ကျော်ဟုန်း – သွေးစိမ်းရှင်ရှင် ဇာတ်လမ်း
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄
ငယ်ငယ်တုန်းက
ရည်းစားထားတော့
ရည်းစားမ ချောချောလေးက
ကျုပ် အသဲကို ခွဲ။
အိမ်ထောင်မရှိ
လူပျိုကြီးဘ၀မှာ
နှလုံးအဆီပိတ်တော့
ဆရာဝန်မ ချောချောလေးက
ကျုပ် နှလုံးကို ခွဲ။
ချစ်ခြင်းကို ညွှန်းဆိုတဲ့
ကျုပ် အသဲ နှလုံး
ဒဏ်ရာတွေနဲ့ ။
၂၆ နှစ်တာ …
အိမ်လွမ်းနာကျ
အခွင့်ရတုန်း
ပြည်တော်ပြန်တော့
သူငယ်ချင်းတွေရဲ့ ရိကပါး
ဆွေမျိုးတော်တွေရဲ့ မရှိစကား
ဂေါ်ဇီလာကို မုံညင်းစေ့ကျွေးရသလို
စိတ်အလိုမကျမှုတွေကြားမှာ
ကျုပ် အသဲ နှလုံး ထပ်ကွဲ၊
(သြော်..ကမ္ဘာ့ နံပါတ်တစ်
နိုင်ငံကြီးထဲနေရသူတွေ ဒုက္ခ၊
မသေးလှပါလားနော်..)
ဒီကြားထဲ
ဟို လူကြီးမင်းတွေရဲ့
၂၀၁၅ ကြိုကာပွဲနဲ့ တိုး
PR လျှောက်ရင်
တနှစ် ဒေါ်လာ တထောင်
နိုင်ငံရေးနဲ့ ဒုက္ခသည်
ပြည်ပရောက်တွေ လက်မခံ။
ကျုပ်မှာ …
ပြည်တွင်းနေနိုင်ဖို့ 
တနှစ် ဒေါ်လာတထောင်လည်း မဆောင်နိုင်၊
ကျုပ်မှာ …
ပြည်တွင်းနေနိုင်ဖို့ 
သူတို့ သတ်မှတ်ချက်တွေနဲ့ လည်း ငြိ၊
အိမ်အလွမ်း
ရွှေပြည်မှန်းစိတ်
သဲဆပ်ပြာနဲ့ တိုက်လျှော်ပစ်ရတော့
အသဲရော နှလုံးပါ ထပ်ကွဲ။
အခုတော့ …
ချစ်တတ်တဲ့
ကျုပ် အသဲ နှလုံး
ဒဏ်ရာတွေ ဗလပွအပြင်
သွေးစိမ်းရယ်ရှင်ရှင်။ ။
(သိုက်မြုံကို ချစ်လွန်းလို့  ကောင်းသထက်ကောင်းအောင် တည်ဆောက်နေရင်း သိုက်မြုံပျက်၊ သိုက်မြုံဝေး အသဲနှလုံးကွဲနေရတဲ့ အဝေးငှက်များအတွက်)