ကဗျာ

Maung Soe Chein – ပဋိပက္ခ

ပဋိပက္ခ

 (ပြုပြင်ရေးနဲ့ တော်လှန်ရေးအကြားမှာ)

မောင်စိုးချိန်၊ ဧပြီ ၁၈၊ ၂၀၁၄

အိမ်

စိုးရိမ်အမှတ်ထက်

မြင့်တက်

တံခါးရွက်

ခြတက် ဆွေးကွာ

ဘေးအကာထရံ

လေအထန်

တဖျတ်ဖျတ်လန်ပြီး

ငိုညည်း

တိုးတီးငိုကြွေး

ရိဆွေးခေါင်မိုး

ချုပ်ရိုးဓနိ

တရိရိ

တတိတိကြွေဆင်း

ကြမ်းခင်း တချို့ထောင်

ကြမ်းခင်း တချို့ကျဲ

ကြမ်းခင်း တချို့ကွဲ။

အိမ်အဖိုးအို

မိုးယို

ဒိုးယိုပေါက်မြင်ရ

ကြယ် လ။

အိမ်အထိမ်းတိုင်

ယိမ်းယိုင်

ထောက်တိုင်တွေက ကျားကန်ထား။

သူမက

ကျိုးကျ ပဲ့ကျ

ရိကျ ဆွေးကျ

သုံးမရသမျှ

ဟိုတစ ဒီတစ ဆက်ရင်း

တကွက်ချင်း

တရက်ချင်းပင်

ပြုပြင်ဖာထေးလို့ရသတဲ့။

အမိုး ထရံကာ ကြမ်းခင်း

ဖွဲ့စည်းခြင်းစနစ်

အဟောင်းအုတ်မြစ်ပေါ်မှာပဲ

စောင်းရွဲ့ကာ အခြေချ

အနေလှလိမ့်မတဲ့။

ငါက

သူမအမြင်အား၊ ပိုင်းခြားစိစစ်

အိမ်အိုဖြိုပစ်

အသစ်တည်ဆောက်မှ

အလှအပ

ထွန်းပ၊ အသစ်ဘဝ

ရွန်းမြမယ်ပ

ချေပခဲ့လေရဲ့။

မောင်စိုးချိန်

ဇူလိုင်၁၈၊ ၁၉၉၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts