အုန်းနိုင် – “ဗဟိုမှာ ဖရိုဖရဲ” ။ ဂန္ဒီခန်းမကြေညာစာတမ်း (၁၉)
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၄
ဗဟိုဦးစီး အဖွဲ့ ဝင် (၂၉)ဦးတက်တဲ့  အစည်းအဝေးမှာ (၁/၉၀)ကို လက်ခံတဲ့ မဲက (၂၃)မဲ ၊လက်မခံတဲ့  မဲက (၆)မဲပဲ ရှိတယ်လို့ သတင်းကြားရပါတယ်..။အဲဒီညမှာပဲ လက်မခံတဲ့  (၆)ဦး အပါအ၀င် လူနှစ်ဆယ်လောက် အဖမ်းခံရပါတယ်..။
ဖမ်းခံရသူတွေက
(၁) ဦးခင်မောင်ဆွေ
(၂) ဗိသုကာဦးကျော်မင်း
(၃) ဦးချမ်းအေး
(၄) ဦးစိုးသိမ်း(မောင်ဝံသ)
(၅) ဦးတင်ထွတ်
(၆) ဦးတင်မောင်ဝင်း
(၇) ဦးအောင်ခင်ဆင့်
(၈) ဦးစိန်လှဦး
(၉) ဦးပိန်ပိန်
(၁၀) ဦးလှသန်း(ကိုးကိုးကျွန်း)
(၁၁) ဦးဘဟန်
(၁၂) ဦးကျော်သန်း
(၁၃) ဦးမြင့်စိုး(လူငယ်)
(၁၄) ဦးမိုးဇော်ဦး (လူငယ်)
(၁၅) ဦးသန်းထိုက်ဝင်း(လူငယ်)
(၁၆) ဦးကိုကိုကြီး
(၁၇) ဦးရန်အောင် တို့ပါတယ်လို့ ကြားရပါတယ်..။
ဒီဇင်ဘာ ဒုတိယပတ်လောက်မှာပဲ သဲကုန်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း လည်း အဖမ်းခံရပါတယ်..။သဲကုန်းလွှတ်တော်ကိုယ်စားလှယ်နောက်တယောက်ဖြစ်တဲ့ ဦးအေးဆီက သတင်းရတာကတော့ နယ်စပ်တနေရာမှာ အစိုးရဖွဲ့ စည်းရေးနဲ့  ပတ်သက်တယ်လို့ သိရပါတယ်..။
နောက်တရက် နှစ်ရက်အတွင်း ပေါက်ခေါင်းလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာစိန်ဝင်း ဦးဆောင်ပြီး အစိုးရတရပ်ဖွဲ့ စည်းကြောင်း နိုင်ငံတကာသတင်း မီဒီယာတွေက ကြေညာပါတယ်..။ဒီစင်ပြိုင်အစိုးရအဖွဲ့ မှာ ရွှေတောင်မြို့ နယ်က ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးသန်းကြွယ်လည်း ပါပါတယ်..။
ကျနော်တို့လည်း ဒီရက်အတောအတွင်းမှာတော့ တကြောင်းမဟုတ်..တကြောင်းနဲ့ အဖမ်းခံချင်ခံရနိုင်တာမို့ အိတ်ထဲမှာ ငွေတစ်ထောင်..ကိုးရာကိုအဆင်သင့်ထည့်ထားရတယ်။ အသုံးလိုမဲ့  ဆေးဝါးများလည်း အဆင်သင့်ဝယ်ထားရပါတယ်..။ကိုယ်က (၁/၉၀)ဆန့်ကျင်သူဆိုတော့…ဒါသည်ပင်လျှင် အဖမ်းခံရနိုင်တဲ့  အချက်ဖြစ်နေတာကိုး..။
(၂၀.၁၂.၉၀)နေ့မှာတော့ အန်အယ်ဒီ တိုင်းစည်းရုံးရေးမှူးများဖြစ်တဲ့ ဗိုလ်မှူးဟောင်း မောင်အေး၊ ဦးပိုက်ခြုံ နဲ့  ဦးအေးမြင့် (ကြို့ ပင်ကောက်)တို့ ပြည်မြို့နယ်စုကို ရောက်လာပြီး ပြည်ရွှေတောင်၊ သဲကုန်း၊ပေါင်းတည် တို့ကို ဖိတ်ပါတယ်..။
တိုင်းစည်း ဗိုလ်မှူးဟောင်း မောင်အေးက “ဒါဟာ..အစည်းအဝေးကြီး မဟုတ်ပါဘူး..။ နယ်မြေကို သတင်းပေးရုံလာတာပါ” လို့ပြောတယ်။ သူပြောပုံက တမျိုးကြီးပါ..။ ဒါပေမဲ့ စောင့်ကြည့်ရဦးမှာပေါ့..။
သူရှင်းလင်းတာကတော့ (၁/၉၀)ကြေညာချက်ကို လက်ခံကြောင်း လက်မှတ်ထိုးရတဲ့  အကြောင်း ။ အဖမ်းခံရသူ ရှစ်ဆယ်ခန့်မှာ လွှတ်တော်ကိုယ်စားလှယ် လေးဆယ်ခန့်ပါကြောင်း ၊ တိမ်းရှောင်နေသူလို့ ထင်ရသူက ရှစ်ဦးလောက် ရှိကြောင်းနဲ
့..၊ ဒီက မြို့ နယ်တွေမှာ အဖမ်းခံရသူ ဒါမှမဟုတ် ပျောက်ဆုံးနေသူတွေ ရှိရင်လည်း အမည်စာရင်း ပေးဘို့၊ နေ့ကြီး ရက်ကြီး အခမ်းအနားများကို အဖွဲ့ချုပ် ညွှန်ကြားချက်အရသာ လုပ်ဖို့၊ မြို့ နယ်အတွင်း ပုံမှန်အစည်းအဝေးများကိုတော့ မိမိတို့ ရုံးအတွင်းမှာ
လုပ်ဖို့ စတာတွေလောက်ပဲ ပြောပါတယ်..။
ကျနော်က အခုဟာကို ခါတိုင်းလို မြို့ နယ်စု ပုံမှန်အစည်းအဝေးလို့ မခေါ်ပဲ သတင်းပြောရုံလောက်လို့ ဆိုတဲ့ သဘောက ဘယ်လိုလဲ..။ တိုင်း/စည်းတွေ အစည်းအဝေး လုပ်ခွင့် မရှိလို့လား..။ နယ်ထွက်စည်းရုံးခွင့် မရှိလို့လားလို့ မေးတော့…၊
ဗိုလ်မှူးမောင်အေးက “ဒီလိုကြီးတော့ မဟုတ်ပါဘူး..။ ဒါပေမယ့် ဗဟိုအလုပ်အမှုဆောင်များက အစည်းအဝေးတော့ မလုပ်နဲ့ဦး လို့ မှာလိုက်လို့သာပါ” လို့ ပြောပါတယ်..။ နောက်..ကြို့ပင်ကောက် ဦးအေးမြင့်က တိုင်း/စည်း အဖွဲ့နဲ့ပါလာတာ ဘယ်လိုလဲ။ သူက တိုင်း/စည်းဖြစ်သွားပြီလား..။ ဘယ်တုန်းက ဖြစ်တာလဲလို့ မေးတော့..မဟုတ်ပါဘူး … တဲ့။ ဒါပေမဲ့ အရင်ရွေးချယ်ဖွဲ့စည်းလိုက်တဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာအဖွဲ့ကို န၀တက တားမြစ်လို့ ..သူတို့ကို အကြောင်းကြားရအောင်လာတာ..။ ဒီမြို့ နယ်စုမှာလည်း ဦးသောင်းစိန်ရှိလို့ နှစ်ယောက်စလုံး စုံမိမှ ပြောမယ်ဆိုပြီး ခေါ်လာတာလို့ ပြောပါတယ်..။
ဒါနဲ့  ကျနော်က န၀တက ဘယ်လို တားသလဲ..။ စာထွက် တားသလားလို့ မေးတော့ သူလည်း မသိဘူးတဲ့။ ဒါဆိုရင် န၀တနဲ့  ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုများ ပေါ် နေပြီလားလို့ မေးတော့လည်း မသိပါဘူးတဲ့။ ကျနော်လည်း စိတ်နဲနဲထွက်လာပြီး …
“ခင်ဗျားတို့ တိုင်း/စည်း ဆိုပြီး သိတာ ဘာရှိသေးလဲ..။ခင်ဗျားတို့အနားက ဗဟိုအလုပ်အမှုဆောင်တွေ..၊ ဗဟိုဦးစီးအဖွဲ့ တွေ ဘာတွေ လုပ်နေသလဲ..။ မသိရင်လည်း နောက်ကို နယ်မဆင်းနဲ့ တော့” လို့ ပြောမိပါတယ်..။
ဒီတော့ ဗိုလ်မှူးဟောင်းမောင်အေးက ရိတိတိ ပြောပါတယ်..။
“ခင်ဗျားကို အပြင်မှာ မရှိတော့ဘူးလို့ ထင်နေတာဗျ..။ ဒီလို ခင်ဗျား အပြင်မှာ ရှိနေသေးမှန်း သိရင် နောက်ကို ဒီထက် သတင်းတွေစုံအောင် စုဆောင်းခဲ့ပါမယ်..” တဲ့။