မှတ်စုမှတ်တမ်း အခန်းဆက်များ အုန်းနိုင်

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၄)

အုန်းနိုင် – ၁၉၉၁ခုနှစ် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ထုတ်ပယ်ခြင်း (၄)
“ခေတ္တ(ယာယီ) ဥက္ကဌနှင့် ခေတ္တ(ယာယီ) အတွင်းရေးမှူး”
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

၁၉၉၁ ခုနှစ် ဇန်န၀ါရီလ နောက်ဆုံးပတ်ထဲမှာတော့ ပဲခူးတိုင်းစည်းရုံးရေးမှူးဗိုလ်မှူးဟောင်း မောင်အေးနဲ့  ဦးပိုက်ခြုံတို့ ပြည်မြို့ နယ်အဖွဲ့ချုပ်ရုံးမှာ ခြောက်မြို့ နယ်အစည်းအဝေးခေါ်ပါတယ်..။ သူတို့နဲ့အတူ အဖွဲ့ချုပ်ရုံးရဲ့  ကြေညာချက်(၁/၉၁) နဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ချက်ရယ်..၊ ဥက္ကဌ၊ အတွင်းရေးမှူးရာထူးများ လူစားဝင်တာရယ်..၊ စတဲ့သတင်းတွေ ပါလာပါတယ်..။ ကျနော်တို့ကလည်း အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်ကို သိပ်မလေးစားတော့ တိုင်းစည်းရုံးရေးမှူးတွေကိုလည်း သိပ်ဂရုမစိုက်တော့ဘူး..။ သူတို့ နဲ့ ပါလာတဲ့ စာရွက်စာတမ်းနဲ့  သတင်းအချက်အလက် ညွှန်ကြားချက်တွေကိုလည်း အလေးအနက်မထားတော့ဘူး..။ဆက်သွယ်ရေးလမ်းကြောင်းကတော့ သိပ်မကောင်းတော့ပါဘူး..။

အဖွဲ့ ချုပ်ရဲ့  ကြေညာချက် (၁/၉၁)ကတော့ နယ်စပ်ဒေသမှာ ဖွဲ့ စည်းလိုက်တဲ့  ဒေါက်တာစိန်ဝင်းအစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အဆက်အသွယ်မရှိကြောင်း ကြေညာတာပါဘဲ..။ထုံးစံအတိုင်း ရှည်ရှည်ဝေးဝေးတွေကို ရှစ်လေးလုံးက အစချီပြီး ရွေးကောက်ပွဲအထိ အကျယ်ရေးထားပါတယ်..။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်တယ်ဆိုတာကလည်း အဖွဲ့ ချုပ်ဗဟိုအလုပ်အမှုဆောင်က လုပ်ချင်တာလုပ်နိုင်အောင် ပြင်ဆင်ထားတာလိုပဲ သဘောထားလိုက်ပါတော့တယ်..။ဥက္ကဌနဲ့ အတွင်းရေးမှူးနေရာတွေမှာတော့ ကျနော်တို့အရင်ထင်ထားတဲ့  အတိုင်း ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗဟိုအလုပ်အမှုဆောင်က ပထုတ်လိုက်တာပါဘဲ။

သာမန်ရာထူးနေရာကို ၀င်ကိုင်တာမျိုးဆိုရင် ဗဟိုအလုပ်အမှုဆောင်ထဲမှာ ဦးတင်ဦးနဲ့  ဒေါ်အောင်ဆန်းစုကြည်တို့ နံမယ်တွေ ပါနေရမှာပေါ့..။ဒီနေရာမှာ ဗဟိုအလုပ်အမှုဆောင်ရဲ့  အဆက်ဆက် လုပ်ရပ်တွေမှာကို ဒီကိစ္စမှာ အားနဲတာလား..၊တမင်ဆောင်ရွက်တာလား..မသိ၊ တောက်လျှောက် လုပ်ခဲ့တာရှိပါတယ်..။ ဗဟိုအလုပ်အမှုဆောင် တယောက် အဖမ်းခံလိုက်ရပြီဆိုတာနဲ့  ကိုယ့်အဖွဲ့ အတွင်း ဖော်ပြတဲ့  စာရင်းမှာပါ..တခါ တည်း ပယ်ထားလိုက်တာပါ..။ အခုလည်း အမှုဆောင်အဖွဲ့ စာရင်းမှာကို ဦးတင်ဦးနဲ့  ဒေါ်အောင်ဆန်းစုကြည် အမည်စာရင်းများ မပါတော့ပါ..။

ဥက္ကဌ ဦးတင်ဦးရဲ့  နေရာမှာ ဦးအောင်ရွှေက ခေတ္တ(ယာယီ)ဥက္ကဌ၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေရာမှာ ဦးလွင်က ခေတ္တ(ယာယီ) အတွင်းရေးမှူးဆိုပြီး ၀င်လာပါတယ်..။ ဗိုလ်မှူးဟောင်း မောင်အေးကတော့ ကော်မရှင်က ဖိအားပေးလို့ လုပ်ရတာကို ၀န်မခံပါ..။ ရာထူးနေရာတွေမှာ လူမရှိရင်အစားထိုးရမှာဟာ သဘာဝပဲ ဆိုတဲ့ မူနဲ့ ဝင်လာတာပါလို့ ဆိုပါတယ်..။

သူ့ဆီကပဲ ဒေါ်မြင့်မြင့်ခင် အမှုဆောင်အဖွဲ့ က နှုတ်ထွက်လွှာတင်တယ်ဆိုတာ သိရပါတယ်..။ဒါတင်မက ဦးကိုယုပါ နှုတ်ထွက်သွားပြီလို့ သိရပါတယ်..။ ဒါဆိုရင်တော့ ဖြစ်နိုင်တယ်..။ ဒေါ်မြင့်မြင့်ခင်ဟာ ဦးကိုယုကိုတော့ သူငယ်ချင်းမို့လားမသိ..။ အတော်လေးစားပါတယ်..။ ကျောင်းတုန်းကတည်းကပါ..။ ဒါကြောင့် ကျနော်တို့တွေ ဘယ်လောက် တားတား..။ ဦးကိုယုလောက် ကျနော်တို့ကို လေးစားမှာ မဟုတ်ပါ..။ ဦးကိုယုကလည်း မျိုးချစ်ကြီးတွေကို အတော်မကြည်ညိုတဲ့ သူပါ..။ သူ့အစ်ကိုတွေ သူ့ယောက်ဖတွေ ဗိုလ်မှူးချုပ် ၊ ဗိုလ်မှူးကြီးတွေ ဖြစ်နေတာနဲ့  တခြားစီပါ..။ သူက ဗိုလ်မှူးကြီး တန်ယုဆိုင်ရဲ့  ညီ၊ ဗိုလ်မှူးချုပ်တင်ဖေကတော် ဒေါ်သိန်းဆိုင် (စာရေးဆရာမ ဒေါ်မြတ်လေး)ရဲ့ မောင်အရင်းပါ..။

မတ်လ နောက်ဆုံးပါတ်ကျ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စာရင်း အသစ်ထွက်လာပါတယ်.။ ဒါတောင် စာနဲ့ ပေနဲ့  မဟုတ်ပါ..။ဘေးက ရတဲ့ သတင်းဖြစ်ပါတယ်..။

၁။ ဦးအောင်ရွှေ ခေတ္တ(ယာယီ) ဥက္ကဌ

၂။ ဦးလွင် ခေတ္တ(ယာယီ)အထွေထွေ အတွင်းရေးမှူး

၃။ ဦးစိုးမြင့် ဗဟိုအလုပ်အမှုဆောင်

၎။ ဦးလှဖေ (မော်ကျွန်း) ဗဟိုအလုပ်အမှုဆောင်

၅။ ဦးသန်းထွန်း ။

၆။ ဦးမြလေး ။

၇။ ဦးမင်းဝေ(ကျောက်မဲ) ။

၈။ ဦးညွန့်ဝေ ။

၉။ ဦးလွန်းတင် ။ တို့ဖြစ်ပါတယ်..။

ဗဟိုအလုပ်ကော်မတီဝင်များကတော့

၁။ ဦးကိုကြီး (မန်း)

၂။ ဦးဟံသာမြင့် (ဘုတလင်)

၃။ ဦးလှစိုး (မင်းဘူး)

၎။ ဦးညွန့်စိန် (ချောက်)

၅။ ဦးတင်ဦး(ကယား)

၆။ ဦးလှမင်း

၇။ ဦးကျော်ထွန်း (ချင်း)

၈။ ဦးစိန်ဝင်း

၉။ ဦးစိန်ဝင်း

၁၀။ ဦးကျော်ဆန်း တို့ပါဝင်ပါတယ်..။ ။

၁၆- ၉- ၁၉၉၅ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပေါင်းတည်အမျိုးသားဒီမိုကရေစီ စည်းရုံးရေးကော်မတီတို့ ဒေါ်စုနေအိမ်၌ တွေ့ ဆုံစဉ်။ မှတ်တမ်းဓါတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts