သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – မိုးလုံးပြည့် မုသားဝါဒီများကို လူထု အားနဲ့ အန်တုပါ

ငြိမ်းချမ်းအေး – မိုးလုံးပြည့် မုသားဝါဒီများကို လူထု အားနဲ့ အန်တုပါ

(သည်လေဒီးစ် နယူးစ် ဂျာနယ်) ဒီဇင်ဘာ ၃၊ ၂၀၁၄

ရွှေပြည်ကြီး ပြောင်းလဲနေတယ် ဆိုတာတော့ မယုံမရှိကြပါနဲ့ အမှန်ပါပဲ။  တချိန်က “VOA လိမ်နေသည်”၊ “မိုးလုံးပြည့် မုသားဝါဒီများ တိုင်းပြည်ပျက်အောင် လုပ်နေသည်”၊ နေ့ည မပြတ် အော်ခဲ့သူများ အခု VOA ကနေပဲ တဆင့် စကားတွေ ပြောခဲ့ပါပြီ။  ပြောခဲ့တာကလည်း တချိန်က သူတို့ စွပ်စွဲခဲ့သလို မုသားဝါဒ၊ အလိမ်၊ အညာ၊ ကလိမ်ကကျစ်၊ ကောက်ကျစ် စဉ်းလဲမှုတွေ အပြည့်ပါပဲ။

ဗိုလ်ချုပ်မှူးကြီး ဆိုသူက အမေရိကား အသံ မြန်မာပိုင်း အစီအစဉ်နဲ့ ပထမဆုံး အကြိမ် လက်ခံ စကားပြောခြင်းမှာ ဒီလို ဆိုပါတယ်။  “(၂၀၀၈) ဖွဲ့စည်းပုံ ဟာ မဲပေးခွင့်ရှိသူ (၂၇) သန်း ကျော်ထဲက (၂၆) သန်းကျော်လောက် မဲပေးခဲ့တယ်၊ ထောက်ခံမဲ (၉၂.၄၈) ရာခိုင်နှုန်း ရခဲ့ပါတယ်” တဲ့။

(၂၀၀၈) ခု ဆန္ဒခံယူပွဲမှာ ထုတ်ပြန်ခဲ့တဲ့ တိုင်းပြည် လူဦးရေ (၅၇) သန်း က (၂၀၁၄) သန်းခေါင်စာရင်း ကောက်ချိန် (၅၁) သန်းကျော် ဖြစ်သွားတဲ့ နေ့မြင် ညပျောက် သင်္ခါရ နဲ့ “အိုင်ဆေး ကိုနှင်းမောင်” မလုပ်ရဘဲ ပေါ်လာခဲ့တဲ့ “လူ (၆) သန်း ပျောက်မှု” အကြောင်း၊ (၂၀၀၈) ခုနှစ် တုန်းက ထောက်ခံမဲ ဆိုသည်များ နာဂစ် လူသေ အလောင်း အရေ အတွက် သိန်းချီ နဲ့ အတူ ဘိုးဘိုးအောင် တန်ခိုး ဆတိုး တိုးခဲ့မှု အကြောင်း၊ သေနတ်ပြောင်းဝ၊ စစ်ဖိနပ် အောက် မှာ ပြားပြားဝပ်ရင်း ဘဝပြောင်းရတဲ့ လူထု ဆန္ဒ အကြောင်း စတဲ့ အတိတ် သမိုင်း ကို ပြည်သူများ ခမျာ ငတုံးငအကြီးတွေလို မသိ ကျိုးကျွန် ပြု မေ့ပစ်နိုင်မယ့် အတိုင်း  စစ်ဗိုလ်ကြီး ပါးစပ်က ထောက်ခံမဲ (၉၂.၄၈) ရာခိုင်နှုန်း အကြောင်းကို ထည့် ပြောထွက်ပါ့။

ဒီ တွေ့ဆုံမေးမြန်းခန်းမှာ အသည်းကြားက မဲ တပြား အစား အလောင်းကြားက မဲ အများ ဆွဲထုတ်ခဲ့တဲ့ (၂၀၀၈) ဖွဲ့စည်းပုံ လူထု ဆန္ဒခံယူပွဲရဲ့ တရားဝင်မှု အပေါ် “ဗြောင်လိမ် ဗြောက်လိမ်” မြည်တဲ့ အစိုးရ ရုပ်သံ သတင်းကြေညာ အဖွင့်တီးလုံး သံလို ရုပ်တည်ကြီးနဲ့ လိမ်ညာ စကားဆိုခဲ့တဲ့ အပြင် ဒီ စစ်ဖွဲ့စည်းပုံ ကို “အသက်လို ကာကွယ်စောင့်ရှောက်မည့်” အကြောင်း လည်း ဗိုလ်ချုပ်ကြီးမင်း ပါးစပ်က ဖွင့်ဟ ‘ဗြောင်’ စိန်ခေါ်သွားခဲ့ပါသေးတယ်။  လတ်တလော တောင်းဆိုထားတဲ့ လူထု ဆန္ဒ လက်မှတ် ငါးသန်းကျ သင်္ချာ မကျွမ်းတဲ့ စစ်ဗိုလ်ကြီးက မပြောပလောက်ပါတဲ့။  လူထု ကို ခြိမ်းခြောက်တဲ့ နေရာမှာ၊ လိုတမျိုး မလိုတမျိုး ပြောတဲ့ နေရာမှာ အစဉ်အဆက် စစ်ခေါင်းဆောင်များ ခြေရာ နင်းနိုင်တဲ့ အန္တေဝါသိက ကြီး ပီသပါပေတယ်။

စစ်ဖွဲ့စည်းပုံ ပြင်ရေး (၄၃၆) ဂိတ်ဝ ပိတ်ဆို့လိုခြင်း၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် တာဆီးနေတဲ့ (၅၉ (စ) ကို မပြင်လိုခြင်းတွေကို လူဦးရေ များပြားတဲ့ အိမ်နီးချင်းနိုင်ငံတွေ နဲ့ ဆက်စပ် ဆို၊ ပထဝီ နိုင်ငံရေး ဆိုပြီး စကားလုံး ခပ်ကြီးကြီးသုံး၊ ထုံးစံအတိုင်း ဘာ ဖြစ်ဖြစ် အတိတ် ကိုလိုနီ သမိုင်း ကို အပြစ်ပုံချ အကြောင်းပြ ကာလည်း ဆိုသွားပါသေးတယ်။

၅၉ (ခ) မှာ “မိမိနှင့် မိမိ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက် အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်” ဆိုပြီး ကန့်သတ်ပြီးသားကို မှ ထပ် ပုဒ်မ ၅၉ (ဃ) နဲ့ “သမ္မတ လုပ်မယ့်သူဟာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး အမြင်ရှိရမယ်” ချုပ်မှု၊ ၅၉ (စ) ပါ “မိဘ၊ ဇနီး၊ ခင်ပွန်း၊ တရားဝင် သားသမီး တဦးဦး၊ သားသမီးများရဲ့ ဇနီး၊ ခင်ပွန်းတွေဟာ တိုင်းတပါး နိုင်ငံသား မဖြစ်စေရ” ဆိုပြီး အနားသပ် နှိပ်ကွပ်မှုတွေဟာ ဓမ္မဓိဋ္ဌာန် မကျ ပုဂ္ဂလဓိဋ္ဌာန် သက်သက်၊ ရည်ရွယ်ချက် ရှိရှိ ကြံစည်ခဲ့ခြင်းဆိုတာ ထင်ရှားနေပြီး ဖြစ်တယ်။

ကမ္ဘာ မှာ ဘယ် နိုင်ငံမှာမှ ဒီလောက် ကန့်သတ်မှု များတဲ့ တိုင်းပြည် အကြီးအကဲ ဖြစ်ခွင့် သတ်မှတ်မှု မရှိပါ။  ယဉ်ကျေးမှု မြင့်မား၊ ဘာသာတရား ကိုင်းရှိုင်း၊ ရှေးရိုးစွဲများ ပေါများတဲ့  အိန္ဒိယ လိုနိုင်ငံမျိုး မှာတောင် ဒီလို ဇနီး၊ ခင်ပွန်း၊ သားသမီး အထိလိုက်ပြီး နိုင်ငံခြား တိုင်းပြည် တခုခုနဲ့ တနည်းနည်း မပတ်သက်ရဘူး ဆိုတာမျိုး ကန့်သတ်ထားချက် မတွေ့ရပါ။   အမေရိကားလို သမ္မတလောင်းတွေ  တိုင်းပြည် နယ်နိမိတ်အတွင်းမှာ မွေးရမယ် ဆိုတဲ့ အချက်တောင် မပါပါ။  ဒါကြောင့် အီတလီ တပြည်သူ ဆိုနီရာဂန္ဒီ (ဝန်ကြီးချုပ်ဟောင်း ရာဂျစ်ဂန္ဒီရဲ့ ကျန်ရစ်သူ ဇနီး) ဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကဏ္ဍ မှာ အရေးပါခဲ့တဲ့ အမျိုးသား ကွန်ဂရက်ပါတီ ကို နှစ်ပေါင်းများစွာ ဦးဆောင်နိုင်ခဲ့သလို ဆန္ဒ ရှိရင် ဝန်ကြီးချုပ် ရာထူးကို တက်ယူနိုင်တဲ့ အနေအထား ရှိခဲ့တယ်။

အခု ၂၀၀၈ ဖွဲ့စည်းပုံ က ဒါမျိုးလည်း မဖြစ်နိုင်၊ ၅၉ (ခ) နဲ့ ထိပ်က ပိတ်ပြီးသား ကို သက်သက် ၅၉ (ဃ)၊ ၅၉ (စ) ထပ်ဆင့် ပါလာခြင်းဟာ ပုဂ္ဂိုလ်ရေး နှိပ်ကွပ်လိုမှု မဟုတ်လို့ ဘာအရေးလဲ ဆိုတာ ဝေ့လည်ကြောင်ပတ် စကားတွေမပါဘဲ စစ်သားပီပီ သတ္တိရှိရင် ‘ဒဲ့’ ဆိုစမ်းပါ ဗိုလ်ချုပ်မှူးကြီး ခင်ဗျာ။

ဒီ စကား ကာကွယ်မှု သဘောဟာ ၅၉ (စ) ပြုတ် ရင် ဘယ်နိုင်ငံ ဖြစ်သွားမယ် ဟစ်ကြွေး အွန်လိုင်း၊ ပြင်ပ အမုန်းတရား မှိုင်းတိုက် သွေးထိုးနေတဲ့ မျိုးချစ်ဇာနည် သာကီသွေးများ နဲ့ ပုလင်းတူ ဘူးဆို့ တလေသံတည်း ထွက်နေသလိုလည်း ဖြစ်တာမို့ ဒီ လူမျိုး၊ ဘာသာရေး ဆက်စပ် လှုံ့ဆော်မှု ပဋိပက္ခတွေ တွေ ဖန်တီး လမ်းလွှဲခြင်းဟာ ဘယ်သူ့ စနက်၊ ဘာသာရေး အဓိကရုဏ်း တခုခုဖြစ်တိုင်း ကော်မရှင်ဖွဲ့ ရှာနေတဲ့ နောက်ကွယ် က ကြိုးဆွဲသူ လက်မည်းကြီး ဆိုသူ ဘယ်သူဖြစ်ကြောင်း သွယ်ဝိုက် ဖွင့်ဟ ဝန်ခံနေသလိုလည်း ဖြစ်နေပြန်တယ်။  ကိုယ့် စကား ဘယ် ရောက်လို့ ဘယ် ပေါက်မှန်းမသိ ဆိုတာကော သတိပြုမိပါရဲ့လား စစ်ဗိုလ်ကြီး ခင်ဗျာ။

ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး အတွက် ကိုလည်း ထုံးစံအတိုင်း ကာချုပ် စစ်တပ်မူ (၆) ချက် ကို လက်ကိုင်ထား၊ ဒါကို မလိုက်နာရင် အမြောက်စာ မိမယ်၊ လတ်တလော ကချင် ဖြစ်စဉ် မြင်တယ် မဟုတ်လား၊ ကချင် တွေက သွေးတိုးစမ်းတာကိုး ဆိုပြီး မောက်မောက်မာမာ ပြောခဲ့ပါသေးတယ်။  တိုင်းရင်းသားတွေရဲ့ ပန်းတိုင် ပင်လုံ စိတ်ဓာတ်၊ ကတိ ကဝတ် နဲ့ ဖက်ဒရယ်မူ ဆိုသူ ရန်သူ သဘော ကလည်း မပြောင်းမလဲကြောင်း ဗိုလ်ချုပ်အောင်ဆန်း နာမည်တောင် အသုံးချ စစ်ဗိုလ်ပီပီ ကျည်ကာယူ ဆိုခဲ့ပြန်တယ်။  တပ်မတော် ရဲ့ စစ်မှန်တဲ့ သဘောထားတွေလို့ ယူဆရမှာပေါ့။

စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကိုလည်း အောက်ခြေက စစ်သည်များ စည်းကမ်းပျက်ဟန် “မတထောင်သားတွေ” ဆိုပြီး ငယ်သား ကို နင်းချ “ခေါင်းရှောင်” စကားလည်း ဆိုခဲ့ပါတယ်။  စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး များ တစုရဲ့ ငို့ဘ အကျိုး အတွက် တရားမဲ့ မူဝါဒ တွေ အဓမ္မ ဖော်ဆောင် စစ်တပ် ကို ဓားစာခံ လုပ် အသုံးချ နေတာကိုကျ ကွယ်ဝှက် ထိမ်ချန် ထားတယ်။

ဒီလို လက်ရှိ အာဏာ အရှိဆုံး စစ်ခေါင်းဆောင် ရဲ့ အော့ကြောလန် စကား တွေ နားဆင်ခဲ့ရသလို မျှဉ်းမျှဉ်းလေးနဲ့ အပျော့ဆွဲ တတ်တဲ့ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဆိုသူရဲ့ ပလီစိချောက်ချက် အပြောတွေကိုလည်း VOA မှာပဲ ကြားလိုက်ရပါသေးတယ်။  သူက အခြေခံ ဥပဒေ ပြင်ရေး ကို လွှတ်တော် ကို ပြန် ဘော်လီဘော ပုတ်ထုတ်တယ်၊ စစ်ပွဲတွေ မရပ်သေးတာကို စစ်တပ် ကို လှမ်း ဖြေရှင်းဖို့ ဆို၊ ကိုယ်တိုင်ကျ မင်းသား ယောင်ဆောင်တယ်။  မင်းသားတော့ မင်းသားပါပဲ၊ ဒါပေမဲ့ ဟိုအရင် ခေတ်စားခဲ့တဲ့ ပလေးဘွိုင် အဖွဲ့ က ပုလဲ ရဲ့ သီချင်းလို “ဘီလူးခေါင်းလေးနဲ့ မင်းသား” ပါ။  လိမ်တယ်၊ ညာတယ်၊ လူညာကြီး ရယ်၊ ယုံအောင် ဖြီးတတ်တယ် ဆိုတဲ့ တလိမ်၊ နှစ်လိမ် ပွေလိမ်ရှုပ်တယ် ရှေးသီချင်းကို ပင်တိုင် ဆိုတတ်တဲ့ ဘီလူးခေါင်းမင်းသားပါ။

မိုးလုံးပြည့် မုသားဝါဒ ဇာတ်လမ်းက မပြီးသေးပါဘူး။  လွှတ်တော် နာယက ဆိုသူလည်း ပါပါသေးတယ်။  သူက လတ်တလောတင် (၂၀၁၅) ရွေးကောက်ပွဲ ကို (၂၀၀၈) စစ်ဖွဲ့စည်းပုံ အတိုင်း မပြင်မဆင် ကျင်းပမယ်၊ ကျူပ် သမ္မတ လုပ်ဖို့ ရည်မှန်းတယ် ထုတ်ပြောခဲ့သူပါ။  ဒီ VOA အမေး-အဖြေ မှာလည်း ဟိုဒီ  အကြောင်းပြ လွှဲချရင်း ဒါကိုပဲ ထပ်လောင်း အတည်ပြုသွားခဲ့တယ်။

ပြည်သူများ ဒီရက်ပိုင်း ဆိုခဲ့သလို မုသားလှိုင်းလုံး ရိုက်ခံ ထိခဲ့သလို တဖက်ကလည်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသံ ကိုလည်း VOA မှာ ကြားခဲ့ရပါတယ်။  သူက လွှတ်တော် ဝင်ရခြင်း ရည်မှန်းချက် လူထု ဆန္ဒ အတိုင်း ဖွဲ့စည်းပုံ မပြင်နိုင် ဖြစ်နေမှု၊ ၂၀၁၅ မျှော်လင့်ချက် မဲ့သွားမှု၊ စစ်ပွဲတွေ မရပ်သေးမှု၊ လက်ပံတောင်းတောင် အရေး က အစ အခု ကျောင်းသား အရေး ထိ လူထု လှုပ်ရှားမှု ဖြစ်စဉ်တွေကို ဒီချုပ် ဝန်းရံမှု အားနည်းခဲ့မှု စတဲ့ ထောက်ပြစရာ အစုစုကိုလည်း ပြန်လည် ကာကွယ် ဆိုသွားတယ်။  ထုံးစံအတိုင်း တရားဥပဒေ စိုးမိုးရေး ကိုလည်း ထည့်ပြောတယ်။  တွေ့ဆုံဆွေးနွေးရေး ကိုလည်း မဆုတ်မနစ် မျှော်လင့်နေတယ်။  စစ်လွှတ်တော် နိုင်ငံရေးကိုပဲ ဆက်လျှောက်မယ့်ဟန်လည်း ထင်ရှားစေတယ်။  စစ်ခေါင်းဆောင် အသစ်/အဟောင်း တွေကို အခြေခံဥပဒေပြင်ဖို့ရာ သတ္တိ ရှိကြဖို့ ထပ်မံ တိုက်တွန်းတယ်။

လူထု ခေါင်းဆောင်ကို စစ်ခေါင်းဆောင်များ လို မုသားဝါဒီ အဖြစ် ပြည်သူက တွဲလျက် မမြင်စေဖို့ ဒီထက်ပိုတဲ့ အလုပ်ကောင်း၊ စီစဉ်မှုကောင်းများ ချပြ လုပ်ဆောင်နိုင်ဖို့တော့ လိုနေပါသေးတယ်။  အခုပဲ တဖက် စစ်အုပ်စု ရဲ့ ချွေးသိပ်ရေး၊ အချိန်ဆွဲရေး အစီအစဉ်သစ် က စနေပါပြီ။  သမ္မတ အသံ အဖြစ် နိုင်ငံရေး ထိပ်သီး ဆွေးနွေးပွဲတွေ ဆက်လက်  လုပ်မယ် ကတိပေးတယ်။  စစ်လွှတ်တော် အသံ အဖြစ်လည်း အခြေခံဥပဒေ ပြင်နိုင်ရေး သမ္မတ၊ ကာချုပ်၊ လွှတ်တော် နှစ်ခု ဥက္ကဌများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တဦး တွေ့ဆုံမယ် ဆိုကာ လေသံ အသစ် ပစ်တယ်။

စစ်အုပ်စု အကြိုက် (၂၀၀၈) စစ်ဖွဲ့စည်းပုံ အဖြစ် နောက်ဆုံးမှာ အဆုံးသတ်ခဲ့တဲ့ (၁၉၉၃) အမျိုးသားညီလာခံ (ကျိုက္ကဆံ + ညောင်နှစ်ပင်) မှာ တိုင်းရင်းသားတွေ အပါအဝင် ဆယ်စုနှစ်ချီ ရှည်ကြာတက်ရင်း အချည်းနှီး ဖြစ်ခဲ့တဲ့ သဘောထား မမှန်တဲ့ တွေ့ဆုံဆွေးနွေးရေး သရုပ်၊ အခု ငြိမ်းချမ်းရေး ပွဲစားများကတဆင့် ဖော်ဆောင်နေတဲ့ အနှစ်မဲ့ အကြိမ်ကြိမ်ပျက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာတွေရဲ့ သမိုင်း နဲ့ အကြိမ်ကြိမ် သတင်းစာ မျက်နှာဖုံး မှာပါခဲ့တဲ့ တွေ့ဆုံပွဲ ဆိုတာတွေရဲ့ အလုပ်မဖြစ်ခဲ့မှု ရာဇဝင်တွေကို လူထုခေါင်းဆောင် အနေနဲ့ သင်ခန်းစာ ယူ ဒီတခါ အကျိုးထွက်၊ အလုပ်ဖြစ် လမ်းပေါက်အောင် ကြိုတင် ပြင်ဆင်နိုင်ရပါမယ်။  ထမင်း လက်ဆုံ စားရုံ၊ သတင်းစား မှာ ဓာတ်ပုံ ထည့် နိုင်ငံတကာ နဲ့ ပြည်သူ ကို ဝါဒဖြန့် ကောင်းရုံ သက်သက် အသုံးချခံ မဖြစ်ဖို့ စစ်လွှတ်တော် အချုပ်အနှောင် ပြင်ပ လူထု အား ကို အခြေပြုရင်း တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းကို အစစ်အမှန် ဖြစ်စေဖို့ လိုပါတယ်။

အခြေခံ လူထု လူအများ တိုင်းရင်းသား လူမျိုးစုံ ရဲ့ ဘဝ တွေ နစ်နာလှပါပြီ။  လက်ချည်း ဗလာ အပြောသက်သက် လက်တွေ့ အကျိုးမဲ့တဲ့ (၁၄) ပွင့်၊ (၆) ပွင့်၊ (၄) ပွင့်  တွေ့ဆုံပွဲတွေ၊ တောင်းဆိုမှုတွေ ရပ်သင့်ပါပြီ။  အကြိမ်ကြိမ် လှည့်စားခံနေခြင်း ဟာ လှည့်စားသူ အပြစ် မဟုတ်တော့ပါ၊ ယုံသူ အပြစ်သာ ဖြစ်ပါမယ်။  ၂၀၁၅ အလွန် အခြေခံဥပဒေ ပြင်ရေး ဒီမိုကရေစီ အိပ်မက် မက်နေတာဟာ ရူးသွပ်မိုက်မဲ ရာ ကျလွန်းပါတယ်။  အသာစီး ထပ်မံ ရယူပြီး စစ်အုပ်စု ဟာ အဲ့ဒီ အချိန်မှာလည်း တနည်းနည်း အချိန်ဆွဲ အာဏာ သက်ဆိုးရှည်ဖို့ အသစ်တဖန် ကြံစည်ဦးမှာပါပဲ။

နိဂုံးချုပ် ရရင် စစ်အုပ်စု လမ်းကြောင်းရာ မျှော မလိုက်၊ ကိုယ့် လမ်းကို ကိုယ် ထွင်ကြပါစို့။  ထွက်ပေါက်တွေ မတောင်းဘဲ၊ မရှာတော့ဘဲ၊ ဖောက်ထွက်ကြပါစို့။  ခေတ်အဆက်ဆက် စစ်အုပ်စုရဲ့ အာဏာသိမ်းမှုကို တော်လှန်ရေး အရေခြုံခဲ့မှု၊ ဆိုရှယ်လစ် အရေခြုံခဲ့မှု သမိုင်းကို သင်ခန်းစာယူ၊ လက်ရှိ အာဏာဆက်ကိုင် ဒီမိုကရေစီ အရေခြုံ နေမှုကို အရှင်းသား မျက်မှောက်ပြု နိုင်ရပါမယ်။  သမ္မတ၊ လွှတ်တော် ဘာတွေ အပေါ်ယံ ရှိနေနေ တသမတ်တည်း မပြောင်းလဲသေးတဲ့ အတွင်း အဇ္ဈတ္တ သန္တာန် ပါ စစ်သွေး စစ်ရောင် စစ်ဝါဒ နဂို မူလ ပုံ သဏ္ဌာန် ကို အတိုင်းသား ထွင်းဖောက် မြင်နိုင်ရပါမယ်။   ဒီမိုကရေစီ “ကကြီး၊ ခခွေး” “အသုံးလုံး” ဖြစ်တဲ့ ပြည်သူ့ အင်အား လူထု လူပ်ရှားမှု ကို အခြေခံ ဗဟိုပြုကာ အာဏာ လက်ဝက် ဆက်လက် ဆုပ်ကိုင် ထားလိုသူ မိုးလုံးပြည့် မုသားဝါဒီ များရဲ့ ကလိမ်စေ့ ငြမ်းဆင် အပြော၊ အလုပ်၊ လမ်းကြောင်း စီစဉ်မှုတွေကို လိမ္မာ ပါးနပ်စွာနဲ့ လူထုအားကို အသုံးချ (၂၀၁၅) မတိုင်မီ အန်တုဖို့ လိုနေပြီ ဖြစ်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
နိုဝင်ဘာ ၂၇၊ ၂၀၁၄

(နိုဝင်ဘာ (၂၈) ရက်၊ သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၄၁)  တွင် မူလ ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ထပ်မံ ဖော်ပြသည်။  ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts