Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

အဆိုတော် တကိုယ်တော် ကော်နီ Connie 30 Dreams စင်မြင့်ဖျော်ဖြေပွဲ

 

အဆိုတော် တကိုယ်တော် ကော်နီ Connie 30 Dreams စင်မြင့်ဖျော်ဖြေပွဲ

(ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဇန်န၀ါရီ ၂၆၊ ၂၀၁၅

 

ဂီတ သက်တမ်း နှစ်သုံးဆယ်ပြည့်ပြီဖြစ်သော အဆိုတော် ကော်နီ သည် သူ၏ တစ်ကိုယ်တော် စင်မြင့်ဖျော်ဖြေပွဲအား  ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဇန်နဝါရီလ (၂၃) ရက် သောကြာနေ့ ည (၇) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ကော်နီသည် ၁၉၈၃ တွင် New Wave တေးဂီတ ဝိုင်းတွင် ပင်တိုင်ဟာမိုနီအဆိုရှင် အဖြစ် စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။ငယ်ရွယ်စဉ် ကိုးနှစ်သမီး ကတည်းက စင်ပေါ်တက်ကာ သီချင်းဆိုပြိုင်ခဲ့သူဖြစ်သည်။ တောင်ကြီး မြို့ တွင် မွေးဖွားပြီး အစ်ကိုသုံးယောက် အောက်မှ ညီမ အထွေးဆုံးဖြစ်သည်။ အစ်ကိုသုံးယောက်ကြားတွင် နေထိုင်ခဲ့သော ကော်နီသည် အစ်ကိုများပုံစံ အတိုင်း ယောက်ျားလေးစတိုင်နေထိုင်ခဲ့သူဖြစ်သည်။ 

 

ကော်နီ ၏ ဖျော်ဖြေပွဲကို The Trees Band ဖြင့် အတွင်းကြေ၊အချစ်ရဲ့အမုန်း၊ ခေါ်သံ၊တစ်စုံတစ်ရာ သီချင်းများကို တလွှာစီခွဲဆိုကာ စတင်ဖွင့်လှစ်ခဲ့သည်။ထို့နောက် ကော်နီပြောတဲ့ ကော်နီအကြောင်း၊ ထူးဆန်းနေလား၊ အသက်ရှင်ခြင်းသီချင်း ၊ စက္ကန့်တိုင်း ၊ တစ်ကိုယ်စာငြင်းပယ်ခြင်း တို့ကို သီဆိုခဲ့သည်။ 

 

ဆုန်သင်းပါရ် နှင့် တွဲဖက်၍ နှလုံးသားအနက် ကိုစုံတွဲ သီဆိုပြီး ဆုန်သင်းပါရ် တစ်ဦးတည်း စွဲလမ်းခြင်းမီး အားဆိုခဲ့သည်။  

 

ဆက်လက်၍ ကော်နီ အဝတ်အစား တစုံလဲထွက်လာသောအခါ စံပီး ရေးသားသော ခေါင်းစဉ်မရှိသေးသည့် သီချင်းအသစ်ကို သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် The Trees Band ၏ ပင်တိုင်အဆိုတော်များဖြစ်သော ဖိုးကာ နှင့်တွဲ၍ ရည်းစားဦးတို့ ရင်ခုန်ည ၊ အာဇာနည် နှင့် တွဲဖက်၍ အချစ်ဝိညာဉ်၊ သီချင်းများကို သီဆိုပြီး စံပယ်ဖြူတွေတောင်ပွင့်ပြီကွယ် ကို  တစ်ယောက်တည်းဆိုခဲ့သည်။ စုံတွဲသီဆိုရန် ဇော်ဝင်းထွဋ်ကို စီစဉ်ထားသော်လည်း လာရောက်နိုင်ခြင်းမရှိခဲ့ပေ။

 

The Trees Band ၏ တီးခတ်မှုပြီးသောအခါ အခမ်းအနားမှူး ချစ်ကောင်းနှင့် တင်မိုးလွင် တို့ စင်ပေါ်တက်ကာ ကော်နီ ၏ ငယ်ဘဝအကြောင်းကို အနည်းငယ်ပြောပြခဲ့သည်။ ထို့နောက် Idiots Band  ၏   ဖျော်ဖြေမှု ကိုပြုလုပ်ခဲ့သည်။ 


 

မတီးခတ်မီ အဆိုတော်တွတ်ပီ မှ သူ၏ မိခင်ဖြစ်သူ အဆိုတော်ခင်မြတ်မွန်အား ခေါ်ပြီး အမေဖြစ်သူမှ ပရိတ်သတ်အား အပ်နှံခဲ့သည်။ တွတ်ပီ သည် အသဲကိုမြန်မြန်ခွဲပါ၊ မီးတောက်အိပ်မက်များ သီချင်း နှစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့သည်။

 

Idiots Band တီးခတ်ဖျော်ဖြေမှု ပြီးသောအခါ အသစ်ပြန်လည်ဖွဲ့စည်းထားသော New New Wave Band ဖြင့် ဆက်လက် ဖျော်ဖြေကြသည်။ New New Wave Band တွင် လိဒ် ဟန်ငွေထွန်း၊ စကင်းလိဒ် ကျော်မင်း၊ ဘေ့စ် ဖိုးကလဲ၊ ဒရမ် ဇော်ဝင်းရှိန်၊ ကီးဘုတ် သိန်းထိုက်အောင်၊ ပတ်ကားရှင်း ဂျင်မီအောင်သက် တို့မှ တီးခတ်ပေးခဲ့သည်။ 

 

ဒရမ်မာဇော်ဝင်းရှိန် ၏ ဒရမ်ရိုက်ချက်နှင့်အတူ ထွက်ပေါ်လာသည်ကတော့ ဗလတောင့်တောင့် နှင့် မော်ဒယ်ကောင်လေးများ တာဇံကဲ့သို့ ဆင်ယင်ကာ ထွက်ပေါ်လာသည်နှင့် ပရိတ်သတ် လက်ခုပ်သံမှာ တဖြောင်းဖြောင်းနှင့် ဖြစ်နေချေတော့သည်။ တာဇံ၊ ထိန်းချုပ်သူ၊ လိုနေတာ မင်းအချစ်၊ အချစ်ရူးလေး၊ ဘယ်တော့မှ မမေ့ဘူး သီချင်းများကိုဆက်တိုက်သီဆိုခဲ့သည်။ အချစ်ရူးလေး သီချင်းတွင် အကမယ် ခေမီကို နှင့် တွဲဖက်၍ ဖျော်ဖြေရင်း ပရိတ်သတ်ထဲမှ ပန်းစည်းပေးသူ ပက်ထရစ် (ဖိလစ်ပိုင် အကသမား) မှ လည်း ကော်နီ၏ ဖိတ်ခေါ်မှုကြောင့် စင်ပေါ်တွင် တက်ရောက်ကပြဖျော်ဖြေခဲ့သည်။

 

ထို့နောက် ချောစုခင် နှင့် တွဲဖက်ကာ နည်းနည်းလေးမှ စိတ်မချဘူး သီချင်းအား သီဆိုဖျော်ဖြေပြီး  ချောစုခင် တယောက်တည်း မှန်မှန်ပြော သီချင်းအား သီဆိုခဲ့သည်။ ဆက်လက်၍ ဟေမာနေဝင်း က ဆုံချင်တယ်  ဆိုသောအခါ ကော်နီက ဌေးမင်းထွန်း နှင့် တွဲဖက်၍ ကပြဖျော်ဖြေခဲ့သည်။


 

 

 ဌေးမင်းထွန်းက ကော်နီ ကပုံနှင့် ပတ်သက်၍ အမှတ်တရ စကားပြောရာတွင်  “မကော်ကို ကဖို့ သင်ပေးထားတာ အကွက်ဆန်းတွေပါ။ မကော်ကလည်း လိုက်ကပါတယ်။ ဒါပမေယ့် မကော် တကွက်မှ မမှတ်မိပါဘူး။ ဒီတော့ ကျနော်က လက်ဆွဲခေါ်တဲ့ နောက်သာ မကော် လိုက်ကပါတော့ ” ဟု အမှတ်တရ ပြောပြခဲ့သည်။

 

ကော်နီ အကဝတ်စုံ ပြန်လဲ နေစဉ်တွင် အခမ်းအနားမှူး ချစ်ကောင်းမှ “ ကျနော် မဆိုဘူးပြောထားပေမဲ့ သူငယ်ချင်း ကော်နီ့ကို အမှတ်တရ ဆိုပေးပါ့မယ်ဆိုကာ ကိုယ်တွေ့မှတ်တမ်း ကို သီဆိုခဲ့သည်။ တပုဒ်ဆိုပြီးသောအခါ ပရိတ်သတ်မှ အတင်းတောင်းဆိုသောကြောင့် တီးဝိုင်းနှင့် တိုက်ထားခြင်းမရှိသောကြောင့် ပွဲထိန်းတော်သူ ချစ်ကောင်းမှ လိဒ်တီးသူ ဟန်ငွေထွန်းအား “ အကိုရေ ဒီ ကီးလေး ” ဆိုကာ တစ်ယောက်တည်းလား ကို ဆိုပေးခဲ့သည်။

 

ထို့နောက် Unplugged အစီအစဉ်ဖြင့် ဖျော်ဖြေရာ ကံကောင်းသူလေး၊ အား တို့အား သီဆိုခဲ့သည်။ ကော်နီ ဟာမိုနီအဆိုရှင်ဘဝ တွင် သူငယ်ချင်းများဖြစ်ကြသော ခင်မြတ်မွန်နှင့် တွဲဖက်၍ ပေါက်ကွဲခြင်း ကိုလည်းကောင်း၊ တစိမ့်စိမ့် ရင်ထဲမယ် ကို ထွန်းအိန္ဒြာဗိုလ် နှင့်လည်းကောင်း တွဲ ဖက်သီဆိုခဲ့သည်။

 

ထို့နောက် ဟန်ငွေထွန်းမှ အစီအစဉ်တစ်ခု အားထူးခြားစွာ တင်ဖက်ခဲ့သည်။ “ ကျနော်တို့ ငယ်စဉ်တုန်းက  ဂစ်တာဆိုတာ ရှားပါးပစ္စည်းပါ။ အစ်ကိုတွေ ကိုင်ပြီးချထားရင် သူကယူတီး ၊ငါကယူတီးနဲ့ လုတီးခဲ့ရတာပါ။ အခု ကျနော် တမ်းတခြင်းအနေနဲ့ ဂစ်တာတလက်ကို လူ(၆)ယောက် ဝိုင်းတီးပါမယ်”  ဟုဆိုကာ ဂစ်တာတလက်နှင့် ကော်နီ၊ခင်မြတ်မွန်၊ထွန်းအိန္ဒြာဗိုလ်တို့ တွဲဖက်ကာ လူငယ်လေးတစ်ယောက်အကြောင်း ကို သီဆိုပေးခဲ့ပါသည်။ဆက်လက်၍ သုံးယောက်အတူတူ ပေါင်းကာ ရှင်သန်ခြင်း ကို သီဆိုပေးခဲ့သည်။

 

ကော်နီပွဲ ဖျော်ဖြေရန်အတွက် သြစတေးလျ နိုင်ငံမှ ခွင့်နှစ်ပတ်သာ ရခဲ့သော လိဒ်ဟန်ငွေထွန်း က တမူထူးခြားစွာ မြန်မာသံနှင့် အနောက်သံ ရောနှောမွှေနှေက်ကာ တီးကွက် တစ်ခုဖော်ထုတ်ခဲ့သည်။

 

နောက်ဆုံးအစီအစဉ်အနေဖြင့် ငြိမ်းချမ်းရေး၊ကောင်းကင်မေမေ၊ အသဲကွဲတဲ့ည တို့ကို သီဆိုပြီး ဇော်ဝင်းရှိန်နှင့်တွဲကာ လူငယ်နေ့ကလေးများကိုလည်းကောင်း၊ စည်သူလွင်နှင့် တွဲ၍ ခိုင်မြဲသောသစ္စာ၊ ဘိုဘို နှင့် တွဲ၍ မြတ်နိုးခြင်းမိုးတိမ် သီချင်းများကို သီဆိုခဲ့သည်။ ဂျပန်သို့ ဖျော်ဖြေရေးသွားရောက်ရန် ရှိခြင်းကြောင့် ကော်နီ့ပွဲတွင် မဆိုဖြစ်တော့ရာမှ ဆိုဖြစ်သွားသော နီနီခင်ဇော်နှင့် တွဲဖက်၍လည်း ကိုကိုလို့မခေါ်တော့ဘူး ကို သီဆိုခဲ့သည်။အဆိပ်အချစ် နှင့် ဘဝရထားကို တစ်ယောက်တည်းဆိုကာ မူးယစ်ဆေး သီချင်းကို စည်သူလွင်၊ဘိုဘို တို့နှင့် တွဲသီဆိုခဲ့သည်။

 

အချိန်က ညဉ့်နက်လာပြီဖြစ်သောကြောင့် ပြန်ရန်တာစူနေကြသူများကိုလည်း မပြန်ကြပါရန်လည်း တောင်းပန်နေသော ကော်နီသည်  ဆုံးဖြတ်၊ နင်းဂျာ၊ကိုကိုချစ်တို့ကို တပေါင်းတည်းဆိုကာ သူ၏ တစ်ကိုယ်တော်ဖျော်ဖြေမှုအစီအစဉ်ကို ပြီးဆုံးခဲ့သည်။

 


 

 

“ မကော် က စုံတွဲ အဆိုတွေက များတယ်လေ။ သီချင်းတွေကလည်း တော်တော်များတော့ ရွေးရတာခက်ပါတယ်။ မြန်မာသံ လည်း ဆိုထားတာကိုး။ ဒါကြောင့် မကော်ပွဲမှာ တခြားအဆိုရှင်တွေ များနေတာပါ ” ဟု ပြောပြခဲ့သေးသည်။

 

ကော်နီသည် ယခင်က စတိတ်ရှိုးတိုင်းတွင် မပါမဖြစ်အဆိုတော်တစ်ဦးဖြစ်ခဲ့သည်။ ရုပ်ရှင်၊ဂီတ မှာ နာမည်ကြီး မင်းသားကြီးဦးကျော်ဟိန်းနှင့် တွဲဖက်၍ ဒွန် စတိတ်ရှိုးကို ယခု အမျိုးသားဇာတ်ရုံ၌ ပင်ပြုလုပ်ခဲ့သေးသည်။ ကာလာဖူးလ် ကော်နီ တစ်ကိုယ်တော်ဖျော်ဖြေပွဲလည်း ပြုလုပ်ခဲ့သည်။

“ကို တို့ခေတ်က ကော်နီ၊မငယ်(မေခလာ) ၊တင့်တင့်ထွန်း တို့ဆိုတာ စောင့်ကို ငေးကြည့်ရတာကွ။ သူတို့က အခု မင်းတို့ခေတ်နာမည်ကြီးတဲ့သူတွေထက်ကို သာတယ်ကွ” ဟုပွဲသို့ လာရောက်ကြည့်ရှုသူ ပရိတ်သတ်တစ်ဦးမှပြောဆိုခဲ့သည်။ သူ၏ စကားမဆုံးသေးမှီပင် ကော်နီကိုချစ်သော ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတစ်ဦးမှ ငွေကျပ်ဆယ်သိန်း ချီးမြှင့်ခဲ့သေးသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။

 

  အခက်အခဲတွေ အများကြီးကြားထဲကမှ ဒီပွဲကိုမကော်လုပ်ဖြစ်တာပါ။ ချစ်တဲ့ ပရိတ်သတ်ကြီး ရဲ့ လက်မှတ်တွေ သိန်းနဲ့ချီဝယ်ယူမှုလည်းပါတာပေါ့။  ဆိုသောစကားများမှာ သီချင်းတပုဒ်ဆုံးတိုင်း တဖွဖွ ပြောရင်း ကျေးဇူးတွေ တင်နေသော ကော်နီဖြစ်သည်။ မကော်လေ ကလေးတွေကို ပြောတယ်။မင်းတို့ မူးယစ်ဆေး မသုံးကြနဲ့။ ပရိတ်သတ်က ပေးတဲ့ ပိုက်ဆံဟာ အရမ်းမွန်မြတ်တယ်။ အမြဲပြောပါတယ်ဆိုကာ မူးယစ်ဆေးကို  ဆိုခဲ့သေးသည်။

 

 

ပရိတ်သတ်အပေါ် စေတနာထား၊မေတ္တာထားသော ကော်နီ၏ ဖျော်ဖြေပွဲကို နာမည်ကျော်အနုပညာရှင်များစွာ လာရောက်အားပေးသည်မှာလည်း တခြားပွဲများနှင့် မတူသည့် ထူးခြားမှု ဖြစ်သည်။ထူးခြားစွာ ပရိတ်သတ်များထဲတွင် ဒွေး ၏ အမျိုးသမီး မိုးမိုးကိုလည်း တွေ့ရှိခဲ့ရသည်။ လက်မှောင်မှောင်ခို သမားများ အထူးပင် အလုပ်ဖြစ်ခဲ့သော ပွဲတပွဲဖြစ်ခဲ့သဖြင့် ကော်နီ၏ Connie 30 Dreams Live Show သည် အထူးအောင်မြင်မှု ရသောပွဲအဖြစ်မြင်တွေ့လိုက်ရကြောင်း ရေးသားဖော်ပြလိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts