ကဗျာ

အံ့မောင် – ရန်ကုန်မှာ တက္ကစီ စီးခြင်း

အံ့မောင် – ရန်ကုန်မှာ တက္ကစီ စီးခြင်း
(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၅

ရန်ကုန်မြို့ထဲမှ ဥက္ကလာပဆီ

တက္ကစီနဲ့ပြန်

နေရာကျန်တော့ လူထပ်တင်

ပါစင်ဂျာ  သုံးယောက် တိုး

အမျိုးမျိုး စကားပြောလာကြ

အတ္တ အကြောင်းတွေ

အနတ္တ အကြောင်းတွေ

ဘဝ ဇာတ်လမ်းတွေ

ခုနစ်ထွေ စုံပါရော

မောစရာ ပျော်စရာ ထွေးယှက်

လက်ပံတောင်းအကြောင်း

ကျောင်းဆရာလုပ်တဲ့အကြောင်း

ဈေးသည်လုပ်တဲ့ အကြောင်း

စစ်သားလုပ်တဲ့ အကြောင်း

လိုင်ဇာကို တိုက်တဲ့ အကြောင်း

ကျောက်စိမ်းတုံးကြီးအတွက်

အသက်တွေ ပေးခဲ့ရတဲ့ အကြောင်း

အဲဒီ ကျောက်စိမ်းတုံးကြီး

ဘယ်ကို စီးဆင်းသွားပြီလဲ

ရဲဘော်ကလေး နှစ်ဆယ်တော့

တစ်ယောက် နှစ်သိန်းစီ ဆုချီးမြှင့်

အပွင့်အခက်ကြီးတွေတော့

ကျောက်စိမ်း ဗိမာန်ကြီးတွေ တည်လိုက်ပြီ

ရီ(ရယ်)သလိုလို   မဲ့သလိုလို

ရဲဘော်အိုက ပြော

တရုတ်သွေးနှော ခရီးသည်က

အရင်က တရုတ်ကို အထင်ကြီးသမျှ

ကချင်ပြည်နယ်က ကျောက်စိမ်းတွေ

သစ်တောတွေ မိန်းမတွေ

လက်ပံတောင်း  ကြေးနီတွင်းတွေ

မတရားခြင်းအပြည့် ဓားပြတိုက်တော့

ဒီလောဘလူမိုက်ကို မမြင်ချင်တော့ဘူးဆို

ကားထဲမှာ စကားကျိုကြ

ဟိုလူ  ဒီလူ

ဟိုကလေး  ဒီကလေး

ဟိုမိန်းမ  ဒီမိန်းမ

သူ့ဘဝတွေနဲ့   သူ

ဥာဏ်အမြင်တွေ   ထူဆောက်ကြ

ထူထူအအတွေ များမထင်နဲ့

ချိန်ခွင်ပေါ် တက်တဲ့အခါ

ဘယ်ဘက် အလေးသာရ မယ်ဆိုတာသိ

အာဏာ အသပြာ မုသားတွေကို

သိုသိုသိပ်သိပ် ကျော်လွှား

ယောက်ျားဘသား တံခွန်ထူတော့မယ်

ဒါမှ အာဂလူ မြန်မာ့လူ

ဒေါင်းအက  ကတော်မူ။  ။

အံ့မောင်

(ဓာတ်ပုံ – ရန်နောင်(ဗိုလ်တထောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts