တော်တို့ လိုက်ပါရတဲ့ သင်္ဘောဝမ်းတွင်းက အသံချဲ့စက် သေးသေးလေး ထဲကနေ သီချင်းသံ ထွက်လာပါတယ်။  ကျွန်းကိုမပို့ခင် အင်းစိန်ထောင်ထဲမှာ နေခဲ့ရတဲ့ သီတင်း တပတ်လောက် ကာလအတွင်းမှာ မနက်မိုးလင်းကနေ ညမိုးချုပ်တဲ့ အထိ ထောင်မှူး၊ ထောင်ဝါဒါတွေရဲ့ အဆဲအငေါက်တွေချည်း ကြားခဲ့ရတာဆိုတော့ သီချင်းလို့ သိလိုက်တာနဲ့ အာရုံအားလုံးဟာ အဲဒီ ချွဲသံတွေပါနေတဲ့ အသံချဲ့စက်ဆီကို ရောက်သွားကြပါတယ်။ ကြားလိုက်ရတာက

“လှမ်းမယ်ပမြန်းစို့ ကိန္နရီ ကိန္နရာတူမကွာ တွဲကာနွှဲကာ ၀ဲကာပျံကြ၊ တွဲကာ နွှဲကာ ၀ဲကာပျံကြ၊ ပန်းစုံစွာ ဂနိုင်တွင်း ကြိုင်သင်းလို့သာ၊ ပန်းစုံစွာ သြော်ဂနိုင်တွင်း ကြိုင်သင်းလို့သာ ဖို…မ သံချိုထူးလို့သာ ငွေသောင်ယံ ရွှေတောင်ပံ မခွဲရက် အောင် နွှဲ ယှက်ပျော်တာ..”။

ဟုတ်ပါတယ်။  ဒေါ်လှရွှေဆိုတဲ့ စန္ဒကိန္နရီသီချင်းပါပဲ။  ဘယ်မေ့နိုင်လိမ့်မလဲ။ ကျက်သရေရှိ လွန်းလို့ အာရုံပြုပြီး ဇိမ်ခံနေလိုက်မိပါတယ်။

“အို… ငွေမှုံကြဲတဲ့ သဲသောင်ယံမှာ လောင်းမြတ်ကိန္နရာ အိုမြားနဲ့ခွင်းပါလို့ ချစ်မယားမှာ သောကဖြာ၊ စီးကျမျက်ရည် အထွေထွေ လင်ရွှေတုံ ဂမုံး မယ့်သက်လျာ အိုဆုံးပေါ့ တခါ၊ အသည်းအူ ပူအောင်ဖန်လို့သာ ပွေ့ယူရင်ခွင်ထဲမှာ ငိုမစဲရှိုက်ငင် သည်းထန်စွာ…”။

လက်စသတ်တော့ အကျဉ်းထောင် အာဏာပိုင်တွေဟာ ငါတို့ကို အိမ်လွမ်းအောင်၊ ဇနီးမယားနဲ့ ခွဲခွာလာ ရတဲ့လူတွေကို စိတ်ဓာတ်ကျအောင်၊ စိတ်ဆင်းရဲအောင် တမင် စိတ်ဓာတ်စစ်ဆင်ရေး လုပ်နေတာပါလား။  ဒါကို ကျန်တဲ့ အထိန်းသိမ်းခံတွေလည်း ကျွန်တော့်လိုပဲ သဘောပေါက်ကြပါတယ်။

ဒါကြောင့် မုန်းလိုက်တာ၊ စိတ်နာလိုက်တာ၊ သီချင်းကိုမဟုတ်ပါဘူး။  အဲဒီ အာဏာပိုင်တွေနဲ့  အဲဒီအစိုးရကိုပါ။

ဖိုးသံ(လူထု) / ရဲဘော်ဖိုးသံချောင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

Archives