ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဆရာတော်သျှင်ဥက္ကဋ္ဌ ပွဲချင်းပြတ် အမေးအဖြေ နှင့် လောကဓံဖီလာ ဒဿန

ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) – ဆရာတော်သျှင်ဥက္ကဋ္ဌ ပွဲချင်းပြတ် အမေးအဖြေ  နှင့် လောကဓံဖီလာ ဒဿန
(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅

နတ်မှီတောရ ဆရာတော်ကြီးအကြောင်းနဲ့ ပတ်သက်လို့က ဆရာတော်ရဲ့ (၇၅)နှစ် စိန်ရတုတုန်းက ရေးခဲ့ကြတဲ့ စာရေးဆရာကြီးတွေရဲ့ စာတွေကို စုပေါင်းပြီး စာအုပ်ထုတ်ထားတာရှိတယ်။ အဲဒီထဲက သင့်လျော်တဲ့ စာများနဲ့ ဆရာတော်ရဲ့ အနီးကပ်အတူနေ တပည့်ကြီးဖြစ်တဲ့ (ပေလေးပင်နတ်မှီ) အရှင်ဆန္ဒာဓိကရဲ့စာဆိုရင် လုံလောက်ပြီထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် “သက်ရှိ တပည့်ကြီး နှစ်ပါးလုံးရဲ့ စာမူပါစေချင်လို့ပါ”ဆိုရင်တော့ ဆရာတော်နဲ့ တွေ့ဆုံနေထိုင်ခဲ့တဲ့ အချိန်ကာလတွေမှာ “သ၀နာနုတ္တရိယ”လို့ ဆိုနိုင်တဲ့ ကြားရခဲမျှ ပွဲချင်းပြတ် အဖြေကလေးတွေနဲ့ “ဒဿနာနုတ္တရိယ”ဆိုနိုင်တဲ့ မြင်ရခဲမျှ လောကဓံဖီလာ နှလုံးသွင်းလေးတချို့ကို ပြောပြပါမယ်။

ဆရာတော်နဲ့ ပထမဆုံး တရင်းတနှီးစတွေ့တာကတော့ ၁၉၇၁-ခု၊ ဧပြီလ(၂၂)ရက် ဆရာတော်ကြီးရဲ့ မိုးကုတ်ခရီးစဉ်မှာပါ။ အဲဒီတုန်းက နွေရာသီရောက်တိုင်း မိမိသွားရောက် နားခိုလေ့ရှိတဲ့ မိုးကုတ်မြို့၊ ပိတ်စွယ်ကျောင်း ဆရာတော် ဘဒ္ဒန္တတေဇ၀န္တဗုဒ်္ဓိဆိုတာက ဆရာတော်ရဲ့ နေရှင်နယ်ကျောင်းသားဟောင်း တပည့်ကြီးပါ။ မိုးကုတ်မှာ ရှိတဲ့ ဂိုဏ်းကြီး(၂)ဂိုဏ်းထဲက “ရွှေကျောင်းဂိုဏ်း”ရဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးလည်းဖြစ်လို့ မိုးကုတ်မြို့မှာ တော့ ရှင်ရောလူပါ လေးစားကြရသလို သြဇာတိက္ကမလည်း အတော်လေးကြီးပါတယ်။

နတ်မှီဆရာတော်ကို မိုးကုတ်မှာ အနားယူဖို့ ပင့်ဆောင်လာတာကတော့ ရှမ်းတောရပ်က ဆရာတော်ရဲ့ တပည့်ကျောင်းဒကာ ဦးလှအောင် မိသားစုတို့ကပါ။ ဆရာတော်နဲ့ ပိတ်စွယ်ဆရာတော်တို့ ဆရာတပည့်တော်စပ်မှုကို အကြောင်းပြုပြီး ပိတ်စွယ်ကျောင်းမှာပဲ တည်းခိုနားနေဖို့ တိုင်ပင်စီစဉ်ကြတာ။ အဲဒီတုန်းက မိုးမိတ်လေယာဉ်ကွင်းမှာ ခရီးသည်တင် လေယာဉ် ဆင်းသေးတော့ အဲဒီအထိလေယာဉ်နဲ့ ပင့်ဆောင်ပြီးမှ မိုးကုတ်ကို ကားနဲ့ ပင့်ဆောင်ကြမှာ။

ပိတ်စွယ်ဆရာတော်ရဲ့ ဆရာရင်းဖြစ်တဲ့အတိုင်း လေဆိပ်အထိ ပိတ်စွယ်ကျောင်းရှိ ဦးဇင်းအကုန် သွားရောက် ကြိုဆိုကြရာက ဆရာတော်နဲ့နောက်ပါ ပစ္ဆာသမဏ အရှင်ဆန္ဒာဓိကတို့ကိုပါ စတင်တွေ့ဆုံ ရင်းနှီးဖြစ်ကြတာပါ။

ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး မိမိအနေနဲ့ အမှတ်တရဖြစ်ခဲ့တဲ့ ကိစ္စများကတော့- မိုးကုတ်မြို့မှာ ဆရာတော်ကြီး ရဲ့ တရားပွဲကို (၅)ညဥ့်တိုင်တိုင် အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာကစပြီး ပြောမှ ပြည့်စုံမယ်ထင်ပါတယ်။

အဆင်ပြေစရာအကြောင်း တိုက်ဆိုင်လာပုံက၊ ဆရာတော်ရောက်တဲ့ညမှာပဲ မိမိတို့က ဆရာတော်ကို ၀တ်ပြုပေး ကြရင်း ပိတ်စွယ်ဆရာတော်ကလည်း အနီးအပါးမှာ ထိုင်နေရင်းက “မောင်ဝီရိယရ … ဆရာတော်က ငါ့ကျေးဇူးရှင်ပဲကွ၊ တို့ ဆရာတော်ဆီက ခွဲလာပြီးနောက်ပိုင်း ဆရာတပည့် ပြန်မတွေ့ဖြစ်ကြတော့ဘူး။ နောက်ပိုင်းမှာ လူသေလူဖြစ်ကိစ္စနဲ့ ပတ်သက်ပြီး ပကာသနီယကံတွေ ဘာတွေ ကြားရုံပဲ ကြားရတယ်၊ အခုမှ ပြန်တွေ့ကြတော့ တာပဲ”ဆိုပြီး စကားစပါ တယ်။

မိမိက “တပည့်တော်တို့လည်း ၁၉၆၂-ခုနှစ်လောက်မှာ အမရပူရမြို့ကို စာသင်ဖို့ ရောက်တဲ့နှစ်မှာပဲ၊ “စတုတ္ထပြင်ဆင်ချက် နှင့် လူသေလူဖြစ် ရှုတ်ချပွဲ”ဆိုတာတွေနဲ့ စပြီးတိုးခဲ့တာ၊ စတုတ္ထပြင်ဆင်ချက်ဆိုတာတော့ ဘာရယ်လို့မသိပါဘူး၊ လူသေလူဖြစ် ဆိုတာတော့ စာအုပ်တစ်အုပ်ဆိုတာသိလို့ ရှားရှားပါးပါး ပုန်းလျှိုး ကွယ်လျှိုးဝယ်ပြီး ဖတ်ခဲ့ရာက ဆရာတော်ကို ရင်းနှီးလေးစား ကြတာပါ။ နောက်တော့ ဆရာတော်စာအုပ်တွေ ရနိုင်သမျှ ရှာဖွေဖတ်ကြည့်တဲ့အခါ ဆရာတော်ဟောတဲ့ တရားနဲ့ ဆရာတော်ကို ဘေးကထင်မြင်ပြောဆိုနေကြတာနဲ့ တခြားစီပါလားဆိုတာ သဘောပေါက်လာကြတာပါ။

ခုလည်း မြို့ထဲမှာတော့ “လူသေလူဖြစ်ဆရာတော် ပိတ်စွယ်ကျောင်းမှာ ရောက်နေတယ်။ ပိတ်စွယ်ဆရာတော်က လူသေလူဖြစ် ဆရာတော်တပည့်တဲ့”ဆိုတဲ့ စကားက အတော်ပျံ့နှံ့နေပြီဆရာတော်။ လူတွေ အထင်နဲ့အမြင် ကွဲပြားသွားအောင် တရားတစ်ပွဲလောက် လုပ်ပေးလိုက်ရင်တော့ ကောင်းမယ်ထင်တယ်။ ဒါမှ ဆရာတော့်ဆရာဆိုတာ ဘယ်လိုဆရာတော်မျိုးလဲဆိုတာ လူတွေ သဲသဲကွဲကွဲ နားလည်သဘောပေါက်သွားမှာ” ဆိုပြီး အကြံပြုတင်ပြလိုက်ပါတယ်။

ပိတ်စွယ်ဆရာတော်က “အေး .. မောင်ဝီရိယပြောတာ ကောင်းသဟေ့၊ ဆရာတော်ကိုယ်တိုင်ဟောတဲ့တရား နာလိုက်ကြပြီးရင် ငါလဲ ဘာမှ ထပ်ရှင်းပြဖို့ မလိုတော့ဘူး။ ကဲ .. ငါခိုင်းတယ်ပြောလိုက် ကျောင်းဥက္ကဋ္ဌတို့၊ ကာလသား ခေါင်းတို့နဲ့ တိုင်ပင်ပြီး တရားတစ်ပွဲလုပ်ကြပေါ့ကွာ”ဆိုပြီး အမိန့်ပေးပါတယ်။

ပိတ်စွယ်ဆိုတာ မိုးကုတ်မှာ ရပ်ကွက်ကလည်း ကြီး၊ ဆရာတော်ကလည်း ရွှေကျောင်းဂိုဏ်းရဲ့ အကျိုးတော် ဆောင်ဆိုတော့ သြဇာအရှိန်အ၀ါက အတော်ကြီးပါတယ်။ တိုတိုချုပ်ပြောရရင်တော့ မြို့လုံးကျွတ်သာမက လေးငါးခြောက်မိုင် ၀န်းကျင်က ရွာတွေအထိ အသံချဲ့စက်နဲ့ လိုက်ပြီးကြေငြာကြတယ်။ ဦးလှအောင်တို့ကလည်း ဆရာတော်တရားပွဲ ဖြစ်မှာဆိုတော့ အတိုင်းအထက် အလွန်ဝမ်းမြောက် ၀မ်းသာဖြစ်ပြီး အဝေးပရိသတ်ကို ကားနဲ့ကြိုပို့တဲ့ကိစ္စများအထိ စီစဉ်ဆောင်ရွက်ကြလို့ တရားပွဲက ထင်ထားတာထက် အများကြီး အောင်မြင်စည်ကား ပါတယ်။

ဆရာတော်က ဓမ္မစကြာစပါယ်ရှယ်ဝမ်းဖြစ်တဲ့အတိုင်း သစ္စာလေးပါးကို ဘ၀နဲ့တစ်ထပ်တည်းဖြစ်အောင် တပ်ဆင်ဟောပြ လိုက်တဲ့အခါ နဂိုကတည်းက မိုးကုတ်ဆရာတော် ဦးဝိမလရဲ့ သစ္စာလေးပါးတရားများနဲ့ ရင်းနှီးပြီးရှိကြတဲ့ မိုးကုတ်ပရိတ်သတ် များအနေနဲ့ အတော်ကျေနပ်ဝမ်းသာကြတယ်။ ပိတ်စွယ်ဆရာတော်ကလည်း သူ့ဆရာတော်ကို မြို့သူမြို့သားတွေ “ရုပ်မြင်သံကြား”လို့ ဆိုရလောက်အောင် အမြင်ရှင်းသွားကြလို့ ကျေနပ်ဝမ်းမြောက် ဖြစ်သွားပါတယ်။ ဒါနဲ့ပဲ နောက်ဆုံးတော့ “တရားပွဲကို တစ်ရက်တည်း မလုပ်ပါနဲ့၊ အားလုံးရေရေလည်လည် သဘောပေါက်သွားအောင် (၃)ရက်တော့ ဟောပါ”ဆိုပြီး ပိတ်စွယ်ကျောင်းမှာ သုံးည၊ ရှမ်းတောရပ်မှာ နှစ်ည၊ ပေါင်း(၅)ညတိတိ တရားပွဲကြီး စည်ကားအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာကို ပထမဆုံး အမှတ်ရမိပါတယ်။

——————–

နောက်ထပ် မိုးကုတ်ခရီးစဉ်ရဲ့ အမှတ်ထင်ထင်ဖြစ်ရတဲ့ ကိစ္စတစ်ရပ်ကတော့ ဆရာတော်ရဲ့ ပွဲချင်းပြတ် မေးဖြေ ဆွေးနွေးပွဲတစ်ခုပါ။

အဲဒီတုန်းက မိုးကုတ်မြို့မှာ ရွှေကျောင်းဂိုဏ်းနဲ့ ဈေးကျောင်းဂိုဏ်းဆိုပြီး ဂိုဏ်းကြီး နှစ်ခုရှိတယ်။ ရပ်ကွက်အသီးသီးမှာ ရှိတဲ့ကျောင်းအများစုက အဲဒီဂိုဏ်းကြီးနှစ်ခုထဲက တစ်ခုခုမှာ ပါဝင်ကြပါတယ်။ ဒီဂိုဏ်းကြီးနှစ်ခုမှာ မပါဝင်ဘဲ သီးခြားရပ်တည် နေကြတဲ့ ၀ိပဿနာရိပ်သာကျောင်းတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ မိုးကုတ်ဆရာတော်ကြီးလို့ နာမည်ထင်ရှားတဲ့ ဆရာတော် ဦးဝိမလရဲ့ မင်္ဂလာရိပ်သာနဲ့ တခြားရိပ်သာတွေလည်း ရှိသေးတယ်။ အဲဒီတခြားရိပ်သာတွေထဲက ရိပ်သာတစ်ခုရဲ့ ဆရာတော်လေးက တစ်ချိန်တုန်းက မန္တလေးမှာ နိုင်ငံရေးမကင်းတဲ့ အဖွဲ့အစည်း တစ်ခုရဲ့ အတွင်းရေးမှူးလုပ်ခဲ့ပြီး ၁၉၆၂-ခုနှစ်ဝန်းကျင်မှာ “စတုတ္ထပြင်ဆင်ချက်နဲ့ လူသေလူဖြစ်ဝါဒ ရှုတ်ချရေး”ကိစ္စတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါးပါ။

မိုးကုတ်မြို့သူ မြို့သားများက ဂိုဏ်းကြီးနှစ်ဂိုဏ်းနဲ့ ကင်းကွာပြီး နေလို့မရကြပါဘူး၊ ရဟန်းသံဃာ အလွန်လေးစားတဲ့ ရှမ်းရိုးရာယဉ်ကျေးမှု အခိုင်အမာတည်ရှိတဲ့အတွက် အထူးသဖြင့် ဂိုဏ်းဂဏမှာ အကြီးအကဲ ဆရာတော်ကြီးများ ငြိုငြင်မှာကို စိုးရွံ့ကြပါတယ်။ အဲဒီတော့ ဂိုဏ်းဝင်မဟုတ်ကြတဲ့ ကျောင်းများ အနေနဲ့လည်း ဂိုဏ်းဝင်ဆရာတော်ကြီးများနဲ့ ဖြောင့်ဖြောင့် ဆန့်ကျင်တဲ့ကိစ္စကို လက်ရှောင်ရပါတယ်။ လက်မရှောင်လို့ ထိပ်တိုက်တွေ့ခဲ့ရင်တော့ ဒကာ,ဒကာမများက ဂိုဏ်းနဲ့ဆန့်ကျင်တဲ့ ကျောင်းကို လက်ရှောင်ကြမှာဖြစ်လို့ အလိုက် အထိုက် ကြည့်နေကြရပါတယ်။
စောစောက ပြောခဲ့တဲ့ လူသေလူဖြစ်ရှုတ်ချရေးမှာ ပါဝင်ခဲ့တဲ့ ဆရာတော်လေးကလည်း အခုနတ်မှီဆရာတော် မိုးကုတ်မြို့ကိုရောက်လာတာရော၊ တရားပွဲလုပ်ဖြစ်တာရော တယ်ကျေနပ်ပုံတော့ မရပါဘူး။ ဒါပေမယ့် ရွှေကျောင်းဂိုဏ်းကြီးရဲ့ အကြီးအကဲဆရာတော်ဘုရားရဲ့ ဆရာသမားလည်းဖြစ်။ အဲဒီကျောင်းမှာ တည်း။ အဲဒီဆရာတော်ကိုယ်တိုင် ကြီးမှူးပြီး တရားပွဲတွေလုပ်နေတာဆိုတော့ ဘာမှ မကန့်ကွက်သာဘူး။ ဒါပေမယ့် တယ်လဲ သဘောမကျလှဘူးဆိုတဲ့ အနေအထားမျိုးပါ။ မိမိတို့နဲ့လည်း အထိုက်အလျောက် ရင်းနှီးမှုရှိလို့ သူ့သဘောထားကို ရိပ်မိပါတယ်။

အဲ … ဒါနဲ့ သူက အစီအစဉ် တစ်ခုလုပ်တယ်။ နတ်မှီဆရာတော်ကို သူ့ရိပ်သာမှာပင့်ပြီး တရားဓမ္မ ဆွေးနွေးလျှောက်ထား မည့်အစီအစဉ်ပါ။ ပိတ်စွယ်ဆရာတော်ထံမှာ ကိုယ်တိုင်လာရောက် ခွင့်ပန်ပြီး ပင့်လျှောက်ပါ တယ်။ ဆရာတော်များကလည်း သဘောတူ လက်ခံကြပါတယ်။

သူ့ရိပ်သာမှာ စီစဉ်ထားပုံကတော့ ပထမဆုံး ရိပ်သာမျိုးစုံနဲ့လည်း ရင်းနှီးကျွမ်းဝင်၊ နည်းမျိုးစုံကိုလည်း လေ့လာအားထုတ် ဖူးပြီး အင်္ဂလိပ်စာမှာလည်း ရှေးခေတ် အလယ်တန်းကျောင်းအုပ် ပင်စင်စားကြီးဖြစ်လို့ ပြောနိုင် ဖတ်နိုင်စွမ်းတဲ့ ပုဂ္ဂိုလ်ကြီးကို ဆရာတော်နဲ့ ပညာပြိုင်ကြဖို့၊ အထူးသဖြင့်တော့ မေးခွန်းတွေနဲ့ ရစ်ပတ်နှောင်ဖွဲ့ပြီး ဆရာတော်ကို ချေချွတ်ဖို့ ကြိုတင်တိုင်ပင် ထားတယ်။

အဲဒီအချိန်မှာ မန္တလေးတက္ကသိုလ်က ဆရာကြီးဦးဆန်းထွန်းရဲ့ တပည့်များဖြစ်တဲ့ မြန်မာစာကထိက ဆရာမကြီးအပါအ၀င် ဆရာ,ဆရာမ လေးငါးယောက်လောက်လည်း ရှိနေတော့ သူတို့လို ပညာရှင်တွေ ရှေ့မှောက်မှာ နတ်မှီဆရာတော်ကို ပြဿနာနဲ့ တုပ်နှောင်ချေချွတ်မည့် အစီအစဉ်ပါပဲ။ ဒီအကြံကို မိမိတို့လည်း အထိုက်အလျှောက်ရိပ်မိတဲ့အတွက် ပွဲကြီးပွဲကောင်း တစ်ခုတော့ကြုံရမယ်ထင်တယ်ဆိုတဲ့ အတွေးနဲ့ ဆရာတော် အဲဒီရိပ်သာကို ကြွတဲ့အခါ အားလုံးလိုက်သွားကြပါတယ်။

ရိပ်သာဆရာတော်လေးက သူ့ဒကာကို အတော်လေး ယုံကြည်အားထားပုံရပါတယ်။ မုချအောင်ပွဲဆင်မယ့် အစီအစဉ်လို့ ဆုံးဖြတ်ထားပုံရတယ်။ မြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ လူကြီးမင်းများထဲက ထင်ရှားတဲ့ လူကြီးလူကောင်း အချို့ကိုလည်း ဖိတ်ကြားထားတယ်။ ဆရာတော်နောက်ကလည်း ဒကာကြီးဦးလှအောင်နဲ့ ဓမ္မသာကစ္ဆာမိတ်ဆွေ လေးငါးယောက်ပါတယ်။ အားလုံးတော့ ရဟန်းရှင်လူပရိသတ် ငါးဆယ်ခန့်လောက်ရှိပါတယ်။

အားလုံးကို ကြည့်ရတာ မျှော်လင့်ချက်ကိုယ်စီ လွှမ်းခြုံထားတဲ့ အမူအယာများကိုလည်း အထင်းသားတွေ့နေရတယ်။ ရိပ်သာဆရာတော်လေးနဲ့ သူ့ဒကာက အောင်ပွဲကို အသေအချာလို့ တွက်ပြီး ပွဲသိမ်းခန်းကို မျှော်နေတဲ့ပုံပါ။ ဆရာတော်ရဲ့ နောက်ပါပရိသတ်များကတော့ ကိုယ့်ဆရာသမားအကြောင်း ကိုယ်သိကြပြီးသားဖြစ်လို့ သာမန်ဧည့်ခံစကားဝိုင်းကလေး တစ်ခုလောက်လိုပဲ မျှော်လင့်ထားကြပုံရပါတယ်။ မန္တလေးတက္ကသိုလ်ကထိက ဆရာ,ဆရာမများကတော့ “ကျောက်ကွင်း အရေးတော်ပုံမှာ ခရစ်ယာန်ဓမ္မဆရာ အကျော်အမော်တွေကိုတောင် လွယ်လွယ်ကလေးနဲ့ ပွဲသိမ်းနိုင်ခဲ့တဲ့ ဆရာတော်ကြီးကို မေးခွန်းနဲ့ တုပ်ချီပြီး လှဲပြမယ်ဆိုတဲ့ ပုဂ္ဂိုလ်များက ဘယ်လိုမေးခွန်းတွေနဲ့ ချည်နှောင်လို့ ဆရာတော်ကြီးက ဘယ်လို ဖြေဖြုတ်ချ လိုက်မလဲဆိုတဲ့ မျှော်လင့်ချက်မျိုးပေါ့။ အများကတော့ “ပွဲကြီး ပွဲကောင်းတစ်ခု”ဆိုတဲ့ မျှော်လင့်ချက်လို့ပဲ ထင်ရပါတယ်။

————

ဆွေးနွေးမေးဖြေပွဲ အစမှာတော့ ရိပ်သာဆရာတော်ကလေးက ဆရာတော်ကို ပဋိစ္စသမုပ္ပါဒ်နဲ့ ပတ်သက်တဲ့ ဧကတ္တနည်း၊ နာနတ္တနည်း၊ အဗျာပါရနည်း၊ ဧ၀ံဓမ္မတာနည်းတို့။ သတိပဋ္ဌာန်နဲ့ပတ်သက်ပြီး ဂဏဏာနည်းစတဲ့ ၀ိပဿနာကို လေ့လာဖူး သူတိုင်းသိပြီးသား အကြောင်းအရာများကို မေးနေပါတယ်။ ဒါတွေက ပထမငယ်တန်း လောက် ဟုတ်တိပတ်တိ သင်ဖူးရင်တောင် သိနိုင်တဲ့ ကိစ္စလေးတွေဖြစ်လို့ “ဆရာတော်ကြီးကို စာပေကျမ်းဂန်တွေ ပစ်ပယ်တယ်ထင်လို့များ သက်သက်စမ်းနေသလား”ဆိုပြီး နားထောင်နေကြတဲ့ ဦးဇင်းများကတောင် တီးတိုး ဝေဖန်ကြပါတယ်။

ဘာမှ အထူးမဟုတ်လှတဲ့ ပဋိပတ်ဆိုင်ရာမေးခွန်း အနည်းငယ်ကို မေးမြန်းပြောဆိုပြီးတော့မှ သူတို့ချင်း ကြိုတင်ညှိနှိုင်း ထားကြတဲ့အတိုင်း သူ့ဒကာကြီးဘက်လှည့်ပြီး “ကဲ .. ဒကာကြီး၊ ဒါက ဒကာကြီးတို့ ကြားဖူး၊ ဖတ်ဖူးထားတဲ့ လူသေလူဖြစ် စာအုပ်ကို ရေးတဲ့ ဆရာတော်ကြီးပါပဲ။ ဒကာကြီးက အဲဒီစာအုပ်ကို ဖတ်ထားပြီးသား ဆိုတော့ မရှင်းမလင်းတာရှိရင် အခုကြုံကြိုက်တုန်း မေးလျှောက်ထားပေါ့”ဆိုပြီး မိတ်ဆက်တိုက်တွန်း လုပ်ပေး လိုက်ပါတယ်။

ဒကာကြီးက အစပိုင်းမှာတော့ ဆရာတော်ရဲ့ ဆရာစဉ်ဆက် ရွှေကျင်ဂိုဏ်းကြီးရဲ့ ဂုဏ်ပုဒ်တွေ၊ ဆရာတော်ရဲ့ ဂုဏ်ပုဒ်တွေ၊ ကပ္ပပြဿနာစတဲ့ ဆရာတော်ရေးတဲ့ စာအုပ်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ခြေဆင်းသဘောမျိုး ပြောပြီး တော့မှ  “အဲဒီလို ဆရာတော်ကြီးတစ်ပါးက “လူသေလူဖြစ်”လို စာအုပ်မျိုးကို ဘာကြောင့်များ ရေးရပါလိမ့်”ဆိုပြီး သူစိတ်မချမ်းမသာ ဖြစ်ရကြောင်း လျှောက်ထားပါတယ်။

အတော်လေး ရှည်လျားတဲ့ သူ့ခြေဆင်းစကားထဲမှာ တစ်ခါတစ်ခါ အင်္ဂလိပ်လို ညှပ်ညှပ်ပြီးပြောတာလည်း ပါသေးတယ်။ သူက အင်္ဂလိပ်လိုပြောတဲ့အပိုဒ်ကလေးများကို ဆရာတော်ကလည်း အင်္ဂလိပ်လို ပြန်လည်စကား ထောက်ပေးပါတယ်။ အဲဒီအချိန်မှာ ဒကာကြီးက မန္တလေးတက္ကသိုလ်က ဆရာမများနဲ့ သူ့ပရိသတ်ဖက်လှည့်ပြီး “ဘယ်နှယ့်လဲ တွေ့တယ်မို့လား”ဆိုတဲ့ ပုံစံမျိုးနဲ့ ၀င့်ကြွားပြုံးပြရင်း လှည့်ကြည့်နေပါတယ်။

သူ့ရဲ့ အဓိကမေးလိုရင်းဖြစ်တဲ့ ဘာကြောင့် “လူသေလူဖြစ်”စာအုပ်ကို ရေးရပါသလဲဆိုတဲ့ အချက်နဲ့ ပတ်သက်လို့တော့ ဆရာတော်က – “ဦးဇင်းရေးတဲ့ စာအုပ်မှာ “လူသေပြီးရင် မုချ လူပြန်ဖြစ်ရမယ်”လို့ ရေးထားတာ မဟုတ်ပါဘူး။ “ဖြစ်စရာရှိလျှင်”ဆိုတဲ့ စကားလေး ပါပါတယ်”ဆိုတော့ ဒကာကြီးက ကြားဖြတ်ပြီး –

“မှန်ပါ .. ဆရာတော်စာအုပ်မှာ ဖြစ်စရာရှိလျှင်ဆိုတဲ့ ချွင်းချက်စကားရပ်က လူသေလူဖြစ်ဆိုတာ “အယမန်္တိမာ ဇာတိ”လို့ ဆိုနိုင်တဲ့၊ နောက်ထပ် ပဋိသန္ဓေနေစရာမရှိတော့တဲ့ ရဟန္တာများကို ရည်ရွယ်တာ မဟုတ်ဘူးဆိုတာတော့ တပည့်တော်များ သဘောပေါက်ပါတယ်ဘုရား။ အဲဒီဖြစ်စရာရှိတဲ့ လူတွေအားလုံးဟာ သေပြီးရင် လူပဲ ဖြစ်ရမလား၊ အပါယ်ဘုံတို့၊ နတ်ဘုံ ဗြဟ္မဘုံတို့ကိုရော မရောက်နိုင်ဘူးလား၊ ဆရာတော်က လူသာဖြစ်ရမယ်လို့ ဆိုလိုရာရောက်နေတယ်။ အဲဒါဟာ ဆရာတော်ရဲ့ အတ္တနောမတိ(ကိုယ့်ထင်မြင်ချက်)လား၊ ဘုရားဟော ဒေသနာ အထောက်အထားများရှိသလား၊ အဲဒါကို တပည့်တော်များ ရှင်းရှင်းလင်းလင်း သိလိုပါတယ်ဘုရား”ဆိုပြီး လျှောက်ထားပါတယ်။

ဒကာကြီးရဲ့ မေးခွန်းထဲမှာ “ဘုရားဟော ဒေသနာအထောက်အထားများ ရှိပါသလား”ဆိုတဲ့အချက် ပါလာတော့ ရိပ်သာကိုယ်တော်လေးမျက်နှာက “ချက်ကောင်းကိုင်မိပြီ”ဆိုတဲ့ သဘောနဲ့ ကျေကျေနပ်နပ်ကြီး ပြုံးလာတယ်။ တက္ကသိုလ်ဆရာမများနဲ့ ကျန်ပရိသတ်များကလည်း သိလိုစိတ် ပိုထက်သန်လာတဲ့ သဘောနဲ့ အသီးအသီး ဦးခေါင်းတွေ ထောင်လာပြီး မျက်လုံးတွေကလည်း ဆရာတော်ဆီ စုရုံးရောက်ရှိလာကြတဲ့ပုံပါ။

ဆရာတော်ကတော့ အေးအေးဆေးဆေးပါပဲ “ဒေသနာ အထောက်အထား အခိုင်အမာရှိပါတယ်”တဲ့။ ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့တာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ၀န်းကျင်အထိ တစ်ခါမှ မကြားဖူးဘူးတဲ့ “လူသေလူဖြစ်”ဆိုတဲ့ စကားက ဘုရားဟောဒေသနာတော်နဲ့ အညီတဲ့၊ ဒေသနာ အထောက်အထား အခိုင်အမာရှိသတဲ့”ဆိုတဲ့ စကားက အိပ်ငိုက်ပြီး အိပ်မက်မက်လို့ကောင်းတုန်းမှာ မိုးချုန်းသံကြီးတစ်ခု ကြားလိုက်ရပြီး လန့်နိုးလာကြသလို ပရိသတ် အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး မျက်လုံးနဲ့ နားအားလုံးကလည်း ဆရာတော်ဘက်ဆီ စူးစိုက်စွင့် ရောက်သွားကြပါ တယ်။

ဒကာကြီးက “အမိန့်ရှိပါဘုရား၊ ဒါကို တပည့်တော်များ သိချင်တာပါ”ဆိုပြီး လောဆော်လာတယ်။ ဆရာတော်က “စောစောက ဒကာကြီးပြောသွားတဲ့ စကားတွေထဲမှာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်အကြောင်း အကြိမ်ကြိမ်ပါခဲ့တယ်။ အဲဒီထဲမှာ ဒီအတွက် အထောက်အထား အခိုင်အမာပါပါတယ်။ ဒကာကြီးတို့ နှုတ်ကသာ ရွတ်နေကြပြီး တကယ်တမ်း သဘောမပေါက်ကြလို့ ဖြစ်မှာပါ။ အဲဒီမှာ “ဥပါဒါနပစ္စယာ ဘဝေါ”ဆိုတာ ပါသမို့လား၊ အဲဒါဘာပြောတာလဲ၊ ဥပါဒါန်စွဲလမ်းတဲ့ အတိုင်း ဘ၀က ဖြစ်ရတယ်”လို့ ဆိုလိုတာပဲ မဟုတ်လား။

လူဆိုတာ ဟိုး … အိုမင်းမစွမ်းဖြစ်နေသူပဲဖြစ်ဖြစ်၊ အနာရောဂါဆိုး နှိပ်စက်ခံနေရတဲ့ ဒုက်္ခိတပဲဖြစ်ဖြစ်၊ ကိုယ့်ဘ၀ ကိုယ်တော့ စွဲကြတာချည်းပါပဲ။ ရောဂါဆိုး နှိပ်စက်လို့ အသက်ကလေးယဲ့ယဲ့လောက် ကျန်တော့တဲ့ လူမှာတောင် “ကဲ .. ဒီလောက်ဒုက္ခဆိုးကြီးကို ခံစားမနေပါနဲ့တော့၊ ဟောဒီမှာ ပန်းရေချမ်းကလေး၊ ဟောဒီမှာ လတ်တလောချင်း သေစေတတ်တဲ့ အဆိပ်ခွက်၊ ဘုရားကို ပန်းရေချမ်းကလေးလှူပြီး အဲဒီကုသိုလ်ကို အောက်မေ့ရင်း ဒီအဆိပ်ကို သောက်ချလိုက်”လို့ ပြောရင် ဘယ်လို တုန့်ပြန်မလဲ၊ “ကျေးဇူးတင်ပါတယ်”ဆိုပြီး ဒကာကြီးပေးတဲ့ အကြံကို လက်ခံမလား၊ ဒါမှမဟုတ် “ဒုက္ခရောက်နေရတဲ့အထဲမှာ မင်းက လူကို သရော်သလား”ဆိုပြီး စိတ်ကလည်း ခပ်ဆတ်ဆတ်၊ လူကလည်း လှုပ်ရှားနိုင်မယ်ဆိုရင် နီးရာတုတ်ဓားနဲ့ဆွဲပြီး ခုတ်လိုက်၊ ရိုက်လိုက်မယ် ထင်သလား”ဆိုတော့ “ဟာ .. အဲလိုတော့ ဘယ်သွားပြောရဲပါ့မလဲဘုရား”တဲ့။

ဆရာတော်က “ဒါကြောင့် လူဟာ လူ့ဘ၀ကိုသာ စွဲလန်းတဲ့ ဥပါဒါန်ရှိတယ်၊ ဒီဥပါဒါန်ကြောင့် ဘ၀အသစ် ဆက်ရဦးမယ် ဆိုရင်လည်း သူစွဲလန်းတဲ့ လူ့ဘ၀မှာပဲ ပြန်ဖြစ်ရမယ်”လို့ ဦးဇင်းစာအုပ်က ရည်ညွှန်း တာပါ”ဆိုပြီး စကားကို ခဏရပ်လိုက်ပါတယ်။

ဒကာကြီးက ရိပ်သာဆရာတော်ကလေးဆီ လှမ်းကြည့်လိုက်တယ်၊ ရိပ်သာဆရာတော်ကလေးကလည်း ဒကာကြီးဆီ ကြည့်လို့၊ “ဘာဆက်ပြောရပါ့”ဆိုပြီး မျက်လုံးချင်း တိုင်ပင်ကြတဲ့သဘောပါပဲ။ ပြီးတော့မှ ဆရာတော်လေးက ဒကာကြီးဆီ မေးဆတ်ပြလိုက်တယ်။ “သင့်သလို ဆက်ပြော”ပေါ့။ ဒကာကြီးကလည်း မသိမသာ ဦးခေါင်းဆတ်ပြတယ်။ “ကောင်းပြီ”ပေါ့။

တစ်ခဏလောက် စဉ်းစားနေပြီးတော့မှ ဒကာကြီးက “ဆရာတော် “ဥပါဒါနပစ္စယာ ဘဝေါ”ဆိုတဲ့ ဒေသနာအရ၊ ထားပါတော့ဘုရား၊ တပည့်တော်တို့ဆိုရင် အပါယ်လေးဘုံဆိုတဲ့ ဘ၀ကိုတော့ တောင်းတစွဲလမ်းစရာအကြောင်း မရှိပါဘူး၊ တကယ်လို့ နတ်ဘုံ နတ်ဘ၀ကို တောင်းတစွဲလမ်းတယ်ဆိုရင်ရော “ဥပါဒါနပစ်္စယာ ဘဝေါ”အရ လူဟာ သေပြီးရင် နတ်ရော မဖြစ်နိုင်ပေဘူးဘုရား”ဆိုပြီး ဆက်မေးပါတယ်။

“ဒီအချက်ကတော့ အတော်လေး ပိုင်တယ်”ဆိုတဲ့ သဘောနဲ့ ရိပ်သာဆရာတော်လေးရဲ့ မျက်နှာဝင်း လက်လာသလိုလိုပဲ၊ ပရိသတ်ကလည်း ဒီမေးခွန်းရဲ့အဖြေကို အတော်မျှော်လင့်နေပုံနဲ့ ရှေ့ကလူတွေ ကွယ်နေလို့ ဆရာတော်ရဲ့ မျက်နှာကို လှမ်း မမြင်နိုင်ကြသူများကတောင် ဒူးတွေ ထောက်ပြီး လှမ်းကြည့်နေကြပါတယ်။

ဆရာတော်က “ဥပါဒါန ပစ္စယာ ဘဝေါ”ဆိုတဲ့ စကားက ဘယ်ဘ၀ရယ်လို့ ကန့်သတ်ထားချက် မရှိပါဘူး။ ဒကာကြီးအနေနဲ့ တကယ်ကို အခုကိုယ်ဖြစ်နေတဲ့ လူ့ဘ၀ထက် နတ်ဘ၀ကို စွဲလန်းတယ်ဆိုရင်တော့ လူ့ဘ၀ကနေ နတ်ဘ၀လည်း ဖြစ်နိုင်ပါတယ်”လို့ အေးအေးဆေးဆေး မိန့်ကြားလိုက်တဲ့ အခါမှာတော့ –
မေးခွန်းမေးတဲ့ ဒကာကြီးကလည်း “ငါထောင်လိုက်တဲ့ ကြိုးကွင်းထဲကို ဆရာတော်ကြီး လည်ပင်းလျှိုပြီး ၀င်လာတော့တာပဲ”ဆိုတဲ့ အပေါက်မျိုးနဲ့ “အဲဒီ အဖြေကို တပည့်တော် လိုချင်တာဘုရား”ဆိုပြီး ထအော်တော့တာပဲ။ ရိပ်သာဆရာတော်လေးကလည်း ဟန်မဆောင်နိုင်ဘူး၊ “ဒကာကြီးကတော့ တကယ့်ကို ပညာရှင်ပီသပါပေတယ်၊ ဒီလို ဆရာတော်ကြီးမျိုးကို ဒီလိုအဖြေမျိုး ထွက်လာအောင် မေးနိုင်ဖို့ဆိုတာ တော်တော့လူ လွယ်တာမဟုတ်ဘူး”ဆိုပြီး မျက်နှာကို မန္တလေးတက္ကသိုလ်ဆရာမများဘက်ရော၊ ဒကာကြီးဦးလှအောင်တို့နဲ့ ပရိသတ်များဘက်ရော ၀င့်ဝင့် မော်မော် လှည့်ကြည့်ရင်း ပြုံးနေပါတယ်။

မန္တလေးတက္ကသိုလ်ဆရာမများကတော့ ထူးထူးထွေထွေ လှုပ်လှုပ်ရှားရှား ဖြစ်မသွားကြဘူး၊ သူတို့ ထင်ထားသလို စကားစစ်ထိုးပွဲကြီးတစ်ခု ဖြစ်မလာဘဲ စကားလေပြေလေညှင်းလေးနဲ့ အေးအေးဆေးဆေး ပြီးသွားတဲ့ ပုံစံမျိုးကို ကြည့်ပြီး “အော်”ဆိုတဲ့ အံ့အားသင့်မှုလေးလောက်ပဲ ဖြစ်သွားကြပုံပါ။           ကျန်ပရိသတ်တွေမှာတော့ ရိပ်သာဆရာတော်လေး ဖိတ်ကြားထားတဲ့ ပရိသတ်ကလည်း မေးလျှောက်တဲ့ ဒကာကြီးကို အောင်ပွဲရ စစ်သူကြီးတစ်ဦးလို အထင်တကြီးကြည့်ပြီး ပြုံးပျော်နေပုံမျိုးနဲ့ နည်းနည်း လှုပ်လှုပ်ရွရွ ဖြစ်သွားတယ်။

ရန်ကုန်ကနေ ဆရာတော်နောက်ပါလာတဲ့ ဧည့်သည်များနဲ့ ဆရာတော်ကို ကြည်ညိုရင်းရှိကြတဲ့ တပည့်များကတော့ “တို့ ဆရာတော်က တစ်ဖက်က ကျည်တစ်ချက်တောင် မပစ်ရသေးဘူး၊ မောင်းတင်သံကြားရုံနဲ့ လက်မြှောက် အညံ့ခံလိုက်လေ သလား”ဆိုပြီး အားမလို အားမရသဘောမျိုးနဲ့ တီးတိုး လှုပ်ရှားသွားကြတယ်။

မိမိနဲ့တခြားရဟန်း သုံးလေးပါးကတော့ “ဆရာတော်ကြီးက ကာလဒေသကြည့်ပြီး အလိုက်အထိုက် ဖြေသွားတာဖြစ်မယ်” ဆိုတဲ့သဘောနဲ့ အရှင်ဆန္ဒာဓိကဘက်ကို လှည့်ကြည့်ကြပြီး “ဆရာတော်ကြီး အဖျားရှူး သွားသလား”လို့ တိုးတိုးမေးသူက မေးမိတယ်။

ဆရာတော်ကြီးနဲ့ အရပ်ဒေသအသီးသီးကို အတူလိုက်ခဲ့ပြီး ဆရာတော်ကြီးရဲ့ ပွဲချင်းပြတ်ဖြေကြားပွဲကို အကြိမ်ကြိမ် အတူနွှဲလာခဲ့ဖူးသူ အနီးနေပစ္ဆာသမဏ တပည့်ကြီးဖြစ်တဲ့ အရှင်ဆန္ဒာဓိက(ပေလေးပင်၊ နတ်မှီတောရ) ကတော့ “ကျွမ်းကျင်လိမ္မာတဲ့ ဆင်ဖမ်းသမားဟာ ဆင်နောက်ကို ရောလိုက်၊ ကွေ့ခေါ်ပြီး ကျုံးသွင်းမိမှ မလှုပ်နိုင်အောင် တုပ်နှောင်ချုပ်ကိုင်ကာ အစွယ်ကို ဖြတ်လိုက်သလို ပြဿနာ မေးလာသူရဲ့ အခြေအနေကို ကြည့်ပြီး ရောလိုက် ကွေ့လိုက်ခေါ် အပိုင်တုပ်နှောင်ပြီးမှ “ပွဲချင်းပြတ်”ဖြေဆိုခဲ့တာကို တွေ့ဖူးလှပြီဖြစ်လို့ ဇာတ်သိမ်းခန်းကို ကြိုတင်သိနေသည့်အလား “အသာစောင့်ကြည့်ပါ၊ ဒါဟာ ပွဲသိမ်းနောက်ကောက် ထိုးချက် မဟုတ်သေးပါဘူး”ဆိုတဲ့ သဘောနဲ့ မိမိတို့ကို လက်ကာပြပြီး ပြုံးကြည့်နေပါတယ်။

ဆရာတော်ကြီးက တစ်ခုခု မိန့်ဆိုဖို့ လည်ချောင်းကို ရှင်းလိုက်သလို ချောင်းတစ်ချက် ဟန့်လိုက်ချိန်မှာတော့ အားလုံးရဲ့ နားမျက်စေ့တွေက ဆရာတော်ကြီးဆီမှာ တစ်ပြိုင်နက် တိုးဝှေ့ပေါင်းဆုံသွားကြပါတယ်။

ဆရာတော်ကြီးက “ဒကာကြီးက ဒီအဖြေမျိုးလိုချင်တာဆိုတော့ ဘာကြောင့် လိုချင်ရတာလဲ။ နတ်ဖြစ်ချင်လို့လား”လို့ မေးလိုက်ပါတယ်။

ဒကာကြီးက “မှန်ပါ၊ ဖြစ်ချင်တာပေါ့ဘုရား၊ အဲဒါ ဖြစ်နိုင်၊ မဖြစ်နိုင် သိချင်တာ”တဲ့။ “ဥပါဒါနပစ္စယာ ဘဝေါ”အရ နတ်ဖြစ်ချင်တယ်ဆိုရင်၊ နတ်ဘ၀ကို အခုရရှိထားတဲ့ လူ့ဘ၀၊ လူ့အဖြစ်ထက်ပိုပြီး ဥပါဒါန်ရှိဖို့တော့ လိုတယ်။ ဒကာကြီး ရော နတ်ဘ၀ကို အခုရရှိထားတဲ့ လူ့ဘ၀ထက် စွဲလန်းမှု ဥပါဒါန် ပိုပြင်းရဲ့လား”လို့ မေးပါတယ်။ ဒကာကြီးက “ပြင်းပါတယ်ဘုရား၊ ဥပါဒါန်ပြင်းရင် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကိုသာ ဆရာတော်ကိုယ်တိုင် ဆုံးဖြတ်တာကို တပည့်တော်တို့ ကြားနာလိုတာပါ”တဲ့။ သူ့အကြံနဲ့သူ ဆရာတော်ကို ခိုင်သည်ထက်ခိုင်အောင် တုပ်ချည်လိုက်တဲ့ စကားသံပါပဲ။

ဆရာတော်ကလည်း “သေချာရဲ့လား ဒကာကြီး၊ မြတ်စွာဘုရားကတော့ ဓမ္မစကြာမှာ “တတြတတြာဘိနန်္ဒိနီ = ဘယ်သတ္တ၀ါမဆို ကိုယ်ဖြစ်တဲ့ဘ၀ကိုသာ ပိုပြီး နှစ်သက်စွဲလန်းတတ်တယ်”လို့ ဟောတော်မူထားပါတယ်။ အခု ဒကာကြီးက လူဖြစ်နေပါလျက်နဲ့ ကိုယ့်ဘ၀ကိုယ်ထက် နတ်အဖြစ်၊ နတ်ဘ၀ကို ပိုပြီး ဥပါဒါန်ဖြစ်တယ်ဆိုတာ ဟုတ်ပါ့မလား၊ ဘာဖြစ်လို့ ခုရနေဆဲ ဘ၀ထက် မရသေးတဲ့ဘ၀ကို ပိုပြီး စွဲလန်းချင်ရတာလဲ”ဆိုပြီး ခိုင်မာအောင် ထပ်မေးလိုက်ပါတယ်။

မိမိတို့ကတော့ ဆရာတော်က ဒကာကြီးကို ကျုံးသွင်းနေပြီဆိုတာ နည်းနည်းရိပ်မိလာပြီ။ ဒကာကြီးကတော့ ဆရာတော်စကားရိပ်ကို အကဲမခတ်မိလို့ပဲလား၊ ကျားကျားမီးယပ်ဆိုသလို မထူးဇာတ်ပဲ၊ ခင်းတော့တာလားတော့ မသိဘူး။ သူ့စကားကို အခိုင်အမာပြုတဲ့သဘောနဲ့ “ဒါကတော့ဘုရား၊ ဆရာတော်သိတဲ့အတိုင်းပဲ၊ လူ့ပြည်မှာဆိုတာက စားဝတ်နေရေး ကိစ္စတွေကလည်း အလွန်ကျပ်တည်း ပင်ပန်းတာ၊ ပြီးတော့ အို ဒုက္ခ၊ နာ ဒုက္ခ၊ ကျန်းမာရေး ဒုက္ခတွေ၊ နောက်ဆုံး သေဒုက္ခအထိကလည်း အလွန်ဆင်းရဲတာ။ နတ်ပြည်မှာတော့ စားဝတ်နေရေး ကျန်းမာရေးလည်း မပူရ၊ အို နာ ဒုက္ခတွေလည်း မထင်ရှားဆိုတော့ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်သေးသမျှ အဲဒီလို ဘုံဘ၀မျိုးကိုပဲ မျှော်လင့် တောင်းတမိတာပေါ့။ တခြား လူတွေတော့ မသိဘူး။ တပည့်တော်ကတော့ နတ်ဘုံ နတ်ဘ၀ကို စွဲကို စွဲလန်းပါတယ်ဘုရား”ဆိုပြီး သူ့စကားသူ အခိုင်အမာ ပြုနေပါတယ်။

ဒကာကြီးပြောနေတာကို နားထောင်ပြီး ရိပ်သာဆရာတော်လေးကတော့ ဘာပဲဖြစ်ဖြစ်၊ လူသေလူဖြစ် စာအုပ်ရေးတဲ့ ဘုန်းကြီးဆီက “လူသေနတ်ဖြစ်”ဆိုတဲ့စကားကို အခိုင်အမာ ကြားရတော့မယ်ဆိုတဲ့ အတွေးနဲ့ လားတော့ မသိဘူး၊ သူ့မျက်နှာက ပြုံးယောင်ယောင်သန်းလာပါတယ်။ ပြဿနာက အထွတ်အထိပ် ရောက်လာပြီဖြစ်လို့ ပရိသတ်အားလုံးကလည်း ဆရာတော် ဘယ်လိုများ မိန့်ကြားလိုက်မလဲဆိုတဲ့ သိလိုဇောနဲ့ တကယ့်ကိုမှ အပ်ကျတောင် အသံကြားလောက်အောင် တိတ်ဆိတ်နေပါတယ်။

ဆရာတော်က “ဒကာကြီးမှာ အိမ်ထောင်ရှိလား”လို့ မေးလိုက်တယ်။ “မှန်ပါ၊ ရှိပါတယ်ဘုရား၊ အခု အိမ်မှာ ဇနီးရော၊ အိမ်ထောင်မကျသေးတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်ရော အတူတူနေကြပါတယ်”တဲ့။

ဆရာတော်က အနည်းငယ် ပြုံးယောင်ယောင်မျက်နှာနဲ့ “ကဲ .. ဒကာကြီး နတ်ပြည်၊ နတ်ဘ၀ကို တကယ်ပဲ ဥပါဒါန် ကြီးမားတာ အမှန်ပဲဆိုရင်၊ အခု ဒီနေ့တော့ အိမ်ကိုပြန်ပါ။ အိမ်ရောက်တဲ့အခါ အိမ်ရှင်မ ဒကာမကြီးကိုရော၊ သားနဲ့သမီးကိုပါ ခွင့်ပန်နှုတ်ဆက်ခဲ့ပေါ့။ မနက်ဖြန် ဒီကျောင်းမှာပဲ ဒကာကြီးကို အရပ်အမောင်း သုံးဂါဝုတ် လောက်ရှိတယ်ဆိုတဲ့ နတ်သမီးတွေ တစ်ဖက်ငါးရာနဲ့ စုလျှားရစ်ပတ် လက်ထပ်ပေးမယ်။ ကိုင်း .. ဘယ်နှယ့်လဲ ထိမ်းမြားလက်ထပ်ရဲပါ့မလား”လို့လည်း မိန့်လိုက်ရော ပရိသတ်တွေ အကုန်လုံးက အုန်းထသွားအောင် ရယ်လိုက်တဲ့အသံကြီးက ဖုံးလွှမ်းသွားလိုက်တာ ဒကာကြီး ဘာပြန်ပြောတယ်ဆိုတာတောင် မကြားလိုက်ရဘူး။

နောက်တော့မှ “အာ .. ဒါကတော့ မဖြစ်နိုင်တဲ့ ကိစ်္စပဲ ဆရာတော်”တဲ့။ “ဟုတ်ပါပြီ၊ ဖြစ်နိုင်မယ်ဆိုရင်ရော အိမ်က ဒကာမကြီးကို ထားခဲ့ပြီး နတ်ပြည်လိုက်ရဲပါ့မလားလို့ မေးတာပါ”ဆိုတော့မှ “အမှန်အတိုင်း ပြောရရင်တော့ဘုရား ဘယ်ဘ၀မှာ ဘယ်လောက်သာတယ် ပြောပြော လက်ရှိဘ၀ကိုတော့ မစွန့်လွှတ်နိုင် သေးဘူးဘုရား”ဆိုပြီး မျက်နှာကို အောက်ငုံ့ထားလိုက်ပါတယ်။ ပရိသတ်ကတော့ ကျေနပ်အံ့သြလို့မဆုံး တပြုံးပြုံးနဲ့ပါ။ ရိပ်သာဆရာတော်လေးရော၊ ဒကာကြီးရော နောက်ထပ် မေးခွန်းတော့ဖြင့် ထွက်မလာတော့ပါဘူး။

ဆရာတော်ရဲ့ ပွဲချင်းပြတ်အဖြေတွေကို ကြားဖူးနားဝများနေပြီဖြစ်တဲ့ အရှင်ဆန္ဒာဓိကအနေနဲ့ ဘယ်လိုခံစားရမယ်တော့ မသိဘူး။ ကျောက်ကွင်းအရေးတော်ပုံကိုသာ ဖတ်ရပြီး ဆရာတော်ရဲ့တခြား မေးဖြေ တာတွေ မကြား၊ မကြုံဖူးဘူးတဲ့ မိမိအနေနဲ့တော့ ဒီပွဲကို “ရှင်ဥက္ကဋ္ဌနဲ့ မိုးကုတ်အရေးတော်ပုံ” အဖြစ် အမှတ်ထင်ထင် ဖြစ်ခဲ့ပါတယ်။

————

ဆရာတော်ရဲ့ နောက်ထပ် အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ ပွဲချင်းပြီး ပြဿနာတစ်ခုကတော့ ၁၉၇၅-ခုနှစ်လောက်ဆီက ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ ပြုလုပ်တဲ့ နိကာယ်သင်တန်းကာလတုန်းက ကြုံခဲ့ရတဲ့ ပြဿနာလေးတစ်ခုပါ။

အဲဒီတုန်းက ဒေးဒရဲမြို့မှာ သိပ္ပံစာအုပ်တချို့တလေကို ဖတ်ပြီး ခေတ်မှီသူလိုလို ဘာလိုလိုနဲ့ ရပ်ရွာ သာရေးနာရေး ပွဲမှာရော။ လဘက်ရည်ဆိုင်မှာရော လူနားမလည်တဲ့အကြောင်းအရာတွေကို ဒီနေ့နက်ဖြန် ကမ္ဘာပျက်မည့်ကိစ္စကြီးလို ရေးကြီး ခွင်ကျယ်လုပ်ပြီး ဟောင်ဖွာဟောင်ဖွာလိုက်ပြောနေတဲ့ လူငယ်တစ်စုရှိတယ်။ သူတို့ထဲက ခေါင်းဆောင်လုပ်တဲ့ကလေးက မောင်သိန်းဖေတဲ့။

ဒေးဒရဲကွင်းကျောင်းဆရာတော်ဆိုတာ အရှင်အာဒိစ္စ၀ံသရဲ့ ပညာစုံအမွေရထားတဲ့ ဆရာတော် တစ်ပါးဖြစ်တဲ့အတိုင်း ဒေးဒရဲဝန်းကျင်က မြို့ပေါ်မှာ အထက်တန်းပညာသင်ဖို့ ရောက်လာကြတဲ့ ကျောင်းသားများကို ဘုန်းကြီးကျောင်းအတွင်းမှာ တည်းခိုနေထိုင်ခွင့်ပေးထားသလို အင်္ဂလိပ်စာလည်း သင်ကြားပေးခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်လို့ အဲဒီတုန်းက ဒေးဒရဲမှာ လူရာဝင်နေကြတဲ့ လူလတ်ပိုင်းတော်တော်များများရဲ့ ကျေးဇူးရှင် ဆရာတော်အဖြစ်နဲ့ ထင်ရှားပါတယ်။ နိကာယ်သင်တန်းမှာကျတော့ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ ကလည်း မကြာမကြာ ရောက်လာသလို တောင်တွင်းကြီး၊ နတ်မှီတောရဆရာတော် အရှင် ဥက္ကဋ္ဌကလည်း အမြဲမပြတ် နေထိုင်ကြီးကြပ်ပေးနေတာဆိုတော့ ဒေးဒရဲဝန်းကျင်မှာတော့ ကွင်းကျောင်း တိုက်နဲ့နိကာယ် သင်တန်းက လူစိတ်အ၀င်စားဆုံး နေရာဖြစ်လာတယ်။

စောစောကပြောတဲ့ လူတွင်ကျယ်လေးတစ်စုက အရပ်ထဲမှာ လူ့ချဉ်ဖတ်ကလေးတွေ ဖြစ်ကြပေမယ့် ကွင်းကျောင်း ဆရာတော်ကိုတော့ လေးစားကျိုးနွံကြပြန်ရော။ သံဃာသုံးဆယ်ကျော်လောက်ရှိတဲ့ နိကာယ်သင်တန်း ကာလတစ်လျောက် ရဟန်းသံဃာသုံးရေ သောက်ရေ သယ်ခြင်းကအစ ထင်းခွဲ၊ ပေါင်းရှင်း၊ နေ့စဉ်ဈေးဝယ်အထိ အတော်လေး ဆောင်ရွက်ကြတော့ ကွင်းကျောင်းဆရာတော် အရှင်ဥဇ္ဇောတိက မထေရ်မြတ်က “အမျိုးကောင်းသား လေးတွေ”လို့ခေါ်ဆို သတ်မှတ်ခံရတဲ့ မျိုးကောင်းလေးတွေပါ။

ဒေးဒရဲနိကာယ်သင်တန်းရဲ့ ပုံစံက နံနက်နဲ့နေ့လည်၊ ညနေပိုင်းတွေမှာ ရဟန်းတော်များကို နိကာယ်ငါးရပ် သင်ကြား ဆွေးနွေးပေးပြီး၊ ညပိုင်းမှာတော့ စိတ်ပါဝင်စားသူ ရဟန်းရှင်လူအားလုံးအတွက် မေးဖြေဆွေးနွေးခွင့် ပေးထားပါတယ်။

အဲဒီမှာ တစ်ညဥ့်ကျတော့ အခုန လူတွင်ကျယ်လေးတွေထဲက ခေါင်းဆောင်လုပ်တဲ့ မောင်သိန်းဖေဆိုတဲ့ သူငယ်က စာတမ်းတစ်စောင် တင်သွင်းလိုပါတယ်ဆိုပြီး ကွင်းကျောင်းဆရာတော်ကို တင်ပြလျှောက်ထားလာတယ်။ ကွင်းကျောင်းဆရာတော်ကလည်း ဒီကလေးများကို အထင်ခပ်ကြီးကြီးဆိုတော့ ဒီစာတမ်းဟာ တိုးတက်တဲ့ လူငယ်တစ်စုရဲ့ အရေးပါတဲ့အမြင်သစ်တစ်ခု အဖြစ် အမွှန်းတင်ပြီး လက်ခံလိုက်တယ်။ အဆိုရှင်က စာတမ်း ဖတ်ကြားတင်သွင်း။ နတ်မှီဆရာတော်က ဖြေကြားပေးပေါ့။ သူတို့ပြဿနာကို ဆရာတော်ကြီး ကိုယ်တိုင် အလေးထား ဖြေကြားမယ်ဆိုတာ မြို့ထဲကို သတင်းလွှင့်ထားပြီးဖြစ်လို့ အဲဒီညက လူလည်း အတော်လေးကို များပါတယ်။

ဆရာတော်ကြီးနဲ့အတူ သံဃာတော်တွေလည်း စုံတော့မှ ကွင်းကျောင်းဆရာတော်က သူ့တပည့်များနဲ့ သံဃာတော်များကို မိတ်ဆက်ပေးတယ်။ “တိုးတက်တဲ့ခေတ်မှီ အမျိုးကောင်းသားလေးများ”ဆိုတဲ့ ၀ိသေသန ပုဒ်ကိုလည်း ခဏခဏထည့်တယ်။ အမှန်ကတော့ သင်တန်းသား သံဃာတော်များက ဒီမောင်များ အကြောင်း သိပြီးသားပါ။ ဒါကြောင့်လည်း ဘယ်သူကမှ တယ်စိတ်ဝင်စားပုံမရကြပါဘူး။

မေးခွန်းလွှာစာတမ်းကို ဖတ်ကြားတဲ့အခါမှာတော့ အကြောင်းသိပုဂ္ဂိုလ်များ ထင်ထားတဲ့အတိုင်းပါပဲ။ ဘာမှ လက်တွေ့ဘ၀နဲ့ ဆက်စပ်ပတ်သက်ခြင်းမရှိတဲ့ မေးခွန်းမျိုးစစ်စစ်ပါ။

သူ့မေးခွန်းစာတမ်းရဲ့ လိုရင်းအချုပ်ကတော့ “သိပ္ပံပညာအရ ကမ္ဘာကြီးဟာ တစ်ချိန်ချိန်မှာ သတ္တ၀ါတွေ အားလုံး ဆိတ်သုဉ်းပျက်စီးသွားပြီး ကမ္ဘာပျက်ကြီးအဖြစ် ရောက်သွားမယ်လို့ သိပ္ပံပညာရှင်များက ဆိုကြပါတယ်”တဲ့။

ဗုဒ္ဓ၀ါဒရဲ့ နောက်ဆုံး ရည်မှန်းချက်ကလည်း သတ္တ၀ါတွေ ကိလေသာအာသဝေါတွေ ကုန်ခန်းကြဖို့ ဖြစ်ပါတယ်။ ကိလေသာတွေ ကုန်ခန်းသွားပြီဆိုရင် သံသရာမှာ နောက်ထပ်ပြန်လည်မွေးဖွားခြင်းလည်း မရှိနိုင်တော့ဘူးလို့ ဆိုထားပါတယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာရဲ့အဆုံးစွန်သော ပန်းတိုင်ဆိုတာ သိပ္ပံပညာရှင်များက ဆိုထားတဲ့ ကမ္ဘာကြီး ဆိတ်သုဉ်းပျက်စီးရေးနဲ့ တစ်ထပ်တည်း ဖြစ်နေတဲ့အတွက် ဗုဒ္ဓ၀ါဒဆိုတာ ကမ္ဘာကြီး ဆိတ်သုဉ်းရေးကို ဦးတည်နေတဲ့ဝါဒလို့ မဆိုနိုင်ပါလား”တဲ့။

မေးခွန်းရှင်လေးတွေက သူများထက်ထူးအောင် သူများနဲ့မတူတဲ့စကားတွေ ပြောချင်လို့ သူများလည်း မဖတ်၊ လူ့ဘ၀နဲ့လည်း မနီးစပ်တဲ့စာအုပ်တွေ ဖတ်တာကလွဲလို့ ဘာမှ မဟုတ်ကြတဲ့ ပုဂ္ဂိုလ်လေးတွေဖြစ်သလို သူတို့ မေးခွန်းကလည်း  ဘာဆိုဘာမှကို မဟုတ်တဲ့ ယုန်ချိုစူးမှာ စိုး၊ လိပ်မွေးနဲ့ငြိသေမှာ စိုးဆိုတဲ့ မေးခွန်းမျိုးဖြစ်နေတာ ဘာမှတော့ အဆန်းမဟုတ်ပါဘူး။

အဆန်းတကျယ်ဖြစ်ရတဲ့ ကိစ္စက ဒီမေးခွန်းကိုပဲ ဧရာမခေတ်မှီပြီး ခေတ်အတွက် အလွန်သိဖို့ လိုအပ်နေတဲ့ ပြဿနာကြီးတစ်ရပ်ဖြစ်လို့ တောင်တွင်းဆရာတော်ကြီးကိုယ်တိုင် ဒီအမျိုးကောင်းသားလေးများ နှလုံးစိတ်ဝမ်း ချမ်းမြေ့ကျေနပ် လောက်အောင် ဖြေကြားပေးဖို့ ကွင်းကျောင်းဆရာတော်ကိုယ်တိုင်က အလေးအနက် ထပ်ဆင့် လျှောက်ထားတဲ့ ကိစ္စပါပဲ။

နိကာယ်စာသင်သား သံဃာများအနေနဲ့တော့ ကွင်းကျောင်းဆရာတော်က ဘာပဲပြောနေနေ တကယ့်အခြေအနေ အရပ်ရပ်ကို သဘောပေါက်ပြီးသားဖြစ်လို့ ဘာမှ ထူးထူးခြားခြား မဖြစ်ကြပါဘူး။ ရောက်လာတဲ့ ပရိသတ်တွေခမျာမှာတော့ မေးခွန်းရှင်လေးတွေ စာတမ်းဖတ်နေစဉ်က ဘာတွေလျှောက်ပြောနေမှန်း မသိလို့ ဘာမှ အထွေအထူး စိတ်မ၀င်စားကြပေမယ့် ကွင်းကျောင်းဆရာတော် ကိုယ်တိုင်က လောကအတွက်ရော၊ သာသနာအတွက်ပါ အလွန်အရေးကြီးတဲ့ ပြဿနာကြီးတစ်ရပ် အဖြစ် နှုတ်မြွက်ကြေငြာလိုက်တဲ့အခါ ဘာတွေမို့ ဒီလောက်အရေးကြီးရပါလိမ့်၊ ဆရာတော်ကြီးက ဘယ်လိုများ ဖြေကြားမှာ ပါလိမ့်ဆိုတဲ့ သိလိုဇောနဲ့ နည်းနည်းလှုပ်လှုပ်ရှားရှား ဖြစ်လာပါတယ်။

ဆရာတော်ကတော့ အေးအေးဆေးဆေးပါပဲ။ မဆီမဆိုင် ဘာတွေများ လျှောက်မေးနေပါလိမ့်ဆိုတဲ့ သဘောမျိုးနဲ့ မထီမဲ့မြင်လည်း သဘောထားပုံမရပါဘူး၊ ကွင်းကျောင်းဆရာတော်ကိုယ်တိုင်က အလေးအနက် ဖြေစေချင်တဲ့ပြဿနာ ဖြစ်နေတာကြောင့်လည်း အလေးအနက်ကြီး မဟုတ်တောင် စိတ်ဝင်တစားနဲ့ပါပဲ။

“အေး .. မြတ်စွာဘုရားရှင် လက်ထက်ကစပြီး ခုချိန်ထိဆိုပါတော့၊ လောဘ,ဒေါသစတဲ့ ကိလေသာတရားတွေ ကုန်ခမ်းရေးအတွက် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ ဟောကြတာ နှစ်ပေါင်းတောင် ၂၅၀၀ ကျော်ပါပြီ။ ကိလေသာ အာသဝေါကုန်ခမ်းပြီး ရဟန္တာဖြစ်သွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း မနည်းကြတော့ပါဘူး။ ဘုရားရှင်ကိုယ်တိုင် တရားဟောစဉ်ကဆို တချို့သုတ္တန်တွေ ဟောပြီးတဲ့အဆုံးမှာ ဝေနေယျပေါင်း ရှစ်သောင်းလေးထောင်လောက်တောင် အကျွတ်တရားတွေ ရသွားကြဆို သမို့လား။
ဒါပေမယ့် ဘုရားရှင်လက်ထက်က စပြီး ဒီနေ့အထိ ကမ္ဘာ့လူဦးရေက ရော့ရော့(လျှော့လျှော့)သွားတယ်လို့ မရှိပါဘူး။ တိုးတိုးသာ လာပါတယ်။ အဲဒီလို လူဦးရေတွေ တိုးတိုးလာတဲ့ အတွက်ကြောင့်ပဲ စားဝတ်နေရေး လိုအပ်ချက်တွေလည်း တိုးလာကြ တာပဲ။ အဲဒီတော့ ဘာလုပ်ကြသလဲ။ ကိုယ့်လိုဘ ပြည့်ဖို့အတွက် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနစတဲ့ ကိလေသာတရားတွေ တိုးပွားလွှမ်းမိုးပြီး တစ်နယ်နဲ့တစ်နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တွေဖြစ်ကြ။ သတ်ဖြတ်လုယက်ကြနဲ့ လူ့ဘုံကြီးဟာ သုဂတိဘုံဆိုတဲ့ ဂုဏ်သိက္ခာနဲ့မတန်အောင် သွေးချောင်းစီးမှုတွေ၊ သေကျေပျက်စီးမှုတွေနဲ့ ဒီနေ့အထိ တစ်ကမ္ဘာလုံး ငြိမ်းချမ်းသာယာမှုတွေ ပျောက်ဆုံးပြီး ၀ရုန်းသုန်းကားဖြစ်နေကြတာ မင်းတို့လည်း ကြားမိကြတယ်မို့လား”ဆိုပြီး စကားကို ခဏရပ်လိုက်တယ်။ ပြီးတော့ ကွင်းကျောင်းဆရာတော်ကိုရော မေးခွန်းစာတမ်းရှင်များကိုရော တစ်ချက်ကြည့်ပြီး နှုတ်ဆိတ်နေ လိုက်ပါတယ်။

မေးခွန်းရှင်လေများက ဘာဆက်ပြောရမှန်း သိပုံမရပါဘူး။ ဆရာတော်ကြီးကိုလည်း ငေးကြည့်နေကြတယ်။ ကွင်းကျောင်း ဆရာတော်က “ကဲ .. ဆရာတော်မေးတာ ဖြေကြလေ”ဆိုမှ “မှန်ပါ .. ကြားပါတယ်ဘုရား”ဆိုပြီး ပြန်ငြိမ်သွား ကြပြန်တယ်။

“အေးကွ .. လောဘ၊ ဒေါသ၊ မာန်မာနစတဲ့ ကိလေသာတွေ လွှမ်းမိုးပြီး ကမ္ဘာကြီးတစ်ခုလုံး စစ်ဘေးစစ်ဒဏ်တွေနဲ့ ၀ရုန်းသုန်းကား ပျက်စီးနေတာကို ကြားလည်း ကြားနေကြ၊ ကိုယ်တိုင်လည်း ကြုံတွေ့ နေကြလျက်နဲ့ ဒီလိုကိုယ်တွေ့ မျက်မြင်ကြုံတွေ့ရတဲ့ ဒုက္ခတွေကို ပူပန်စိုးရိမ်စရာလို့ မမြင်ကြဘဲ ဘယ်လိုမှ မဖြစ်နိုင်တဲ့ “မြတ်စွာဘုရား သာသနာတော်ကြီးကြောင့် သတ်္တ၀ါအားလုံး ကိလေသာအာသဝေါတွေ ကုန်ခန်းပြီး ရဟန္တာတွေအဖြစ်နဲ့ ပရိနိဗ္ဗာန်ပြုကုန်ကြရင် လောကကြီးတစ်ခုလုံး ဆိတ်သုဉ်းပျက်စီး ရချည်ရဲ့”လို့ မင်းတို့တတွေ ပူပန်နေကြတာပေါ့လေ”လို့လည်းဆိုလိုက်ရော ရှေ့မှာရှိတဲ့ ရဟန်းပရိသတ်၊ လူပရိသတ်တွေက တစ်ပြိုင်နက် “ဝေါ”ကနဲ ရယ်လိုက်ကြတာ ကွင်းကျောင်းဆရာတော်လည်း ပါးစပ်ဟောင်းသားကိုဖြစ်လို့၊ မောင်ရင်များလည်း တစ်ခါတည်း မျက်နှာကို မဖော်ဝံ့ကြတော့ဘူး။

————-
ဆရာတော်နှင့် ပွဲချင်းပြီး လောကဓံဖြေတွေး

ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ နိကာယ်သင်တန်းတက်ရင်း ဆရာတော်နဲ့နေခဲ့ရတဲ့ အချိန်အတွင်းမှာ ဆရာတော်နဲ့ ပတ်သက်လို့ တွေးလိုက်တိုင်း“လွမ်း .. လွမ်းသေးတော့”လို့ ပြောချင်စရာ ဖြစ်ရပ်ကလေးတွေကတော့ အတော်လေး များပါတယ်။ နေ့စဉ်လိုလို အပြော၊ အပြ၊ ဖြစ်ရပ်၊ တစ်ခုမဟုတ် တစ်ခုကတော့ လွမ်းစရာလေးတွေ ကြုံရမြဲပါ။

အဲဒီထဲကမှ လွမ်းစရာသာမက လက်တွေ့အသုံးချစရာ ဆရာတော်ရဲ့ လောကဓံဖြေတွေးလေးတွေ အကြောင်းလည်း နည်းနည်းတော့ ပြောချင်တယ်။

ဆရာတော်က မနက်စော သင်တန်းမစမီနဲ့ ညနေသင်တန်းပြီးချိန်တို့မှာ လမ်းလျှောက်လေ့ရှိပါတယ်။ ကွင်းကျောင်းတိုက် ကြီးက (၁၂)ဧကပတ်လည်ဆိုတော့  ကျယ်လည်းကျယ်တယ်။ ဆရာတော် လမ်းလျှောက်တဲ့ လမ်းမှာ ရေညှိလေးတွေရှိတော့ ချော်လဲနိုင်တယ်ဆိုပြီး အုပ်ခဲကျိုးတွေ ထုချေဖြန့်ခင်းထားပေးတယ်။ ဖြစ်ချင်တော့ ကျောင်းခေါင်းရင်းမှာပဲ လမ်းလျှောက်ရင်း ရေညှိပေါ်နင်းမိပြီး မှောက်လျက်ချော်လဲလိုက်တော့ အုတ်ခဲကျိုး အစောင်းပေါ် တည့်တည့် အောက်နှုတ်ခမ်းနဲ့ ရိုက်မိလိုက်တာ အတော်လေးကွဲသွားပါတယ်။ သွားတောင် တစ်ချောင်းကျိုးသွားတယ်။

အဲဒီတုန်းက ဒေးဒရဲပြည်သူ့ဆေးရုံမှာ တာဝန်ကျတဲ့ ဆရာဝန်ကြီးက ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဘာသာရေး အလွန်ဝါသနာပါပုံမရပါဘူး။ ကျောင်းကန်ဘုရားသွားတာ၊ လှူတာ တန်းတာလည်း မတွေ့ရသလောက်ပဲ။ ဆရာတော်ကြီး အကြောင်းကိုတော့ ဟိုက ဒီက ပြောသံ ဆိုသံ ကြားထားပုံရပါတယ်။ ဆရာတော်ကြီး ဒီလိုဖြစ် တယ်ဆိုတဲ့အကြောင်း သွားပြောတော့ လိုမယ်ထင်တဲ့ ဆေးပစ်္စည်းများနဲ့ သူနာပြုဆရာမလေး တစ်ယောက်ရယ်၊ ဆေးပေးခန်းက လူငယ်လေးတစ်ယောက် ရယ်နဲ့အတူ ကိုယ်တိုင်ကျောင်းကို လိုက်လာပါတယ်။

သေချာစစ်ဆေးကြည့်တဲ့အခါ “ငါးချက်လောက် အနည်းဆုံးချုပ်ရလိမ့်မယ်၊ အရက်ပြန်လောက်နဲ့ သုတ်ပြီး ချုပ်ရင်တော့ ဆရာတော်ကြီး အတော်နာလိမ့်မယ်၊ ဆေးရုံကြွပါ၊ ထုံဆေးထိုးပြီး ချုပ်ပေးပါမယ်”ဆိုတဲ့အကြောင်း လျှောက်ထားပါတယ်။

ဆရာတော်ကြီးက “ကိစ္စမရှိပါဘူး၊ ဒီမှာပဲ အရက်ပြန်သုတ်ပြီး ချုပ်လိုက်ပါ”တဲ့။ ဆရာဝန်ကြီးက နှစ်ကြိမ်လောက်အထိ လျှောက်ထားပေမယ့် ဆရာတော်က “ကိစ္စမရှိပါဘူး”ချည်း ပြောပြီး ဆေးရုံကြွဖို့ ငြင်းနေတဲ့အတွက် ဆရာတော်ကြီးဆန္ဒအတိုင်း ကျောင်းမှာပဲ ချုပ်ဖို့ စီစဉ်ပါတယ်။

ဒဏ်ရာက အောက်နှုတ်ခမ်းကနေ မေးစေ့အထိ အထက်အောက် ခပ်စောင်းစောင်း ကွဲသွားပါတယ်။ အားလုံးငါးချက် လောက်ချုပ်ရမှာပါ။ ဆရာတော်က တိုက်ကို မှီရင်းမွေ့ယာအခင်းပေါ်မှာ ထိုင်နေတယ်။ ဆရာဝန်ကလည်း အနားမှာ ဒီအတိုင်းပဲ ထိုင်ပြီး ချုပ်ဖို့အသင့်ပြင်တယ်။

ပထမဆုံး ဆရာမလေးက ဒဏ်ရာကို အရက်ပြန်နဲ့ ပွတ်ဆေးတယ်။ ဆရာတော်က မုတ်ဆိတ် မွေးရိတ်ပေးသူကို မေးစေ့မော့ပေးတဲ့ ပုံစံမျိုးနဲ့ မော့ပေးထားတယ်။ အရက်ပြန်နဲ့ ဆွတ်ပြီ ပွတ်ဆေးပေးနေတာကို ဆရာတော်က ဘာမှ ထူးထူးခြားခြား လှုပ်ရှားပြောင်းလဲမှု မတွေ့ရတဲ့အတွက် ဆရာမလေးက အံ့သြနေတယ်။ ဆရာဝန်ကြီးကို လှည့်ကြည့်လိုက် သေးတယ်။ ဆရာဝန်ကြီးကလည်း အံ့သြတဲ့အမူအယာနဲ့ ကြည့်နေရင်းက “ကိစ္စမရှိဘူး၊ ပြီးအောင်ဆေး”ဆိုတဲ့ သဘောနဲ့ မေးဆတ်ပြလိုက်တယ်။

ဆရာမလေးက စင်ကြယ်အောင် ဆေးပြီးတဲ့အခါ ဆရာဝန်ကြီးကိုယ်တိုင် ချုပ်ပေးပါတယ်။ ပထမဆုံး အပ်ထိုးရမည့် အချိန်မှာ အလွန်နာကျင်မယ်ဆိုတာ သိထားလို့ ဆရာဝန်ကြီးက နည်းနည်းချိန်ဆသလိုလို လုပ်နေသေးတယ်။ ဆရာတော်ကြီးကတော့ မုတ်ဆိတ်ကျင်စွယ် ရိတ်ပေးမည့်သူကို မေးမော့ပေးနေတဲ့ ပုံစံမျိုးနဲ့ မတုန်မလှုပ်။

ဒါနဲ့ ဆရာဝန်ကြီးက ပထမဆုံး ဒဏ်ရာကို အပ်နဲ့ချုပ်တယ်။ ဆရာတော်ကြီးကတော့ ကိုယ့်မေးစေ့ကို ပွတ်ပြီး မှိန်းနေတဲ့ပုံစံမျိုးပဲ၊ ဘာမှ ထူးပြီး မလှုပ်။ ဆရာတော်ကြီးက ဘာမှမဖြုံတဲ့အတွက် ဆရာဝန်ကြီးက နည်းနည်း ဖြုံသွားသလို ပါးစပ်ဖြဲပြီး ငေးမောအံ့သြကြည့်နေတယ်။ ပြီးတော့ နောက်ထပ်ဆက်ချုပ်တယ်။ ဆရာတော်က ဇိမ်မပျက် မှိန်းလျှက်ပဲ။ ဆရာဝန်ကြီးက အံ့သြတဲ့ မျက်နှာမှာ ပထမတော့ ပြုံးယောင်သမ်းလာတယ်။ နောက်တော့ သူ့အမူအယာတွေကက တကယ့်ကိုမှ အံ့သြ၊ ကျိုးနွံ၊ ရိုသေလေးစားမှုအပြည့်နဲ့ ဒဏ်ရာကို အပြီးတိုင်ချုပ်ပြီး အရက်ပြန်နဲ့ ထပ်ဆေးပြီးတော့မှ “ဆရာတော် .. ပြီးပါပြီဘုရား”ဆိုတော့ ဆရာတော်က “အင်း .. ပြီးပလား”ဆိုပြီး မျက်လုံးဖွင့်ကြည့်ပါတယ်။

ဆရာတော်အမူအယာကတော့ ဦးခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်းကိစ္စမျိုး ပြီးသွားတဲ့သဘောထက် ဘာမှ မထူးခြားတဲ့ ပုံစံနဲ့ မျက်လုံးဖွင့်လာတာကို ကြည့်ပြီး ဆရာဝန်ကြီးက “ဆရာတော် မနာဘူးလားဘုရား”ဆိုပြီး မေးပါတယ်။ ဆရာတော်က ဖြစ်ရိုးဖြစ်စဉ်တစ်ခုခုကို “မဖြစ်ဘူးလား”လို့ မေးတဲ့အခါ “ဖြစ်ပါတယ်”လို့ ဖြေလိုက်တဲ့ လေးသံမျိုးနဲ့ “နာပါတယ်ကွ”တဲ့။

ဆရာဝန်ကြီးက “ဆရာတော် တစ်ချက်မှ စုတ် မသပ်လို့”ဆိုတော့ “စုတ်သပ်လည်း ထူးသက်သာမှာမှ မဟုတ်ဘဲကွာ”ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ဖြေလိုက်ပါတယ်။

အဲဒီအချိန်ကစပြီး ဆရာဝန်ကြီး သိသိသာသာ ပြောင်းလဲသွားတယ်။ ချုပ်ရိုးမဖြေမီမှာလည်း နေ့စဉ်နံနက်တိုင်း ကိုယ်တိုင်လာကြည့်ပေးတယ်။ လာတိုင်လည်း ဆရာတော်အတွက် သင့်လျှော်မည့် ခဲဖွယ်တစ်ခုခု ယူလာပြီး ကိုယ်တိုင် ဆက်ကပ်လှူဒါန်းပါတယ်။ ဒဏ်ရာပျောက်သွားပြီးတဲ့ နောက်ပိုင်းမှာလည်း နံနက်စောတိုင်း ဆရာတော်ကြီးအတွက် ခဲဖွယ် ဘောဇဉ်တစ်ခုခု ကိုယ်တိုင် လာရောက်ဆက်ကပ်တယ်။ လူမမာအရေးတကြီးရှိလို့ မလာအားရင်လည်း သူ့တပည့်တစ်ဦးကို နေ့စဉ်မပျက် စေလွှတ်ဆက်ကပ်စေပါတယ်။

ဆရာတော် စုတ်မသပ်တာနဲ့ ပတ်သက်လို့ တခြားတစ်နေရာမှာတော့ တခြားဖြေဆိုပုံမျိုးကိုလည်း သတိရမိသေးတယ်။

ဆရာတော်ကြီးကို အနင်းအနှိပ်ဆရာတစ်ယောက်က ညညမှာလာပြီး နင်းနှိပ်ပေးတယ်။ ဆရာတော်က ဘယ်တော့မှ စုတ်မသပ်ဘူး။ အနှိပ်ဆရာဆိုတာကလည်း အနှိပ်ခံသူ စုတ်သပ်မှ ကျေနပ်ကြသူများပီပီ အနှိပ်ခံသူ စုတ်မသပ်ရင် အနှိပ်ဆရာက စုတ်သပ်ချင်စိတ်ပေါက်လောက်အောင် စိတ်ဓာတ်ကျပုံရပါတယ်၊ ဆရာတော်ကြီးကို “ဆရာတော် မထိဘူးလား ဘုရား”တဲ့။ ဆရာတော်က ခပ်အေးအေးပါပဲ “ထိပါတယ်ကွ”တဲ့။

“ဆရာတော် ထိတယ်ဆိုပေမယ့် စုတ်လဲ မသပ်ပါလားဘုရား”ဆိုတော့ “မင်းတို့ အနှိပ်ဆရာတွေက စုတ်သပ်ရင် ပိုပိုနှိပ်တတ်ကြလွန်းလို့ကွ”တဲ့။

မိမိရဲ့ ဒိုင်ယာရီမှာတော့ “ဖြစ်ရပ်တစ်ခုမှာ ညည်းညူသူနဲ့ မညည်းညူသူဟာ ညည်းညူရတာနဲ့ မညည်းညူရတာပဲ ကွာတယ်၊ ထိချက်နဲ့ ခံစားမှုချင်းကတော့ အတူတူပါပဲ၊ ဘာမျှ မထူးခြားပါဘူး”ဆိုတဲ့ ဒဿနတိုလေးတစ်ခုကို ရေးမှတ်လိုက်မိပါ တယ်။    ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

————————–

Photo credit – http://www.pyustate.com/2011/07/blog-post_8862.html