(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅
ဖြိုးဖြိုးဖျတ်ဖျတ် ပေါက်ကွဲမည်ဟိန်းသံနဲ့အတူ ပေါ်ထွက်လာတဲ့မီးရှူး မီးပန်း မီးကျည်အလှတွေကို တသသ ရင်မောရှုသပ်ရင်း ကြည်နူးနှစ်သက်ခြင်းနဲ့အတူ ၂၀၁၄ ခုနှစ်ကို ထားရစ်ခဲ့ပြီပေါ့ … … …၊၊
စက္ကန့် အပိုင်းအခြားအလိုက် တခဏတာပေါ်လာတဲ့ ရောင်စုံမီးပန်းအလှတွေကို ခံစားငေးမောရင်း ညဥ့်သန်းခေါင်ယံ အ မှောင်ထုထဲ ၂၀၁၄ ခုနှစ်ကြီးကို ချန်ရစ်ခဲ့ရပြီပေါ့ …. … .၊၊
အစီအစဉ်ကျကျ အကွကစေ့စေ့ ဒီဇိုင်းစုံစုံနဲ့ ဖေါက်ခွဲလိုက်တဲ့မီးရှူး မီးပန်း၊ မီးကျည်တွေရဲ့ အလှ ပဒေသာလိုပါဘဲ။ ကမ်းမမြင် လမ်းမမြင် ရေစုံမျောနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး အယောင်ဆောင် မီးပန်း…၊ တဖက်လှည့် အသင်းအဖွဲ့ တည် ထောင်ခွင့်နဲ့ နားလှည့်ပါးရိုက် မီဒီယာလွတ်လပ်ခွင့်အသွင်ဆောင် မီးရှူး။ ဆင်းရဲမွဲတေမှုပပျောက်ရေးနဲ့ အခြေခံ တောင် သူလယ်သမား အလုပ်သမားဘဝ အကြပ်အတည်းဖြေရှင်းရေးလို့ ကြွေးကြော်ခဲ့တဲ့ သင်္ကြန်အမြောက် မီးကျည်။ အာဏာ တည်မြဲရေး.. ထာဝစဉ်ဖိနှိပ်အုပ်ချုပ်နိုင်ရေး.. တဘို့သမား ကိုယ်ကျိုးရှာစီးပွားရေးသမားတို့ကို ကာကွယ်ရေး မျက်ကန်းမျိုးချစ် ဗျောက်အိုးတွေနဲ့ ညဥ့်အမှောင်ထဲ လူအများထင်သာ မြင်သာအောင် တခဏတာလှည့်စား ဖေါက်ခွဲ အလှပြလိုက်တဲ့ ပမာအလား … တခဏလေးဆိုမှ တခဏလေး ထွန်းလင်းတောက်ပခဲ့ပြီးတဲ့နောက် ညဥ့်အမှောင်ထုထဲ တိတ်ဆိတ်စွာ ငုပ် လျှိုး ပျောက်ကွယ်သွားခဲ့ရပြန်ပြီပေါ့၊၊
ညဥ့်အမှောင်ထုကြီးက သိပ်သိပ်သည်းသည်းမည်းမှောင် … တိတ်ဆိတ်လွန်းမက တိတ်ဆိတ်ငြိမ်သက်လွန်းနေပါကောလား။ အမှောင်ထုအောက် ပြည်သူတွေဘဝ အမိုးမဲ့ အကာမဲ့ အရံအတားမဲ့ အလုပ်မဲ့ အိမ်ယာမဲ့ မျှော်လင့်ချက်မဲ့ အနာဂတ် မဲ့ အဖြစ်ဆိုးတွေနဲ့ မိုးမှောင်ကျ စုံးစုံးမြှုပ် နစ်မျောခဲ့လာရတာလည်း နှစ်ရှည်လများ ကြာလွန်းမက ကြာခဲ့ရပြီဘဲ၊၊
တိတ်ဆိတ် ငြိမ်သက်ခြင်းအမှောင်ရဲ့ဟင်းလင်းပြင်မှာ ဆာလောင်မွတ်သိပ်ခြင်းနဲ့ ပင်ပမ်းနွမ်းနယ်ခြင်းအပေါ် စိုးရိမ်ကြောက် လန့်ခြင်းအရာနဲ့ နှစ်သစ်လက်ဆောင်အဖြစ်ပေးအပ်မှာလား ? ခိုနား အားကိုးရာမဲ့ခြင်းနဲ့ ပူဆွေးဝမ်းနည်းခြင်းအပေါ် မရေရာ မသေချာတဲ့ မျှော်လင့်ခြင်းတွေနဲ့ အစားထိုးပြောင်းလဲပေးလိုက်မှာလား ?.. ယုံကြည်မှုနဲ့ မျှော်လင့်ခြင်း အကြောင်းခြင်းရာ အပေါ် တသွေး တသံ တမိန့်နဲ့ ခြောက်လှန့် နင်းခြေဖျက်စီးလိုက်မှာလား ?…. …၊၊
ညဥ့်ကကြာရှည်လေ ပြည်သူတွေ ကျောချင်းကပ်လေ …..။ ညဥ့်က မည်းမှောင်လေ ပြည်သူတွေက လက်ချင်းတွဲချိတ်လေ. ….။ ညဥ့်က တိတ်ဆိတ်လွန်းလေ ပြည်သူတွေ မာန်တင်းလေ…..။ ညဥ့်က ခြောက်ခြားလွန်းလေ ပြည်သူတွေ လက်သီး ဆုပ်လေနဲ့ သန်းခေါင်ယံအလွန် အဆုံးစွန်ရဲ့ အခြားတဖက်မှာတော့ ပြည်သူအများက အရာရာ အသားကျ ကျင့်သားရနေ ပါပြီ…အရာရာတွေးတော ဆင်ခြင်ဆုံးဖြတ်နိုင်ပါပြီ။ အရုဏ်ဦး မိုးသောက်ရောင်ခြည်နဲ့အတူ ပေါ်လာမယ့်နေမင်းကိုလည်း ကြိုဆိုဖို့ အသင့်စောင့်ဆိုင်းနေပါပြီ၊၊
စိုးရိမ်ကြောက်ရွံ့သောကတွေကို ညဥ့်အမှောင်ထုထဲ ထားရစ်ခဲ့လိုက်ပါပြီ။ ကြေကွဲ ဝမ်းနည်းငိုရှိုက်နေတာကို ညဥ့်အမှောင် ထုထဲ စွန့်လွှတ်ခဲ့လိုက်ပါပြီ။ အားငယ် သေးသိမ်ခြင်း ယုံကြည်ချက်မဲ့ခြင်းကိုလည်း ညဥ့်အမှောင်ထဲ နှစ်မြှုပ်လိုက်ပါပြီ.. သာယာတဲ့တေးသံတွေ သီကျူးမယ့် ကျေးငှက်တွေနဲ့အတူ လှပစွာဖူးပွင့်လာမယ့် ပန်းပွင့်နဲ့အပြိုင် အေးချမ်းတဲ့ဥတုကို အံ့တု ရင်း နေမင်းကြီးကိုကြိုဆိုဖို့ ပြည်သူတွေ အသစ်တဖန်ပြန်မွေးဖွားသန့်စင်လာခဲ့ပါပြီ…အတွေးသစ် အမြင်သစ် စိတ်သစ် ကိုယ်သစ် အားမာန်သစ် ယုံကြည်ချက်အသစ်တွေ အသစ်အသစ်တွေနဲ့ သမိုင်းအသစ် နိုင်ငံတော်အသစ်၊ စနစ်အသစ်တ ခုဆီကို ဦးတည် မျက်နှာချင်းဆိုင်လိုက်ပါပြီ၊၊
နှစ်ထောင်ချီ မှတ်တမ်းတင်နိုင်ခဲ့တဲ့မြန်မာ့သမိုင်းအတွက်သာမက ကမ္ဘာ့သမိုင်းစာမျက်နှာပေါ် ကမ္ဗည်းထိုး မော်ကွန်းတင်နိုင် မဲ့ ပြည်သူအားလုံးရဲ့ မျိုးဆက်တလျှောက်လုံး တဆစ်ချိုးပြောင်းလဲစေမယ့် ၂၀၁၅ ခု အထွေထွေ ရွေးကောက်ပွဲကြီးကို နံနက်ခင်း မိုးသောက်ရောင်ခြည်နဲ့အတူ လှလှပပ ခန့်ခန့်ညားညား တည်တည်ငြိမ်ငြိမ် ထွက်ပေါ်လာမယ့် နေမင်းကြီးလို ရှောင်လွှဲလို့မရ ငြင်းပယ်လို့မရ နောက်ဆုတ်လို့မရ တွေ့ ကြုံ ဆုံကြရတော့မှာပါ။
ပွင့်လင်းလွတ်လပ် မျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ ပြည်သူအများက ရိုးသားမှုပေတံနဲ့ တိုင်းမယ်။ အားလုံးပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အဓိပ္ပါယ်မဲ့ အတားအဆီး ကန့်သတ်ချက်တွေကို ပြည်သူအများက အများဆန္ဒနဲ့ ဖြိုဖျက်မယ် လိမ်လည်လှည့်ဖျား ပရိ ယာယ်နဲ့ ယှဉ်ပြိုင်ခြင်းအပေါ် ပြည်သူအများက အမှန်တရားနဲ့တားဆီးမယ်၊ ဖျက်လိုဖျက်ဆီး တမင်ရည်ရွယ်ပျက်ပြားအောင်လုပ်ဆောင်နေတာကိုလည်း ပြည်သူအများက သတ္တိ စွမ်းအားအပြည့်နဲ့ ကာကွယ်မယ်။ အရိုးသားဆုံးပြည်သူအများရဲ့  အ ရိုးစင်းဆုံး ပကတိခံယူချက်တွေပါဘဲ။
နှစ်ပေါင်း ၅၀ ကျော် အချိန်ကာလ အရင်းတည် ဘဝပေါင်းများစွာ စွန့်လွှတ်ပေးဆပ်ပြီးတဲ့နောက် အဖြူ အမည်း သဲသဲကွဲကွဲ …အရှုံး အနိုင် ပီပီပြင်ပြင်ဖြစ်စေမယ့် အထွေထွေ ရွေးကောက်ပွဲကြီးအတွက် ရေကုန် ရေခန်း ပုဝါမကူ ရေမရှုစတမ်း. ယှဉ်ပြိုင်ရမှာက အယောင်ဆောင် စစ်အာဏာရှင်အစိုးရဘက်တော်သားနဲ့ ဒီမိုပြည်သူ့ဘက်တော်သားတွေပါဘဲ။ ပြိုင်ပွဲ အလျော်အစားက အနှိုင်းအဆမရှိ ကြီးမားလွန်း၊ စွန့်လွှတ်ပေးဆပ်မှုက အတိုင်းအဆမရှိ ကျယ်ပြန့်လွန်းလှပါတယ်။ ရှုံးသူ ခံစတမ်း ……ဆွေစဉ်မျိုးဆက် နိုင်သူစံစား ….. ဆွေစဉ်မျိုးဆက် အဆက်ဆက်။
ပြိုင်ပွဲ အလျော်အစားက ကြီးမားနက်ရှိုင်းသလောက် အရှုံးအနိုင်ရလဒ်ကလည်း ပြတ်သားမှ အရှုံးအနိုင် အဖြေ ပြတ်သား ရှင်းလင်းမှ အနာဂတ်သမိုင်းက လှပနိုင်မှာဆိုတော့ ရွေးကောက်ပွဲကြီးအတွက် အတိမ်းအစောင်းမခံ လွဲချော်လို့မဖြစ်၊ ပေါ့ ဆလို့မရ၊ ပြည်သူအနေနဲ့ ဂရုတစိုက် အလေးအနက် စောင့်ကြည့်ရမှာ အသေအချာပါဘဲ။
အနင်းခံ အဖိနှိပ်ခံ နင်းပြားဘဝနဲ့ ဒုက္ခပင်လယ်ဝေခဲ့တဲ့ပြည်သူအနေနဲ့ ကမ္ဘာဦးလူသားတွေ မီးအလင်းရောင် မျှော်လင့် တောင်းတသလို လွတ်လပ်မျှတသော နိုင်ငံတော်အသစ်တခုအတွက် လုံခြုံကာကွယ်စောင့်ရှောက်ပေးမယ့် ဥပဒေအရိပ် အောက် နေထိုင်ဖို့အတွက် ကျီးလန့်စာစား အပြေးအလွှားရှာဖွေစားသောက်ခြင်းသောက ကင်းဝေးဖို့အတွက်၊ တိုင်းရင်း သားအားလုံးနဲ့ အေးအတူ ပူအမျှ အနာဂတ်နိုင်ငံတော်သစ်တည်ဖို့အတွက် အသဲကြားက နာနာကျည်းကျည်း သွေးချွေးတို့ကို အရင်းတည် ယုံကြည် ပုံအပ်ပေးမယ့် မဲတပြား ရောင်စဉ်အလင်းတန်းတခုကိုတော့ ဥပက္ခာပြု နင်းခြေပျက်ပြယ်စေရန်အလို့ ဌာ အဘယ်သို့သော ရည်ရွှယ်ပြုမူ လုပ်ဆောင်ချက်ကိုမှ ဘယ်နည်းဘယ်ပုံစံနှင့်မျှ လက်မခံနိုင်။
အစဉ်အဆက်ဆက် လက်နက်အားကိုး အာဏာကိုအမှီပြုပြီး ကြီးနိုင်ငယ်ညှဉ်း၊ အင်အားကြီးသူ နိုင်စတမ်း၊ ရွေးချယ်ဆုံးဖြတ် စတမ်းဆိုရင် … အစဉ်အဆက် လက်နက်အားကိုး ခိုးကိုးရာမဲ့ပြည်သူအပေါ် ကြောက်ရွံ့ပြားပြားဝပ်အောင် ခြောက်လှန့် အနိုင်ယူနေဦးမယ်ဆိုရင် … အစဉ်အဆက် အင်အားကြီးသူ လက်နက်အားကိုးနဲ့ အနိုင်ယူဆုံးဖြတ်မယ်ဆိုတဲ့ တောရိုင်း တိရစ္ဆာန်ဥပဒေတရပ်ကို မစွန့်စတမ်း စွဲမြဲ ဆုပ်ကိုင်နေမယ်ဆိုရင် …. ပြည်သူအတွက် … ပြည်သူအားလုံး .. အားလုံးအတွက် … ဥပဒေတခုရှိတယ် … ဥပဒေတခုရှိခဲ့တယ်။
မျက်လုံးတလုံးအတွက် မျက်လုံးတလုံး ….. …. …..။
သွားတချောင်းအတွက် သွားတချောင်း …. …. …..။
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)