Ni Ni Mar ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၄)

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၄)

(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

ရဟန္တာဂူက တာဝန်ကျဝန်ထမ်းကလေးက …ရှေ့ ကိုဆက်သွားရင်. .ဘောဘောကြီးဘုရား.. ကိုတွေ့ မယ်….။  တောထဲက မြင်ပါဟုဘုရားကို ဆက်သွားဖို့လဲ လမ်းကြောင်းတွေ ညွှန်တော့ညွှန်လိုက်တာပဲနော်..။ဒါပေမဲ့  မြင်ပါဟုဘုရားကတော့ .ရှေးကျပြီး နတ်ဒေ၀တာတွေတည်ခဲ့ တာမို့   ဂမ္ဘီရဆန်ပြီး..ဖူးချင်တိုင်း ဖူးခွင့် မကြုံတတ်ဖူးလို့ ပြောသံကြားဖူးတယ်..။“ပျိုလေးတွေ ရင်ကိုထု..မြင်ပါဟု ကပြန်ခဲ့ တယ်..” ဆိုတဲ့ စာချိုးတောင်ရှိသတဲ့ ..။မြင်ပါဟုဘုရားကို သွားရင်း တောထဲမှာမျက်စိလည်လမ်းမှားတတ်လွန်းလို့..ပျိုလေးတွေ ခမျာ မောပန်းပြီး ရင်ဘတ်ကိုတောင် ထုထုနေရတယ် ..ဆိုတဲ့သဘောလို့  လူကြီးသူမတွေ ပြောတာကြားဖူးတာပဲ..။.ဒီတခါတော့  ရင်ကိုထုချင်ထုရပါစေ..။ ကလေးတို့နဲ့အတူတူ မြင်ပါဟု ဘုရားကိုဖူးလိုက်ချင်သေးတယ်ကွယ်..။ ဒါပေမဲ့    ရှေးကျပြီး  နတ်ဒေ၀တာတွေ တည်ခဲ့ တယ်လို့  နံမည်ကျော်တဲ့ ..မြင်ပါဟုဘုရားကြီးတောင်…နတ်ထက်တန်ခိုးကြီးတဲ့ ..ဘီလူးတွေက  အောင်မြင်ဗာဟု…ဆိုတဲ့   နံမည်နဲ့  အသစ်ပြန်တည်ထားပြီလို့  ပြောကြတယ်..။ ကိုယ်တိုင်ရောက်မှပဲ ဖူးသိရမှာပေါ့လေ… ။ရှေးဘုရားထဲက  ရှေးဟောင်းဌာပနာတွေ  ရှေးမူလက်ရာမပျက်ပါစေနဲ့ လို့ပဲ  ဆုတောင်းရမှာပေါ့.နော်…။

ဟော…ပြောရင်းဆိုရင်း ..ခပ်လှမ်းလှမ်း တောအုပ်ညိုညိုတွေကြားမှာ ဘောဘောကြီးဘုရားကြီးကို ဘွားခနဲလှမ်းမြင်နေရပြီ..။ တဖြေးဖြေးနီးနီးလာလေ ထုထည်ကြီးကြီးလာလေ. ။မြေပြင်ကနေ…ကောင်းကင်ထဲကို.. ထီးထီးမားမားကြီး  စွင့်တက်နေတဲ့ ..အုတ်နီညိုရောင်ဘုရားကြီးကို မြင်လိုက်ရတော့ တို့အားလုံး ရင်သပ်ရှုမောပေါ့..။ ခါတိုင်းမြင်ဖူးနေကျ ဘုရားစေတီတွေလို..ရွှေရောင်ဝင်းတောက်မနေဘူးလေ..။ အောက်ဆုံးအဆင့်မှာမှ..ပိတ်စနဲ့ ..ယက်ထားတဲ့  ရွှေရောင်ကြာသင်္ဃန်းက နေရောင်ထဲမှာရွှေခြည်တဖျပ်ဖျပ်နဲ့ ..။

ဟိုမှာ…တို့လိုပဲ ဘုရားဖူးတဲ့ မိသားစုတစု..။ဘုရားရင်ပြင်ပျံ့ ပျံ့ ပျူးပျူးက  သစ်ပင်ရိပ်မှာ တာလပတ်ဖျင်ခင်းပြီး  ထမင်းချိုင့်တွေ ဖွင့်စားနေကြတာ. .ပျော်စရာနော်..။ တို့လဲ နောက်တခါလာရင်တော့….ခုလိုစားသောက်စရာတွေပါယူလာပြီး..အေးအေးလူလူ..လှည့်ကြည့်ရမယ်..။ဒီနေရာမျိုးက  မိုးတိုးမတ်တတ်  ရောက်ပြန်သွားရမဲ့  ခရီးမျိုးမဟုတ်ပေဘူး..။နောက်ပြီး  ပျူယဉ်ကျေးမှုသမိုင်းကို  နဲနဲတီးမိခေါက်မိ  သိထားရင်တော့  ကြည့်ရတာ  ပိုပြီး   တန်ဖိုးသိမယ်..။စိတ်ကျေနပ်မှုရစေမယ်..။ခု လောလောဆည်တော့   ဒီနေရာမှာ..တူးဖော်ကာစ.. ယဉ်ကျေးမှုဇုံတည်ကာစမို့..  စားသောက်စရာဆိုင်တွေ ဘာတွေမရှိသေးဘူး..။ နောက်တော့.. စားသောက်ဆိုင်တွေ ဟိုတယ်ကြီးတွေနဲ့  ရှုပ်ရှက်ခတ်လာဦးမှာ….။

သရေခေတ္တရာမြို့ ဟောင်းမှာ ထုထည်ကြီးမားတဲ့  ဘောဘောကြီးလိုပုံစံမျိုး  ဘုရားကြီးနဲ့ ဘုရားမာဆိုတဲ့  ဘုရားတွေလဲရှိတယ်… ။နောက်..ပြည်မြို့ သစ်နားက  ကြက်ခေါင်းစားမင်းလို့ခေါ်တဲ့   ..ပျူခေတ်ငတပါးမင်းတည်ခဲ့ တဲ့   ကြက်ခေါင်းစားစေတီဆိုရင်လဲ.. ပျူလက်ရာစေတီတခုပဲ.. ။ကြက်ခေါင်းစားတဲ့ ..ငတပါးမင်းဆိုတာ ကလေးတို့  စိတ်ဝင်စားသွားပြီမို့လား…. ။ပြောပြရမှာပေါ့..။ ဟိုးရှေးရှေးကပေါ့..သမိုင်းဒဏ္ဍာရီတွေနဲ့ သမိုင်းစာအဆိုအရ.. သာသနာသက္ကရာဇ် လေးရာသုံးဆယ့်သုံးခု(ဘီစီ ၁၁၁) ရောက်တဲ့ အခါမှာ  သရေခေတ္တရာပြည်ကြီးမှာ  ငတပါးမင်းဖြစ်လာသတဲ့ ..။ မင်းရိုးမင်းဆက်မဟုတ်ပဲ.. တခြားတပါးတယောက်ယောက်က  မင်းဖြစ်လာတာကို  ငတပါးမင်းတက်တယ်လို့  ဆိုကြတယ်..။

ပျူငတပါးမင်းကတော့  ဘုန်းတော်ကြီးကျောင်းတကျောင်းက  ကိုရင်ငယ်လေးတပါးက ဖြစ်လာတာတဲ့ ..။ တနေ့တော့  ကြက်တကောင်က..”ငါ့ဦးခေါင်းကိုစား. ငတပါးမင်းဖြစ်လတ္တံ့ ” လို့  တွန်ကျူးနေသတဲ့ ..။ ခုန  ကိုရင်လေးက  အဲဒီကြက်ရဲ့  ဦးခေါင်းကို စားလိုက်မိသတဲ့ ..။ဒါကိုသိတဲ့  ကျောင်းထိုင်ဆရာတော်က.. သူ့တပည့်ကိုရင်လေးရဲ့  နဖူးရည်ဒူးရည်.. ကြံအင်လက္ခဏာတွေကလည်း  ထူးခြားနေတော့  ပိဋကတ်၊ဗေဒင်၊အထူးထူးသော  ဓမ္မ၀တ်၊လောက၀တ်၊ရာဇ၀တ်တွေကို  သင်ကြားပေးတယ်။ တတ်မြောက်တဲ့ အခါမှာ.. လူဝတ်လဲစေပြီး… မင်းနေပြည်က  အမတ်စစ်သူကြီး တဦးဆီကို  သားအဖြစ်မွေးစားဖို့  ပို့အပ်လိုက်သတဲ့ ..။ သူငယ်လေးရဲ့  ဘုန်းပညာ  အရောင်အဆင်းကလည်း  လက္ခဏာကြီးငယ်နဲ့   ပြည့်စုံနေတော့   အမတ်စစ်သူကြီးက  ထိုက်တန်တဲ့  တန်ဆာတွေကို  ဆင်မြန်းပေးပြီး  သူသွားရာ နန်းတော်ကို  ခေါ်သွားလေ့ရှိသတဲ့ ..။ အဲဒီကနေ…ဒွတ္တပေါင်မင်းရိုး  သီရိရာဇ်မင်းကြီးက  သဘောကျပြီး  စစ်သူကြီးဆီက တောင်းယူမွေးစား..။ တခါတည်း  သမီးတော်နဲ့ စုံဖက်ပေးစားပြီး…အိမ်ရှေ့ အရာပေးလိုက်သတဲ့ ..။ နောင်..သီရိရာဇ်မင်းကြီး  နတ်ရွာစံတော့   ကြက်ခေါင်းစားမိတဲ့  အိမ်ရှေ့ မင်းက  နန်းတက်ပြီး  မင်းဖြစ်လာရောပေါ့..။ သူ့ကို  ကြက်ခေါင်းစားငတပါးမင်းလို့  အမည်တွင်ကြပြီး.. သူတည်ခဲ့တဲ့  စေတီကို  ကြက်ခေါင်းစားစေတီလို့  ခေါ်သတဲ့ ..။

ပျူခေတ်စေတီတွေထဲက  ဘောဘောကြီး၊ဘုရားကြီး၊ဘုရားမာနဲ့  ကြက်ခေါင်းစားစေတီတွေရဲ့ ပုံစံကို ထူပစေတီလုံး ပုံသဏ္ဍန်..လို့ခေါ်သတဲ့ ..။ တခုဆိုးတာက ဒီလိုရှေးဘုရားကြီးတွေ ရှိတဲ့ သရေခေတ္တရာမြို့ ဟောင်းယဉ်ကျေးမှုဇုံထဲမှာ  အင်္ဂလိပ်ခေတ်ကတည်းက  ဖြတ်ဖောက်ထားတဲ့   ရန်ကုန်ပြည် ရထားလမ်းကြီးရှိနေတာပဲ….။ ရထားခုတ်မောင်းဖြတ်သန်းတိုင်း ထွက်လာမဲ့  တုန်ခါမှုတွေက  ရှေးဘုရားကြီးတွေရဲ့  တည်တံ့ခိုင်မြဲမှုကို အနဲနဲ့  အများတော့ ထိခိုက်မှာ ပေါ့နော်..။            ဘုရားကြီးတွေက  ထုထည်ကြီးမားလွန်းလို့သာ..ခုထိကျန်ရှိနေတာ  ထင်ပါရဲ..။ ဘောဘောကြီးဘုရားမှာတော့  …အောက်ခံပလ္လင် ၆ထပ်ပေါ်မှာ တည်ထားတာတွေ့ ရပြီး. .အောက်ခံပလ္လင်တွေကတော့ စက်ဝိုင်းပုံမကျတကျ ထောင့်ချိုးတွေနဲ့  တွေ့ ရတယ်နော်..။ အောက်ခံပလ္လင်တွေက  နောက်မှ အသစ်ထပ်တိုးထားတာတွေလဲ  ဖြစ်ကောင်းဖြစ်နိုင်မယ်..။

ဟိုး…စေတီအပေါ်ဆုံးကို တက်တဲ့ သံလှေကားတစင်းကိုလည်းတွေ့ ရတယ်..။ဘုရားဖူးတွေတော့ တက်လို့မရဘူးပေါ့.. ။နောက်…ဘုရားရဲ့  ထုလုံးတော်ထဲကို ၀င်တဲ့ ၀င်ပေါက်ငယ်တွေလဲ တွေ့ရတာမို့..စေတီတော်အတွင်းမှာလည်း.. အခေါင်းပေါက်ရှိပုံရတယ်…။… အလယ်ရင်ပြင်ပေါ်အထိ အုတ်လှေကားလေးတွေကနေ  တက်လို့ရတယ်..။ အလယ်.ရင်ပြင်တော်ပေါ်ကနေ. .ကောင်းကင်ဆီထိုးတက်နေတဲ..စေတီတော်ကြီးကို မော့ပြီး..တစိမ့်စိမ့်ဖူးမျှော်ရင်း… တို့ဘိုးဘေးတွေရဲ့  သရေခေတ္တရာပျူနိုင်ငံတော်ကြီးဟာ ကြီးကျယ်မြင့်မြတ်လှတဲ့ ယဉ်ကျေးမှု.. ယုံကြည်ကိုးကွယ်မှု.. ဗိသုကာအတတ်တွေနဲ့ ထုံလွှမ်းခဲ့ ပါလား..လို့ ကြည်နူးဂုဏ်ယူမိလိုက်တာ….။

ဒါနဲ့ ..ဒီဘုရားကြီးကို ဒွတ္တပေါင်မင်းကြီး တည်ခဲ့ တယ်လို့ ပြောကြတယ်..။ တချို့ ရှေးဟောင်းသုတေသီတွေရဲ့ အဆိုအရ…ပျူဘာသာစကားနဲ့ ဆိုရင်… ဒွတ္တပေါင်ဆိုတာ…. ငါတို့ရဲ့ မြတ်သောမင်းကြီး..တဲ..။့ ပျူလူမျိုးတွေက.. မင်းကောင်းမင်းမြတ်မှန်ရင်.. ဒွတ္တပေါင်လို့ပဲ  ခေါ်ဝေါ်သမုဒ်လေ့  ရှိသတဲ့ ..။ ဘောဘောကြီးဘုရားကိုလည်း… ဘယ်ဒွတ္တပေါင်မင်းကြီးတည်ခဲ့ တယ် မသိဘူးနော်..။ တခြား အဆောက်အဦတွေမှာ   သက်ဆိုင်ရာအဆောက်အဦရဲ့  အကြောင်းအရာတွေကို  ရေးထိုးထားပေမဲ့ ..ဘောဘောကြီးဘုရားမှာတော့  အဲဒီလို  ရေးထားတာမတွေ့ မိဘူး..။ ဘုရားပရ၀ုဏ်နားမှာ  ပုဝါတွေဆက်ထားတဲ့   နတ်စင်တခုနဲ့  နတ်ဆက်ထားတဲ့  ဒါန်းတခုပဲ  တွေ့ ခဲ့ တယ်.. ။နောက်..ချထားတဲ့   သံထီးတော်အဟောင်းကြီး တခုကိုလည်း  တွေ့ ရတယ်..။ တကယ်တော့  ပျူခေတ်နဲ့ ခေတ်ပြိုင် ဘုရားစေတီတွေမှာ  ကျောက်ထီးလို့ ခေါ်တဲ့  ကျောက်နဲ့ လုပ်ထားတဲ့ ..ထီးတွေပဲ  တင်ကြတယ်လို့  ဖတ်ဖူးတယ်..။ အခု  လက်ရှိမှာလည်း  သံကိုရွှေချထားတဲ့   ထီးသစ်တခုတင်ထားတာ  တွေ့ တယ်..။ ဒါတွေက  နောက်ပိုင်းမှ  ဘုရားမြင်.. ထီးတင်ချင်သူတွေရဲ့   လက်ရာလေများလားလို့  တွေးမိတယ်..  ။

နောက်..ဘောဘောကြီးဘုရားကတွေ့ တဲ့အုတ်ခွက်ဘုရားတခုမှာ.. အနော်ရထာကောင်းမှုလို့ ရေးထားတာတွေ့ ရသတဲ့.. ။ ပါးစပ်ရာဇ၀င်တွေအရ.. သရေခေတ္တရာပျက်သုန်းပြီး ပုဂံခေတ် မှာ အနော်ရထာမင်းကြီးက သရေခေတ္တရာ မြို့ ဟောင်း ကိုလာပြီး . .မြို့ဟောင်းမှာ ရန်သူတွေ ခိုလှုံပြီး မပုန်ကန်နိုင်အောင်..မီးရှိုဖျက်ဆီးခဲ့ ဖူးတယ်တဲ့ ..။ အနော်ရထာတိုင်းခန်းလှည့်လည်ရင်း သရေခေတ္တရာမြို့ ဟောင်းကို ရောက်ခဲ့ တယ်ဆိုတဲ့  အထောက်အထားပေါ့နော်..။

ဘာပဲပြောပြော. .ဒီလောက်ထုထည်ကြီးမားတဲ့  စေတီတော်ကြီးတွေကိုတည်ခဲ့တဲ့ သူရဲ့ သဒ္ဒါတရားကတော့ တော်ရုံသဒ္ဒါ မဟုတ်ဘူးလို့ တွေးမိသလို..။ တည်တဲ့ သူကမင်းအာဏာစက်နဲ့  တည်တာမို့  ပြည်သူပြည်သားတွေရဲ့ ချွေးတွေ..လုပ်အားတွေ ပါဝင်မှုဟာ. .ကျေနပ်ပီတိတွေနဲ့ ပါဝင်ခဲ့ တာလား. .ကြောက်ရွံ့ စိုးရိမ်စိတ်တွေနဲ့ ပါဝင်ခဲ့တာလား… လို့လဲ တွေးမိတယ်..။ ဒီလို တွေးမိတာကသဘာဝကျတာပေါ့.။ ကိုယ်တွေ တွေ့ ကြုံခဲ့ ရတဲ့  မင်းဆိုးမင်းညစ်တွေဆို.. သူတို့ရဲ့ တည်ဆောက်ပြုပြင်တွေမှာ.. တိုင်းသူပြည်သားတွေရဲ့ ချွေးသွေးတွေနဲ့ ဆောက်ခဲ့ ရ..။ အဓမ္မလုပ်အားပေးခံခဲ့ ရတာမျိုး တွေ ရှိခဲ့ ဖူးတာကိုး..။ သူကြီးဘုရားက ရွာသားကောင်းမှုဆိုတဲ့  စကားလေးလဲ.. ကလေးတို့ကြားဖူးတယ်    မဟုတ်လား..။ ဒီအုတ်ချပ်တွေမှာ စွန်းနေတဲ့  ချွေးစက်ကလေးတွေက…ဘာတွေ များ  ပြောနေပါလိမ့်နော်..။ ပျိုလေးတွေရင်ကိုထု…မြင်ပါဟုက  ပြန်ခဲ့ တယ်..လို့များ  မောသံစွက်ပြီး  ညည်းနေလေမလား..။

ကဲ…ကဲ. .ရှေ့ မှာ..ဗိသနိုးမိဘုရားသချိုင်းရှိသေးသတဲ့ ..။ သွားကြဦးစို့..။ အသွားလမ်းမှာ.. ကလေးတို့ကို ဒွတ္တပေါင်မင်းကြီးနဲ့   ပန်ထွာဧကရီတို့ရဲ့  ဒဏ္ဍာရီဇာတ်လမ်းကလေး ပြောပြမယ်နော်..။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts