International News သာဂိ နိုင်ငံတကာရေးရာ

နယူးယောက်မြို့တော်မှာ လူဖြူရဲက လူမည်းတဦးကို လည်ပင်းချုပ် ဖမ်းဆီးရာမှ သေဆုံးသည့် အမှု မြို့တော်ခုံရုံးက အပြစ်မယူ

နယူးယောက်မြို့တော်မှာ လူဖြူရဲက လူမည်းတဦးကို လည်ပင်းချုပ် ဖမ်းဆီးရာမှ သေဆုံးသည့် အမှု မြို့တော်ခုံရုံးက အပြစ်မယူ

(နိုင်ငံတကာသာဂိ၊ မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

အမေရိကန်ပြည်ထောင်စုမှာ လူဖြူရဲတွေက လူမည်းတွေကို ဖမ်းဆီးအရေးယူရာမှာ အကြမ်းဖက်မှု အလွန်အကျုးလုပ်ခဲ့ကြတဲ့အတွက် သေဆုံးမှုတွေ တခုပြီး တခု လူထုကို လှုပ်နိုးနေပါတယ်။ ဇူလိုင် ၁၇၊ နယူးယောက်မြို့ လမ်းမပေါ်မှာ ဥပဒေမဲ့ စီးကရက်တလိပ်ချင်း ရောင်းချနေတဲ့ လူမည်းတဦး (Eric Garner, 43 years) ကို ဖမ်းဆီးအရေးယူရာမှာ အကြမ်းဖက်ပြီး အင်အားအဆမတန်သုံး ဖမ်းဆီးတဲ့အတွက် ဂါနာဟာ လမ်းပေါ်မှာ အသက်ရှုကြပ်ပြီး သေဆုံးခဲ့ရပါတယ်။ 

ရဲအများအပြားက ၀ိုင်းဖမ်းရန် ကြိုးစားရာမှာ ငြင်းဆန်နေတဲ့ ဂါနာကို လူဖြူရဲသားက လည်ပင်းကို နောက်ကနေ ချုပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ ဂါနာက “ငါ အသက်ရှုလို့မရတော့ဘူး” လို့ အကြိမ်ကြိမ်အော်ဟစ်နေပေမယ့် ဖြေလျော့မပေးဘဲ ဆက်လက် ချုပ်နှောင်ထားရာက အဆိုပါလူမည်းဟာ နေရာမှာ လဲကျသေဆုံးခဲ့ပါတယ်။ ထိုအမှုအခင်းကို နယူးယောက်မြို့တော် တရားရုံးကနေ ခုံရုံး (grand jury) ဖွဲ့ပြီး စစ်ရာမှာ အဆိုပါ ရဲသားဟာ လုပ်ပိုင်ခွင့်အတွင်းက ဆောင်ရွက်တာမို့လို့ အပြစ်မရှိ၊ တရားစွဲဆိုခြင်း မပြုနိုင်လို့ ဆုံးဖြတ်လိုက်ပါတယ်။ 

အဆိုပါ ဇူလိုင် သေဆုံးမှုအပြီး သြဂုတ်လမှာ ယနေ့ နာမည်ကြီးနေတဲ့ ဖာဂူဆန် လူမည်းအပစ်သတ်ခံရမှု အရေးအခင်း ဖြစ်ပွားခဲ့ပါတယ်။ လူဖြူရဲတွေက လူမည်းတွေကို အကြမ်းဖက် ဖမ်းဆီးတာတွေ အလွန်အကျူးလုပ်တာ၊ အသက်သေတဲ့အထိ ဖြစ်ပျက်တာတွေကို အမေရိကန်ပြည်သူတွေက ပိုမို သတိထားမိပြီး တရားဥပဒေကြောင်းအရ ရဲတွေကို အရေးယူနိုင်ဖို့ တရားမျှတတဲ့ ရဲနဲ့ ပြည်သူ ဆက်ဆံရေးဖြစ်ပေါ်မှု တောင်းဆိုမှု ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဖာဂူဆန်အရေးအခင်းဟာ အကြီးကျယ်ဆုံးဖြစ်လာပြီး ရဲနဲ့ လူထု အဓိကရုန်းဖြစ်ခဲ့ရာက တနိုင်ငံလုံး လူထုအုံကြွ ဆန့်ကျင်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

 

 ဒါနဲ့ပဲ ရဲအကြမ်းဖက်မှုတွေကို တရားခုံရုံးဖွဲ့ စစ်ဆေးမှုတွေ ဒေသဆိုင်ရာ တရားရုံးတွေက ဆောင်ရွက်ပေးခဲ့ပါတယ်။ သို့သော်လည်း ဒေသခံ တရားခုံရုံးအသီးသီးက ဖာဂူဆန်အရေးအခင်းမှာကော နယူးယောက်မြို့အမှုအခင်းများမှာပါ ရဲတွေ လုပ်တာ အပြစ်မရှိဘူး၊ အရေးမယူနိုင်ဘူးလို့ ဆုံးဖြတ်ကြတဲ့အတွက် နိုင်ငံတ၀ှမ်းက ကျောင်းသားလူငယ်တွေ ပြည်သူလူထုတွေက မခံမရပ်နိုင်ဖြစ်ကြပြီး ထပ်မံ ဆူပူ  ဆန္̔ဒပြမှုတွေ ဆန့်ကျင်ကန့်ကွက်မှုတွေ အများအပြား ဖြစ်နေပြီ ဖြစ်ပါတယ်။ 

အခုလို ရဲတွေရဲ့ အကြမ်းဖက် မင်းမဲ့စရိုက် ကျုးလွန်မှုတွေကို လူထုက ဆန့်ကျင်အုံကြွလာတဲ့အတွက်ရယ်၊ ဒေသခံတရားရုံးတွေက ရဲတွေကို အရေးယူဖို့ မဆောင်ရွက်နိုင်တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ ဖယ်ဒရယ်အစိုးရက ၀င်ရောက် အရေးတယူလုပ်လာရပါတယ်။ သမ္မတ အိုဘားမားနဲ့ တရားရုံးချုပ် ရှေ့နေ ဟိုဒါ ကိုယ်တိုင်က ပြည်ထောင်စုအဆင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ ကြေငြာလိုက်ပါတယ်။ လက်ရှိမှာ သမ္မတအမိန့်နဲ့  (ပြည်နယ်ရဲ့ ဒေသအလိုက်ရဲ့ လက်အောက်မှာ ရှိတဲ့ ရဲတွေ)က လူတွေအပေါ် အကြမ်းဖက်ဖမ်းဆီးမှုတွေ ပြုလုပ်ရာမှာ စည်းကမ်းစနစ်ရှိရေး၊ လက်နက်ကိုင် သုံးစွဲရေးမှာ သတိဂရုပြုရေး၊ ရဲတွေဆီမှာ ရုပ်သံဖမ်းစက် ကင်မရာတပ်ဆင် မှတ်တမ်းတင်နိုင်ရေးတွေ လုပ်ဆောင်ဖို့ ထုတ်ပြန်လိုက်ပါတယ်။ 

လက်ရှိမှာ ရဲတွေရဲ့ မတရားအကြမ်းဖက်မှုတွေ၊ တရားလက်လွတ် လက်နက်ကိုင်ပစ်ခတ်မှုတွေ ထိန်းချုပ် ကန့်သတ်ရေး တောင်းဆိုးနေတဲ့ ပြည်သူတွေက ရဲတွေကို တုန့်ပြန်ဟစ်ကြွေးတဲ့ ကြွေးကြော်သံက – 

“ Hands Up, Don’t Shoot”

“I cannot breath”  တွေဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်တခုကတော့ လူဖြူ လက်နက်ကိုင် အာဏာပိုင်တွေက လူမည်းတွေအပေါ် အနိုင်ကျင့်မှုတွေ ထိခိုက်နစ်နာစေမှုတွေဟာ ဟိုးအချိန်ကတည်းက (လူမည်းတွေ ငွေဝယ်ကျွန်အဖြစ် လွတ်မြောက်ချိန်ကတည်းက) အခုအချိန် အထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်။ အဆိုပါ လူမည်းတွေနည်းတူ အမေရိကန်ပြည်က အခြားအသားအရောင်ကွဲပြားသူ လူမျိုးအများအပြား (တရုတ်၊ အာရှ၊ တောင်အမေရိကန်၊ အာရပ်၊ လူနည်းစုများ) အပေါ်မှာ ခွဲခြားမှုတွေ ဖြစ်နေတယ်ဆိုတာကို ပြသနေတယ်ဆိုတာပဲ ဖြစ်ပါတယ်။

လက်ရှိ သမ္မတ လူမည်းတဦးဖြစ်တဲ့ အိုဘားမားလက်ထဲမှာတောင် အသားအရောင်ခွဲခြားမှုတွေ ဖြစ်နေတာကို သက်သေပြနိုင်တဲ့ နောက်တိုးတချက်ကတော့ အထက်နဲ့ အောက်လွှတ်တော် ၂ရပ်လုံးမှာ အနိုင်ရပြီး အမတ်အများအပြား ရထားတဲ့ ရှေးရိုးစွဲ လူဖြူအားကောင်းတဲ့ ရီပတ်ဘလစ်ကန်ပါတီ ခေါင်းဆောင်တွေကတော့ အခု အရေးအခင်းတွေအပေါ်မှာ ရေငုံနှုတ်ပိတ်နေကြခြင်းပါပဲ။ ဒီကြားထဲ အထက်လွှတ်တော်က ရီပတ်ဘလစ်ကန်အမတ် Rand Paul က ဘယ်လိုပြောသလဲဆိုတော့ ရဲတွေက အခုလို သေဆုံးမှုဖြစ်စေရတာရဲ့ တရားခံအစစ်ကတော့ စီးကရက်အခွန်တွေ မြင့်မားလွန်းလို့ပါ တဲ့ ဗျာ။ လူသေဆုံးရတာကို အဓိကအာရုံမထားဘဲ တရားမ၀င် စီးကရက်လိပ်ချင်း ရောင်းနေရတာက အစိုးရက အခွန်တွေ အရမ်းကောက်လို့ဆိုပြီး နိုင်ငံရေးစကားပြောပြီး ရဲကို အပြစ်တင်ဖို့ကို ရှောင်လွှဲလိုက်တာ ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ လွန်ခဲ့တဲ့ လအနည်းငယ်က မြန်မာနိုင်ငံမှာလည်း စစ်တပ်ရဲ့ ဖမ်းဆီးထားတဲ့ သတင်းထောက် ကိုပါကြီး သေဆုံးခဲ့တာကို လူထုက ဆန္ဒပြ ကန့်ကွက်ကြတော့မှ ဖျောက်ဖျက်ထားတဲ့ အလောင်းကို သက်ဆိုင်ရာက ဖော်ပေးခဲ့တာ မှတ်မိကြမယ် ထင်ပါတယ်။ အခုရက်ပိုင်းအတွင်း မြန်မာပြည်လူ့အခွင့်အရေးကော်မရှင်က စစ်ဆေး ထုတ်ပြန်တဲ့အခါ အဆိုပါသတင်းထောက်က လက်နက်လုလို့ ပစ်သတ်လိုက်တာလို့ ဆုံးဖြတ်ချက် ထုတ်ပြန်လိုက်တယ် ဆိုတော့ အမေရိကန်က တရားခုံရုံးက သူတို့ရဲတွေကို အပြစ်မရှိပါဘူး လို့ ဆုံးဖြတ်တာနဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နယူးယောက်မြို့တော်မှာ လူဖြူရဲက လူမည်းတဦးကို လည်ပင်းချုပ် ဖမ်းဆီးရာမှ သေဆုံးသည့် အမှု မြို့တော်ခုံရုံးက အပြစ်မယူ
  1. ကိုယ့်ပြည်ထဲမှာခွဲခြားအနှိမ်ခံနရတဲ့ကိုယ်နဲ့အသားအရာင်တူနိုင်ငံသားတွေကိစ္စကိုတော့မလုပ်ပဲမရောင်ရာဆီလူးဆိုသလို မြန်မာပြည်ထဲခိုးဝင်ပြီးမြန်မာပြည်ကစကားတွေမတတ် ” မြန်မာပြည်သားတော့ဖြစ်ချင်ပါတယ်၊ ဒါပေမဲ့မြန်မာနိုင်ငံတော်အလံကိုအလေးမပြုနိုင်ဘူး၊ မြန်မာနိုငံတော်သီချင်းကိုမဆိုဘူး။ မြန်မာစကားနဲ့စာသင်ဖို့မလိုဘူး၊ ။ ငါတို့ခေါ်တောစကားကို ရိုဟင်ဂျာစကား၊ မြန်မာပြည်က တိုင်းရင်းသားစကားအဖြစ်အသိအမှတ်ပြုရမယ်၊”လုပ်နေတဲ့ အကောင်တွေအတွက် နိုင်ငံသားပေးဖို့ ရှေ့နေလိုက်သွားတာ”ငါပြောသလိုလုပ်၊ ငါလုပ်သလိုလိုက်မလုပ်နဲ့၊ ငါကအင်အားကြီးနိုင်ငံ၊ ဗိုလ်ကျပြမယ်။” ဆိုတဲ့သဘောလား။

Comments are closed.