ရသဆောင်းပါးစုံ အတွေးအမြင်

စိုးသင့်ဆွေ – နီရိုးဘုရင် နဲ့ ဆာရာယေဗိုက တယောသံ

 

 
စိုးသင့်ဆွေ – နီရိုးဘုရင် နဲ့ ဆာရာယေဗိုက တယောသံ
မိုးမခ၊ ဇန်န၀ါရီ ၁၃၊ ၂၀၁၅
ပျက်သုန်းနေတဲ့ မြို့ပျက်ကြီးကို နောက်ခံထားပြီး တယောထိုးနေသူ ရိုမန်အင်ပါယာ နီရိုးဘုရင်ကြီး အကြောင်း ခေါင်းထဲရောက်လာရင်း သူ့လိုပဲ မြို့ပျက်ကြီးနောက်ခံနဲ့ တယောထိုးနေသူနောက်ထပ် တယောက် ရှိခဲ့ဖူးတယ်ဆိုတာ သတိထားမိလိုက်ရင်း အတွေးနယ်ချဲ့လိုက်မိတယ်…။
ရောမမြို့ကြီး မီးလောင်နေတာတောင် နီရိုးဘုရင်ကြီး တယောတီးမပျက်ဘူး – “Nero Fiddled While Rome Burned” ဆိုတဲ့ စကားလေးကို လူတိုင်းလူတိုင်း ကြားဖူးကြမှပါ.. တစုံတယောက်က ကိုယ့်မထိခိုက်ရင်ပြီးရော ကျန်သူတွေဘာဖြစ်ဖြစ်ဆိုပြီး တကိုယ်ကောင်းစိတ်မွေးပြီး ဂရုမစိုက်တတ်တဲ့ အခါ ဒီစကားကို ထပ်ခါတလဲလဲ လူတွေသုံးမိ ပြောမိတတ်ကြတယ်..။ ရောမမြို့ကြီး ဒီလောက်မီးလောင်နေတာတောင်မှ တယောတီးမပျက်ခဲ့တဲ့ ဂီတကို မြတ်နိုးတယ်ဆိုတဲ့ နီရိုးဘုရင်ဟာ ရာဇဝင်ထဲမှာတော့ တော်တော်လေးကို နာမည်ဆိုးနဲ့ ကျော်ကြားသူတယောက်ပါပဲ.. ဘယ်သူ တေတေ ငတေမာရင် ပြီးရောဆိုသလို .. သူ့တိုင်းသူပြည်သားတွေ လောင်မီးကျလို့ ကယ်ပါ ယူပါတစာစာ ပြေးလွှားနေတာတောင်မှ သူ့ တယောကို အတီးမဖျက်နိုင်ခဲ့ဘူးတဲ့။ 
သူ့အုပ်စိုးခဲ့တဲ့ (အေဒီ ၅၄- အေဒီ ၆၈) ၁၄နှစ် အင်ပါယာသက်တမ်းတလျှောက်မှာ သူသတ်ခဲ့တဲ့ လူပေါင်း မရေတွက်နိုင်အောင်ပါပဲတဲ့.. သူ့ဦးလေးဖြစ်တဲ့ ကလီဂူလာဘုရင် (Caligula) လိုပဲ ရိုမန်အင်ပါယာ သမိုင်းတလျှောက် အာဏာတည်မြဲဖို့အတွက် ဆိုးဝါးလွန်းတဲ့ လုပ်ကြံမှုသတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့သူတဦးပါ ။သူ့မိခင်အပါအဝင်၊ သူနဲ့ရတဲ့ ကိုယ်ဝန်လွယ်ထားတဲ့ မိဖုရားကိုပါသတ်ဖြတ်ခဲ့သူပါ။ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲ တည်ထောင်နိုင်ခဲ့တဲ့ အပိုင်းတွေရှိခဲ့ပေမယ်လို့ သူ့ အာဏာကို ထိပါးမယ်ဆို ဘယ်သူ့မျက်နှာမှ ငဲ့ကွက်မနေပဲ သတ်ဖြတ်လေ့ရှိတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တာပါ။ (ဒီနေရာမှာ အဲ့ဒီခေတ်က နီရိုးဘုရင် တယော တကယ်ပဲ ထိုးခဲ့ မထိုးခဲ့ဆိုတဲ့ ကိစ္စကတော့ အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။ သမိုင်းသုတေသီတွေရဲ့ အဆိုအရတော့ အဲ့ဒီခေတ်ကာလမှာ တယော စမပေါ်သေးတဲ့အတွက် ဖြစ်နိုင်ချေရှိတာက ဗျပ်စောင်းတီးတယ် ဆိုတာကသာလျှင် ဖြစ်နိုင်ချေပိုများတယ်လို့ဆိုတယ်.. နောက် မီးလောင်နေတုန်းမှာ တယောထိုးနေ မထိုးနေဆိုတာကလည်း သူနှိပ်စက်ကလူပြုတဲ့ သူတွေက ဗီလိန်ဇာတ်ရုပ် ဖြစ်အောင် ပိုပြီး စကားချဲ့ကားပြောကြရင်းက .. ဒီဘုရင်ကြီးမီးလောင်တုန်း တယောထိုးတယ်ဆိုတဲ့ စကားတွင် ကျန်နေခဲ့တာလို့ သမိုင်းသုတေသီတွေက ယူဆကြတယ်.. ဤကား စကားချပ် )
ကဲ ခုကိစ္စက နီရိုးဘုရင် တယောထိုးမထိုး အငြင်းပွားဖို့မှ မှဟုတ်တာ.. နီရိုးဘုရင် က နာမည်ဆိုးနဲ့ တယောထိုးသူ…။ သူ့လိုပဲ မြို့ပျက်ကြီးနောက်ခံထား တယောထိုးခဲ့သူ တခြားတယောက်ကတော့ ဗက်ဒရန် စမယ်လိုဗစ် (Vedran Smailovic) ပါ။ (ယူဂိုဆလားဗီးယား ပြည်ထောင်စုပြိုကွဲပြီးနောက် ဘော့စနီးယား  စစ်ပွဲမှာ ဘော့စနီးယား ဆာ့ဘ်တပ်များက ဌာနေမွတ်ဆလင် အများစုနေထိုင်ရာ ဆာရောယေဗိုမြို့တော် ကို ၁၉၉၂ခုနှစ်က စတင်ပိတ်ဆို့ထားခဲ့ပြီး စစ်ပွဲပြီးဆုံးချိန် ၁၉၉၆ခုနှစ် အထိ ၃နှစ်ကျော် ကာလအတွင်း အပြစ်မဲ့ ကလေးများ ၁၆၀၀အပါအဝင် လူပေါင်း ၁၁၅၄၁ ကျော် သေဆုံးခဲ့ကြရတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူအသေအပျောက်အများဆုံး လူမျိုးတုန်းသတ်ဖြတ်မှုကြီးလို့လည်း ကမ္ဘာတလွှားက မှတ်ချက်ချကြတယ်။) 
ဗက်ဒရန် စမယ်လိုဗစ်ဟာ ဆာရာယေဗိုမြို့ရဲ့ ဗုန်းဒဏ်ထိ ကျည်သင့်ပြီး ပြိုပျက်နေတဲ့ အဆောက်အဦးတခုထဲမှာ နေ့စဉ် ချယ်လိုတယောကြီးကို တီးခတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က စစ်ပွဲဟာ မပြီးဆုံးသေးပါဘူး။ စစ်သားတွေရော သူ့မြို့ကလူတွေကပါ သူ့ကို ဒီလို စစ်မြေပြင်မှာ အကာအကွယ်မရှိပဲ ချယ်လိုတယောကြီး တီးခတ်နေတာ သူ့အတွက် ဘယ်လောက် အန္တရယ်များတဲ့အကြောင်း ဆက်ပြီး မတီးဖို့တားမြစ်ခဲ့ကြပေမဲ့ သူကတော့  ဘော့စနီးယား စစ်ကြောင့် ပျက်သုန်းသွားရတဲ့ ဆာရာယေဗို မြို့ပျက်ကြီးအတွက်… သေဆုံးသွားတဲ့ အပြစ်မဲ့လူသားတွေအတွက်၊ ကလေးငယ်တွေအတွက်.. စစ်ကြောင့် ကွေကွင်းခဲ့ရတဲ့ မိသားစုဝင်တွေအတွက် သူ့ဂီတ၊ သူ့အနုပညာနဲ့ နေ့စဉ်မပျက်မကွက် လမ်းထောင့်တနေရာက ပြိုကျနေတဲ့ စာကြည့်တိုက်တခုထဲမှာ ကွန်ကရစ်အပိုင်းအစ ပုံကြီးနောက်ခံထားရင်း ကမ္ဘာကြီးကို စစ်ရဲ့ဆိုးရွားလှတဲ့ အနိဋ္ဌာရုံတွေအကြောင်း အပြစ်မဲ့ အသတ်ခံရတဲ့ ဆာရာယေဗိုမြို့သားတွေအကြောင်းကို စကားတလုံးမှမပြောဘဲ ချယ်လိုတီးရင်း ဂီတနဲ့ ပုံဖော်ခဲ့သူပါ…။ 
တခါက သစ်လွင်တောက်ပနေတဲ့ ရွှေမြို့တော်ကြီး၊ ဒီလမ်းမတွေပေါ်မှာ မိသားစုတွေ ချစ်သူတွေ ပျော်ရွှင်စွာ လျှောက်လှမ်းခဲ့ကြတယ် ကလေးလေးတွေရဲ့ ပြေးလွှားဆော့ကစားနေသံ ရယ်သံတွေနဲ့ ဖုံးလွှမ်း ခဲ့တဲ့မြို့တော်ကြီး၊ လူတွေရဲ့ အပြုံးတွေနဲ့ အသက်ဝင်နေတဲ့ ဆာရာယေဗို မြို့ကြီးရဲ့ လမ်းတွေဟာ… အခုတော့ ဗုံးကျည်တွေ မော်တာတွေမှန်လို့ ပြိုကျနေတဲ့ အုတ်အပိုင်းအစတွေနဲ့ .. ကျည်ပေါက်ရာတွေ ပြည့်နှက်နေတဲ့ နံရံတွေနဲ့ ဟိုတစ သည်တစပျံ့ကြဲနေတဲ့ ပြူတင်း တံခါးမှန်ကွဲစတွေနဲ့၊ တိုးတိုးတလှည့် ကျယ်ကျယ်တခါ ရှိုက်ငိုလိုက်တဲ့ အသံတွေ၊ မျှော်လင့်ချက်မဲ့ မျက်ဝန်းများ၊ မခြောက်သေးတဲ့ သွေးကွက်တွေနဲ့ .. ကြည့်ရက်စရာမရှိ .. မြင်ရက်စရာတခုမှမရှိတဲ့ .. အသက်ငင်နေတဲ့ မြို့ပျက်ကြီး ကြားမှာ မသေလို့ ကျန်နေသေးတဲ့ ဗက်ဒရန် စမယ်လိုဗစ် တို့လိုလူတွေဟာ .. စားစရာ ပေါင်မုန့်လေးတဖဲ့ရဖို့တောင်.. အသက်နဲ့ ရင်းပြီး ဆာရာယေဗိုမြို့ရဲ့ လမ်းတွေပေါ်မှာ သွားလာနေရတဲ့ အချိန်ဖြစ်ခဲ့ရပြီ။ စစ်ရဲ့ မီးလျှံဝါးမျိုတာခံခဲ့ရတဲ့ သူ့ရဲ့ မြို့ကြီးအတွက် သူဟာ ဂီတနဲ့ ကြေကွဲစွာပုံဖော်ခဲ့သူ၊ ဂီတနဲ့ ငိုကြွေးခဲ့သူ။ ဆာရာယေဗိုမြို့သူမြို့သားတွေရဲ့ ခါးသီးလှတဲ့ ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ပါပဲ စစ်ဘေးသင့်ခဲ့ရတဲ့ ဘဝတွေ အကြောင်းကို ကမ္ဘာကြီးသိအောင် သူဟာ ဆွေးမြေ့စွာ ချယ်လိုတယောကြီးကို တီးခတ်နေခဲ့တယ်…။
နီရိုးဘုရင်ရော… ဗက်ဒရန် စမယ်လိုဗစ်ရော ပျက်သုန်းနေတဲ့ မြို့ပျက်ကြီးနောက်ခံနဲ့ ရာဇဝင်ထဲမှာ တယောထိုးခဲ့ကြသူများပါပဲ။ ပါးစပ်ရာဇဝင်လို့ပဲ ပြောပြော နီရိုးဘုရင်ကြီးဟာ ဂီတကိုနှစ်သက်မြတ်နိုး သူတယောက်.. ဗက်ဒရန် စမယ်လိုဗစ်ဟာလည်း ဂီတအနုပညာသမားတယောက်။ သူတို့နှစ်ယောက် ဂီတအပေါ်ချစ်မြတ်နိုးတဲ့ စိတ်ထားခြင်းလည်း တူညီတယ်၊ ပျက်သုန်းနေတဲ့မြို့ကြီးတွေ နောက်ခံနဲ့ တယောထိုးခဲ့ကြတာခြင်းလည်း တူပေမယ့်လို့ ရည်ရွယ်ချက်ခြင်း အချိန်အခါခြင်း အဖြစ်အပျက်ခြင်း စေတနာခြင်း မတူတဲ့အခါ တကိုယ်ကောင်း စိတ်ကြောင့်  နာမည်ဆိုးနဲ့ ကျော်ကြားနေတော့မယ့် နီရိုးဘုရင်ကြီးနဲ့  စစ်ဘေးသင့် လူသားတွေ ရဲ့ ဒုက္ခကို ကမ္ဘာကြီးက သိရှိ စာနာစေဖို့ စစ်မြေတစပြင်မှာ ချယ်လိုထိုးခဲ့တဲ့ ဗက်ဒရန် စမယ်လိုဗစ်တို့ နှစ်ဦးဟာ တန်ဖိုးခြင်းတောင်မှ နှိုင်းယှဉ်ကြည့်ဖို့ မလိုအပ်တဲ့ လူသားနှစ်ဦးအဖြစ် ရာဇဝင်မှာ ထင်ကျန်နေခဲ့ တော့တယ်။ 
လူတိုင်းဟာ ကိုယ့်သမိုင်းကို လှပအောင် ဆေးချယ်နိုင်ဖို့ အခွင့်အလမ်းက .. ကိုယ့်ရဲ့လက်ထဲမှာပဲ ရှိပါတယ် အဲ့ဒီအခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ကတော့ အတ္တတွေဖုံးလွှမ်းပြီး ဘဝအရေးပေါင်းများစွာထဲ လှုပ်ရှား ရုန်းကန်းရင်း မေ့လျော့နေတတ်ကြတယ်လေ……။        ။ 
ဇန်နဝါရီလ ၁၁ရက်၊ ၂၀၁၅ခုနှစ်
နံနက် ၂း၀၉ မိနစ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts