ဝေဖန်ရေးရာ

စံလှကြီး – သတိထားသင့်သော နာမဝိသေသနလေးများ

စံလှကြီး – သတိထားသင့်သော နာမဝိသေသနလေးများ
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၅

“ဂျာနယ်တွေ သတင်းစာတွေလည်း တခါတလေ သတင်းရေးရင် သတိထားဖို့ လိုတယ်ကွ”

“ဘာဖြစ်လို့လည်းကွ”

“ဘာဖြစ်ရမှာလည်းကွ ခုတလော မိတ္ထီလာတို့ ရခိုင်တို့ဘက်မှာ ဖြစ်နေတဲ့ ဆူဆူပူပူ ကိစ္စတွေဟာ တကယ်က တယောက်နဲ့တယောက် ရိုက်မှုတို့ မတရားကျင့်မှုတို့ ဆိုတဲ့ ရာဇဝတ် ပြစ်မှုတွေကနေ စတာလေကွာ။ စတုန်းကတော့ ရိုးရိုးသာမန် ရာဇဝတ်မှုပေါ့။ မီးပွားပေါ့ကွာ။ အဲဒါကို သတင်းရေးတဲ့လူက ဘယ်ဘာသာ ကိုးကွယ်တဲ့ မောင်ဘယ်သူက ဘယ်ဘာသာ ကိုးကွယ်တဲ့ မောင်ဘယ်သူကို ရိုက်ခြင်းဆိုတဲ့ ခေါင်းစဉ် တပ်လိုက်တော့ မီးပုံကြီး ဖြစ်သွားရော။ မတရားကျင့်မှုလည်း ဒီအတိုင်းပဲပေါ့။ ဘယ်လူမျိုးဖြစ်သူ မောင်ဘယ်သူက ဗုဒ္ဓဘာသာဝင် မဘယ်သူကို မတရားကျင့်မှုလို့ ခေါင်းစဉ်တပ်လိုက်တော့ ပြဿနာ ကြီးသွားရော။ အမှန်တော့ ရာဇဝတ်ပြစ်မှုမှာ တရားလိုနဲ့ တရားခံ နှစ်ယောက်ပဲ ရှိတာလေ။ အဲဒါကို တရားခံရဲ့ ရှေ့မှာ ဘယ်ဘာသာဝင် ဘယ်လူမျိုးဆိုတဲ့ နာမဝိသေသနတွေလည်း တပ်ပေးလိုက်ရော တကယ့် တရားခံ အစစ်ကို မမြင်တော့ပဲ ရှေ့က နာမဝိသေသနတွေကို မြင်ပြီး မဆိုင်တဲ့ လူတွေကို ပြဿနာ ရှာကြတော့တာပေါ့။ တကယ်တော့ ဒီလို ရာဇဝတ်မှုတွေဟာ ကိုယ့်လူမျိုးတူ ဘာသာတူချင်း ကျူးလွန်တာလည်း ရှိခဲ့ဖူးတာပဲ။ သိုးမည်း ဆိုတာကတော့ နေရာတိုင်းမှာ ရှိတာပဲကွ”

“မင်းပြောသလိုပါပဲကွာ အခုကျတော့ facebook တို့လို ဆိုရှယ်မီဒီယာတွေမှာ အဲဒီလို တရားခံရဲ့ ရှေ့ကနေ ဘယ်ဘာသာ ဘယ်လူမျိုးဆိုတဲ့ နာမဝိသေသန တပ်လိုက်တာနဲ့ ပြဿနာ ကြီးလာတာပဲ”

အထက်ပါ စကားများမှာ လွန်ခဲ့သောနှစ်က မြန်မာပြည်တွင် ဘာသာရေး လူမျိုးရေး ပဋိပက္ခများ ဆူဆူညံညံ ဖြစ်မှုအပေါ် သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်ခြင်း ဖြစ်ပါသည်။ သူပြောတာ မမှားပါ။ အဲဒီတုန်းက ဆိုရှယ်မီဒီယာများနဲ့ စာနယ်ဇင်း အချို့မှာ တရားခံရဲ့ နာမည်ရှေ့မှာ ဘယ်ဘာသာဝင် ဘယ်လူမျိုး ဆိုတာတွေ ထည့်ပြီး ရေးလိုက်တာနဲ့ ပြဿနာ ကြီးလာတာ အမှန် ဖြစ်ပါသည်။ တကယ်တော့ အဲဒါတွေက အပို နာမဝိသေသနတွေ။ ဒါပေမယ့် ပြဿနာကို ပိုကြီးစေသလို အမုန်းများကိုလည်း ဆောင်ယူလာနိုင်တာ အမှန် ဖြစ်သည်။ ဥပမာ- အစ္စလာမ် ဘာသာဝင် ကို….က ဗုဒ္ဓဘာသာဝင် ဗမာအမျိုးသမီး မ….ကို မတရားကျင့်ခြင်း ဆိုသော သတင်းမျိုး(တကယ့်ကို ဥပမာ ဖြစ်ပါသည်)။ မဆိုင်သော နာမဝိသေသနတွေကြောင့် အမုန်းပိုကြီးလာတာတွေ။

ထိုအကြောင်းများတော့ မှားကြောင်း အကျယ်ချဲ့ပြီး ရေးစရာ မလိုတော့ပါ။ ဘာကြောင့်လည်း ဆိုတော့ အမြင်ကျယ်သော ဗုဒ္ဓဘာသာဝင် စာရေးသူ အတော်များများက ထိုသို့ တရားခံ အစစ်ကို မမြင်ပဲ မဆိုင်သော လူမျိုး ဘာသာဆိုပြီး သိမ်းကျုံးပြီး ရန်လုပ်တာ မမှန်ကြောင်း ရေးခဲ့ကြပြီးသား ဖြစ်သည်။ ရှုထောင့်ပေါင်းစုံမှ ရေးခဲ့ကြတာ ဖြစ်ပါသည်။ ရေးတာတွေလည်း မှန်ပါသည်။

အဲဒီလို နာမဝိသေသန အပိုတပ်တာလေး တခုတော့ စာနယ်ဇင်းများမှာ တခါတလေ ဂျာနယ်တွေမှာ ဆိုရှယ်မီဒီယာများမှာ အခုနောက်ပိုင်း တွေ့ရတာ ရှိပါသည်။ တခါတလေ ခပ်စိပ်စိပ်တောင် တွေ့ရသေးသည်။ အမှတ်တမဲ့ သုံးမိကြဟန် တူပါသည်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ မကြာခဏ ဆိုသလို တွေ့ရတတ်ပါသည်။ ဘာလည်း ဆိုတော့ “ဗမာစစ်တပ်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ……..တခါတရံ ဗမာစစ်ဗိုလ်ချုပ်က ပါးရိုက်မည် ပြောခြင်း တခါတလေ ဗမာစစ်အာဏာရှင် အစိုးရက……..”  စသည်ဖြင့် ဖြစ်ပါသည်။

အမှန်တော့ ပြောလိုလျှင် စစ်ဗိုလ်ချုပ် ဘယ်သူကဟု နာမည်တပ်၍ ဖြစ်စေ စစ်အာဏာရှင် အစိုးရဖြစ်စေ ပြောလို့ ရရဲ့သားနဲ့ ရှေ့က ဗမာဆိုပြီး နာမဝိသေသန အပိုတပ်ပေးခြင်း ဖြစ်ပါသည်။ ကျနော်ကတော့ အဲဒီလို စကားလုံးတွေကို တွေ့တိုင်း အောင့်သက်သက် ဖြစ်သလိုလို ဗမာတမျိုးသားလုံးကို အားနာမိသလိုလို ဖြစ်မိပါသည်။ ထူးဆန်းတာက ဗမာလူမျိုးဟု ထင်ရသော စာရေးသူ အချို့ပင် သုံးသည်ကို တွေ့ရလို့ ဖြစ်ပါသည်။ အမှတ်တမဲ့ပင် သုံးမိလေသလား ဗမာလူမျိုးပေမယ့် တိုင်းရင်းသားတွေဘက်က ရပ်တည်ပါတယ်လို့ ထင်စေလိုလို့လားတော့ မသိပါ။ ကျနော်ကတော့ အဲဒီလို အသုံးမျိုးကို သတိထားသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ဗမာနဲ့ ကျန်တိုင်းရင်းသားများ အကြားမှာ အမုန်းစိတ် ကြီးလာစေတယ်လို့ ထင်မိပါတယ်။

(ဗမာလို့ ခေါ်ရမှာလား မြန်မာလို့ ခေါ်ရမှာလား ဆိုတဲ့ ကိစ္စနဲ့ ပက်သက်ပြီး အခုထက်ထိ ဝိဝါဒ ကွဲပြားတာတော့ ရှိပါတယ်။ ဒီနေရာမှာတော့ စာရှည်မှာစိုးလို့ အကျယ် မဆွေးနွေးတော့ပါ။ ၁၉၉၀ နောက်ပိုင်း စစ်အာဏာသိမ်းပြီး ကတည်းက အစိုးရက ဗမာဆိုတာ လူမျိုးကြီး တခုတည်းကို ခေါ်တာ။ မြန်မာဆိုတာကတော့ ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း အားလုံးကို ပေါင်းခေါ်တာ ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ အချို့ ကမ္ဘာ့နိုင်ငံများက လက်မခံပေမယ့် စစ်အာဏာ သိမ်းပြီးနောက်မှာ လူလား မြောက်လာရတဲ့ လူလတ်ပိုင်း အများစုက ဒီအတိုင်း လက်ခံထားတာ တွေ့ရလို့ ဒီစံနှုန်းအတိုင်းပဲ ဒီဆောင်းပါးမှာ ရေးပါ့မယ်။ လူမျိုးကြီးဖြစ်တဲ့ ဗမာလူမျိုး အများစုကလည်း ကိုယ့်ကိုကိုယ် ဗမာလို့ပဲ ခေါ်တာ တွေ့ရလို့ပါ။)

စဉ်းစားကြည့်ပေါ့။ ဗမာ စစ်အာဏာရှင် အစိုးရက တိုင်းရင်းသား ဒေသတွေမှာ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဆိုတဲ့ သတင်းမျိုး ဖတ်လိုက်ရတဲ့ ဘယ်ဗမာ အမျိုးသားမဆို အောင့်သက်သက် ဖြစ်သွားဖို့ များပါတယ်။ စစ်အာဏာရှင် အစိုးရဆိုတဲ့ နာမည်ရှေ့မှာမှ ဗမာဆိုတဲ့ နာမဝိသေသနကြီး အတပ်ခံလိုက်ရတာကိုး။ အမှန်တော့ အစိုးရ အဖွဲ့ကိုယ်တိုင်ကလည်း သူတို့ကိုယ်သူတို့ ဗမာစစ်အာဏာရှင်အစိုးရလို့ ဘယ်တုန်းကမှ မခေါ်ပါဘူး။ တိုင်းရင်းသားတွေဘက်ကျှတော့ စစ်အာဏာရှင် အစိုးရတို့ စစ်တပ်တို့ ဆိုတာတွေ မမြင်ပဲ ရှေ့က ဗမာဆိုတာ မြင်ပြီး ဗမာတွေက တို့ကို လာလုပ်တယ် ဆိုပြီး ထင်သွားဖို့ များပါတယ်။ များပါတယ် ဆိုတာထက် အဲဒီအတိုင်း ထင်သွားကြတာ သေချာပါတယ်။

ပြောမယ် ဆိုရင်တော့ အစိုးရအဖွဲ့ထဲက တော်တော်များများက ဗမာမို့လို့ ဗမာလို့ ခေါ်တာလို့ ပြောလို့ ရပါတယ်။ အဲဒီလိုဆိုရင်တော့ အပေါ်က ပြောခဲ့သလိုပဲ နာမဝိသေသန အပိုတပ်ပေးတာ ဖြစ်သွားပါပြီ။

နာမည်ဆိုးတဲ့ လူတွေ အဖွဲ့အစည်းတွေကို ရှေ့က လူမျိုးနာမည် တပ်ပြီး ခေါ်တယ်ဆိုရင် နာမည်ကောင်းတဲ့ လူတွေ ထူးချွန်တဲ့ လူတွေကိုလည်း ရှေ့က လူမျိုးနာမည် တပ်ပေးရမလို ဖြစ်နေပါသည်။ ဟိုတလောတုန်းက စာရေးဆရာကြီး ဦးအောင်သင်း ကွယ်လွန်ချိန်မှာ အွန်လိုင်းစာနယ်ဇင်းတွေ facebook လို မီဒီယာတွေပေါ်မှာ ဝမ်းနည်းကြောင်း ရေးတဲ့စာတွေနှင့် ဆောင်းပါးတွေ ပလူပျံသွားတာ မှတ်မိပါသည်။ ဆရာ့မှာ ရာထူးအာဏာ မရှိပေမယ့် သူ့စာပေတွေကြောင့် အားကျစရာ ကောင်းလောက်အောင် အသေလှခဲ့တာပါပဲ။

အားလုံးကတော့ ဆရာဦးအောင်သင်းလို့ပဲ ရေးခဲ့ကြပြီး ဘယ်သူကမှ ဗမာဆရာဦးအောင်သင်းတို့ ဆရာဗမာဦးအောင်သင်းတို့ ရေးခဲ့ကြတာ မတွေ့မိပါ။ အမှန်တော့ သူဟာ အဲဒီလို နာမဝိသေသန တကယ်တပ်ပေးသင့်တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါသည်။ ကြည့်လေ။ သူ့ဖခင်က တောင်တွင်းကြီးမြို့က တို့ဗမာအစည်းအရုံး ဥက္ကဌ ဖြစ်ပြီး သူကိုယ်တိုင်က ငယ်ငယ် ကျောင်းသားဘဝမှာ ကျောင်းသွားရင်းတောင် မျက်နှာဖြူအရေးပိုင် အိမ်ရှေ့ရောက်ရင် သခင်မျိုးဟေ့ ဒို့ဗမာလို့ အော်ပြီး ကျောင်းသွားလေ့ ရှိသည်ဆိုတော့ ဒီထက်ပိုပြီး ဒို့ဗမာ သခင်စစ်တာ ဘယ်ရှိတော့မလဲ။ အဲဒီလိုသာ လူမျိုးနာမည် တပ်ပေးရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း ဗမာဗိုလ်ချုပ်အောင်ဆန်း ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဗမာဒေါ်အောင်ဆန်းစုကြည် သခင်ကိုယ်တော်မှိုင်းကိုလည်း ဗမာကိုယ်တော်မှိုင်းလို့ ရေးရတော့ မလိုတောင် ဖြစ်နေပါသည်။

(သိုးအုပ်ကြီးတခုတွင် သိုးဖြူများရော သိုးမည်းများပါ ရောနှောပါဝင်ပုံကို ထင်ရှားစေလို၍ ဥပမာပေးခြင်း ဖြစ်ပါသည်။ အထက်ပါ ပုဂ္ဂိုလ်ကြီးများကလည်း သူတို့ကို ထိုသို့ နာမဝိသေသန တပ်လျှင် နှစ်သက်မည် မထင်ပါ။ ဤသို့သော လူများကိုပင် ခွဲခြားရာ ရောက်မည် စိုးသဖြင့် လူမျိုးနာမည် မတပ်သင့်ပါလျှင် စစ်အာဏာရှင် အစိုးရတို့ ဘာတို့ကျမှ ရှေ့က ဗမာဟု လူမျိုးနာမည် တပ်သင့်သလား စဉ်းစားနိုင်ရန် ဖြစ်ပါသည်။)

ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာသေးမီက လွိုင်ကော်မိန့်ခွန်းတွင် “ ဒီအချိန်မှာ ကျမ အရေးကြီးတဲ့ ကိစ္စတခုတော့ အထူးသဖြင့် ကျမ တိုင်းရင်းသားများနဲ့အတူ ဆွေးနွေးပြီးတော့ ညီညွတ်ရေး ပြုလုပ်ချင်ပါတယ်။ အဲဒါဟာ ဘာလဲဆိုတော့ တချို့တွေကဆိုရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ဒီလို ပြောကြပါတယ်။ ပြောချင်တာက တိုင်းရင်းသားများကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ အဲဒီလို ဆိုချင်တာပါ။ အဲဒီတော့ ကျမကတော့ ရဲရဲတင်းတင်း ပြောရဲပါတယ်။ ကျမတို့ အဖွဲ့ချုပ်ရဲ့ ကျမတို့ ပါတီရဲ့ သမိုင်းကို ပြန်ပြီးတော့ ကြည့်လိုက်ပါ။ ကျမတို့ဟာ တိုင်းရင်းသားတွေကို ကိုယ်စားပြုခဲ့တဲ့ ပါတီ ဟုတ်မဟုတ်ကို ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဝင်ပြိုင်ခဲ့တဲ့ ကျမတို့ ကိုယ်စားလှယ်တွေကို ပြန်ကြည့်ပါ။ တိုင်းရင်းသား ဒေသတွေမှာ ဒေသခံ တိုင်းရင်းသားတွေပဲ ကျမတို့က ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ် တင်မြှောက်တာပါ။ ဘယ်တော့မဆို ကျမတို့ဟာ ကျမတို့ရဲ့ ပါတီကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ပဲ ကျမတို့က သတ်မှတ်ပါတယ်။ အဲဒီ တိုင်းရင်းသားတွေမှာ ဗမာပါတယ် ဆိုတာလည်း မမေ့ကြပါနဲ့လို့ ကျမ သတိပေးချင်ပါတယ်။ ဗမာတွေက အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်ထဲမှာ များနေသလားလို့ မေးရင် ကျမက ပြန်မေးမယ်။ မြန်မာတနိုင်ငံလုံးမှာ ဗမာတွေက အများစုပဲ။ အဖွဲ့ချုပ်ထဲမှာလည်း အများစုပဲ ဖြစ်မှာပေါ့။ ဒါသဘာဝကျတဲ့ ကိစ္စပဲ။ ဘာမှဒါလူမျိုးစုစိတ်ဓာတ်နဲ့ ဆိုင်တာ မဟုတ်ပါဘူး။ အဲဒီတော့ ဒီလို ကျမတို့နဲ့ တိုင်းရင်းသားတွေကြားမှာ စိတ်ဝမ်းကွဲအောင်ပြောတဲ့ အဆိုအမိန့်တွေကိုတော့ သတိပြုကြပါ။ သတိထားကြပါ။ ဆင်ခြင်ကြပါလို့ ကျမ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

မှန်ပါသည်။ တနိုင်ငံလုံးတွင် ဗမာက လူများစု ဖြစ်ပါသည်။ မည်သည့်စနစ်နှင့် ချီတတ်သည်ဖြစ်စေ မည်သည့် အရေးတော်ပုံ ဖြစ်စေ လူများစု ဗမာများက ပူးပေါင်းပါဝင်မှု မရှိလျှင် အောင်မြင်မှာ မဟုတ်တာ သေချာပါသည်။ ဗမာများကလည်း လွတ်လပ်ရေး တိုက်ပွဲမှစ၍ အာဏာရှင်စနစ် ဖြုတ်ချဖို့ ကြိုးစားသော အရေးတော်ပုံတိုင်းတွင် အင်တိုက်အားတိုက် ပါဝင်ခဲ့ပါသည်။ စစ်အစိုးရကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုများသည် ဗမာအများဆုံး မှီတင်း နေထိုင်သော ရန်ကုန် မန္တလေးစသော မြို့ကြီးများတွင် အရင် ဖြစ်ပွားပြီးမှ ကျန်တိုင်းရင်းသား ဒေသများသို့ ကူးစက်သွားခြင်း ဖြစ်ပါသည်။ ဤသည်မှာ သဘာဝ ကျပါသည်။ လူနေ အထူထပ်ဆုံး ဒေသတွေကသာ လူထုလှုပ်ရှားမှုတွေ စတင်မြဲ ဖြစ်ပါသည်။ ဒီတော့ နှိမ်နှင်းသူကလည်း ရေသောက်မြစ်လို ဖြစ်သော မြို့ကြီးများတွင် အရင်ဆုံး ဖြိုခွင်း နှိမ်နှင်းရတာပဲ ဖြစ်သည်။ ဒီတော့ အနစ်နာဆုံး ခံရသူတွေကလည်း မြို့ကြီးများတွင် နေထိုင်သော ဗမာအများစု ဖြစ်မည်လို့ ယူဆပါသည်။

လူနည်းစုက လူများစုကို မုန်းတီးစိတ် ရှိနေလျှင်လည်း တိုင်းပြည်အနာဂတ် အတွက် မကောင်းလို့တော့ မြင်ပါသည်။ တခါက အလွန်ထူးဆန်းသော အတွေးအခေါ် ရှိသူတဦးနှင့် ဆုံခဲ့ဖူးပါသည်။ လွန်ခဲ့သော နှစ်အတော်ကြာက တိတိပပ ဆိုရလျှင် နဝတစစ်အစိုးရ လက်ထက်က ကျနော် စာပေလေထန်ကုန်း ဆွေးနွေးပွဲ တခုမှာ သဘောင်္အရာရှိ ဆိုသူတဦးနှင့် တွေ့ခဲ့ဖူးသည်။ သူက စကားဝိုင်းမှာ သူ့ကိုယ်သူ မွန်တရုတ် ကပြား ဖြစ်ပါသည်။ မွန်သွေးက ပါးပါးလေးပဲ ပါပြီး တရုတ်သွေး အများဆုံး ဖြစ်သည်ဟု ဆိုပါသည်။

ဒါပေမယ့် တိုင်းရင်းသားတွေဘက်က သူမခံနိုင်လွန်းလို့ပါလို့ စကားပလ္လင် ခံပြီးမှ စစ်အစိုးရ အဆက်ဆက်က တိုင်းရင်းသား ဒေသတွေမှာ လုပ်ခဲ့တာတွေနဲ့ ပက်သက်ပြီး ဗမာတမျိုးသားလုံးမှာ လုံးဝ တာဝန်ရှိကြောင်း ဗမာတွေက တာဝန်ယူရမှာ ဖြစ်ကြောင်း ဗမာလူမိုက်တယောက်က လုပ်နေတာ ဆိုရင်တော့ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနိုင်ကြောင်း ဒါပေမယ့် အစိုးရလို့ နာမည်ခံပြီး လုပ်နေရင်တော့ ဗမာတွေက တာဝန်ယူရမယ် ဆိုပြီး ပြောပါတော့သည်။ ဆက်ပြီး ဗမာတွေက တိုင်းရင်းသားတွေ အပေါ်မှာ ဝန်ချတောင်းပန်ရမည် လို့လည်း ဆိုလိုက်သေးသည်။ သူပြောတဲ့ တောင်းပန်ရမည် ဆိုတာက စာနာကြောင်း ဝမ်းနည်းကြောင်း ပြသခိုင်းတာ မဟုတ်ပဲ ကျနော် ကျမတို့ အပြစ်ရှိပါတယ် ဆိုပြီး တောင်းပန်ခိုင်းခြင်း ဖြစ်ပါသည်။ တကယ့်ကို အဲဒီအတိုင်း ပြောတာ ဖြစ်ပါသည်။ တခြားလူများတွင်လည်း သူ့လို အတွေးအခေါ်မျိုး ရှိကောင်း ရှိနေနိုင်ပါသည်။

သူ့စကားကြောင့် စကားဝိုင်းရှိ လူများ အတော် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါသည်။ ဒီတော့မှ ကျနော်လည်း သူ့ကို ဒီစစ်အစိုးရဟာ ဗမာတွေက ဆန္ဒမဲနဲ့ ရွေးကောက် တင်မြှောက်ထားပြီး လုပ်ပိုင်ခွင့် ပေးထားတဲ့ အစိုးရ မဟုတ်ကြောင်း ဘယ်လို အာဏာသိမ်းခဲ့တယ် ဆိုတာလည်း တကမ္ဘာလုံး အသိပဲ ဖြစ်ကြောင်း။ ဗမာတွေက ရွေးချယ်တင်မြှောက်ပြီး အာဏာ အပ်နှင်းထားတဲ့ အစိုးရ ဆိုရင်တော့ ဗမာတွေမှာ တာဝန်ရှိကြောင်း။ အဲဒီလို အာဏာ အပ်နှင်းထားတာ မဟုတ်တဲ့အပြင် သူတို့ လုပ်တာတွေကို သဘောမတူကြောင်း ဆန့်ကျင်ကြောင်း အခါအခွင့်သင့်တိုင်း ဗမာတွေက ပြသခဲ့ပြီး ဖြစ်ကြောင်း။ အဲဒီလို လူတွေရဲ့ လုပ်ရပ်အတွက် ဗမာတွေမှာ တာဝန်ရှိတယ် ဆိုတာကတော့ ယုတ္တိ လုံးဝ မရှိတဲ့အတွက် လက်မခံပါဘူးလို့ ပြောလိုက်ပါတယ်။ အနှီ ပုဂ္ဂိုလ်ကြီးလည်း သူ့စကားက မှားနေတာ ဖြစ်တဲ့အတွက် ဘာမှ ပြန်မပြောနိုင်တဲ့အပြင် စကားဝိုင်းထဲက ဗမာတွေက သူ့ကို ဝိုင်းမေးခွန်းထုတ်ကြလို့ အဲဒီနောက်ပိုင်း ၂ လလောက် ဆုံနေကျနေရာကို ပေါ်မလာတော့တာ မှတ်မိပါတယ်။

လူများစုက လူနည်းစုကို ညှာတာရမည် ဦးစားပေးရမည် ဆိုတာကတော့ အမှန်ပဲ ဖြစ်ပါသည်။ ဒါပေမယ့် ဦးစားပေးတာနဲ့ မရှိတဲ့ အပြစ်ကို တာဝန်ယူရတာက အဓိပ္ပါယ် အလွန်ကွာပါသည်။

ကျနော်တို့ မြန်မာနိုင်ငံလို လူမျိုးစုံ ရှိသော နိုင်ငံများမှာ တန်းတူညီမျှ ရှိရေး ဆိုတာကလည်း အရေးကြီးသော ပြဿနာတရပ် ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ ရှိသော နိုင်ငံများမှာ အချင်းချင်း ချစ်ခင်စိတ် ရှိထားလင့်ကစား လူမျိုးတိုင်းက ကိုယ့်ကို အခြားက လာရောက် လွှမ်းမိုးသွားမှာ ကိုယ်က သူများလောက် အခွင့်အရေး မရမှာကို စိုးရိမ်တာ သဘာဝ ဖြစ်ပါသည်။ ဤအချက်ကို သိမြင်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး မယူမီကပင် တိုင်းပြည်၏ အမြင့်ဆုံး ရာထူးဖြစ်သော သမ္မတနေရာကို တလှည့်စီယူ၍ အုပ်ချုပ်ကြရန် ပထမဆုံး သမ္မတရာထူးကို လူများစု ဗမာများက စတင်မယူပဲ ရှမ်းအမျိုးသားထဲမှ ရွေးချယ်ရန် စဉ်းစားခဲ့ပါသည်။ ထို့ကြောင့်ပင် လွတ်လပ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး သမ္မတကြီးမှာ စဝ်ရွှေသိုက် ဖြစ်လာခဲ့ပါသည်။ ဤသို့ဖြင့် ကရင်အမျိုးသားကြီး မန်းဝင်းမောင် ဦးဘဦး စသဖြင့် အစဉ်အတိုင်း ဖြစ်လာခဲ့ပြီး ကချင်လူမျိုးများထဲမှ ဆမားဒူးဝါးဆင်ဝါးနောင် သမ္မတဖြစ်ရန် အလှည့်ကျချိန်တွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားကာ ဗိုလ်ချုပ် စီစဉ်ခဲ့သမျှ အကောင်အထည် မဖော်နိုင် ဖြစ်ခဲ့ရသည်ဟု ဖတ်ခဲ့ရဖူးသည်။

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးမှာ အတော် ထူးခြားသော အနေအထား ဖြစ်ပါသည်။ ပတ်ပတ်လည်တွင် တောင်တန်းကြီးများ ကာရံထားပြီး အခြားတဘက်တွင် ပင်လယ်က အနားသတ် ပေးထားသည်။ ဤနေရာလေးကို ကွက်ပြီး ခြံခတ်ထားသလို အနေအထားမျိုး ဖြစ်သည်။ ဘေးနှစ်ဘက်မှာ ညှပ်ထားသည်က မိမိထက် လူဦးရေ အဆမတန် သာလွန်ပြီး အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ဖြစ်သည်။ ယခင်စာရင်းအရပင် မြန်မာနိုင်ငံသည် ပတ်ဝန်းကျင် နိုင်ငံများတွင် ကုန်းခေါင် တောထူထပ်သည့် လာအိုနိုင်ငံမှလွဲ၍ လူဦးရေ အနည်းဆုံး ဖြစ်သည်။ အခုတော့ လာအိုပင် ကိုယ့်ထက် သာသွားပြီ ထင်ပါသည်။ ပထဝီ အနေအထားအရ အမိမြန်မာပြည်သည် ယခုထက် ပို၍ လူဦးရေ တိုးတက်လာပြီး ချမ်းသာကြီးပွားရန်လည်း လိုပေသည်။

ထို့ကြောင့် ပထဝီ နိုင်ငံရေးအရ စည်းလုံးညီညွတ်ပြီး ချမ်းသာသော တိုင်းပြည် ဖြစ်ရေးသည် အရေးကြီးသည် ဖြစ်၍ တဦးနှင့်တဦး လူမျိုးတမျိုးနှင့်တမျိုး အထင်အမြင် လွှဲမှားစေမည့် နာမဝိသေသနများကို သတိထား သုံးစွဲရန် အရေးကြီးသည်ဟု တွေးနေမိပါသည်။

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “စံလှကြီး – သတိထားသင့်သော နာမဝိသေသနလေးများ
  1. အလွန်ကောင်းတဲ့ဆောင်းပါးပါ။

    ဆောင်းပါး၊ သတင်းရေးရင် လူမျိုး၊ ဘာသာ စတဲ့ နာမဝိသေသနတွေမထည့်သင့်ပါ။ မီးထဲဆီလောင်းသလိုဖြစ်သွားတာတွေ လက်တွေ့ပါ။

  2. လူမျိုးပေါင်းစုံနေတဲ့ ဘယ်နိုင်ငံမှာမဆို လူဦးရေအများဆုံးလူမျိုးတစ်မျိုးကတော့ရှိစမြဲပဲ။ ဥပမာ ဗြိတိသျှကျွန်းစုမှာအင်္ဂလိပ်တွေနဲ့ မြန်မာပြည်မှာဆိုရင်တော့ဗမာပေါ့။ ပဒေသရာဇ်တို့ အာဏာရှင်တို့စတဲ့စံနစ်တွေကလဲ ကြီးနိုင်ငယ်ညှင်း အာဏာပြတတ်တော့ တစ်ချိန်က အင်္ဂလိပ်တွေကလဲ စကော့တွေ၊ ဝေလနယ်သားတွေနဲ့ အိုင်ယာလန်သားတွေကို ဗိုလ်ကျခဲ့သလို မြန်မာပြည်မှာလဲဖြစ်ခဲ့တာပေါ့လေ။

    ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ဒါမျိုးဗိုလ်ကျတာတွေပျောက်သွားအောင်၊ တစ်ဦးကိုတစ်ဦးစိတ်မနာပဲ အာဃာတတွေပျောက်အောင်လုပ်နေချိန်မှာ ကျဆုံးသွားရတော့ ဦးနုခေတ်မှာ ရှမ်းတွေက “ဗမာတစ်ကျပ်၊ ရှမ်းတစ်မတ် ဖြစ်နေဘီ၊ ညီမျှအောင်လုပ်ပေးပါ” လို့လွှတ်တော်မှာပြောကြတာ ကျွန်တော်တို့ငယ်ငယ်ကကြားခဲ့ဖူးပါရဲ့။

    မဆလခေတ်မှာ ညီမျှအောင်လုပ်ပေးလိုက်တာက “ဗမာဆယ်ပြား၊ ရှမ်း ဆယ်ပြား” ဖြစ်သွားပြီး LDC လျှောက်ရရော။ ၈၈ နောက်ပိုင်းမှာ “ဗမာတစ်ပြား၊ ရှမ်း တစ်ပြား” အထိ “ညီမျှအောင်လုပ်ပေး”လိုက်တော့ ယိုးဒယားတို့မာလာယုတို့သွားပြီး “ကျွန်ခံ၊ ဖာခံ” အကုန်ရရာလုပ်ကြရရှာတယ်။

    အခုလက်ရှိအချိန် ယိုးဒယားမှာ “ဖမာ”အခေါ်ခံရပြီး လွန်ခဲ့တဲ့အနှစ် ၂၄၀ လောက်က အယုဒ္ဓယရာဇဝင်ကြွေးကိုချွေးနဲ့သွေးနဲ့ အတင်းအဆပ်ခိုင်းခံနေရသူတွေဟာ ဗမာအပါအဝင်တိုင်းရင်းသားအားလုံးပါ။

    စစ်အစိုးရရဲ့ဗမာလူမျိုးကြီးဝါဒလို့သတ်မှတ်ကြရင်လည်း ဆန္ဒပြလို့ အရင်ဆုံးပစ်သတ်ခံရတာ ရန်ကုန်ကသံဃာတော်တွေအပါအဝင် ဗမာတွေပါ။

    စစ်အာဏာရှင်စံနစ်အောက်မှာ အုပ်စိုးသူလူတန်းစား (စစ်တပ်)နဲ့ အုပ်စိုးခံလူတန်းစား ( ပြည်သူလူထု) ပဲရှိပါတယ်။

  3. အခုလို ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော်ရေးတဲ့ ရည်ရွယ်ချက်က အခုနောက်ပိုင်း တချို့သတင်းတွေမှာ စစ်အာဏာရှင် အစိုးရတို့ ဘာတို့ကို ဗမာလို့ နာမဝိသေသန အမှတ်တမဲ့ တပ်ကြတာ မြင်ဖူးလို့ပါ။ ဗမာနဲ့ တိုင်းရင်းသားတွေ အကြားမှာ ပိုသွေးကွဲနိုင်ပြီး တကယ့် တရားခံကို မမြင်ပဲ နေမှာ စိုးလို့ပါ။
    ပဒေသရာဇ်စနစ်တို့ ဘာတို့က ကိစ္စတွေကျတော့ ပြောရ ခက်ပါတယ်။ သမိုင်းမှာက ပြည် တောင်ငူ အင်းဝတို့လည်း ဗမာချင်းပေမယ့် တိုက်ရ ခိုက်ရတာတွေ ရှိခဲ့ဖူးတယ်။ အဲဒီခေတ်တုန်းကတော့ လူမျိုး ဆိုတာထက် ဘုရင်ကို အရှင်သခင် ဆိုပြီး သစ္စာခံတာ များပါတယ်။ ပြောမယ် ဆိုရင်တော့ နှစ်ဦးနှစ်ဘက်စလုံး အပြစ်တော့ မကင်းဘူးလို့ ထင်ပါတယ်။

  4. ဦးစံလှကြီးထောက်ပြတာတွေ “သွေးထွက်အောင် မှန်ပါတယ်”။ ကျွန်တော်ကလည်းထောက်ခံပါတယ်။ ဗမာလူမျိးကြီးဝါဒဆိုတာ ဒီခေတ်မှာရှိရန် မလွယ်တော့ပါကြောင်းသာထောက်ပြတာပါ။

    ကျွန်တော်တို့ကိုးကွယ်တဲ့ဗုဒ္ဓကလည်း ပစ္စုပန်ကိုသာရှုဖို့ဟောခဲ့တာမို့ ပစ္စုပန်ကိုသာရှုကြရအောင်။

    သခင်မျိုးဟေ့ ဒို့ဗမာလို့အော်ခဲ့တဲ့ဘဝက အူမမတောင့်တော့ သီလရောသိက္ခါပါမစောင့်နိုင်ရှာတော့ဘဲ နိုင်ငံတကာထွက်ပြီး ကျွန်ခံ
    ရတော့တာကိုကြည့်ပါ။

    နောက်တခါတရုတ်ကမျို၊ ကုလားကမျို၊ ” “မြေမျို၊လို့လူမျို၊းမပျောက် လူမျို၊းချင်းမျိုမှ လူမျို၊းပျောက်မည်” ဆိုင်းဘုတ်ကြီးတွေထောင်ထားရတာက
    လဲသက်သေပြနေပါတယ်။

    ယိုးဒယားကဂုတ်သွေးစုပ်၊ မာလာယုမှာအသတ်ခံရ၊ အပြည်ပြည်ကလာဗိုလ်ကျတာခံနေရပြီး ဘာမှပြန်မပြာရဲ၊ ဒါတွေကြိုမြင်လို့ဗိုလ်ချပ်အောင်ဆန်းပြောခဲ့သားဘဲ၊ “ကျွန်ဖြစ်မဲ့စိတ်ဓာတ်”တဲ့။ အခုသူနိမိတ်ဖတ်ခဲ့တဲ့အတိုင်း ဟိုလူ့မျက်နှာချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရတဲ့ “ဖာသယ်လိုနိုင်ငံ” ဖြစ်နေမှ ဗမာလူမျိးကြီးဝါဒဆိုတာ ဘယ်ရှိနိုင်တော့မှာလဲ။

Comments are closed.