သတင်းပဒေသာ သောင်းပြောင်းထွေလာ

မောင်ဥက္ကလာ – အကြိုက်မတူသူများ၊ ဒေါသမီးနဲ့ နှင်းမုန်တိုင်း (ထွေထွေရာရာ ဤကမ္ဘာ) (မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅

မောင်ဥက္ကလာ – အကြိုက်မတူသူများ၊ ဒေါသမီးနဲ့ နှင်းမုန်တိုင်း (ထွေထွေရာရာ ဤကမ္ဘာ)
(မိုးမခ) ဇန်န၀ါရီ ၁၃၊ ၂၀၁၅

● အကြိုက်မတူသူများ
ဒီတပတ်တော့ ရွှေမြန်မာတွေ တစိမ့်စိမ့် အချစ်တိုးနေတဲ့ ပေါက်ဖော်တွေသတင်းကိုလည်း ကောက်နုတ်တင်ပြလိုက်ပါတယ်။
သူ့အကြိုက် မတူတာလေးတွေ ရွေးချယ်ကြိုက်နှစ်သက်ကြတဲ့လူတွေအထဲမှာ ရွှေတွေ တစိမ့်စိမ့် အချစ်တိုးပွားနေတဲ့ အိမ်နီး နားချင်း၊ နိုင်ငံတော်လိပ်အစိုးရရဲ့ကျေးဇူးရှင် ပေါက်ဖော်တို့ တိုင်းဌာနေမှာ အသက် (၃၀) နှစ်အရွယ် မစ္စတာတန်ရဲ့ မြတ်နိုး တွယ်တာမှုက အမျိုးသမီးတွေရဲ့ အတွင်းခံအောက်ခံပစ္စည်းတွေ ဖြစ်နေရှာတယ်။ ဒီပုဂ္ဂိုလ်ကျော်က မြန်မာစစ်အစိုးရလို လက်နက်ကိုင်ထားပြီး လိုချင်တာကို သေနတ်ပြတိုက် အဓမ္မလုယူနေသလိုမျိုး။ သူကတော့ အခန်းတွေ ထောင်ကျော်ရှိတဲ့ တိုက်ခန်းအိမ်ရာကြီးတခုမှာ နေထိုင်ပြီး၊ အခန်းတိုင်းကို ဝင်လို့ရတဲ့ မာစတာသော့တစ်ချောင်း ပိုင်ဆိုင်ထားသူ ဖြစ်လေတယ်။ ဒါကြောင့် အဲဒီသော့နဲ့ အခန်းပေါင်း (၇၅၀) ကျော်ကို ဖွင့်ဝင်ပြီး တန်းဖိုးရှိတဲ့ ရွှေ ငွေ လက်ဝတ်ရတနာ အဖိုးတန်ပစ္စည်းတွေကို မခိုးယူဘဲ။ သူတသက်လုံး တမြတ်တနိုး တောင့်တခဲ့တဲ့ အမျိုးသမီး အတွင်းခံ အောက်ခံဘောင်ဘီတွေကိုပဲ ခိုးဝှက်ယူခဲ့တယ်။ အချိန်ဘယ်လောက်ကြာ ခိုးယူခဲ့လဲ မသိဘူး။ တနေ့ အခန်းမျက်နှာကြက်အထက်၊ အရေးပေါ်ထွက်ပေါက်မှာ မစ္စတာတန် ခိုးဝှက်သိမ်းထားတဲ့ အတွင်းခံ အောက်ခံဘောင်းဘီအထုပ်တွေကို အဆောက်အဦးပြင်တဲ့ အလုပ်သမားတဦးက တွေ့ရှိသွား ခဲ့ပြီး ရဲကိုအကြောင်းကြား၊ စုံစမ်းစစ်ဆေးပြီး မစ္စတာတန် ကို ခိုးရာပါ အောက်ခံဘောင်ဘီ နှစ်ထောင်ကျော် ဖမ်းဆီးလိုက်တယ်။ သူ့ဖြောင့်ချက်ကတော့ အမျိုးသမီး အတွင်းခံတွေကို နှစ်သက်မြတ်နိုး ပိုင်ဆိုင်လိုတဲ့ စိတ်ရောဂါဝေဒနာကြောင့်ဖြစ်ကြောင်း၊ ငယ်စဉ်ကလေးဘဝထဲက အဲဒီပစ္စည်းတွေကလွဲရင် တခြားလိုချင်တက်မက်စိတ်မရှိခဲ့ကြောင်း ဝန်ခံပြောဆိုတယ်။ လော လောဆယ်တော့ စိတ်ရောဂါဆရာဝန်များနဲ့ ပြသနေပြီး၊ ပိုင်နက်ကျူးလွန်မှု၊ ဖောက်ထွင်ဝင်ရောက်မှု၊ ခိုးမှုတွေနဲ့ တရားစွဲဆို အရေးယူထားတယ်။ (သတင်း – Reuters)

● သမ္မတကြီးစကား နားထောင်သူများ
သမ္မတကြီးဦးသိန်းစိန်ရဲ့  အဆိုအမိန့်ကို လိုက်နာနားထောင်သူတွေက သူတို့ချစ်တဲ့ တရုတ်ပေါက်ဖော်တွေ ဖြစ်နေပြန်တယ်။ ဒီနေ့ ပြုပြင်ပြောင်းလဲရေးတွေ လိုက်မမီအောင် လုပ်နေတဲ့ ရွှေပြည်ကြီးမှာ စစ်ဗိုလ်ကြီးတွေနဲ့ တောကြောင် ခရိုနီ ခရိုပြာတွေ လက်ခမောင်းခတ် ခေတ်ကောင်းနေတုန်းဆိုတာ အများအသိ။ တချိန်တည်းမှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်း အ ကောင်အထည်ဖော်ဆောင်ရေးဆောင်ပုဒ်နဲ့အညီ တောင်သူလယ်သမား ကျောမွဲတွေရဲ့လယ်မြေတွေကို သိမ်းကန်ပစ်ထုတ် နေတဲ့ အတောမသတ် အမြတ်ထုတ်သွေးစုပ်နေတာကြောင့် ကုန်ကောက်စရာမရှိတော့တဲ့ တောရွာနေ မြန်မာ့ကျေးလက် သမီးပျိုတွေလည်း တရုတ်ပြည်ကိုရောက် (ရောင်းချတင်ပို့ခံရ) ပေါက်ဖော်မယားဖြစ်နေချိန်မှာ ပေါက်ဖော်ကြီးတို့ နောက်ဆုံး တီထွင်လိုက်တဲ့ ဖန်တီးမှုကတော့ ချိုချိုထွက်တဲ့ မိခင်ငယ်များထံမှ နို့ချိုသောက်သုံးခြင်း ပြည့်တန်ဆာ စီးပွားရေးလုပ်ငန်း ဖြစ်တော့တယ်။ ကြားလိုက်လို့ ရွှေနားတော်ရှက် ထိတ်လန့်သွားရင် တောင်းပန်ပါတယ်။ အကြံအဖန် အတင်းမဟုတ် အမှန် တကယ် အဖြစ်အပျက်ပါ။ ဒီလုပ်ငန်းကို စီးပွားဖြစ် အကြီးအကျယ် လုပ်ဆောင်နေတဲ့ ဂိုဏ်းအဖွဲ့ နှစ်ဖွဲ့ကို ပြည်သူ့လုံခြုံရေး စောင့်ကြည့်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဘေဂျင်း၊ ဟီဘိုင်း၊ ဟူးဘိုင်းနဲ့ ဂျီအန်ရှိမြို့တွေမှ အထူးရဲတပ်ဖွဲ့များက စုံစမ်းထောက်လှမ်း ဖမ်းဆီးနိုင်ခဲ့တယ်။ ဒီဂိုဏ်းအဖွဲ့တွေရဲ့  စီးပွားရေး လှုပ်ရှားလုပ်ကိုင်နေမှုတွေကို သူတို့ရဲ့  အင်တာနက်စာ မျက်နာများကို စောင့်ကြည့်ပြီး စုံစမ်းဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင့် လောလောဆယ် ဦးဆောင်ဂိုဏ်းအဖွဲ့ဝင် (၁၅) ယောက် ကို ဖမ်းဆီးထားကြောင်း အစိုးရပိုင် သတင်းဌာနများမှ ဖော်ပြထားတယ်။

စုံစမ်းစစ်ဆေးမှုများအရ အနည်းဆုံး အယောက် (၂၀၀) ကျော် ဒီလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး။ နို့ချိုသောက်သုံးလိုသူ အသင်းသားအဖြစ် အဖွဲ့ဝင်လုပ်ထားသူအနေနဲ့ တပတ်အတွက် အမေရိကန် (၉) ဒေါ်လာ (ဝါ) တရုတ်ယွမ်ငွေ (၆၀) ပေး သွင်းရပြီး၊ တနှစ်ကို တရုတ်ယွမ်ငွေ (၇၈၀) ပေးဆောင်ရတယ်။ တချို့အေဂျင်စီတွေက နို့ချိုသောက်သုံးနိုင်ခြင်းအပြင်၊ ငွေပိုပေးပြီး တခြားဝန်ဆောင်တွေလည်း ရနိုင်ကြောင်း ကြေညာထားတယ်။ ဒီလုပ်ငန်းကို ချိတ်ဆက်လုပ်ဆောင်နေကြတဲ့ တချို့မိခင်တွေက လုပ်ငန်းအတွက်ကြောင့် ကိုယ့်သားသမီးများကို နို့တိုက်ကျွေးမှု နည်းပါး၊ ရပ်ဆိုင်းပြီး ငွေရရှိအတွက် အချိန်ပြည့်လုပ်ဆောင်နေတာကို တွေ့ရကြောင်း။ နို့ချိုသောက်သုံးလိုသူ လူကြီး (စားသုံးသူ) အနေနဲ့ မိခင်ရင်ခွင်ထံမှာ တိုက်ရိုက်သောက်သုံးနိုင်သလို၊ ရှက်ကြောက်သူများအနေနဲ့ နို့ဘူးနဲ့ သောက်သုံးနိုင်ဖို့အတွက်လည်း စီစဉ်ထားကြောင်း လုပ်ငန်းကြော်ငြာထဲတွင် အသေးစိတ်ဖော်ပြထားသည်။ တရားမဝင် ပိတ်ပင်ထားတဲ့ ပြည်တန်ဆာလုပ်ငန်းနဲ့ ဆက်နွှယ်နေတဲ့ ရောင်းသူဝယ်သူ ကိုးသောင်းနီးပါးကို ဒီနှစ်အတွင်းမှာ ဖမ်းဆီးအရေးယူ အပြစ်ပေးခဲ့ကြောင်း တရုတ်အစိုးရသတင်းများတွင် ဖော်ပြထားသည်။ ဘာကြောင့် ခလေးတွေနဲ့အပြိုင် သောက်သုံးကြသလဲဆိုတော့ မိခင်နို့ရည်က အားအင်ပိုပြည့်ဝစေပြီး အ မောအပန်းအတွက် ကောင်းတယ်လို့ ဆိုတယ်။ ကဲ သမ္မတကြီး လယ်သိမ်းကိစ္စပြီးရင်တော့။ သုံးမကုန်တဲ့ လူကြီးမင်းတို့ ဝင် ငွေတွေ ပိုတိုးအောင် ကျေးဇူးရှင် ပေါက်ဖော်အစိုးရနဲ့ ချုပ်ဆိုလုပ်ကိုင်နိုင်တဲ့ ဒီလုပ်ငန်းမျိုးကို စဉ်းစားကြည့်ပေါ့။ (သတင်း – Daily Telegraph, UK)

● လူရွေးမှားတော့
ချစ်သမီးကို နှိပ်စက်နေခဲ့တဲ့ ရည်စားဆိုး၊ သူကြောင့် သမီးဖြစ်သူ ခလေးပျက်ကျခဲ့တာကြောင့် ဒင်းကို လူလောကကြီးက ဖယ်ရှားဖို့ ဒေါသမီးတောက်နေတဲ့ မိခင်ဖြစ်သူ ကြံစည်မှုတခု ကျူးလွန်ခဲ့တယ်။ ရက်စက်သွေးအေးတဲ့ ကြေးစားလူသတ် သမားကို ရှာဖွေဆက်သွယ်ပြီး သမက်လောင်းကို အပြတ်ရှင်းခိုင်းပြီး၊ ဘာကြောင့်လဲမသိ သမက်လောင်းရဲ့  ညီမဖြစ်သူနဲ့ သူ့ယောက်ျားကိုပါ အတူရှင်းပစ်ဖို့ စီစဉ်ခဲ့တယ်။ သူ့အစီအစဉ်က သူတို့ (၃) ယောက်ရဲ့  ဦးခေါင်းတွေကို သေနတ်နဲ့တေ့ပြီး မသေမချင်း ပစ်သတ်ရှင်းလင်းပစ်ဖို့ ဖြစ်တယ်။ ကြေးစားသမားက သူ့မှာ သေနတ်မရှိ၊ ဝယ်လို့မရဘူးလို့ပြောတော့ ဒုတိ ယနည်းလမ်းက သမက်လောင်းတို့နေတဲ့ အိမ်ကို မီးတင်ရှို့ပြီး အရှင်လတ်လတ် မီးရှို့သတ်ဖို့ ပြောတယ်။ အဲဒီလို မီးရှို့ သတ်နေတုန်း သူ့သမီးရဲ့ရည်စားကို မသေခင် ဘယ်သူကြံစည် လုပ်ဆောင်ခိုင်းတယ်၊ ဘာကြောင့်လုပ်တယ်ဆိုတာကို ပေး သိဖို့ကိုလည်း သွေးအေးအေးနဲ့ မှာကြားခဲ့တယ်။ ကြေးစားသမားရမယ့် အဖိုးအခက သိပ်မများ ဒေါ်လာတစ်ထောင်။ ဒေါ် လာတစ်ထောင်နဲ့ လူ့အသက် (၃) သက် သိပ်မပေါဘူးလား။ မိခင်ရဲ့ အကြံအစည်လုပ်ရပ်ကို သမီးဖြစ်သူ ဘာမှမသိခဲ့။ ဒါပေမဲ့ ရည်စားဆိုး ကံကောင်းသွားတယ်။ သမီးအတွက် စိတ်အစွန်းရောက်ခဲ့တဲ့ အသက် (၅၂) နှစ်အရွယ် မစ္စဒန်နစ် မာရီရာ နဂရုတ်စကီး (Denise Marie Nagrodski) ရဲ့  အကြံအစည်း အထမမြောက်ခဲ့။ အကြောင်းက သူဆက်သွယ် လုပ်ကြံခိုင်းတဲ့ လူသတ်ကြေးစားသမားက အရပ်ဝတ် ရဲထောက်လှမ်းရေး ဖြစ်နေခဲ့တယ်။ သူနဲ့ ဆက်သွယ်ပြောဆိုခဲ့တာတွေကို အသံဖမ်းယူထားတာကြောင့် သက်သေခံအထောက်အထားများနဲ့ ဖမ်းဆီးလိုက်တယ်။ အချစ်ကြီးလို အမျက်ကြီးရှာတဲ့ မစ္စဒန်နစ်တစ်ယောက် အခုတော့ တရားရုံးက အာမခံအတွက် ဒဏ်ငွေ (၂) သန်း ပေးဆောင်ဖို့ စီရင်ချမှတ်ထားပြီး၊ ပြစ်မှု ထင်ရှားပါက လူသတ်မှုအတွက် ထောင်ဒဏ်များစွာ ကျခံရတော့မည်။ (သတင်း – NJ.com)

● နှင်းဝေတဲ့ ဆောင်းတစ်ရက်
ကား ဘယ်နှစ်စီးတိုက်တာ မြင်ဖူးသလဲ။ အမေရိကမှာတော့ ဆောင်းတွင်းရောက်ပြီဆို လှပအေးမြတဲ့ နှင်းတွေတဖွဲဖွဲကျပြီး လမ်းတွေ၊ အိမ်တွေ၊ သစ်ပင်တွေကို အဖြူရောင်နှင်းတွေ ဖုံးလွှမ်းကုန်တော့တယ်။ နှင်းကျချိန်မှာ ကားမောင်းရင် ခက်ခဲသလို၊ နှင်းကျရပ်ပြီး လမ်းပေါ်ကနှင်းတွေ ရေခဲဖြစ်သွားရင် ပိုဆိုးတယ်။ အဲဒီအချိန်မှာ အပြင်ထွက်လမ်းလျှောက်ရင် မချော်လဲအောင် အများကြီး သတိထားရသလို၊ ကားမောင်းရင်လည်း ရေခဲလမ်းဖြစ်နေတော့ အလွယ်မောင်းမရ၊ ဘရိတ်အုပ်မရ နဲ့ တိုက် ခိုက်မှုတွေ များစွာဖြစ်ကြတယ်။ ဒီနှစ် ၂၀၁၅ နှစ်ဦးမှာတော့ နှင်းမုန်တိုင်း အကြီးအကျယ်ကျတဲ့ အမေရိကန် အနောက် အလယ်ပိုင်း မစ်ရှီဂန်ပြည်နယ် အဝေးပြေးလမ်းမကြီး I-94 ပေါ်မှာ ဆီးနှင်းတွေ ဖုံးလွှမ်းပြီး ကားသမားတွေ ရှေ့ကား နောက်ကားမမြင်၊ အရေးပေါ် ရပ်မရတာနဲ့ တစီးပြီး တစီးတိုက်လိုက်တာ ကားအစီးပေါင်း (၁၉၃) စီး အဆင့်ဆင့်တိုက်ပြီး လမ်းမကြီးတခုလုံး နာရီပေါင်းများစွာ ပိတ်သွားခဲ့တယ်။ ဒဏ်ရာရရှိသူ (၂၂) ရှိပြီး၊ အလွန်ကံဆိုးသူ မောင်ရှင်တစ်ယောက်ပဲ သေဆုံးခဲ့တယ်။ ရွှေပြည်မှာတော့ ဒီလိုရာသီဥတုမျိုးမရှိတော့ ကံကောင်းတာပေါ့။ ဒါပေမဲ့ လမ်းတွေကြိုတင် မတိုးချဲ့ ၊ တိကျ တဲ့ စည်းကမ်းတွေ မရှိဘဲ၊ မတရားတိုးများလာတဲ့ ကားတွေကြောင့် ရန်ကုန်မြို့ ရဲ့ဆိုးဝါးတဲ့ လေထုညစ်ညမ်းမှုနဲ့ အထူးသဖြင့် စည်းမဲ့ကမ်းမဲ့ မောင်းနှင်းမှုတွေကြောင့် ယာဉ်တိုက်မှုတွေ ပိုများလာတာကို တွေ့နေရတယ်။  (သတင်း – CNN)

ဖော်ပြခဲ့ပါသတင်းများသည် တကယ့်ဖြစ်ရပ်မှန် သတင်းအချက်အလက်များကို စုစည်းကောက်နုတ်တင်ပြထားခြင်း ဖြစ်ပါ တယ်။ ဤမြေကမ္ဘာ လူ့လောကလူသားတွေရဲ့  ထွေရာလေးပါး၊ ဗြုတ်စဗျင်းတောင်း သတင်းအပိုင်းအစ ဖတ်မိသမျှကို မိုးမခ စာချစ်သူ စာဖတ်မိတ်ဆွေများအတွက် မျှဝေတင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts