ကဗျာ

ရဲရင့်သက်ဇွဲ – ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

 

ရဲရင့်သက်ဇွဲ – ခရစ်စမတ်ည ဘုရားသခင်နှင့် အထီးကျန်ကမ္ဘာ

(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၅

ခရစ်စမတ်ညမှာ ဘုရားသခင်ဟာ အလုပ်မအားရှာဘူး ….

ခရစ်စမတ်ညမှာ တတ်နိုင်သူတွေက အပျော်တွေကို အရည်ဖျော်

ဝမ်းထဲမှာ မီးတောက် သောကရောက်စရာဆိုလို  

ဒီညအတွက် စီမံထားတဲ့ ကြက်ဆင်သားနဲ့ ဗျစ်ရည် လောက်ပါ့မလား

ဘုရားသခင်ကို ဖိတ်ကြားထားတာ ရောက်ပါ့မလား …….

အရိုးထိအောင်စူးတဲ့ ဒီလိုအေးခဲညမျိုးမှာ 

ဘုရားသခင်ကိုတမ်းတ မငြိမ်းချမ်းတဲ့ ဘ၀တွေမှာ

မတတ်နိုင်သူများကတော့ ဒုက္ခနဲ့ စစ်ပြေးနေရ

တောတိုး တောင်ကျော် ဆာလောင်မူနဲ့ ဝမ်းမီးတောက်

သောကရောက်စရာ အသက်နဲ့ ကိုယ်တွဲရက်သာ

နေရပ်ကို ပြန်ရောက်ပါ့မလား ….

တတွတ်တွတ်နဲ ရေရွတ်နေတဲ့ နှုတ်ဖျားက ဘုရားသခင်ရဲ အမည်နာမ

အမိုးရဲ မျက်ရည်တာရိုးကို ရိုက်ချိုးသွားခဲ့တယ်……

မီးဝင်းဝင်းတောက်နေတဲ့ မျက်ဝန်းအစုံရဲ့ နောက်ကွယ်မှာ

တောက်ပတဲ့ အနာဂတ်ဟာ ပြာချခံခဲ့ရပြီပဲ….

ဖိုးခွားလေးရဲ အတွေးထဲ မေးခွန်းများက ပလုံစီထလာ

ဘုရားသခင် ဘယ်မှာလဲ ဘုရားသခင် ဘယ်ရောက်နေသလဲ

ဒီလိုခရစ်စမတ်ညမျိုးမှာ ဘုရားသခင်ဟာ တို့ နဲ့ အတူရှိနေမယ်လို

ဆရာလေးစောစံဖိုးရဲ ပြောစကားဟာ အမှန်တရားလား

ဖိုးခွားလေးရဲ အတွေးများ ခြာခြာလည်

လူမှန်းသိတတ်စကထဲက တပြေးထဲပြေးနေခဲ့ရတာ

ငါတို့ နဲ့ အတူရှိနေတာက စစ်အာဏာရှင်စနစ်နဲ စစ်ပြေးဘဝ

အမှန်တရားအတွက် ဘုရားသခင်ရှိတယ် …. ငါမယုံကြည်နိုင်ဘူး……

ဒီလိုကြေကွဲစရာ ခရစ်စမတ်ညမျိုးနဲ ငါတို့ ဘ၀တွေကို

ဘုရားသခင်က

အထီးကျန်ကမ္ဘာထဲမှာ ထားခဲ့တယ် …….

Photo – http://www.pri.org/stories/2013-12-24/christmas-santa-will-be-looking-somewhere-new-many-refugees


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts