ကဗျာ ကျော်ဟုန်း
ကျော်ဟုန်း – နှစ် ၁၀၀ ဗိုလ်ချုပ် ဇာတ်လမ်းတို ဟိုတကွက်၊ ဒီတကွက်
photo – than htay maung
ကျော်ဟုန်း –  နှစ် ၁၀၀ ဗိုလ်ချုပ် ဇာတ်လမ်းတို ဟိုတကွက်၊ ဒီတကွက်
(မိုးမခ) ဇန်န၀ါရီ ၁၊ ၂၀၁၅
ဗမာပြည်အတွက်
နတ်မောက်က တာဝန်ကျေတယ်။
အမှောင်ခနေတဲ့ ဗမာပြည်ထဲ
တထောင့်ကိုးရာ တဆယ့်ငါး
ထိန်လင်းဖို့  ဖွားခဲ့တယ်၊
အောင်ဆန်းတဲ့ဟေ့ …။
ငယ်စဉ်ထဲက လိမ်မပြော
ရိုးဖြောင့်သန့် စင်ကြယ်
ဘွင်းရှင်းတဲ့နေရာမယ်
(ဗျိုး ..မခင်ကြည်၊ မိန်းမပိုးရအောင်လာတယ်၊
တံခါးဖွင့်ပါဦး)တဲ့။
ကာကွယ်ရေးဝန်ကြီးဘဝ
အမေအိုဒေါ်စုက
(မောင်အောင်ဆန်း၊ မင်း – ဘုရင်ဖြစ်နေတယ်ဆို၊
ငါ့အိမ် လျှပ်စစ်မီးလေးလင်းအောင် လုပ်မပေးနိုင်ဘူးလား)
(တနိုင်ငံလုံး လျှပ်စစ်မီးလင်းတဲ့ တနေ့ ၊
အမေ့အိမ်လဲ မီးလင်းရမှာပေါ့)တဲ့၊
အာဏာ၊ လုပ်ပိုင်ခွင့်ပြပြီး
တပါးသူထက်ပို ဘာခံစားခွင့်မှမယူတဲ့ ဗိုလ်ချုပ်။
ရုံးတက် ရုံးဆင်းအသွား
လမ်းမှာ ကားစက်ရပ်၊
(ဟေ့ကောင် ထွန်းလှ၊ ကားပေါ်က ဆင်း
မင်းနဲ့ ငါ ဆင်းတွန်းကြရအောင်)
….   ….   ….   ….
(ဟေ့ကောင် ကျော်စိန်၊ ရဲက သွားဖို့ လက်ပြနေပြီ၊ မောင်းတော့၊
တော်ကြာ လာဖမ်းနေဦးမယ်)
(ဗိုလ်ချုပ် ပါတာပဲဟာ)
(ငါက ငါ၊ ဥပဒေက ဥပဒေကွ)
ဒီလို နိုင်ငံ့ဥသျှောင်ဘ၀တောင်
လုပ်ဖော်ကိုင်ဖက် အောက်လက်ငယ်သားနဲ့ တသားတည်း
ဥပဒေကို လေးစားလိုက်နာမှုနဲ့ တသားတည်း ဗိုလ်ချုပ်။
အိမ်မှုကိစ္စ
ကိုယ်ရေးကိုယ်တာ အမှုမှာ
(မမကြည်.. စစ်သားလေးတွေကို ဈေးခြင်းတောင်းမဆွဲခိုင်းပါနဲ့ )
(သူတို့ ဖာသာ ဝင်လုပ်တာပါနော်)
(ဘာပဲဖြစ်ဖြစ်၊ နောက်မမြင်ချင်ဘူး၊
သူတို့ က နိုင်ငံတော်အတွက် လူတွေ၊
အခိုင်းအစေ မဟုတ်ဘူး)
ဒီလို ဝန်ထမ်း၊ အိမ်စေ မရောထွေးစေသူ
ပုဂ္ဂလိက အခွင့်အရေးမယူတတ်တဲ့ ဗိုလ်ချုပ်။
ဆောင်းတွင်းကြီး အင်္ကျီအစုတ်နဲ့ အကြော်သည်
လမ်းမှာတွေ့ တော့ သူ့ ကုတ်အင်္ကျီအတင်းချွတ်ပေး
(ခင်ဗျား ဆင်းရဲတာ ကျုပ်နဲ့ ဆိုင်တယ်ဗျ၊ ရော့ – ယူ)
တာဝန်သိမှု၊ စာနာတတ်မှု
စံပြုလောက်စရာ ဗိုလ်ချုပ်။
ဖက်ဆစ်ဂျပန် တွန်းလှန်စဉ်ကာလ
ဦးဝင်းတင်လောင်းလျာ ကလေးက ပူဆာ
(ဗိုလ်ချုပ်၊ ကျနော် စစ်ထဲဝင်ချင်တယ်)
(မင်း ဘယ်နှစ်တန်းရောက်ပြီလဲ)
(၇ တန်း)
(ငယ်သေးတယ်၊ ပညာ ဆက်သင်)
စစ်သားတွေ လိုနေတဲ့ခေတ်တောင်
ကလေးစစ်သား အသုံးမပြု
ပညာရေးကို ရှေးရှု 
အမျှော်အမြင်ကြီးလွန်းတဲ့ ဗိုလ်ချုပ်။
လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ
ပြည်သူတွေက
လွတ်လပ်ရေးရံပုံငွေနဲ့ ဗိုလ်ချုပ်အတွက်ရံပုံငွေ
ဖလား ၂ လုံးထဲ ၀ိုင်းထည့်လှူကြ၊
သူ့ အတွက် ပြည်သူပေးတဲ့ ငွေ၊ ရတနာအားလုံး
လွတ်လပ်ရေးဖလားထဲ ပေါင်းထည့်ခဲ့တဲ့ ဗိုလ်ချုပ်။
သမီးကလေးမွေးတော့
နားသဖို့ ရွှေတပဲသား မရှိ၊
အမေ့ထံ ပြန် အမွေတောင်းခဲ့တဲ့ ဗိုလ်ချုပ်။
အင်္ဂလန်ဆောင်းတွင်းကြီးမှာ
ဗမာ့လွတ်လပ်ရေး တောင်းဆိုဖို့ အသွား
ဖျင်ကြမ်းဆာဖာရီကုတ်လေးနဲ့ မို့ 
နေရူးက သက္ကလပ်ဂရိတ်ကုတ်
ချက်ချင်းချုပ် လက်ဆောင်ပေးခံရတဲ့ ဗိုလ်ချုပ်။
လွတ်လပ်ရေးသွားတောင်းစဉ်
သားသမီးအတွက် အင်္ဂလန်ပြန် လက်ဆောင်အရုပ်
ဘိလပ်ပြန်သန်းဆီ ကူအညီတောင်း ၀ယ်ခိုင်း
ကိုယ်ပိုင်ငွေနဲ့ မ၀ယ်နိုင်ခဲ့တဲ့ ဗိုလ်ချုပ်။
သူ့ ဖဆပလနဲ့ သူ့ အပေါ်ကို
ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်နေဆဲ ဗကပတွေအတွက်
ကမ္ဘာ့ကွန်မြူနစ်ညီလာခံတက်နိုင်ဖို့ 
လေယာဉ်လက်မှတ် ၂ စောင်ရအောင်လုပ်ပေး
အညှိုးအတေး မထားတတ်တဲ့ ဗိုလ်ချုပ်။
ပြည်သူလူထုတရပ်လုံးကောင်းစားဖို့ 
တိုင်းပြည်လွတ်လပ်ဖို့ သာမှန်း
( ကျနော်တို့ လုပ်တာ တိုးတက်သလား၊
မတိုးတက်ဘူးလား စောင့်ကြည့်)
….    ….    ….    ….
(ကျနော်တို့ ကို လူထုက မကျေနပ်တဲ့တနေ့ ၊
ကျနော်တို့ လဲ မနေပါဘူး၊ ဆင်းသွားမှာပဲ)
အာဏာ၊ ရာထူး၊ မရူးသွမ်းတဲ့ ဗိုလ်ချုပ်။
ဒီလို စာရေးဖူးတယ်၊
(ကြည် .. ပဲပြုပ်နဲ့ နံပြား ရရင် စားချင်တယ်)
စားလိုတဲ့ ဆန္ဒရှိတာတောင် 
ရရင် စားမယ်၊  မရရင် မစားဘူး။
တကိုယ်စာ ဆန္ဒအတွက် အဓမ္မမကျင့်တတ်ပေမယ့်
တိုင်းပြည်လွတ်လပ်ရေးဆို နှုတ်ကတိ မယုံ၊
အက်တလီကို 
စားပွဲဝိုင်းမှာတင် လက်မှတ်အတင်းထိုးခိုင်းတဲ့ ဗိုလ်ချုပ်။
ဗြိတိန်နေမဝင်အင်ပါယာနိုင်ငံတွေထဲ
ပထမဆုံး  လုံးဝလွတ်လပ်ရေးတောင်းတာ ဗမာ၊
အဲဒီ ဗမာဟာ ငါတို့  ဗိုလ်ချုပ်။
၁၉၄၇ တိုင်းကျိုးပြု ဥပဒေ စာတမ်း၊
တိုင်းပြည်အတွက် မှာတမ်း၊
စစ်တပ်အတွက် ပြဌာန်း၊
တိုင်းရင်းသားထု အားလုံး
ပြည်သူလူထုအတွက် အားလုံးကို
သူ့ အသက် ၃၂ နှစ်၊ ၅ လ နဲ့  ၆ ရက် မတိုင်မီ
အလုံးစုံ မှာတမ်းခြွေခဲ့တဲ့ ဗိုလ်ချုပ်။
ပြောတဲ့အတိုင်း လုပ်
လုပ်တဲ့အတိုင်း ပြော
အားလုံးဟာ အများအတွက်
ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်။
သူကိုယ်တိုင် ရိုးဖြောင့်သန့် စင်ကြယ်၊
လူရိုင်းတွေကို လူယဉ်ကျေးဖြစ်အောင်
လူကျွန်တွေကို လူသခင်ဖြစ်အောင်                                                       
ကိုယ်၊စိတ်၊နှလုံး ၃ ပါးလုံး
အများပိုင် ရုပ်နာမ်ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်။
အထွေထွေ အထူးထူးဂုဏ်ပုဒ်တွေ
စံပြုဖို့ ထားရစ်ခဲ့သူ၊
နှစ်တရာတိုင် သစ်ဆဲ၊
နောင် ကမ္ဘာတည်သရွေ့  သစ်မြဲ။
ဗမာပြည်မတော့
ဗိုလ်ချုပ်ဟေ့ဆိုရင်
ဗိုလ်ချုပ်အောင်ဆန်းလို့ လူတိုင်းသိတယ်၊
ဗိုလ်တကာ့ဗိုလ်တို့ ရဲ့ အချုပ် ဗိုလ်ချုပ်။
၁၉၄၇၊ ဇူလိုင်၊ ၁၉ မှာ
နယ်ချဲ့ နဲ့ လူမသမာတွေ လုပ်ကြံမှုကြောင့်
သူ့ ခန္ဓာ ရုပ်နာမ်လွဲခဲ့၊
လူသေ – ၀ိညာဉ်မသေ
လူသေ – နာမည်မသေ
သမိုင်းမှန်မှာ ရှင်သန်နေဆဲ ဗိုလ်ချုပ်။
ဒါ့ကြောင့် ပြောပါတယ်၊
ဗမာပြည်မှာ
ဧရာဝတီရယ်၊
ပုဂံရယ်၊
ဗိုလ်ချုပ်အောင်ဆန်းရယ်၊
အတုလုပ်လို့ မရသလို
အစားထိုးလို့ မရပါဘူးလို့ ။
(မယုံရင် ခု စစ်ဗိုလ်တွေနဲ့  ယှဉ်ကြည့်)
ကျော်ဟုန်း
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “ကျော်ဟုန်း – နှစ် ၁၀၀ ဗိုလ်ချုပ် ဇာတ်လမ်းတို ဟိုတကွက်၊ ဒီတကွက်
  1. တကယ်တန်းဖိုးရှိတယ်။ ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတာအမှန်ဧကန်ပါ။ ကျေးဇူးတင်ပါတယ်အခုလိုဖတ်ခွင့်ရတာကို ကျေးဇူးပါ
  2. Dear Mr. Kyaw Holme! Thank you so much for the poem. It is very touchy or much more than that, I can’t find the words that enough to say the meaning. I was crying, tearing and reading. I thanks you. With Warm and Kind Regards
Comments are closed.