ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – နေမြင့်လေ အရူးရင့်လေ လူထု နာလေ

 
ငြိမ်းချမ်းအေး  – နေမြင့်လေ အရူးရင့်လေ လူထု နာလေ
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၅
ဗမာပြည်ကကောင်းဘွိုင်က သေနတ်တွေ လမ်းပေါ်ပစ်မရရင် ခြောက်ဗုံးတွေ လှည့်ခွဲတတ်ပါတယ်။
အခု မဘသ ဥက္ကဋ္ဌ ကျောင်း ဗုံးလန့်တာက အစရယ်ပါ။  ဒီမိုကရေစီ အင်အားစုနဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ NLD နဲ့ ဘုန်းကြီး လှည့်ရန်တိုက်ပေးရာမှာ ကြားက မွတ်ဆလင်က လောင်စာပါ။
ဒီမိုကရေစီ အရောက် သာသနာ အပျောက်ပဲ ဆိုတဲ့ လမ်းကြောင်းမှုမှာ သားမယား ပြုကျင့်မှု လန်ကြုတ်ဇာတ်လမ်းတွေ ရှိသလို၊ ဒေါသထွက်နေတဲ့ လူအုပ်ကြီးတွေ ရှိသလို၊ ကိုယ့်ဘာသာ ထောင်တဲ့ လုပ်ဗုံးတွေလည်း ရှိပါတယ်။  ပြီးရင် ဆုံးသွားရှာပြီဖြစ်တဲ့ ကိုဖြိုးဝေအောင်လို မြေဇာပင် တရားခံတယောက် ရှာပါမယ်။
အရင်တုန်းကဆိုရင်တော့ ဗုံးခွဲပဟေ့ (ဗုံးကွဲ မဟုတ်ပါ) ဆိုရင် လွယ်လွယ်ကူကူ ပြည်သစ်ညွန်ဝေ တို့ ဘာတို့ ဆိုပြီး လက်ညှိုးထိုးနိုင်တယ်။  အခုတော့ တော်လှန်ကြောင်တွေကိုယ်တိုင် ပြည်တွင်းရောက်နေပြီဆိုတော့ ကုလား အပြင် အခြား ဖိထောင်းစရာ မရှိပါ။
နေမြင့်လေ အရူးရင့်လေ ဆိုသလို (၂၀၁၅) ရောက်လေ အာဏာရူးများ မိုက်သွေးရင့်လေပါပဲ။
အာဏာကို ဆုပ်ကိုင်ထားလိုသူများရဲ့ လှည့်ကွက်အစုံစုံမှာ အပွင့်ဆိုင် အရေအတွက်နဲ့ အတိုက်အခံကို အလုပ်ပေးထားတာ၊ မျိုးစောင့်ဥပဒေနဲ့ လွှတ်တော်မှာ ပွဲထိန်းတာမျိုးကအစ၊ လူထု အပေါ် ခေါင်းလောင်းရှာခိုင်းတာ အလယ်ကနေ ဗုံးခွဲမှုတွေ၊ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးတာအထိ အမျိုးမျိုး အဖုံဖုံ ပါ ပါတယ်။
လူထု နဲ့ ကျောင်းသား ပူးပေါင်း လှုပ်ရှားမှုတွေ ရေချိန်ပိုမြင့်လာလေ အာဏာရူးများ အရူးမီးဝိုင်းပြီး သားကောင်ချနင်း မိုက်ကန်းတဲ့ အလုပ်တွေ ပို လုပ်လာကြဦးမှာပါ။
ရင်လေးဖွယ်ပါ။
ခေါင်းဆောင်များ ဒါတွေကို ကြိုမြင် လူထုနဲ့ ပူးပေါင်း၊ သံပူတုန်း ထုနှက်ဖို့ ကြိုးစားပါ။  လူထု ကို တကယ် မနာစေချင်ဘူးဆိုရင် လူထုနဲ့ ပူးပေါင်းပါ။  ဒီအတိုင်းလွှတ်ထားပြီး လွှတ်တော်မှာ တိုးလျလျနဲ့ ဘယ်နှစ်ပွင့်တွေ့မယ် တောင်းဆိုမယ် ဘယ်လောက်လုပ်လုပ် အာဏာရူးများက တချက်လှည့် တနည်းနည်းနဲ့ တိုင်းပြည်ကို သွေးချောင်းစီးစေဦးမှာပါ။
လှည့်ကွက်တွေ၊ ထောင်ခြောက်တွေက အဖန်တရာတေ ရိုးပေမဲ့ ဒါကိုပဲ မကျော်နိုင်၊ မလွှားနိုင်ခံနေရတာ ရင်နာစရာပါ။  တဖက်က လုပ်စရာရှိတဲ့ အလုပ်တွေကို တနေ့တမျိုး မရိုးရအောင် လုပ်ပြနေတာပါ။
ခေါင်းဆောင်များ ခေါင်းရှောင်မဟုတ်ကြောင်း သက်သေပြု လူထုကို ဦးဆောင်ဖို့ သင့်ပါပြီ။ 
နေမြင့်လေ အရူးရင့်လေ လူထု နာလေ ဆိုတာ သတိပြုသင့်နေပါပြီ။
ငြိမ်းချမ်းအေး

 

ဇန်နဝါရီ ၂၄၊ ၂၀၁၅

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts