ဝေဖန်ရေးရာ

မောင်သန်း – သဘောပေါက်ပါတယ်

မောင်သန်း – သဘောပေါက်ပါတယ်
(မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၄

အခန်း -၁-

မွေးရပ်မြေကိုနှစ်ပေါင်း (၂၀) ကျော်စွန်ခွာခဲ့တဲ့ “မောင်သန်း” တယောက်၊ ရေကိုဖြတ် အပြတ်ခက် ဆို သလိုပေါ့ – ဘယ်မြို့၊ ဘယ်နိုင်ငံရောက်ရောက်၊ အမိမြေအကြောင်းမကြားရ၊ မဖတ်ရရင် ဘယ်လိုမှ နေလို့မရပါဘူး။ ဖတ်ပြီးပြန်တော့လည်း အိပ်လို့မပျော်တော့ပါဘူး။

“မောင်သန်း” တို့ အမိမြေကို တချို့သောပညာရှင်တွေက သဘာဝသယံဇာတ ကျိန်စာမိနေသော နိုင်ငံ တနိုင်ငံအဖြစ်ရှုမြင်သုံးသပ်ကြပါတယ်။ သယံဇာတလို့ဆိုလိုက်ရင် “မောင်သန်း” မျက်စေ့ထဲမှာတော့ သဘာဝဓာတ်ငွေ့တွေ၊ သစ်တောကြိုးဝိုင်းတွေ၊ ရွှေ ကြေးနီနဲ့ အခြားကျောက်မျက်ရတနာတွေသာမက၊ သက်ရှိအဖိုးတန်ရတနာတွေအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးကို အကြောင်းအမျိုးမျိုးကြောင့်ရောက်နေကြ တဲ့ လူငယ်လူရွယ်တွေ၊ ပညာရှင်တွေ၊ နဲ့ကျမ်းတတ်ပေတတ်ပုဂ္ဂိုလ်တွေလည်းပါတယ်လို့ယုံကြည်ပါ တယ်။

“မောင်သန်း” မသိလို့မေးပါရစေတော့ဗျာ – အဲ့လိုပြည်ပကို ကိုယ့်နိုင်ငံသားတွေထွက်သွားအောင် ဘယ်သူလုပ်တာလဲ …..

ဘိုးစဉ်ဘောင်ဆက်နေခဲ့တဲ့ ကိုယ့်ရေ၊ မြေ၊ တော၊ တောင်၊ ထုံးတမ်းစဉ်လာ၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတွေ၊ မိဘဆွေမျိုး အသိုင်းအ၀ိုင်း ကို  စွန့်ခွာပြီး- ရေခြား၊ မြေခြားကို ဘယ်သူက သွားချင်မှာလဲ…..

ယုံကြည်ချက်ကြောင့်၊ ထောင်နန်းစံခဲ့ရပြီး ဘ၀တွေဖျက်ဆီးခံခဲ့ရတဲ့ လူငယ်လူရွယ်တွေ၊ ပြန်လွတ်တော့လည်း ပြင်ပဘ၀တွေမှာ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက်လို့ မရ- မိသားစုတကွဲတပြားနဲ့ ဒုက္ခပင်လယ်ဝေခဲ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ …..

ပြည်တွင်းစစ်ပွဲတွေကြောင့်- အ၀တ်တစ်ထည် ကိုယ်တစ်ခု နဲ့ စွန့်စားပြီး တိုင်းတစ်ပါးကို ပြေးခဲ့ရတဲ့ ကိုယ့်တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ …..

ကိုယ်တတ်ထားတဲ့ပညာနဲ့တိုင်းပြည်ကိုအလုပ်အကျွေးပြုချင်ပေမယ့်၊ ကိုယ့်လောက်မှအရည်အချင်း မရှိဘဲ၊ မိုက်ဂုဏ်နဲ့မောက်မာနေတဲ့၊ ညွှန်ကြားရေးမှူး၊ ဒုဝန်ကြီး၊ ၀န်ကြီး စတဲ့အဆင့်မြင့်ရာထူးတွေကို အားမနာပ မတန်မရာ ယူထားသော စစ်တပ်ကပြောင်းလာတဲ့ စစ်ဗိုလ်တွေလက်အောက်မှာ မနေချင် တဲ့ ကျမ်းတတ်ပေတတ်ပုဂ္ဂိုလ်တွေ …..

+++++

အခန်း -၂-

“မောင်သန်း” အတွေးထဲမှာတော့၊ ဒီလိုလူ့စွမ်းအားအရင်းအမြစ်တွေဆုံးရှုံးနေတာဟာ အမိမြေအတွက် တော့အစားထိုးဖို့မလွယ်တဲ့စိန်ခေါ်မှုတွေပါပဲ။

ရင်ခုန်သံချင်း ထပ်တူကျတယ်လို့ပြောရမလိုပါပဲ- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့

၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့ကတော့ ဘယ်နိုင်ငံရောက် ရောက် မြန်မာမိသားစုတွေ နဲ့တွေ့တယ်။ ကြိုးပြတ်သွားတဲ့ပုလဲပုတီးလေးလိုပါပဲ၊ အင်မတန်ကြေကွဲ ရပါတယ်၊ တနေ့နေ့ တချိန်ချိန် မှာတော့ ပြန်လည်ဆုံဆည်းခွင့်ရ ချင်ပါတယ် ဆိုတဲ့ စကားကို ရောက်တဲ့ နေရာတိုင်းမှာ ပြောတော့ “မောင်သန်း” တယောက်ကြည်နှုးခဲ့ရပါတယ်။ စိတ်ထဲမှာ လည်း ကြုံးဝါးမိတာက “စိတ်ချအစ်မေ- တနေ့ အမေ့သား ပညာရွှေအိုးထမ်းပြီး၊ အမေ့ရင်ခွင်ဆီ အပြီးပြန်လာခဲ့မယ်”။

အမိမြေကသတင်းတွေကို နေ့တိုင်းစိတ်ဝင်တစား လေ့လာနေတဲ့ “မောင်သန်း”၊ တနေ့က သတင်းတပုဒ် ကိုဖတ်ပြီးတော့ မပြုံးဘဲနဲ့ဝါးလုံးကွဲ ရယ်မိခဲ့ပါတယ်။ ရန်ကုန်မြို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဋ္ဌာနရုံးမှာကျင်းပတဲ့ မြန်မာနိုင်ငံအတွင်း အမြဲတမ်း နေထိုင်ခွင့် PR လျှောက်ထားမှုနဲ့ ပတ်သက်တဲ့သတင်းပါ။

သတင်းစာရှင်းလင်းပွဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနမှ ညွှန်ကြားရေးမှူးချုပ် တဦးက အပြည်ပြည်ဆိုင်ရာက ဒုက္ခသည်အဖြစ်သတ်မှတ်ခြင်းခံရတဲ့ သူတွေ၊ အခြားနိုင်ငံတခုခုမှာ နိုင်ငံရေးခိုလှုံခွင့် ယူပြီး တော့ နေထိုင်နေတဲ့သူတွေ၊ ပြည်တွင်းပြည်ပ မှာ ပြစ်မှုမှတ်တမ်း စာရင်း ၀င်တဲ့သူတွေဟာ မြန်မာပြည် မှာ (PR) အမြဲတမ်းနေထိုင်ခွင့် လျှောက်လို့မရပါဘူးပါတဲ့။

သို့သော်လည်း- ကျွမ်းကျင်ပညာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ နိုင်ငံသားဟောင်းတွေရဲ့ မိသားစုဝင်တွေကို အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားခွင့်ပြုမှာဖြစ်ပေမယ့် လျှောက်တဲ့သူတိုင်းကို ခွင့်ပြုမှာတော့မဟုတ်ဘူးလို့လည်း ပြောပြန်ပါသေးတယ်။

ရှင်းပါတယ်လေ….. “မောင်သန်း” သဘောပေါက်တာကတော့ သင်းတို့နဲ့အဆင်ပြေရင်ရမယ်၊ အဆင်မပြေရင် မရဘူးပေါ့။

အဲ့ဒါခက်တာပေါ့၊ သင်းတို့တွေနဲ့မပတ်သက်ချင်လို့ဝေးဝေးနေနေတဲ့ သူတွေကို၊ ဘာများ မှတ်နေတယ် မသိပါဘူး။

စိတ်ချပါဗျာ၊ အခုတမျိုး တော်ကြာတမျိုး ဗလောင်းဗလဲလုပ်တတ်လွန်းတဲ့ ဗာလာနံတွေကို ပြည်ပရောက် “မောင်သန်း” ကလည်း သင်းတို့ရှိရာအရပ် ဖိနပ်တောင်ဦးမလှည့်ပါဘူးဆိုတာ။

အသေ၀နာ စ ဗာလာနံ ဆိုတာကို “မောင်သန်း” ကောင်းကောင်းသဘောပေါက်ပါတယ်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts