သူတို့အာဘော်

တင်မောင်ထွေး – အစ္စလာမ်နဲ့ ဖရီးစပိခ်ျခေါ် လွတ်လပ်စွာ ပြောဆိုခွင့်

 

တင်မောင်ထွေး – အစ္စလာမ်နဲ့ ဖရီးစပိခ်ျခေါ် လွတ်လပ်စွာ ပြောဆိုခွင့်

(မိုးမခ) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Free Speech)” ဆိုတာ အစ္စလာမ်သာသနာရဲ့ အခြေခံနည်းနာ တစ်ခုဖြစ်ပါတယ်ဆိုရင် စာရှုသူအနေနဲ့ အံ့သြမယ်၊ ဒါမှမဟုတ် ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိ မှာ အမှန်ပါပဲ။ ဒါပေမယ့် အစ္စလာမ်သာသနာရဲ့ အစစ်အမှန်သွန်သင်ချက်တွေ အရ Free speech ခေါ် လွတ်လပ်စွာ ပြောဆိုခွင့်ဟာ အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ် တယ်ဆိုတာ အမှန်ပါပဲ။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပြင်သစ်နိုင်ငံထုတ် Charlie Hebdo မဂ္ဂဇင်းက ကာတွန်းဆရာတွေ အကြမ်းဖက်သတ်ဖြတ် ခံခဲ့ရတယ်၊ ဒါဟာ ၀မ်းနည်းဖွယ် ကိစ္စတစ်ခုအမှန်ပါ။ ဒါနဲ့ပတ်သတ်ပြီး ဖေ့စ်ဘွတ်ခ် ပေါ်မှာတင်ထားတဲ့ မိတ်ဆွေတစ်ဦးရဲ့ စတေးတပ်ကို အောက်ပါအတိုင်း စိတ်ဝင်စားဖွယ် တွေ့ခဲ့ရပါတယ်။

(http://tinyurl.com/lnk7wyu)

ဒီမိတ်ဆွေတင်ထားတဲ့ စတေးတပ်ထဲက အစ္စလာမ်နဲ့ဆိုင်တဲ့ စာသားများဟာ တကယ့်ကို ၁၀၀ ရာခိုင်နှုန်း မှန်ကန်နေတဲ့ စာသားတွေပါပဲ။

မိတ်ဆွေ စာရှုသူ ၊ အချိန် ၁၅ မိနစ်လောက်ကို ကျိုးနွံစွာ အလှူခံပါရစေ၊ ကျွန်တော် (စာရေးသူ) ရဲ့ အထက်ပါအဆို မှန်ကန်ကြောင်း သက်သေပြနိုင်ပါတယ်။ 

ဒီနေရာမှာ မေးခွန်းဖြစ်လာနိုင်ဖွယ်ရှိတဲ့ “မွတ်စလင်တွေရဲ့ တမန်တော်ကို လှောင်ထားတဲ့ အဲဒီကာတွန်း တွေက ကျွန်တော့် (စာရေးသူ) ကိုခံစားချက်တခုခု မဖြစ်စေဘူးလား၊ ဥပမာ ဒေါသထွက်တာပဲ ဖြစ်ဖြစ်ပေါ့”။ ဆိုတာကို အလျင် ဖြေကြားပါရစေ။ သာမာန်လူသား တစ်ယောက်ဖြစ်တဲ့ ကျွန်တော်၊ ခံပြင်းဒေါသထွက်မိတာ အမှန်ပါ။ ဒါပေမယ့် ကိုယ့်တမန်တော်ကို လှောင်ပြောင်သရော်လို့ ထွက်ရတဲ့ ဒေါသက တစ်ကဏ္ဍဖြစ်ပြီး အဲဒီအပေါ်မှာ အထိန်းအကွပ်မထားဘဲ လူ့အသက်တွေ သွေးချောင်းစီးပစ်တာကတော့ ဦးနှောက်ထဲ ထည့်ပြီး စဉ်းစားဖို့တောင် မလျော်ကန် မသင့်မြတ်တဲ့ ကိစ္စရပ်ကြီးပါ။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးဖို့ ဆိုတာက တစ်ကဏ္ဍဖြစ်ပြီး  မြင့်မားတဲ့ စိတ်ဓါတ်နဲ့အတူ အသိဥာဏ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ စကားမျိုး၊ စာအရေးအသား မျိုးတွေ တွင်ကျယ်လာစေဖို့  လှုံဆော်ခြင်းက မတူညီတဲ့ ကဏ္ဍနောက်တစ်မျိုး ဖြစ်ပါတယ်။ အဲဒီကဏ္ဍနှစ်ခုမှာ ကွဲပြားခြားနားချက်တွေ ရှိတယ်ဆိုတာကို အများပြည်သူအကြား သိသာထင်ရှားလာအောင် ပြုလုပ်ပေးကြဖို့ လိုအပ်လှပါတယ်။ လွတ်လပ်စွာ ပြောဆိုခြင်းက အသိပညာအမြော်အမြင်တဲ့ ပြည့်စုံတဲ့စကားတွေ ဖြစ်နေရမယ်၊ ပရမ်းပတာ ပြောဆိုတာမျိုး ၊ ပြောဖို့အခွင့်ရှိတိုင်း ဖိုးပြောချင်၊ မောင်ပြောချင် လုပ်ရတဲ့ ကိစ္စမျိုး မဟုတ်ပါ။

“ဘာသာရေး ယုံကြည်ချက်ကိုလည်း ဝေဖန်ပြောဆိုနိုင်တယ်” ဆိုတဲ့ အဆိုကိုတော့ ဒီကရီအကန့်အသတ်တစ်ခုအတွင်းမှာသာ သဘောတူလက်ခံထိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာသာရေးယုံကြည်ချက်ကို ပျက်ရယ်ပြုတယ်၊ လှောင်ပြောင်သရော်တယ် စတဲ့ အမူအကျင့်ကနေ ဘယ်လိုမျိုး အကျိုးကျေးဇူးကို မြော်လင့်နိုင်ပါသလဲ၊ စဉ်းစားကြည့်ကြပါ။ 

ဘာသာရေးကို လှောင်ပြောင်သရော်ခြင်းက 

(က) မိမိနဲ့ အသွင်မတူ ယုံကြည်ချက်ကွဲနေတဲ့ ဘာသာခြားတစ်ယောက်နဲ့ မိမိအကြား မိတ်ဆွေသင်္ဂဟ ဖြစ်လာဖို့  ပေါင်းကူးတံတားတစ်စင်းဖန်တီးပေးနိုင်ပါသလား

(ခ) ရန်လိုတတ်တဲ့ သဘောထားရှိသူတစ်ဦးကို ပျော့ပြောင်းသွားဖို့ လုပ်နိုင်ပါသလား

(ဂ) အနာဂတ်ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ လူငယ်ထုအကြား အဲလို သရော်လှောင်ပြောင် တာဟာတော့ဖြင့် ရင့်ကျက်တဲ့လုပ်ရပ်ကောင်းတစ်ခုလို့ သတ်မှတ်လာကြတာမျိုးအထိ အဖြစ်ခံနိုင်ကြပါသလား။

မိမိနဲ့အသွင်မတူ ယုံကြည်ချက်ကွဲပြားသူတွေနဲ့ မိတ်ဆွေသင်္ဂဟဖြစ်လာဖို့ ၊ ရန်လိုသူကို ပျော့ပြောင်းစေဖို့ ၊ ထိပါးလာသူကို ရင့်ကျက်စွာတုန့်ပြန်ဖို့ စတာတွေဟာ မြို့ကြီးသားပီသပြီး ယဉ်ကျေးသိမ်မွေ့ ငြိမ်းချမ်းလှပါတယ်ဆိုတဲ့ လူ့အဖွဲ့အစည်းအတွက် အရေးကြီးလှတဲ့ အချက်တွေပဲ မဟုတ်ပါလားခင်ဗျာ။

