အတွေးအမြင် ငြိမ်းချမ်းအေး

တရားဥပဒေစိုးမိုးရေးတဲ့လား..

ငြိမ်းချမ်းအေး
မတ်လ ၁၄၊ ၂၀၁၃
“ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်းသင့်ပါတယ်။ ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမယ်ဆိုရင် ဥပဒေအရ အရေးယူသင့်ပါတယ်။ အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ်။ ကျွန်မကိုလည်း ဆန္ဒပြလို့ရပါတယ်။ ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာ မြို့နယ် အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ်။ အဓိက ကတော့ ကျွန်မတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ။ တရားဥပဒေစိုးမိုးမှု မရှိရင် ကျွန်မတို့နိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး”
(၁၃၊ မတ်၊ ၂၀၁၃၊ မုံရွာမြို့။ မီဒီယာတွေထဲမှာ ပါလာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ / ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် / တရားဥပဒေစိုးမိုးရေး ကော်မတီ ဥက္ကဋ္ဌ / လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောစကား)
ဒီနေ့က ဖုန်းမော်နေ့..။ ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့လို့လည်း ဒီမိုကရေစီ အင်အားစုတွေက သတ်မှတ်ခဲ့ကြတယ်။ ဆိုတော့ ကိုဖုန်းမော် နဲ့ ဆက်စပ်တာလေး ရေးမယ် စိတ်ကူးမိတယ်။ ရေးဖို့ စဉ်းစားထားတာက ဒီလို..။
ကိုဖုန်းမော် အပါအဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းမှာ ကျဆုံးခဲ့တဲ့၊ တော်လှန်ရေး ပါဝင် ဆင်နွှဲခဲ့တဲ့ ကျောင်းသား နဲ့ လူထု၊ လူတန်းစား အသီးသီးထဲက အများစုဟာ မဆလ စစ်အာဏာရှင် ရဲ့ ဝါဒဖြန့် မှိုင်းတိုက်မှု နဲ့ အဝန်းအဝိုင်း ကွန်ရက်ထဲမှာ ရောက်ရှိ ကျင်လည်ခဲ့ကြသူတွေချည်းပဲ ဖြစ်တယ်။ တော်လှန်ရေး အင်အားစု ဟာ မဆလ အသိုက်အမြုံ တင်းပြည့်ပါတီဝင်၊ အရံပါတီဝင်၊ ပါတီ မိတ်ဆွေ၊ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် စတဲ့ အမျိုးမျိုးသော အာဏာရှင် ဒေါက်တိုက်၊ ကျားကန် ပံ့ပိုးတဲ့ အစုအဖွဲ့ ယူနစ်ကလေးတွေက ပေါက်ဖွားလာခဲ့ကြတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့် အပါအဝင် မဆလ စစ်ဗိုလ်ချုပ်ကြီးတွေကို တော်လှန်ဖို့ ကြံစည်ခဲ့ကြဖူးသူတွေ ဗိုလ်ငယ်လေးတွေ အများဟာလည်း အောင်စစ်သည်ဆုရ “Best Cadet” တွေ ဖြစ်ခဲ့တယ်။  ရှစ်လေးလုံး ကာလ ဆန္ဒပြပွဲတွေမှာ ရေတပ်၊ လေတပ် နဲ့ ရဲတပ်ဖွဲ့ အစရှိတဲ့ စစ်အာဏာရှင် ရဲ့ လက်ကိုင်တုတ် လက်နက်ကိုင် အဖွဲ့အစည်းတွေတောင် ပြည်သူနဲ့ ပူးပေါင်း အာဏာရှင် နဲ့ မတရားမှု ကို ဆန့်ကျင်ခဲ့ကြတယ်။
သန္ဓေမမှန်၊ တရားမဲ့တဲ့ စစ်အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ဖို့ရာ ဒီ အာဏာရှင် စနစ် အဝန်းအဝိုင်းထဲကပဲ လာခဲ့တယ်။ အာဏာရှင် ရဲ့ တဘက်သတ် ဝါဒမှိုင်း၊ ရက်စက်တဲ့ ဖိနှိပ်မှု၊ အကြွင်းမဲ့အာဏာ နဲ့ တည်ဆောက်ထားတဲ့ သံမဏိ အဆောက်အအုံကြီး ဟာ တကယ်တော့  ထိခိုက်ကွဲရှလွယ် အခြေမခိုင်၊ ယိမ်းယိုင်၊ ပြိုကျပျက်စီး လွယ်တဲ့ ဖန်ပေါင်းချောင်ကြီးသာ ဖြစ်တယ်။ ဆရာဦးဝင်းတင် ရဲ့ ရှစ်လေးလုံး ကာလ နာမည်ကြီး “ဂဏန်းမျက်စိ” ဆောင်းပါး ပါ သဘောလို အညှာကို ကိုင် ထိမိအောင် ထိုးနှက်နိုင်ရင် ဒီလို ခိုင်မာလှပြီလို့ ယူဆကြတဲ့ စနစ်အဖွဲ့အစည်းကြီးတခုလုံး ဗိုင်းဗိုင်းလဲကျ ကျရှုံးရတယ်..။
… အစရှိသလို စစ်အာဏာရှင် စနစ် ဆန့်ကျင်တော်လှန်ရာမှာ အာဏာရှင် အသိုင်းအဝန်း နဲ့ လောင်းရိပ်မလွတ်လို့ ယူဆနိုင်စရာ ရှိကြသူတွေတောင် တကယ် မတရားမှန်းသိတော့၊ မခံနိုင်တော့ တော်လှန်ရေး အင်အားစု အသီးသီး အဖြစ် တတပ်တအား ပါဝင်ခဲ့ကြတယ်.. ဆိုပြီး အဲဒီ လမ်းကြောင်း ယူပြီး ရေးမလို့ ကြံစည်နေခဲ့တယ်။
ဒါပေမယ့် ဖြစ်ချင်တော့ ဆောင်းပါး အစ မှာ ဖော်ပြခဲ့တဲ့ မျက်မှောက်ခေတ် ကမ္ဘာရဲ့ ဒီမိုကရေစီ icon၊ ဗမာ့ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ ရှေ့ဆောင် တပ်ဦး မိခင် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အထက်ပါ အမှာစကား ကို ဒီနေ့ ဖုန်းမော်နေ့ (ဝါ) ဗမာနိုင်ငံ လူ့အခွင့်အရေးနေ့ မှာပဲ နာကြားလိုက်ရတယ်။
ခုနှစ်ပိုင်း.. ဒီမိုကရေစီမိခင်ကြီးရဲ့ နှုတ်တော်မှာ ခံတွင်းလိုက်နေတဲ့ အဆိုပါ “တရားဥပဒေစိုးမိုးရေး” တရားထူး၊ တရားမြတ်ကြီးကို ထပ်မံ နာကြားမိပြီး သကာလ မှာ ပထမ ကြံစည် စိတ်ကူးထားတဲ့ ဖုန်းမော်နေ့ အမှတ်တရ စာသား အကြောင်းအရာ သဘော ဖြစ်တဲ့ တရားမျှတမှု နဲ့ အတွေးအခေါ်၊ ယုံကြည်မှု မဲ့ပြီး ဖိနှိပ်မှု၊ ရက်စက်မှု၊ အာဏာ နဲ့သာ တည်ဆောက်ထားတဲ့ အာဏာရှင်စနစ် ရဲ့ အကဲဆတ်လွယ်၊ ထိလွယ်၊ ရှလွယ်၊ ကျိုးပျက်လွဲမှု သဘောကို ရေးချင် စိတ်ကုန်ခမ်းသွားပြီ အာဏာရှင်စနစ် ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးမှုကြောင့် လူ့အဖွဲ့အစည်းမှာ အာဏာရှင်စနစ် ရဲ့ အတွေးအခေါ်၊ အယူအဆ၊ အမြင် တွေ စွဲဝင် စူးနစ် ကျန်ရစ် ဖြစ်တတ်ပုံ၊ အတွေးအခေါ် မှောက်မှား၊ ဖောက်လွဲဖောက်ပြန် ဖြစ်သွားတတ်ပုံ ကိုပဲ ရေးချင်လာမိတော့တယ်။
စာရေးသူ မနှစ်က ရေးဖူးတဲ့ “အာဏာရှင်စနစ် ရဲ့ ဝိသေသ လက္ခဏာများ” ဆောင်းပါးမှာ စိတ်ပညာရပ်သဘောအနေနဲ့ တခါတရံ ပြန်ပေးဆွဲခံရသူတွေဟာ သူတို့ကို အတင်း အဓမ္မ ပြန်ပေးဆွဲသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက် နဲ့ လုပ်ရပ် တွေကို နားယောင် လက်ခံလာပြီး ပြန်ပေးဆွဲသူတွေ အပေါ် ပြန်လည် ထောက်ခံ၊ ကာကွယ်မှု ပေးတတ်တဲ့ အဖြစ်အပျက်မျိုးကို စတော့ဟုမ်း ရောဂါလက္ခဏာ လို့အမည်ပေးပြီး စိတ်ရောဂါ အနေနဲ့ သတ်မှတ်လေ့ရှိတယ် ဆိုတဲ့ အကြောင်းကို ရေးဖူးခဲ့တယ်။ ပြင်းထန် အင်အားကြီးပြီး ဝါဒဖြန့် ဦးနှောက်ဆေးမှု တွေ များပြား လှတဲ့ အာဏာရှင် စနစ် မှာလည်း တသဘောတည်းပဲ ဖိနှိပ်သူ ရဲ့ ဝါဒ ကို အဖိနှိပ်ခံရသူက မသိစိတ် က ဖြစ်ဖြစ် သက်ဝင် ယုံကြည် လက်ခံသွားတာဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောတခုလို ယူဆကြပါတယ်။
ဒီနေ့  ဖုန်းမော် ကျဆုံးတာ ငွေရတုပြည့်တဲ့နေ့..။ ဒီနေ့ လူ့အခွင့်အရေး နေ့..။
ဒီနေ့မှာပဲ ဗမာ့ ဒီမိုကရေစီ မိခင်ကြီး..၊ နိုင်ငံတကာ ရဲ့ လူ့အခွင့်အရေး နဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုတွေရဲ့ ရှေ့ဆောင် လမ်းပြ ပုဂ္ဂိုလ်ကြီးက ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်း ဖို့ ကို အလေးအနက် ထား ပြောနေပါတော့တယ်။
မှန်ပါတယ်..။ သက်ဆိုင်ရာ ကို အကြောင်းကြား၊ ခွင့်ပြုချက်ယူ နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ရဲ့ အကာအကွယ် လုံခြုံရေးယူပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနိုင်တဲ့ အခွင့်အရေးမျိုး၊ အခင်းအကျင်းမျိုး၊ အခြေအနေမျိုး အပြည့်အဝ တိုင်းပြည်မှာ ဖန်တီး ထားနိုင်ပြီ ဆိုရင်တော့ ဒီအချက်ဟာ အလေးအနက်ထား ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် မတရားတဲ့ စီတန်းလှည့်လည် ဆန္ဒပြခွင့် ဥပဒေ အပါအဝင် လက်ရှိ စစ်တပိုင်း အစိုးရ ရဲ့ မပြောင်းလဲသေးတဲ့ တင်းမာတဲ့ သဘောထား၊ ရက်စက်လှတဲ့ အုပ်ချုပ်ရေး နဲ့ မီးလောင်ဗုံး ဒီမိုကရေစီခေတ်မှာတော့ ဒီအချက်ထက်ပို အလေးအနက်ထား အရေးတကြီးလုပ် ပြောဆိုရမယ့် အချက်တွေ အများကြီး ရှိနေပါတယ်။
လက်ရှိ ရာစု ရဲ့ အကြီးကျယ်ဆုံး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူကြီးကို ကောင်းတဲ့ အလုပ်မှန်သမျှ မေ့ပြီး မကောင်းတဲ့ အလုပ်မှန်သမျှ လုပ် ဆိုသလိုဖြစ်မှာစိုးရိမ်လို့ မေ့လျော့မှု ‘ပမာဒ’  ကင်းစေဖို့ရာ သတိစကားလေး ဆိုခွင့်ပြုပါ။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ (၂၀) ပါ “လွတ်လပ်စွာ ငြိမ်းချမ်းတဲ့ စုရုံးခွင့်၊ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒပြခွင့်” ဟာ လူတဦးချင်းရဲ့ မွေးရာပါ အခြေခံ အခွင့်အရေး၊ လူတဦးချင်းရဲ့ နိုင်ငံရေး လွတ်လပ်ခွင့် နဲ့ နိုင်ငံသား တဦးချင်းရဲ့ ပြည်သူ့ရေးရာ လွတ်လပ်ခွင့် အခွင့်အရေး ဖြစ်ပါတယ်။ “The Right to Public Assembly / The Right to Protest” ကို တကယ့် ဒီမိုကရေစီ စနစ်ကို အမှန် ကျင့်သုံးတဲ့ ဘယ် နိုင်ငံတွေမှာမှ ကြိုတင်ကန့်သတ်ချက်တွေ ပြုမထားပါဘူး။
ခု လက်ပံတောင်းတောင် ဒေသခံတွေ ရင်ဆိုင်နေရတာက ငြိမ်းချမ်းစွာ ဆန္ဒပြနေသူကို မီးလောင်ဗုံးပစ်သွင်းတဲ့ အာဏာရှင် အစိုးရပါ။ သူတို့ ခံစား ကြုံတွေ့နေရတာက ထမင်းအိုးကွဲတဲ့..၊ ထမင်းအိုး အခွဲခံရတဲ့ အခြေအနေပါ။ မြေသိမ်း၊ ယာသိမ်း၊ လယ်သိမ်း ခံ အဖြစ်တွေက သူတို့နဲ့ သူတို့ရဲ့ မျိုးဆက်သစ်တွေရဲ့ ဘဝတွေ..၊ ထမင်းအိုးတွေ နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လက်တွေ့ ဘဝပြဿနာ အခက်အခဲ အစိုင်အခဲကြီးပါ။ သူတို့ ချစ်ခင်မြတ်နိုးတဲ့ ဇာတိ ဒေသရဲ့ အနာဂတ် နဲ့လည်း တိုက်ရိုက်သက်ဆိုင်နေပြန်ပါသေးတယ်။ သူတို့ ယုံကြတဲ့ အစဉ်အလာ ယုံကြည်မှုနဲ့လည်း ပတ်သက်ဆက်နွယ် နေပါသေးတယ်။ ဆိုတော့.. ဒီလို အနေအထားမှာ လက်နက်ကိုင် တော်လှန် (သို့) အကြမ်းဖက် အန်တု လှုပ်ရှားရင်တောင် တရားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ခု သူတို့ ရွေးခဲ့တဲ့ လမ်းက မီးလောင်ခံပြီး အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ တန်ပြန် တော်လှန်ခြင်းသက်သက် ရယ်ပါ..။
ဘယ် ဗမာမှ စားစရာ မရှိလို့ ဆရာစံ နောက်.. လိုက်.. ရရာလက်နက်နဲ့ အင်အားကြီး အင်္ဂလိပ်ကို ခံချတဲ့ တောင်သူဦးကြီးတွေကို “သူပုန်” လို့ မခေါ်ခဲ့ပါဘူး။ ဒင်းတို့.. သေတာတောင် နည်းသေးတယ်..၊ လက်နက်ကိုင် တော်လှန်တာကိုး လို့ အပြစ်မတင်ခဲ့ပါဘူး..။ ဒင်းတို့.. အင်္ဂလိပ်အစိုးရမင်းဆီက ခွင့်ပြုချက်ယူ တရားဥပဒေ ဘောင်အတွင်းက တောင်းဆို ဆန္ဒပြပါတော့လား..၊ အဲ့သလောက်တောင် ဉာဏ်နည်းလှချည်းလား.. မဝေဖန်ခဲ့ပါဘူး..။ တကယ်လည်း အဲ့ခေတ်တုန်းက အင်္ဂလိပ်ဘုရင်ခံ ဆာဂျေအေမောင်ကြီးကို တောင်သူလယ်သမားတွေ အခွန်လျှော့ပေးဖို့ တရားဝင် တောင်းဆိုဖူးပါတယ်။ အလားတူပဲ လက်ပံတောင်းတောင် ဒေသခံ ကျောမွဲလူထု ကလည်း အားကိုးရာမဲ့နေတဲ့ သူတို့ဘဝတွေ၊ ဆင်းရဲတွင်းနက်နေတဲ့ ပကတိ အခြေအနေတွေ ကို သိစေဖို့ “အဖေ သိန်းစိန်” ကယ်ပါ..၊ “အမေ ဒေါ်စု” ကယ်ပါ..၊ လာကြည့်.. လှည့်ပါ.. ဆိုပြီး မရှိမဲ့ ရှိမဲ့ အသံ အင်အားလေးနဲ့ အော်ဟစ်နေခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ..။
ဒီလို နောက်ခံ အနေအထားမှာ ဆန္ဒပြဖို့ ခွင့်ပြုချက် မယူတာ ကို ထောက်ပြတာ၊ ယူဖို့လိုတဲ့အကြောင်း လမ်းညွှန်ပြောဆိုတာမျိုးဟာ အလုပ်ကို မဟုတ်ပါဘူး။ လက်မဲ့၊ ယာမဲ့၊ မြေမဲ့၊ အားကိုရာမဲ့၊ အာဏာမဲ့.. “မဲ့” ခြင်းများစွာနဲ့ အငတ်ထုကြီးဟာ ဘာပဲလုပ်လုပ် တရားတယ်လို့တောင် ဆိုနိုင်နေပါပြီ..။ သူတို့မှာ ဒီထက် ပိုပြီး ဆုံးရှုံးစရာ ဘာမှ မရှိတော့..၊ မကျန်တော့ပါ..။ “They have nothing to lose.” ဆိုတဲ့ အခြေအနေမျိုးပါ..။ အရာရာ.. ဘာမဆိုဖြစ်သွားနိုင်တဲ့..၊ ဦးတည်သွားနိုင်တဲ့.. သိပ်ကြောက်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ..  ဘာသာ၊ သာသနာ အဆုံးအမ ရယ်၊ ခေတ်စနစ် နဲ့ လိုက်လျောညီထွေအောင် ပြုမူနိုင်မှုရယ်..၊ တောရွာ ဓလေ့ ရိုးသား၊ အေးဆေး၊ ငြိမ်းချမ်းစွာ နေလိုမှု ပင်ကိုယ် သဘောရယ်တို့ကြောင့် သူတို့ဟာ.. ငြိမ်းချမ်းတဲ့ နည်း အေးချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ နည်းသက်သက်နဲ့ပဲ ကျင့်သုံးပြီး ရက်စက်အားကြီးလှတဲ့ စနစ်ဆိုး နဲ့ လူဆိုးတွေကို တော်လှန်ဖို့ ကြိုးစားနေတာပါ။
ဒီလို အခြေအနေမျိုးမှာ လူထုခေါင်းဆောင်လို့ ခံယူထားသူ၊ လူထုအတွက် ပါတီ လို့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင် တယောက်ဆီက “ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာမှာ ခွင့်တာင်းသင့်ပါတယ်” ဆိုတဲ့ စကားထက် ပိုတဲ့ စကားမျိုး၊ အားပေးမှုမျိုး၊ ထောက်ခံမှုမျိုး ကို မျှော်လင့်နေကြတာပါ။
ခေတ်အဆက်ဆက် ဗမာပြည်ရဲ့ တော်လှန်ရေးသမိုင်း ကို ပြန်ကြည့်ပါ..။
ပထမ ကျောင်းသား သပိတ်က စလို့ နယ်ချဲ့ ဗြိတိသျှ ကိုလိုနီ ဆန့်ကျင်ရေး လှုပ်ရှားမှုအားလုံးဟာ အာဏာပိုင်က ခွင့်ပြုမှသာ လုပ်ရမယ်ဆိုရင် လွတ်လပ်ရေးတောင် ရလာစရာ အကြောင်းမရှိပါဘူး။ သခင်နု၊ သခင်အောင်ဆန်းတို့လည်း ပေါ်လာစရာ မရှိပါဘူး။ “မြင်းခွာတချက်ပေါက်လျှင် မီးဟုန်းဟုန်း တောက်စေရမည်” လို့ ရဲရဲတောက် ကြွေးကြော်ခဲ့တဲ့ သခင်ဗဟိန်း လည်း သမိုင်းဝင်ခဲ့မှာ မဟုတ်ပါဘူး။ ဗိုလ်အောင်ကျော်လည်း သွေးမြေမကျ ရသလို “စပတ်လမ်း” က “စပတ်လမ်း” အတိုင်းပဲ ရှိနေမှာ ဖြစ်ပါတယ်။
အလာတူးပဲ ၁၉၆၂ က စလို့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး အထိ ခေတ်အဆက်ဆက် စစ်အာဏာရှင် တော်လှန်ရေး လူထုလှုပ်ရှားမှုကြီးတွေသာ စစ်အာဏာရှင်ဆီက ခွင့်ပြုချက်တောင်း လုပ်နေခဲ့ရမယ်ဆိုရင် ဘယ် လူထု တော်လှန်ရေးမှ ပေါ်ပေါက်လာစရာ အကြောင်း မရှိပါဘူး။
လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီ အတွက် အကြမ်းမဖက် လူပ်ရှားခဲ့သူ ဒီမိုကရေစီ မိခင်ကြီး စတင် ထင်ရှားကျော်ကြားလာခဲ့တဲ့၊ နိုင်ငံတကာမှာ ထင်ရှားပြီး လူလေးစား တန်ဖိုးထားခြင်း စတင် ခံလာရတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ “အာဏာပိုင်ရဲ့ ခွင့်ပြုချက်ကိုသာ စောင့်နေရရင်” စ ဖြစ်ခဲ့မှာကို မဟုတ်ပါဘူး။ တံတားဖြူ က နေ တံတားနီ လည်း ပြောင်းခဲ့မှာ မဟုတ်ပါဘူး။
ဖြစ်မှ.. ဖြစ်ရလေ.. ဒီမိုကရေစီ ပြယုဂ်.. လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ.. လူထု ခေါင်းဆောင်ကြီးရယ်.. ရှစ်လေးလုံး လူထု အရေးတော်ပုံကြီးကို စတင် မွေးဖွားပေးခဲ့တဲ့ ဖုန်းမော် နေ့၊ လူ့အခွင့်အရေး နေ့မှာမှ ဒီလို စကားမျိုး ပြောထွက် ရက်တာ အံ့သြတုန်လှုပ် ရင်နာလို့ မဆုံး ဖြစ်ရပါတယ်။
ခုတော့.. ဖြစ်နေတာက.. လူထု လှုပ်ရှားမှု နဲ့ လူထု အင်အား ကို သင်းကွပ်ချင်တော့ “တရားဥပဒေ စိုးမိုးရေး” ဆိုပြီး ခေါင်းစဉ်ပြောင်းသုံးသွားပေမယ့် တကယ်တော့ “လူထု ငြိမ်ဝပ်ပိပြားရေး” “ငြိမ်ပိ” လမ်းစဉ် နဝတ လေ အတိုင်း အာမခံနဲ့..၊ အသံမကျယ်နဲ့..၊ ခေါင်းငုံ့ လက်ပိုက် ငြိမ်ခံ နေစမ်း လို့ ပြောတာနဲ့ သိပ်.. မထူးလှတော့ပါဘူး..။
“တရားဥပဒေ စိုးမိုးရေး” တဲ့လား..။ ကောင်းပါပြီ.. ။ “တရားမျှတရေး” ဆိုတာရော ထည့်မပြောတော့ဘူးလား..။
“တရားမျှတမှု” ကို အခြေမခံ တဲ့ “တရားဥပဒေ စိုးမိုးရေး” ရှိနေလို့ အဖိနှိပ်ခံ နင်းပြား လူထု ဟာ ပို ဖိနှိပ်ခံ၊ ညှင်းဆဲခံ နေရရုံသာ ဖြစ်နေမှာ မဟုတ်ဘူးလား..။ ဖိနှိပ်သူ စိတ်ကြိုက် ဖန်တီးထားတဲ့ တရားဥပဒေတွေ စိုးမိုးဖို့ပဲ ပြောနေတော့မှာလား..။ တရားဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ပြန်တမ်းတွေ တရားမျှတမှု ရှိ/မရှိ ကိုရော ဝေဖန် သုံးသပ်မှု မလုပ်တော့ဘူးလား..။
“Rule of Law” တရားက နာလို့တော့ ကောင်းပါရဲ့..။ ဒါပေမယ့် ဒီ ဥပဒေ တွေ ဘယ်လို ဖန်တီး ဖြစ်ပေါ်လာသလဲ..၊ ဘယ်က လာသလဲ  ဆိုတာကို မကြည့်တော့ဘူးလား..။ “Sources of law” က ဘယ်အရာတွေလဲ..။
တိုင်းပြည်ရဲ့ အခြေခံအုတ်မြစ် အခြေခံဥပဒေ မှာ မတရားမှုတွေ ဒင်းကြမ်းပြည့်နေတာကို ပြင်ဖို့ မကြိုးစားဘဲ “တရားဥပဒေ စိုးမိုးရေး” ပဲ နင်းကန် ဇောင်းပေးနေလို့ လူထု “တရားမျှတမှု”၊ ကို ဖော်ဆောင် နိုင်ပါ့မလား..။ “လူမှု တရားမျှတမှု” ကိုရော သယ်ဆောင်လာ နိုင်ပါ့မလား..။
“Rule of Law” နဲ့ “Justice” မှာ “Justice” ဆိုတဲ့ “တရားမျှတမှု” ကသာ ရှေ့က လာသင့်တာ မဟုတ်ဘူးလား..။ အရာရာမှာ “တရားမျှတမှု” ကိုသာ ရှေ့တန်းတင် ဦးစားပေး စဉ်းစားသင့်တာ လောက နိယာမ ပဲ မဟုတ်လား..။ “တရားမျှတမှု”  ပါမှ.. ရှိမှ လောကပါလ တရား ဆိုတဲ့ လူ့လောကကို စောင့်ရှောက်တဲ့ တရားက ပြီးပြည့်စုံတာ မဟုတ်လား..။
“ဥပဒေ နည်းလမ်းဘောင် အတွင်းက လုပ်ပါတယ်..၊ တရားဝင် ဖြစ်ပါတယ်..၊ Officially, Legally..” စတဲ့ စကားလုံးတွေ၊ အပြောတွေ၊ ထုတ်ပြန်ချက်တွေနဲ့ ကမ်းကုန်တဲ့ “မတရားမှု” တွေ အလုပ်ခံခဲ့ရတာတွေက တိုင်းပြည်မှာ ခေတ်အဆက်ဆက်ပဲ မဟုတ်လား.။
ခုနောက်ဆုံး “မီးလောင်တိုက်သွင်း” တော့လည်း တရားဥပဒေဘောင်အတွင်းက လုပ်ခဲ့တာပါလို့ ကြေငြာခဲ့တာပဲ မဟုတ်လား..။
“မီးလောင်တိုက်သွင်း” ခံရတဲ့ “တရားဥပဒေဘောင်အတွင်း” ဆိုတာတွေ၊ “နည်းလမ်းတကျ” ဆိုတာတွေ နဲ့ ”တရားဥပဒေစိုးမိုးရေး” ဆိုတာတွေကို ပြည်သူလူထုက ကြောက်လှပါပြီ ခင်ဗျာ..။
လက်ပံတောင်းတောင် လူထု အပါအဝင် ဗမာပြည်ရဲ့ အများစု နင်းပြား ပြည်သူ တွေ အရင် လိုနေတာက “တရားမျှတမှု” ပါ..။ “တရားဥပဒေ စိုးမိုးမှု” မဟုတ်ပါဘူး..။  “တရားမျှတမှု” ကို လူထု အများစု စံစားပြီးချိန်ရောက်မှ..၊ မတရားမှုတွေ၊ မတရားတဲ့ ဥပဒေတွေ နိဌိတံ တဲ့ အခါမှ  “တရားဥပဒေ စိုးမိုးမှု” တရား နာပါရစေလား ခင်ဗျာ..။
“လား” ပေါင်းများစွာ..၊ မေးခွန်းပေါင်းများစွာ.. ဖြစ်ရပါတယ် ဥက္ကဋ္ဌကြီး ခင်ဗျာ..။
မျှော်လင့်ချက်တွေ တပွေ့တပိုက် ထားခဲ့မိလို့ ကြေကွဲခဲ့ရတဲ့ ခံစားမှုကိုတော့ အရင်နှစ်ပိုင်းတွေကတည်းက ဖြေဆည်နိုင်ခဲ့ပါပြီ..။ ခုတော့ မေးခွန်းတွေပဲ ကျန်ပါတော့တယ်..။
တိုင်းပြည် ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုး တာကို လူထုခေါင်းဆောင်ကြီး မြင်ချင်တာ နားလည်ပါတယ်။ ဒါပေမယ့် သေနတ် နဲ့ ချိန် ထားတဲ့ “တည်ငြိမ် ငြိမ်းချမ်း မှု”၊ မတရား တဲ့ တရားဥပဒေတွေနဲ့ ချုပ်နှောင်ထားတဲ့ “တရားဥပဒေစိုးမိုးမှု” က တိုင်းပြည် နဲ လူထုအတွက် အကျိုးမရှိ၊ အနာဂတ် မလှ၊ ဖိနှိပ်သူ အာဏာပိုင် ဖို့ချည်းသက်သက်ဆိုလည်း နိုင်ငံရေး သုခမိန် ပညာရှိ ခေါင်းဆောင်ကြီး နားလည် ပြီးသာ ဖြစ်တယ်ဆိုတာ ယုံကြည်ပါတယ်။
ဒါကြောင့် တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌကြီး အနေနဲ့ တိုင်းပြည်မှာ “Justice” Vs. “Rule of Law” ယှဉ်တွဲ ဖော်ဆောင်နိုင်ဖို့ရာအတွက် အရင်ဆုံး တရားမျှတမှု “Justice” ကိစ္စကို အလေးပေးပါဦး လို့ တောင်းဆိုလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “တရားဥပဒေစိုးမိုးရေးတဲ့လား..
  1. သြော် ..တောင်းပဲ ..တောင်းနေတော့တာကိုး .. ကိုယ်တိုင်ဖန်းတီးရမယ်… ကိုယ် လိုက်နာရမယ့် ဥပဒေဟာ … ကိုယ်ဖန်တီး ထားတဲ့ ဥပဒေသာလျှင်ဖြစ်ရမယ်…. ကိုယ်တိုင် မဖန်တီး နိုင်တဲ့အပြင် ..အခုဟာက သူတို့ရေးဆွဲထားတဲ့ ဥပဒေကို သူတို့ကိုယ်တိုင် မလိုက်နာလို့ ..လိုက်နာအောင် ..စပြီးလုပ်နေရတဲ့ အချိန်…. ပထမ အဆင့် ပေါ့။ နောက် ဥပဒေကို ပြည်သူလူထုတရပ်လုံးက သိမှ ..ဥပဒေ ဖေါက်ဖျက်တဲ့ သူကို …. ရွေးထုတ်နိုင်လာလိမ့်မယ်။ လောလောဆယ်တော့ မြန်မာ ပြည်သူ အများစုက အခုမှ စပြီး လမ်းကြောင်းပေါ်မှာ လေးဖက်သွားယုံပဲ ရှိသေးတယ်။ မတ်တပ်သွားဖို့ ၊ဆိုလိုတာက ကိုယ်ရေးဆွဲတဲ့ ဥပဒေ နဲ့ ကိုယ်နေဖို့ကတော့ အလှမ်းဝေးနေသေးတယ်။ နိုင်ငံ တကာ မှာ ဥပဒေတွေ ဘယ်လို ကျင့်သုံးတယ် ဆိုတာတွေ များများလေ့လာပြီး အတုယူသင့်တယ်။ ဒီမိုကရေစီနိုင်ငံမှာ ဥပဒေ တွေ ဘယ်လောက်တင်းကြပ်တယ် ဆိုတာ လေ့လာကြည့်သင့်တယ်။ ဒီကိစ္စမှာ ကျနော် ခံစားမိတာကတော့ .. အကြမ်းဖက်ဖြိုခွင်းမှုကို ကျနော် ဆန့်ကျင်တယ်။ လျှော်ကြေး (သို့) ပြန်လည်နေရာ ချထားရေး ကို သေသေချာချာ လုပ်ပေးရမယ်။ ဒါကိုတာဝန်ရှိတာ ကတော့ အစိုးရပဲ… ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး။ ဒီစီမံကိန်းက အရင့်အရင်ကတည်းက လုပ်လာတာ ကျနော်တို့ငယ်ငယ်လေးထဲက (ကျနော် ၄၃ နှစ်) ပြဿနာက အစိုးရက လူထုအတွက် သေသေချာချာ မဖြေရှင်းတာပဲ ၊ ကျနော့် စိတ်ထဲမှာ ဒေါ်စုကို ဒီမိုကရေစီ ခေါင်းဆောင် ဆိုတာထက် ကျောင်းဆရာမ တယောက်၊ နည်းပေးလမ်းပြ တယောက် လိုပဲ မြင်တယ်။ လူတွေရဲ့ နိုင်ငံရေး စဉ်းစားတွေးခေါ်ပုံကို ..ပုံဖေါ်ပေးနေယင်း ရသလောက် ပြောပေးနေတယ်။ လုပ်ရမှာက လူထုကိုယ်တိုင်ပဲ …သူပြောတဲ့ စကားကို ကျနော် ဘာသာပြန်ကြည့်တယ်… ဥပဒေ ရှိတယ် လိုက်နာပါ … မလိုက်နာနိုင်ယင် .. အဲဒီဥပဒေ ကို လိုက်နာလို့ ရတဲ့ အခြေအနေဖြစ်အောင် ပြင်ဆင်ရေးဆွဲပါ။ မကြိုက်ယင် မကြိုက်ကြောင်း ဆန္ဒပြပါ။ အားလုံးပဲ ကိုယ့်ဘာသာ ကိုယ်လုပ်ကြပါ … ကျမကတော့ အသက်ကြီးပါပြီ.. ဒီမိုကရေ စီနိုင်ငံတော် ကြီးကို မီချင်မှ မီပါလိမ့်မယ်… လို့ ကျနော်ခံစားမိပါတယ် ။။ (ကျနော့် အတွေး၊အမြင်ပါ)

  2. အတိုက်အခံတွေလည်း ပြည်သူကို ကျောခိုင်းကြလေပြီ။ပြည်သူဘက်မှ ဘယ်ပါတီ ဘယ်အစိုးရမှ မရှိ ပြည်သူသာရှိတယ်။အရာရာကို သတိ ဥာဏ် အင်အား။ပြည်သူအင်အားထားပြီး အောင်ပွဲရအောင် တိုက်ပွဲဝင်ကြရမယ်။

  3. I am strongly agreed with you. Justice should be there before rule of law.
    How can rule law without justice?
    What for and how they have investigated about Latpantawn Tawn project.
    I would like to say “please wake up our mother Daw Sun SuuKyi ! Please wake up!!!

Comments are closed.