ရန်လိုကျွဲ – အတိုင်ပင်ခံ

ရန်လိုကျွဲ  – အတိုင်ပင်ခံ
ဒီဇင်ဘာ ၅၊ ၂၀၁၄

ဂျာနယ်တိုက်ကပေးသော ဆံထုံးတော်ကြီးတမာသီးလစာကို အားကိုးရလျှင်ဖြင့် သတင်းထောက်တစ်ယောက်အဖို့ မြို့ကြီးရန်ကုန်တွင် ရှင်သန်ရခက်ခဲလှသည်။

ထို့ကြောင့် အပိုဝင်ငွေ ရှာဖွေရေး တို့အရေး ကြွေးကြော်သံကို လက်ကိုင်ထားပြီး သတင်းထောက် ရန်လိုကျွဲ အချိန်ပိုင်း လုပ်ကိုင်ရန် ရွေးချယ်လိုက်သည်က အတိုင်ပင်ခံ ဟူသော အလုပ်ဖြစ်သည်။ ဘိုလို ပြောရပါက Consultant ဟူသတည်း။

ဤအလုပ်မှာ နှယ်နှယ်ရရမဟုတ်။ လူရိုသေ ရှင်ရိုသေ၊ ဝါရင့်၊ ကျွမ်းကျင်အဆင့်သို့ရောက်ပါက တစ်ရက်ဝင်ငွေသည် သတင်းသမားလစာထက် များသည် ဟူသတတ်။ မက်စရာ ပမာဏဖြစ်ပေသည်။ အတိုင်ပင်ခံဆိုသူတို့၏အလုပ်မှာ စကားများများပြော လေပေါရခြင်းပင်။ လေဟူသည်မှာ ကိုင်တွယ်၍ ပွတ်သပ်၍ မရသော်ငြားလည်း ဖောဖောသီသီ၊ အခမဲ့ ရရှိနေသောကြောင့် အရင်းအနှီးမရှိသလောက်ပင်။ လေပေါသည့်ငနဲ၊ စကားဖွာလွန်းသည့်ကောင်၊ စကားများများသတင်းသမားဟု တချို့သောသူတို့ မလိုတမာ ဆိုကြခြင်းကို မကြာခဏ ခံနေရသည့် ရန်လိုကျွဲအတွက်တော့ ဤအလုပ်က ဟန်ကျနိုင်မည်မဟုတ်လော။

အတိုင်ပင်ခံအလုပ်များ လက်ခံရရှိရေးအတွက် ဦးစွာပထမ လုပ်ကိုင်ရသည်မှာ ကိုယ့်ကို အများသိအောင် ကြော်ငြာရခြင်းပင်တည်း။ မည်သို့ ကြော်ငြာရမည်နည်း။

ကိုယ့်ကို လူသိရေးအတွက် အကြံအိုက်နေစဉ် မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ ဥာဏ်လင်းက … လစဉ်ထုတ် မဂ္ဂဇင်းတွေ ရောင်းအားကျလွန်းနေတယ်။ အရောင်းသွက်အောင် ဘယ်လိုလုပ်ကြမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ပွဲတစ်ပွဲ ဦးဆောင်လုပ်လိုက်၊ ဒါဆို ညီလေးကို အနည်းနဲ့အများ လူတွေ သတိထားလာကြလိမ့်မယ်ဟု အကြံပြုလာလေ၏။

ဤသို့ဖြင့် ရန်လိုကျွဲလည်း အလုပ်ရုံဆွေးနွေးပွဲဟု တလွဲ ဘာသာပြန်ထားကြသော workshop တစ်ခု အရင်းပြုပြီး ကိုယ့်ကိုယ်ကိုယ် အစွံထုတ်ရလေ၏။

မဂ္ဂဇင်းအရောင်းသွက်ရေး မဟာဗျူဟာ ဆွေးနွေးပွဲကို ရန်ကုန်တွင် ပြုလုပ်ရာ မော်ကွန်း၊ စုံနံ့သာ၊ ခေတ်ရနံ့၊ မိုးမခ အစရှိသော မဂ္ဂဇင်းတို့မှ အယ်ဒီတာလူကြီးမင်းများ တက်ရောက်ကြလေသည်။

ဆွေးနွေးပွဲက မြိုင်ဆိုင်လှ၏။ အစွမ်းကုန် ဦးဏှောက်မုန်တိုင်းဆင်ကြ၏။ ငြင်းကြ ခုန်ကြ၏။ မီဒီယာသမားများဖြစ်သောကြောင့် ရေပက်မဝင်အောင် ပြောကြ၏။

မဂ္ဂဇင်းများ အရောင်းထိုင်းရခြင်း အကြောင်းရင်းဟူသော ကဏ္ဍနှင့် ပတ်သက်ပြီး မိုးမခအယ်ဒီတာ မောင်ရစ်က စာဖတ်ကဲကြသည့် မြို့တော်ရန်ကုန်တွင်ပင် အရောင်းထိုင်းလွန်းလှသည်ဟု ဆိုလာသည်။

“ဘကြီးမိုးစကား ငှားသုံးရရင် မဂ္ဂဇင်းရောင်းအားက ရန်ကုန်ပတ်လည် အုပ် ၆ဝ ဖြစ်နေပြီ”

မောင်ရစ်က ပြောလည်းပြော၊ ဒေါသလည်း ထွက်ပြီး စားပွဲကို လက်သီးနှင့်ထုထုနေသဖြင့် ဘေးမှ မိုးမခ အယ်ဒီတာ မြင့်ကျော်က လှမ်းဆွဲထားရ၏။ အယ်ဒီတာမြင့်ကျော်က ကိုးကားရမည့် စာအုပ်စာတမ်း အများအပြား ပွေ့ပိုက်ပြီး ရောက်လာခြင်း ဖြစ်သော်လည်း ဆွေးနွေးရခြင်း မရှိ။ မောင်ရစ်၏ စိတ်လိုလက်ရမ်းမှုကို ထိန်းသိမ်းရန် လာရောက် ထိုင်နေရသူလို ဖြစ်နေ၏။ သူက မောင်ရစ်အနီး ရေပုလင်း၊ ဖန်ခွက်တို့ မရှိစေရေးကိုလည်း စီစဉ်ရ၏။

ဆွေးနွေးပွဲတွင် အစွာဆုံး အပြောဆုံး လေကြောအရှည်ဆုံးသူမှာ စုံနံ့သာမဂ္ဂဇင်းအယ်ဒီတာ ဘုန်းသက်ပိုင် ဖြစ်သည်။ သူ့ လေကြောရှည်လျားလွန်းသောကြောင့် သူတို့တိုက်မှ အယ်ဒီတာ ဇော်လူစိမ်းက သူ့ကို မကြာခဏ လက်တို့ဟန့်တားနေရသည်။ တစ်ချီတစ်ချီ ထပြောလျှင် အနည်းဆုံး ကွမ်းတစ်ယာညက်ခန့် ကြာတတ်သဖြင့် တစ်ကြိမ်တွင် ဇော်လူစိမ်းက ပုဆိုးလှမ်းဆွဲ သတိပေးရာ ပုဆိုးကျွတ်ကျသွားသည်။ ဒါလည်း ဘုန်းသက်ပိုင်က ကမန်းကတန်း ပုဆိုးပြန်ဆွဲကိုင်ပြီး ဆက်လက် ဆွေးနွေးလေသည်။

“ရန်ကုန်ပတ်လည် အုပ် ၆ဝ ဆိုတာက ဖြန့်ချိရေးဆိုင်တွေရဲ့ အပြစ်ပဲ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ စာအုပ်ဆိုင်ဆိုတာမျိုးက နေ့စဉ် ဝင်ထွက်နေတဲ့သူပေါင်း ရာထောင်ချီပြီး ရှိတယ်။ ဆိုင်ထဲဝင်လာတာဟာ စာအုပ်ဝယ်ချင်လို့ မဟုတ်ဘူးလား။ ဒီလူတွေကို ထိုးထိုးပြီးရောင်းရင် အနည်းဆုံးတော့ အားနာနာနဲ့ ဝယ်သွားကြမှာပဲ။ မြန်မာတွေရဲ့ အားနာမှုဆိုတဲ့ ပျော့ကွက်ကိုနင်း၊ အသုံးချပြီးရောင်းရင်လည်း ကျုပ်တို့မဂ္ဂဇင်းတွေ အရောင်းထွက်မှာပဲ၊ ကျုပ်ပြောတာ မမှန်ဘူးလား။ သူတို့ နည်းနည်းလေး ဝါယမ စိုက်လိုက်တာနဲ့ တစ်ဆိုင်တစ်ဆိုင်ကို မရောင်းရဘူးဆိုရင် အုပ်ငါးရာတစ်ထောင်တော့ အနည်းဆုံး ရောင်းထွက်မှာပဲ။ ဒါကြောင့် ကျုပ်တို့ မဂ္ဂဇင်းများ အရောင်းရ မတွင်ကျယ်ဘဲ နည်းသည်ထက် နည်းနည်းသွားတာဟာ ဖြန့်ချိရေးဆိုင်တွေရဲ့ အပြစ်ပဲ” ဟု ဘုန်းသက်ပိုင်က ပုဆိုးကို မဝတ်သေးဘဲ ကိုင်ထားလျက် ပြောသည်။

သူ၏ အယူအဆကို ထောက်ခံကြောင်း၊ သို့သော်လည်း ဒီအချက်ကို လျှို့ဝှက်ထားသင့်ကြောင်း ထောက်ပြသူက ခေတ်ရနံ့အယ်ဒီတာ ပြည်သွေးနိုင်ဖြစ်၏။

“ကျွန်တော် နားလည်သလောက် ပြောရရင် … ဖြန့်ချိရေးဆိုင်တွေကိုတော့ ထိလို့မရဘူးခင်ဗျ။ သူတို့စိတ်အလိုမကျရင် သတင်းစာ ဂျာနယ်တွေများ အထုပ်ကြိုးမဖြည်ဘဲ ပစ်ထားတဲ့နည်းနဲ့ ပညာပြတယ်လို့ ဆိုတယ်။ ဒါကြောင့် ကျွန်တော်တို့က ဖြန့်ချိရေးဆိုင်ဂုဏော အနန္တော လုပ်နေရတယ်” ဟု ပြည်သွေးနိုင်က ဆွေးနွေးသည်။

သူက ဆက်လက်ပြီး သူ၏ ခေတ်ရနံ့လည်း တွက်ခြေမကိုက်ကြောင်း၊ အကြွေးတင်နေသည့်အပြင် သူ့မိန်းမ နားကပ်၊ လက်စွပ်၊ လက်ကောက်တို့ကို ဖြုတ်ရောင်းထားရကြောင်းလည်း ညည်းပြသည်။ ယခုလအတွက် ထုံးစံအတိုင်း ငွေလိုသဖြင့် တခုခု ဖြုတ်မည် ကြံရာ ဖြုတ်စရာ ဘာမျှ မကျန်တော့သဖြင့် လင်မယား ရန်ဖြစ်ရသည်ဟုလည်း ပြောပြလေ၏။

တက်ရောက်လာသူအားလုံး ပြည်သွေးနိုင်၏ ညည်းချင်းကြောင့် သနားသွားကြပြီး စကားမပြောနိုင်ကြတော့ပေ။ ဆွေးနွေးခန်း လုံးဝ တိတ်ဆိတ် ငြိမ်သက်သွား၏။

တိတ်ဆိတ်ခြင်း၏အသံက ကျယ်လောင်လှသည်ဟူသော အမည်မသိခေတ်စာဆို၏ ရေးသားချက်က ဤနေရာတွင် မှန်ကန်လွန်းနေသည်။ အဘယ်ကြောင့် ဆိုသော် ဆွေးနွေးပွဲအတွင်း ထိုင်လျက် အိပ်ပျော်နေသော နှင်းဆီဖြူ မဂ္ဂဇင်းအယ်ဒီတာ နှင်းခါးမိုး ရုတ်တရက်လန့်နိုးသွားခြင်းကြောင့်ပင်။

နိုးနိုးချင်း သူက တစ်ရေးနိုးသော် အကြံပေါ် ဟူသော ဆိုးရိုးအတိုင်း ချက်ချင်း ၀င်ရောက် ဆွေးနွေးလေသည်။

“အရောင်းသွက်ရေးအတွက် ဆိုရင် … ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးကိုလည်း မပယ်နဲ့ … ကျွန်တော်တို့ဟာ လိုအပ်လာရင် ဗေဒဆရာ ဝေဒဆရာတို့ကိုလည်း ချည်းကပ် အကြံယူသင့်ပါတယ်။ ဥပမာ အယ်ဒီတာအဖွဲ့ထဲ အင်္ဂါသားသမီးတစ်ယောက် ထည့်သင့်ရင် ထည့်ရတာမျိုး၊ မဂ္ဂဇင်းကိုတောင် နာမည်နောက်တစ်မျိုးပြောင်းပြီး ထုတ်ဝေတာမျိုးပေါ့ဗျာ” ဟု နှင်းခါးမိုးက အတည်ပေါက် ဆိုလေသည်။

နှင်းခါးမိုး၏ ဆွေးနွေးချက်ကို ခေါင်းတငြိမ့်ငြိမ့် ထောက်ခံအားပေးသူမှာ ပြည်သွေးနိုင်ဖြစ်သည်။

ပြည်သွေးနိုင်က သူ့မဂ္ဂဇင်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရနံ့သစ် အမည်ဖြင့် ထုတ်ဝေခဲ့ပြီး မကြာသေးခင်ကမှ ခေတ်ရနံ့ဟု ရုတ်တရက် အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

အမည်ဟောင်းကို ဆက်လက် အသုံးပြုရန် အခြေအနေ မပေးတော့ဟု လူသိရှင်ကြား ကြေညာသော်လည်း ထိုသို့ ပြောင်းခြင်းမှာ အထင်ကရ ဝေဒဆရာ ရွှေမှန်ဘောင်၏တိုက်တွန်းချက်ကြောင့် ဖြစ်ကြောင်း စာပေလောကတစ်ခုလုံး သိပြီး ဖြစ်လေသည်။

အမည်ပြောင်းလိုက်ပြီးနောက်ပိုင်း မည်သို့သော ဖြစ်ထွန်းမှုများ ပေါ်ပေါက်နေသနည်းဟု စပ်စုလာပါက ဖြေဆိုရန် စောလွန်းနေသေးကြောင်း ပြန်ပြောလိုက်မည်ဟု ပြည်သွေးနိုင် တွေးနေမိသည်။ သို့သော်လည်း ဤမေးခွန်းကို မေးမည့်သူ မရှိ။

ဆွေးနွေးခန်း ပြန်လည် တိတ်ဆိတ်သွားချိန်တွင် အယ်ဒီတာ ဇေယျာလှိုင်က… ရောင်းအားအနည်းဆုံး မဂ္ဂဇင်း ၁၀ အုပ်ထဲတွင် မော်ကွန်းက ထိပ်ပိုင်းနားတွင် ရှိဆဲ ဖြစ်ကြောင်း၊ တိုက်တွင် စာအုပ်များ ပုံနေကြောင်း၊ ရောင်းမကုန်သဖြင့် မိတ်ဆွေများကို မေတ္တာလက်ဆောင် လိုက်ပေးသော်လည်း မကုန်သေးကြောင်း စသဖြင့် အားလုံးသိရှိပြီးသား လျှို့ဝှက်ချက်ကို ဖွင့်ချပြန်လေသည်။

“ကျွန်တော်တို့ မော်ကွန်းက ဂိုထောင်ကြီးကြီးတစ်လုံး ငှားပြီးသွားပါပြီ၊ မဂ္ဂဇင်းဟောင်းတွေ ထားဖို့ပါ” ဟု ဇေယျာလှိုင်က ရှင်းပြသည်။

သူ၏ဆွေးနွေးချက်ကို စိတ်ဝင်စားဟန် ရှိမရှိ သိနိုင်ရန် အားလုံး၏မျက်နှာများကို ကြည့်ရှုအကဲခတ်လိုက်သေးသည်။

“အစိုးရရဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကလည်း စာအုပ်ဝယ်ဖို့ ဘတ်ဂျက် မရှိဘူး။ ဒီတော့ ကျွန်တော်တို့က သူတို့ကို လတိုင်း ၁ဝ အုပ်လောက် ပုံမှန် ပေးရတယ်။ အဲဒါ မဖြစ်မနေ ပေးရတာနော်။ ဒါကြောင့် များများကုန်အောင် အုပ် ၁ဝဝ ပေးမယ်လို့ ကျွန်တော်တို့ ကမ်းလှမ်းထားတယ်။ သူတို့က ဝန်ကြီးကို တင်ပြထားပါတယ်လို့ ပြန်ပြောတယ်။ တင်ပြထားတာ ၁ဝ လ ရှိသွားပြီ။ မထူးခြားသေးပါဘူး” ဟု ဇေယျာလှိုင်က သူ၏ ကိုရီးယားနှုတ်ခမ်းမွှေးခပ်ပါးပါးကို ပွတ်သပ်ပြီး ဆက်ပြောသည်။

မဂ္ဂဇင်းများ အရောင်းထိုင်းရခြင်း ပြဿနာကို ရှာဖွေသည့် ဆွေးနွေးချက်က မြိုင်ဆိုင်လှ၊ အားရစရာ ကောင်းလှ၏။ အတွေ့အကြုံများ သင်ခန်းစာများ အိတ်သွန်ဖာမှောက်ဖလှယ်ခွင့်ရသည့်အတွက် မဂ္ဂဇင်းအယ်ဒီတာများက ရန်လိုကျွဲကို အကြီးအကျယ် ကျေးဇူးတင်နေကြသည်။

တချို့က ဆွေးနွေးပွဲကို အခါအားလျော်စွာ ပြုလုပ်သင့်ကြောင်း အကြံပေးကြသည်။

ရန်လိုကျွဲက အခြေအနေအရပေါ့ခင်ဗျာ ဟု သံတမန်ဆန်ဆန် ပြန်ပြောလိုက်သည်။

ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ရန်လိုကျွဲက ကိုယ့်ကိုယ်ကိုယ် ပွဲထုတ်ခြင်းဖြစ်သည်။ အယ်ဒီတာတို့ကို ခေါ်ယူပြီး ဦးဏှောက်ဖောက်စားခြင်းလည်း ဖြစ်သည်။

လူသိများလာပြီး အတိုင်ပင်ခံအလုပ်များ လက်ခံရရှိပြီဆိုပါက ဒီလို ပွဲမျိုး ကျင်းပစရာ လိုတော့မည် မဟုတ်ပေ။ နာမည်မကြီးသေးပါက ဒီလိုပွဲမျိုး ဆက်ရန် ရှိသေးသည်ဟု ဆိုရပေမည်။ ထို့ကြောင့် အခြေအနေအရပေါ့ခင်ဗျာ ဟူသော အဖြေက သင့်တော်သည်မဟုတ်လော။

လောလောဆယ်ဆယ်တော့ အခြေအနေက ကိုယ့်ဘက်မှာ ပါနေသည်။ ဆွေးနွေးပွဲစီစဉ်သူ၏ နိဂုံးချုပ်စကား ကျေးဇူးတင်စကား ပြောကြားရန်သာ ကျန်လေတော့သည်။

“အယ်ဒီတာမင်းတို့ရဲ့ တန်ဘိုးကြီးအချိန်တွေကို ဖဲ့ပြီး လာရောက်ဆွေးနွေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ်”

ထိုသို့ ပြောနေစဉ် မော်ကွန်းအယ်ဒီတာများ အထုပ်ဆွဲ ထပြန်ရန် ဟန်ပြင်သောကြောင့် မိုးမခအယ်ဒီတာတို့က လက်ကုပ်ပြီး ဟန့်ရသေး၏။ အချိန်ကလည်း ညနေအတော်စောင်းပြီမို့ ပရိသတ်တချို့ ထပြန်လိုခြင်း အကြောင်းရင်းကို သဘောပေါက်လိုက်၏။

“စာအုပ်ဈေးကွက်မှာ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းများ အရောင်းကျသွားရခြင်း အကြောင်းရင်း အများအပြား ရှိတဲ့ထဲက အဓိက အရေးအကြီးဆုံးအချက်ကို နိုင်ငံတော်အစိုးရရဲ့ မကြာသေးခင်က ထုတ်ပြန်ချက်တစ်ခုမှာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်”

ရန်လိုကျွဲ လေပေါခြင်းကို လေးစက္ကန့်ခန့် ခေတ္တ နားလိုက်၏။ ဇော်လူစိမ်းက ဘေးမှ နှင်းခါးမိုးကို လက်တို့ပြီး လှမ်းမေးလိုက်သည်။ ဘယ်တုန်းက ထုတ်ပြန်လိုက်တာလဲ ဟု မေးခြင်းဖြစ်သည်။ နှင်းခါးမိုး လန့်နိုးသွားပြီး … နေဦးလေ၊ ခဏနေ ၁၉ လမ်း သွားကြတာပေါ့၊ ဒီတစ်ခါတော့ ကိုယ်ဒကာခံပါ့မယ်ဟု ဖြေလိုက်သည်။

တခြားသော အယ်ဒီတာများက ရန်လိုကျွဲ စကားဆက်မည်ကို စောင့်ဆိုင်းနေကြသည်။

“အစိုးရရဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည်လူဦးရေက သန်း ၅ဝ စွန်းစွန်းပဲ ရှိတော့တယ်လို့ အတိအကျ တွေ့ရပါလိမ့်မယ်။ အခြေခံဥပဒေ ထောက်ခံမဲကောက်တာ သိပ်မကြာသေးပါဘူး၊ အဲဒီတုန်းကတော့ လူဦးရေ သန်း ၆ဝ နီးပါး ရှိတယ်လို့ ဆိုတယ်”

ဒီလောက်ပြောရုံနှင့် အယ်ဒီတာမင်းတို့ သဘောပေါက်ပြီ။ အင်း၊ အား၊ ဟုတ်တယ်၊ သြော်…၊ အာဟား စသဖြင့် အသံစုံသွားသည်။ ရန်လိုကျွဲလည်း နိဂုံးစကား ဆက်ရပြန်၏။

“အဖြေက … မြန်မာပြည်မှာ လူပေါင်း ၁ဝ သန်း ပျောက်ဆုံးနေတယ် ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒီလူတွေ ဘယ်ရောက်သွားသလဲ ဆိုတာကို အင်းစိန်စီအိုင်ဒီက အပူတပြင်း လိုက်လံစုံစမ်းနေပြီလို့ သိရပါတယ်။ ၁ဝ သန်း ဆိုတာ နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် နိဂုံးချုပ်ပြောလိုတာကတော့ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းတွေကို လူတွေက မ၀ယ်ကြတော့တာ မဟုတ်ဘူး၊ ဝယ်မယ့်သူတွေ ပျောက်ဆုံးနေတာလို့ ဆိုရပါမယ်။ ဘာကြောင့်မှန်းမသိ ဂမ္ဘီရဆန်ဆန်၊ ရုတ်တရက်ဆိုသလို ပျောက်ဆုံးသွားကြတဲ့သူတွေ ပြန်ပေါ်လာတဲ့နေ့မှာ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းတွေ ရွှေခေတ် ပြန်ရောက်မယ်လို့ ကျွန်တော် အတိုင်ပင်ခံ ရန်လိုကျွဲ လေ့လာသုံးသပ်မိကြောင်းပါ ခင်ဗျား”

အယ်ဒီတာမင်းအားလုံး လက်ခုပ်တီးကြ၏။ အဆက်မပြတ် တီးကြ၏။ ခေတ်ရနံ့အယ်ဒီတာ ပြည်သွေးနိုင်က လက်ခေါက်ပင် မှုတ်လိုက်သေး၏။ လက်ခုပ်သံများ ငါးမိခန့်ကြာမှ တဖြည်းဖြည်း စဲသွား၏။

မဂ္ဂဇင်းတွေကို လူတွေက မနှစ်သက်ကြခြင်းမဟုတ်၊ မြန်မာပြည်လူဦးရေ အကြီးအကျယ် လျော့နည်းသွားခြင်း၏ နောက်ဆက်တွဲဒဏ်ကို ၎င်းတို့ ခံစားနေရခြင်းသာဖြစ်ကြောင်း ထောက်ပြသူ ရန်လိုကျွဲကို အလွန်တရာ ကျေးဇူးတင်ကြလေကုန်၏။ ။

(လွန်တာရှိ ဝန္တာမိပါ ဆရာများခင်ဗျား…)

(မော်ကွန်းမဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြပြီးသော သရော်စာ ဖြစ်သည်။)

One thought on “ရန်လိုကျွဲ – အတိုင်ပင်ခံ

  1. သရော်စာကောင်းပဲ လက်မထောင်ပါတယ်။ အဲဒီလို များများ ဖတ်ချင်ပါတယ်။

Comments are closed.