ဒါကြောင့်လည်း အစ္စလာမ် သာသနာဝင်တွေရဲ့ ကျမ်းစာ ကိုရ်အာန်က ယုံကြည်သူ မွတ်စလင်တွေကို ယဉ်ကျေးသိမ်မွေ့ သဘောထားကြီးသူတွေ ဖြစ်လာစေဖို့ နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသိအမှတ်ပြု လေးစားကြဖို့ ပြဌာန်းသွန်သင် ထားပါတယ်။ ကိုရ်အာန်က တင်ပြတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Free speech) က လွတ်လပ်စွာ တွေးတောကြံဆဖို့ နှိုးဆော်တိုက်တွန်းထားပေမယ့် disagreement ဆိုတဲ့ တစ်ဦးနဲ့ တစ်ဦး အမြင်မတူညီတာကို လှောင်ပြောင်စရာမဆိုထားဘိ လေးစားအသိအမှတ်ပြု ဖို့ပါ သွန်သင်ထားပါတယ်။ ဥပမာ ကိုရ်အာန်ကျမ်း အခန်းနံပါတ် ၆ ၊ မုက္ခပါတ်အမှတ်စဉ် ၁၀၉ မှာ ဖော်ပြထားတာက 

And revile not those whom they call upon beside Allah, lest they, out of spite, revile Allah in their ignorance. 

“အလ္လာဟ်အား စွန့်ပယ်၍ ယင်းသူတို့ (အစ္စလာမ် ဘာသာဝင် မဟုတ်သူများကို ရည်ညွှန်း) ကိုးကွယ်ဆည်းကပ်သည့်အရာများကို အသင်သည် လှောင်ပြောင်ရှုတ်ချ ဆဲရေးခြင်း မပြုလေနှင့်။…”

ဒါကြောင့် မွတ်စလင်တွေဟာ အခြားဘာသာဝင်တွေ အထွတ်အမြတ်ထား ကိုးကွယ်ဆည်းကပ်အပ်သည်များကို ဆဲရေးပြောင်လှောင်ရှုတ်ချပိုင်ခွင့် မရှိပါဘူး။ ကိုရ်အာန်ကျမ်းက အထက်ပါသွန်သင်ချက်မှာတင် ရပ်တန့်မသွားသေးဘဲ သွန်သင်ထားပြန်ပါတယ်။

“…let not a people’s enmity incite you to act otherwise than with justice. Be always just…” 

“မည်သည့်လူမျိုးတစ်မျိုးအပေါ်မဆို မုန်းတီးမှုသည် အသင့်အား တရားမျှတမှု မပြုလုပ်စေရန် လှုံ့ဆော်ခြင်း အလျဉ်းမဖြစ်စေလင့်။ (အသင်တို့အပေါ် ရန်ညှိုးထား မုန်းတီးသူများအတွက်ပင် တရားမျှတမှုကို ကျင့်သုံးဆောက်တည်ရန်လိုအပ်သည်။) အမြဲတစေ တရားမျှတမှုကို ကျင့်သုံးကြကုန်။ (ကိုရ်အာန်ကျမ်းစာ အခန်း ၅ ၊ မုက္ခပါတ်အမှတ်စဉ် ၉ ) ”

ပြင်သစ်မဂ္ဂဇင်း Charlie Hebdo က မိမိတို့ မွတ်စလင်တွေလေးစားဂုဏ်အသရေပေးတဲ့ တမန်တော်ကို လှောင်ပြောင်သရော်တာနဲ့ပဲ အဲဒီလိုလုပ်ရကောင်းလားဆိုပြီး အကြမ်းဖက်သတ်ဖြတ်ခြင်းကို အပထားဦးတော့၊ တရားမမျှမတ တုန့်ပြန်ခဲ့မယ်ဆို ရင်တောင် ဒါဟာ အစ္စလာမ်မစ်စစ်စစ်တစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ 

ယုံကြည်ကိုးကွယ်ရာတွေကို မစော်ကားဖို့ ၊ တရားမျှတစွာ တုန့်ပြန်ဖို့ စတာတွေကို အစ္စလာမ်က သွန်သင်ထားတာတော့ ဟုတ်ပါပြီ၊ သာသနာအပေါ် လွတ်လပ်လပ် ဝေဖန်တာမျိုးကိုရော အစ္စလာမ်က ဘယ်လို တုန့်ပြန်ခိုင်းထား ပါသလဲ?

“…when you hear the Signs of God being denied and mocked at, sit not with those who indulge in such talk until they engage in a talk other than that…” 

 “အလ္လာဟ်၏ သက်သေလက္ခဏာတော်များအား ငြင်းပယ်လျက် ပြောင်လှောင်ပျက်ရယ်ပြု နေသည်ကို ကြားရပါမူ အသင်သည် ဤသို့သော အပြုအမူမှ ယင်းတို့မရှောင်ကြဉ်လေ သမျှကာလပတ်လုံး ထိုသူတို့နှင့်အတူ (ရောနှော) ထိုင်ခြင်း မပြုလေနှင့်။” (ကိုရ်အာန်ကျမ်းစာ အခန်း ၄ ၊ မုက္ခပါတ်အမှတ်စဉ် ၁၄၁) 

အထက်ပါမုက္ခပါတ်မှာ ဖော်ပြထားတဲ့အတိုင်း မွတ်စလင်တွေဟာ သူတို့ရဲ့ယုံကြည်ရာကို ပြောင်လှောင်နေတာ တွေ့မြင်ကြားသိရမယ်ဆိုရင် လျစ်လျူပြု ထွက်ခွာသွားဖို့ရာ ဆင့်ဆိုထားခြင်း ခံရသလို ကျူးလွန်စော်ကားသူတွေကသာ သူတို့လုပ်ရပ်ကို ရပ်တန့်ခဲ့ရင် တော့ အဆက်အဆံပြန်လည်ထားရှိနိုင်ပါတယ်။ 

ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ရဲ့ ကာတွန်းတွေကို မွတ်စလင်စစ်စစ်တွေက အထက်ဖော်ပြပါအတိုင်းသာ တုန့်ပြန်ဖို့ အခွင့်ရှိပါတယ်။ ကိုရ်အာန်ကျမ်းစာ အခန်း ၄  ၊ မုက္ခပါတ်အမှတ်စဉ် ၁၄၁ ကို အဆုံးအထိ ဖတ်ရှုလေ့လာမယ်ဆိုရင် ဘာသာရေးယုံကြည်ချက်ကို လှောင်ပြောင်သရော်သူတွေအတွက် လောကီသား ယုံကြည်သူတွေက တစုံတရာအပြစ်ပေးအရေးယူဖို့ အခွင့်လိုင်စင် ပေးထားခြင်းမျိုး မခံရဘဲ အလ္လာဟ် (အစ္စလာမ်ဘာသာဝင်များရဲ့ဘုရားရှင်)ကသာ တရားစီရင်မယ့် ကမ္ဘာ့နောက်ဆုံးနေ့မှာ အပြစ်ပေးအရေးယူမယ့်အကြောင်း တွေ့ရှိနိုင်ပါတယ်။

သာသနာရေးလိုမျိုး အထိအခိုက်မခံနိုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီး ဆွေးနွေးငြင်းခုံတာ မျိုးကိုရော ဘယ်လိုမျိုး လွတ်လပ်စွာ ပြောဆိုဆွေးနွေးဖို့ အစ္စလာမ်က တင်ပြထားပါသလဲ။

“Call…with wisdom and goodly exhortation and argue with them in a way that is best.”

“အလ္လာဟ်၏လမ်းတော်သို့ ဥာဏ်ပညာအမြော်အမြင်နှင့် ကောင်းမြတ်သော သွန်သင်ဆုံးမမှုတို့ဖြင့် ဖိတ်ခေါ်ပါလေ၊ အကောင်းမြတ်ဆုံးသော သက်သေသာဓကဖြင့် အခြေအတင် ဆွေးနွေးပါလေ။” (ကိုရ်အာန်ကျမ်းစာ အခန်း ၁၆ ၊ မုက္ခပါတ်အမှတ်စဉ် ၁၂၆)

မုဟမ္မဒ်ရဲ့ ဘ၀သက်တမ်းတလျှောက်မှာ လှောင်ပြောင်ပျက်ရယ်ပြုတာတွေကို ဒုနဲ့ဒေး ခံခဲ့ရပေမယ့် လက်တုန့်ပြန် အပြစ်ပေးခြင်းမျိုး လုံးဝမရှိခဲ့ပါ။ ဒါပေမယ့် အခုခေတ် အစ္စလာမ် ဘာသာဝင် မော်လ၀ီအချို့ကတော့ သာသနာအပေါ် အသရေဖျက်ရင် သေဒဏ်ဆိုပြီး ဥပဒေ ပြဌာန်းကာ လူတွေကို သတ်ဖြတ်နေကြတာကတော့ဖြင့် တကယ်ကို ရှုတ်ချဖွယ် စက်ဆုပ်ရွံ့ရှာ ဖွယ်ရာတွေသာ ဖြစ်ပါတယ်။ 

ဥပမာ မုဟမ္မဒ်ရဲ့ ဘ၀ဖြစ်စဉ်ထဲက အဖြစ်အပျက်တစ်ခုကို တင်ပြရရင်ဖြင့် – 

တမန်တော် မုဟမ္မဒ်က မဒီနာမြို့ကို ခိုလှုံဖို့ ရောက်လာတဲ့အခါ အဲဒီမြို့ရဲ့ ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့ ယဟူဒီဘာသာဝင် အဗ္ဗဒွလ်လာဘင် အိုဘိုင်းခေါင်းဆောင်ပြီး သူ့

ရဲ့အသက်ကို ရန်မူဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြပါတယ်။ တကြိမ်မှာတော့ ယဟူဒီအုပ်စု တစ်စုက မုဟမ္မဒ်ကို “အသင့်အပေါ် မရဏသေခြင်း သက်ရောက်ပါစေ” ဆိုပြီး မျက်နှာချင်းဆိုင် တွေ့တဲ့အခို်က် ရေရွတ်ပြောဆိုခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေ တဦးနဲ့ တဦး မျက်နှာချင်းဆိုင်တွေ့တဲ့အခါ နုတ်ခွန်းဆက်တဲ့ အသင့်အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ ဆိုတဲ့ စကားရပ်ကို လှောင်ပြောင်ရှုတ်ချပြီး ဆိုတဲ့အဆိုတခုလို့ သတ်မှတ်ရမှာဖြစ်သလို အခုခေတ်ဥပဒေတွေအရ အသက်အန္တရာယ် ခြိမ်းခြောက်မှု ဆိုလည်းရပါတယ်။ အဲဒီလို ဆိုလာတဲ့ ယဟူဒီအုပ်စုကို ပြင်းထန်စွာ တုန့်ပြန်ပြောဆိုခဲ့တဲ့ ဇနီးဖြစ်သူကို မုဟမ္မဒ်က တားမြစ်ဆုံးမခဲ့ပြီး မဒီနာမြို့ရဲ့ အုပ်ချုပ်သူဖြစ်နေလင့်ကစား သူတို့ကို တစုံတရာ အပြစ်ပေး အရေးယူခဲ့တာမျိုး မရှိခဲ့ပါဘူး။ အဗ္ဗဒွလ်လာဘင် အိုဘိုင်း သေဆုံးတဲ့အခါ အစ္စလာမ်ဘာသာ ၀င်တွေရဲ့ဓလေ့အတိုင်း အပြစ်လွှတ်ခြင်း အတွက် ၀တ်ပြုရတဲ့ (ဂျနာဇာ) ၀တ်ပြုဆုတောင်းခြင်းကို မုဟမ္မဒ်ကိုယ်တိုင် ဦးဆောင်ဝတ်ပြုပေးခဲ့ပါသေးတယ်။

(http://www.alislam.org/library/books/Life-of-Muhammad.pdf)

အစ္စလာမ်သာသနာထဲက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဟ်မဒီယာမွတ်စလင်အဖွဲ့ကို တည်ထောင်ခဲ့သူ မီရ်ဇာ ဂူလာမ်အဟ်မဒ်ဆိုတဲ့ ပုဂ္ဂိုလ်က ၁၉ ၀၂ မှာ အစ္စလာမ်ကို ဝေဖန်ရင် ၊ လှောင်ပြောင်သရော်ရင် သတ်ပြစ်ရမယ်လို့ ဆိုနေကြတဲ့ အစွန်းရောက် မော်လ၀ီ ဂျီဟတ်ဝါဒီတွေကို ရည်ညွှန်းပြီး ရေးသားတင်ပြခဲ့တာက –

“ဂျီဟတ်ဝါဒီမော်လ၀ီများအတွက် သင်ခန်းစာတစ်ရပ်ရှိ၏။ စစ်မှန်သောသာသနာဟူသည် သာသနာ့အမွေအနှစ်များ၊ အမြော်အမြင်နှင့်ပြည့်စုံသည့် ဆွေးနွေးတင်ပြချက်များသည် အသွားထက်သော ဓါးထက်ပို၍ စွမ်းအားရှိသည်ကို ဖော်ထုတ်ပြပေးသည့် သာသနာပင်။ ဓါးလက်နက်ကို မှီခိုနေရသည့် သာသနာမှာ (စစ်မှန်သောသာသနာမမည်ချေ။)” (https://www.alislam.org/jihad/sword.html)

ပဲရစ်မြို့က မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်သွေးချောင်းစီးခဲ့သူတွေကိုးကွယ်တဲ့ သာသနာဟာ လူသတ်လက်နက်တွေအပေါ်မှာသာ တည်မှီထားတယ်ဆိုတာ ပေါ်လွင်လှပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကတော့ ဓါးလက်နက်၊ ဒါမှမဟုတ် သေနတ် တွေအပေါ် ၊ ဒါမှမဟုတ် အခြားမည်သည့်အင်အားတစ်စုံတစ်ရာအပေါ်မှာမှ တည်မှီထားခြင်း မရှိပါ။

လွတ်လပ်စွာပြောဆိုတင်ပြခြင်းက စွမ်းအားထက်မြက်တဲ့ လက်နက် တန်ဆာ တစ်ခုဖြစ်ပါတယ်။ လူတွေဟာ (အကြမ်းဖက်မှုကို ထောက်ပံ့ပြောဆိုနေတာမျိုး မဟုတ်ရင်) သူတို့ဆန္ဒအလျောက်ခုခံချေပပြောဆိုပိုင်ခွင့် ရှိပါတယ်။ သို့သော် ငါတို့က ပြောချင်ရာ ပြောဖို့ အခွင့်အရေးရှိတာပဲဆိုပြီး မတူညီသူများအကြား ပေါင်းကူးဆက်သွယ်ပေးမယ့် ညီညွတ်ရေး တံတားကြီးတွေ ဖြစ်လာမယ့်အရေးကို လျစ်လျူပြုမယ်၊ ခက်ထန်သူကို မေတ္တာနဲ့ တုန့်ပြန်မယ့်အစား ခက်ထန်မှုနဲ့သာ တုန့်ပြန်မယ်၊ ဘာသာရေးကို ပျက်ရယ်ပြုတာဟာ တော့ဖြင့် ရင့်ကျက်တဲ့ အချင်းအရာတစ်ခုလို့ လူငယ်တွေ ထင်မှတ်မှားအောင် ပြုမယ်ဆိုရင်ဖြင့် အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ကိန်းသာ ဆိုက်ရပါလိမ့်မယ်။ 

 

ဒါကြောင့် အစ္စလာမ်က လွတ်လပ်စွာပြောဆိုရာမှာ သာသနာရေးနဲ့ ပတ်သတ်ပြီး စော်ကားဆဲရေး ပြောင်လှောင်တာတွေမလုပ်ဖို့ နဲ့ လွတ်လပ်စွာ ပြောဆိုကြ၊ ဤသည်အတွက် အပြစ်တစ်စုံတစ်ရာ မထိုက်တန်ရာ၊ သို့သော် လူ့စည်းကိုတော့ဖြင့် စောင့်ထိန်းကြရယ်လို့ သတ်မှတ်ပြဌာန်းပေးထားပါကြောင်း တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တင်မောင်ထွေး – အစ္စလာမ်နဲ့ ဖရီးစပိခ်ျခေါ် လွတ်လပ်စွာ ပြောဆိုခွင့်
  1. The positive aspect of Islam is not widely propagated. There are always black and white side in every religion. The Muslim religious leaders need to emphasize more of the positive aspects.We need to create respectful relations among all religions.

Comments are closed.